Saturday 31 October 2009

နှစ်ဖက်မြင်

ကျွန်တော် မှန် မကြည့်ဖြစ်ခဲ့တာ ကြာပါပြီ ၊၊ တော်တော်ကို ကြာခဲ့ပြီ ၊၊ ကိုယ့်မျက်နှာကိုယ် မျက်နှာချင်းမဆိုင် ချင်တော့ပြီ ၊၊ ကိုယ်မျက်နှာကိုယ် ပြန်မြင်တိုင်းလည်း လိပ်ပြာမလုံဖြစ်မိသည် ၊၊ တကယ်တော့ ကျွန်တော် ဒီလိုခံစားနေခဲ့ရတာ ကြာခဲ့ပြီ ၊၊ ဒါ ပေမယ့် ဘယ်သူ့ကိုမှ ဖွင့်မပြောဖြစ်ခဲ့ ၊၊ သူတို့သိလို့လည်း စိတ်မကောင်းရုံမှတစ်ပါး အခြားမရှိတော့ပြီကိုး ၊၊ အမေ့ကိုလည်း မသိစေချင်တော့ ၊၊ ဘာမဆို ဖွင့်ဟတိုင်ပင်တက်ပေမယ့် ဒီခံစားချက်ကို အမေမသိစေချင်တော့ ၊၊ ရှိစေတော့ ၊၊ အဖေ့ကိုရော ၊၊ ဟင့်အင်း မပြောချင်တော့ဘူး ၊၊ အသက်ကြီးမှ ကိုယ့်အတွက်မခံစားစေလိုတော့ ၊၊ သို့သော်သိသိသာသာ စကားနည်းသွား တဲ့ မိသားစုဆက်ဆံရေးကိုတော့ သတိထားမိသည် ၊၊

ဘုရားတော့ ၀တ်ပြုတက်ပေမယ့် ကျွန်တော် မရွတ်ဖြစ်တဲ့ ဘုရားစာလေးတွေ များလာပြီ ၊၊ မျက်နှာပြောင်တိုက်ပြီး ဆက်ရွတ် ရမလား ၊၊ တော်ပါပြီ ၊၊ ဘုရားကိုတော့ မလိမ်လိုတော့ ၊၊ အင်း ကိုယ့်အရောင်အ၀ါတွေ ညိုးမှိန်လာတာ ဘယ်သူတွေ သတိထား မိမယ် မသိပေမယ့် ဘာသာသိနေခဲ့တာ ကြာခဲ့ပြီ ၊၊ ငြင်းဆန်လို့ မရတဲ့ ဘ၀မို့ ခွင့်လွှတ်ပါဘုရားဆိုတဲ့ ဆုတောင်း စကားလေးကို လွဲရင် အခြားဘုရားစာတွေ မရွတ်ဖြစ်ခဲ့တော့ ၊၊ အလုပ်သွားခါနီးတိုင်း ၀တ်မပျက် ပေမယ့် ဘာတွေ ဆိုရမယ် ဆိုတာ မသိတော့ ၊၊ ရုံးပိတ်ရက်တိုင်း ရွှေတိဂုံတက်ဖြစ်ပေမယ့် ရီဝေတဲ့ မျက်ဝန်းတွေက ဘာကိုမှ သဲသဲကွဲကွဲ မမြင်ရ ၊၊ အားလုံး လည်း မှုန်ဝါးဝါး ဖြစ်နေပြီ ၊၊ မျက်ဝန်းတွေက ဘာကိုမှ မမြင်တော့ပြီ ၊၊ဘာကိုမှ ပြတ်ပြတ်သားသား သဲသဲကွဲကွဲ မရှိ တော့ ၊၊

ညီအငယ်ကို ကျောင်းမြန်မြန်ပြီးစေချင်လှပြီ ၊၊ အငယ်မကိုလည်း ကျောင်းပြီးစေချင်ပြီ ၊၊ သူတို့ မြန်မြန် ကြီးပြင်း လူလား မြောက် စေလိုသည် ၊၊ သူတို့ အလုပ်လေးတွေနဲ့ သူတို့ အခြေကျစေလိုသည် ၊၊ ဘာပဲဖြစ်ဖြစ် သူတို့တာဝန်တွေ မရှိတော့ရင် ၊ ဘာပဲဖြစ်ဖြစ် ကိုယ့်တာဝန်တွေ ပေါ့သွားလိမ့်မည် ၊၊ မိဘနှစ်ပါး အတွက်နဲ့ ကိုယ့်အတွက်က ဘာမှ ပူပန်စရာမလို ၊၊ အဖေ့မှာက ပင်စင်လခလေး ၁ ထောင်ကျော် ရှိသည် ၊၊ အမေ့မှာက လက်ဝတ်လက်စားလေး ရှိသေးသည် ၊၊ အငယ်နှစ်ယောက် ကျောင်းပြိးရင်တော့ ဒီဘ၀ကို မြန်မြန်ကျောခိုင်းလို လှပြီ ၊၊ သူတစ်ပါး ကိုမျှော်ကိုးနေရတဲ့အလုပ်ကိုလည်း မလုပ်လိုတော့ ၊၊ ကိုယ့်ထမင်းကို ကိုယ်သာသာ လိပ်ပြာလုံလုံ စားလိုလှပြီ ၊၊

မှတ်မှတ်ရရ တစ်ရက်ပေါ့ ၊၊ ကျောင်းနေဖက်သူငယ်ချင်း တစ်ယောက် နိုင်ငံခြားကပြန်လာတဲ့ အတွက် ဆုံဖြစ်ခဲ့ကြသည် ၊၊ ကိုယ်ကိုလည်း တွေ့ချင်တယ်ဆိုတော့ သွားဖြစ်ခဲ့ကြသည် ၊၊ အမှန်တော့ လူတွေ ဆုံတဲ့ပွဲဆို ရှောင်နေခဲ့တာကြာပေါ့လေ ၊၊ လူတောလည်း မတိုးလိုတော့ ၊၊ ကိုယ့်အကြောင်းနဲ့ကိုယ်ပါ ၊၊ သူကတော့ ငယ်စဉ်ကတည်းက သူငယ်ချင်းမို့ လိုက်သွားဖြစ် ခဲ့သည် ၊၊ နိုင်ငံခြားပြန်သူငယ်ချင်းတွေ ဆိုတော့ နိုင်ငံခြားပြန် သူငယ်ချင်းတွေလည်း ပါသည် ၊၊ သူကကိုယ့်ကို မိတ်ဆက်ပေး လိုက်တဲ့အခါ အားလုံးရဲ့ မျက်ဝန်းတွေက အရောင်တစ်မျိုး တောက်ပသွားကြသည် ၊၊ ကိုယ်ပဲ စိတ်ထင်တာလား ၊၊ ပညာတက်တွေ ပီပီ သူတို့လည်း ဘာမှ ထွေထွေထူးထူ ဆက်မပြောကြပဲ ၀ိုင်းစဖြစ်ကြသည်ပေါ့ ၊၊

အချိန်လေးရလာတာနဲ့ အမျှ အရှိန်လေးလည်း ရလာကြသည် ၊၊ အပြောလေးတွေလည်း ကြမ်းလာတဲ့အခါ ၊၊ ကျွန်တော် ထပြန်ဖို့ ကြိုးစားပေမယ် ၊၊ ကိုသီဟ ခင်းဗျားသူငယ်ချင်းကိုတော့ အားနာတယ်ဗျာ ၊၊ ကိုအောင် ခင်ဗျားကိုတော့ အားနာပါတယ် ဗျာ ၊၊ လို့ စကားခံပြီး ပြောလိုက်ကြတာ ၊၊ မရိုးနိုင်တဲ့ ဇာတ်လမ်းတွေ ၊၊ ကျွန်တော်တို့ ကိုယ်တိုင် ပါဝင် အသုံး တော်ခံ ၊၊ တခါတလေ ကိုယ်တိုင်ဇာတ်ညွှန်းခွဲထားတဲ့ ဇာတ်လမ်းတွေ ၊၊ သူတို့မှာလည်း သူတို့ မကျေနပ်ချက်တွေနဲ့ ၊၊ ကိုယ်တွေမှာလည်း ကိုယ်တွေ ၀မ်းဗိုက်တွေ အတွက် ၊၊ သူတို့ပြောတဲ့ စကားနားထဲကမထွက်ဘူးဗျာ ၊၊ သူတို့ ပေးတဲ့ ၅ ကျပ် ၁၀ ဆိုတာ တမင်ပေးခဲ့တာပါတဲ့ ၊၊ သူတို့အတွက် ဒီငွေလေးဟာ ဘာမှ မဖြစ်လောက်ပါဘူးတဲ့ဗျာ ၊၊ တခါတလေ တောင်းစား တဲ့သူတွေ တွေ့ရင်တောင်ပေးရသေးတာပဲဗျာ ၊၊ ဘာဖြစ်လဲ ဗျာ ၊၊ ပေးလိုက်ပါတယ် ဆိုပြီး အချင်းချင်းပြော ရီနေသံတွေ ၊၊ စားထားတဲ့ အစာတွေ အန်ထွက်ချင်ရဲ့ ၊၊ ကျွန်တော်တင်မဟုတ်ပါဘူး ၊၊ ကျွန်တော်ရှာသမျှ စောင့်စား နေရတဲ့ အဖေနဲ့ အမေရော နောက် မောင်နှမတွေရော ၊၊ သူတို့ ပြောတဲ့စကားတွေ ကြားရတာ တစ်မိသားစုလုံး ရွှေတိဂုံ ခြေတော်ရင်း ရောက် သွားသလိုပါလားဗျာ ၊၊

ကျွန်တော့်မှာတော့ ဒီနေရာလေး ရောက်ဖို့ ရင်နှီးပေးဆပ်လိုက်ရတာ ၊၊ ခင်ဗျားတို့ ဆိုသလိုဆိုရင်ဖြင့် ကျုပ်ဘ၀က တောင်းစား ဖို့ လိုင်စင်ဝယ်ထား ရသလိုပါလားဗျာ ၊၊ သို့သော် သို့သော် …………………………………………
ကျုပ်တို့ဘ၀တွေကို နားလည်ပြီး မြှင့်တင်ပေးပါလားဗျာ ၊၊ ကျုပ် ညီတွေ ညီမတွေ ကျောင်းမပြီးသေးသရွေ့တော့ တောင်းစား လိုက်ပါအုံးမယ်ဗျာ ၊၊ သူတို့လည်း လက်လွတ်လို့ ခွက်ကိုင်နိုင်တဲ့အခါ ကျုပ်လွတ်မြှောက် ရမှာပေါ့……………………………..

မင်းအိမ်ဖြူ

ဝန်ခံချက် ၊၊ ၊၊ အတွေးလေးဖြစ်တည်နေတာကြာခဲ့ပါပြီ ၊၊ မရေးဖြစ်ခဲ့ဘူး ၊၊ ဘာရယ်မဟုတ်ပါဘူး ၊၊ ခံစားမိတာလေး တင်ပြတာပါ ၊၊ ကိုညီညီ (သံလွင်) ရဲ့ အရင်လို မဟုတ်တော့တဲ့ ရန်ကုန်ကို ဖတ်ပြီး တင်ပြဖို့ ဖြစ်သွားတယ် ၊၊ ဘယ်သူ့ကိုမှ မထိခိုက်စေလိုပေမယ့် ၊၊ ဖြစ်တည်နေရတဲ့ ဆူးကြားက ဗူးခါး တွေ ရဲ့ဘ၀ကို သိစေချင်လို့ပါ ၊၊

Thursday 29 October 2009

ဒီနေ့

သူငယ်ချင်းတစ်ယောက်ပို့ပေးတဲ့ မေးကနေတဆင့်ရတာလေးပါ ၊၊ တင်ထားလိုက်ပါတယ် ၊၊ သီချင်းလေးလား??

http://www.youtube.com/watch?v=9-80WGzkQog


ပြည်တန်ဆောင်တိုင်ပွဲတော် ၂





လက်ကျန်ပုံလေးတွေပါ ၊၊ ၀န်ခံရရင်တော့ ပုံလေးတွေက သိပ်မကောင်းတာ အမှန်ပါပဲ ၊၊ သို့သော် ပို့လာပေး တဲ့ သူငယ်ချင်းလည်း စေတနာ တွေနဲ့မို့ သည်းခံရင်းသာ ကြည့်ရှုတော်မူကြပါဗျာ ၊၊ အဲဒီလိုယိမ်းကားတွေ အများ ကြီး တန်းစီလှည့်တာပေါ့ဗျာ ၊၊ အဲဒီနယ်တစ်ဝိုက်မှာတော့ အစည်ကားဆုံး ပွဲတော်ကြီးတစ်ခုပါပဲ ၊၊ ပျော် ကြတယ် ၊၊ ရွှင်ကြတယ် ၊၊ ၀ယ်ကြတယ် ၊၊ ခြမ်းကြတယ် ၊၊ ဆိုင်ခန်းတွေလည်း အများကြီးပါပဲ ၊၊ ပွဲဈေးတန်း အစ အဆုံး လျှောက်မယ် ဆိုရင်ဖြင့် အသွားတစ်ခေါက် ၂ နာရီ နဲ့ အပြန် ၂ နာရီ စုစုပေါင်း လေးငါးနာရီစာလောက် ခရီးတွင်မယ်ထင်ပါတယ် ၊၊ ပျော်စရာကောင်းသလို စားစရာ အစုံရပါတယ် ၊၊ ဒေသထွက်ကုန်တွေ အပြင် နာမည် ကြီးတာကတော့ ရှင်မတောင် သနပ်ခါးနဲ့ သင်ဖြူးဖျာတွေပါပဲ ၊၊ နိုင်ငံဒေသအစုံက ပွဲခင်းဈေးသည်တွေ လာတဲ့ပွဲမို့လည်း ပိုစည်ပါတယ် ၊၊ တကယ်လို့များ နောက်ပိုင်း ကြုံကြိုက်ခဲ့မယ်ဆိုရင်တော့ အလည်တစ်ခေါက် ဖြစ်ဖြစ် သွားေ၇ာက် လည်ပတ်ကြပါအုံးလို့ ပဲ တိုက်တွန်းလိုက်ပါတယ်ဗျာ ၊၊
မင်းအိမ်ဖြူ


Tuesday 27 October 2009

ပြည်တန်ဆောင်တိုင်ပွဲတော် ၁






( တရုတ်အမျိုးသာယိမ်းဆိုပေမယ့် ကတာကတော့ တရုတ်မလေးတွေပါ ၊ ပုံပို့ပေးတဲ့သူငယ်ချင်းက အဲဒီယိမ်းကို ပဲ အားပေးလို့ အခြားယိမ်းပုံတွေ မရသေးဘူးဗျ ၊ နှစ်စဉ်အစဉ်အလာမပျက် တရုတ်ယိမ်းကိုပဲ သူက အားပေး တယ် P: တရုတ်မလေးတွေ လှတားကိုး)

ပြည်မြို့ ဆိုတာ မြန်မာပြည် အလယ်ပိုင်းမှာတော့ ထင်ရှားတဲ့မြို့လေးတစ်မြို့ပါ ၊၊ အထက်အညာနဲ့ အောက် ပြည် အောက်ရွာကို ဆက်သွယ်ပေးထားတဲ့ မြို့ ၊၊ ရခိုင်ဒေသရဲ့ ၀င်ပေါက် ၊၊ ဧရာဝတီမြစ်နဘေးက လှပတဲ့ မြို့လေးတစ်မြို့ဆိုတာ ရောက်ဖူး နေဖူးသူတိုင်း သိကြပေလိမ့်မည် ၊၊ တခါတစ်ခေါက်အလည်ရောက်လာသူ တွေ မပြန်ချင်အောင် ဆွဲဆောင်နိုင်တာလည်း ရိုးသားတဲ့ မြို့လေးရဲ့ ဂုဏ်အင်တစ်ရပ်ပါပဲ ၊၊ ပြည်သူတွေ လှသလို ပြည်သားတွေ ချောတယ်လို့ ဆိုစမှတ်ပြုကြရဲ့ ၊၊ စပါးလုံးတစ်ထောက်စာ အပေါ်ယံ အလှထက် အမှန်တကယ် စာဖွဲ့ ရမှာက ရိုးသားတဲ့ ပြည်သူပြည်သားတွေရဲ့ စိတ်သဘောထားပါပဲ ၊၊ ဖြူစင်တယ် ဟန်မဆောင် တက်ကြဘူး ၊၊ ဧည့်ဝတ်ကျေပွန်တယ် ၊၊ အရင်းခံသဘောတိုင်းပေါင်းသင်းတက်ကြတယ် ၊၊ တော ဆန်တယ် ၊၊ မြန်မာမှုကို မြတ်နိုးတယ် ၊၊ တန်ဖိုးထားတယ် ၊၊ ရတနာသုံးပါးလေးစားရိုသေတယ် ၊၊ ပြောရရင် ဂုဏ် အင်တွေ စာမဖွဲ့နိုင်ပေဘူး ၊၊ ရှိစေတော့ ၊၊ အခုတော့ အဲဒီပြည်မြို့ က အခုလောလောဆယ် ကျင်းပနေတဲ့ ပွဲတော် ဓါတ်ပုံလေးတွေ ကို တင်ပေးလိုက်ပါတယ်ဗျာ ၊၊ မျှဝေခံစားခြင်းပေါ့ ၊၊ ကျွန်တော်တို့ ကျောင်းတက်တဲ့ကာလ ကျောင်းပြီးတဲ့နှစ်တုန်းကလည်း တိုက်တိုက်ဆိုင်ဆိုင် သုံးနှစ်တစ်ကြိမ်လှည့်လည် ပူဇော် ပွဲနဲ့ ဆုံဖြစ်ခဲ့တယ် ၊၊ သူငယ်ချင်းတွေ အလွမ်းပြေပေါ့ဗျာ ၊၊


မင်းအိမ်ဖြူ


(တိုက်တိုက်ဆိုင်ဆိုင် ကျွန်တော်တို့ နောက်ဆုံးနှစ်စာမေးပွဲကြီးပြီးတဲ့နှစ်ကလည်း ပွဲတော် လှည့်တဲ့နှစ် ဖြစ်နေလို့ တော်တော် ပျော်ခဲ့ကြတယ် ၊၊ ကိုယ့်အိမ်ကိုယ့်ယာ မပြန်ကြသေးပဲ ပွဲတော်လည်ပြီး ကဲခဲ့ကြသေးတယ် ၊၊ ချစ်သူ စုံတွဲတွေလည်း ပွဲတော်လှည့်ခဲ့ကြတာပေါ့ ၊၊ ကိုမင်းအိမ်ဖြူတောင် ပါမယ် ထင်တယ် အဲဒီတုန်းက ချစ်သူလေး နဲ့ကိုးဗျ P:)

ဝန်ခံချက် ၊၊ ၊၊ ပြည်သားသူငယ်ချင်းပို့ပေးတဲ့ ဓါတ်ပုံများကို တင်ပါတယ် ၊၊ ယခုလောလောဆယ် ကျင်းပနေဆဲ ပါ ၊၊ တန်ဆောင်မုန်းလပြည့်ကျော် ၃ ရက်နေ့မှ သိမ်းမှာပါ ၊၊

Monday 26 October 2009

ရန်ကုန်လေး ည





ဝန်ခံချက် ၊၊ ၊၊ ရန်ကုန်က ညလေးတစ်ခုနဲ့ တူသမို့ ရန်ကုန်လေးည လို့ တင်လိုက်တာပါ ၊၊ တကယ့်ရန်ကုန်တော့ မဟုတ်ပါဘူး ဗျာ ၊၊ ရန်ကုန်က ညဖက်ထမင်းဆိုင်လေးတွေလိုပဲ ၊၊ လဖက်ရည်ဆိုင်ကလည်း အဲဒီလိုပဲ လမ်းဘေး မှာခုံတွေ ချပြီးသောက်ရတာ ၊၊ ကြားထဲမှာ ဆိုင်ကယ်တွေလည်း သွားနေတာပဲ ၊၊ ဘောပွဲလည်း ကြည့်နေကြ တာပဲ ၊၊ ဆေးလိပ်တွေလည်း ကြိုက်တဲ့နေရာသောက်လို့ရတယ် ၊၊ တကယ့် ရန်ကုန်ညလေးတစ်ခုလိုပဲ ၊၊
မင်းအိမ်ဖြူ

စိတ်

တခါတလေတွေးမိတယ် ဆန်းကျယ်တဲ့စိတ်သဘောများ ၊၊ ကိုယ်လည်းလက်ကမ်းလို့မမှီနိုင်ပါဘူးလေ ၊၊ လူတစ်ခု စိတ်ကိုးဆယ်တဲ့ မှန်လိုက်တာ ၊၊ တခါတလေလည်း တကယ်ပါ လူတွေ ကို ဥပေက္ခာပြုနိုင်တဲ့ စိတ်မျိုး လေးပိုင်ဆိုင်မိချင်ရဲ့ ၊၊ စာတွေလည်းဖတ်နေတာပါပဲ ၊၊ တရားဆိုတာတွေလည်းနာကြားနေတာပါပဲ ၊၊ ဒါပေမယ့် သူဖန်ဆင်းတဲ့ လမ်းထဲလျှောက်လှမ်းနေမိဆဲ ၊၊ သူဖန်ဆင်းတဲ့ လမ်း လျှောက်လှမ်း နေမိတယ် ဆိုတာက သူ တကာ တွေ ရဲ့ ဝေဖန်မှုတွေ ချီးမွှမ်းမှုတွေ ကဲ့ရဲ့မှုတွေ စတဲ့စတဲ့ စကားလုံးတွေ ခင်းတဲ့ လမ်းပေါ့ ၊၊ မလျှောက် သင့်မှန်းသိပေမယ့် လျှောက်လှမ်းနေမိဆဲ ပါတကားလို့ ဘာသာ ရေရွှတ်ရင် ဆက်လျှောက်နေဆဲပေါ့ ၊၊

အခုရက်ပိုင်းမှာ အင်းတိတိကျကျ ဆိုရရင် လွန်ခဲ့တဲ့လပိုင်းက စပြီးကိုယ်သာမဟုတ်ဘဲ ဒီလမ်းလေးကို လျှောက် နေတဲ့ သူငယ်ချင်းတွေ လည်းတွေ့မိသား ၊၊ သူဘာပြောပြော ကိုယ့်အသားပဲ့ပါတာမှတ်လို့ ဆိုတဲ့ စကားပြောရ လွယ်ပေမယ့် တကယ်လက်တွေ့  ကျင့်သုံးဖို့တော့ ဖြစ်နိုင်ပြန်ဘူး ၊၊ အင်း ခက်တဲ့လူတွေနော် ၊၊ မကျေနပ်တဲ့ သူတွေကလည်း သူတို့ မကျေနပ်တာ ပြကြသလို တဖက်ကလူကလည်း ခံစားနေပြန်ရော ၊၊ အင်း တကယ်ကို အနုပညာရှုင်တွေကို လေးစားမိလာတယ် ၊၊ ဘယ်လိုများလှုပ်ရှားရပ်တည် အသက်ရှင်နေသလဲရယ်လို့ ၊၊ ဘာလို့ လည်းဆိုတော့ ကိုယ်တွေများ ခံစားနေလိုက်တာ စကားလုံးတွေကို တစ်လုံးချင်းကို ခံစားလို့ပေါ့ ၊၊ ပြောလာသမျှ ကို အလကားပဲတင်း တစ်ပြားမှ မရပဲ ခံစားနေလိုက်တာများ တခါတလေ ထမင်းစားတောင် တကယ်ပျက် မိပါ တယ် ၊၊ အလုပ်တွေတောင် ပျက်မိပါတယ် ၊၊ စိတ်တွေလည်း ရှုပ်မိပါတယ် ၊၊ မိတ်တွေလည်း ပျက်ရပါတယ် ၊၊

သူငယ်ချင်းတစ်ယောက်ကပြောဖူးတယ် ၊၊ ကျွန်တော့်အရင်းနှီးဆုံးသူငယ်ချင်းတစ်ယောက်ပါ ၊၊ သူပဲ ဘလော့ ရေးပါလားဆိုပြီး တိုက်တွန်းအားပေးခဲ့တာ ပါ ၊၊ သူကပြောတယ် နင်စိတ်ညစ်တာတွေ ပြေပျောက်ဖို့ နင်ရေးချင် တာတွေ ရေးဖို့ စိတ်အပန်းဖြေဖို့ေ၇းတာ နင်ဒီလိုသာ စိတ်ညစ်နေရရင် ဘာလုပ်မှာလဲ မတန်ဘူး မရေးနဲ့တော့ တဲ့ ၊၊ အင်းသူပြောတာလည်းမှန်ပါတယ် ၊၊ မှန်လိုက်တာ ၊၊ သို့သော်လည်း ရေးနေမိဆဲ ၊၊


အရင်းနှီးဆုံးပါလို့ပြောရမယ့် သူငယ်ချင်းတစ်ယောက်နဲ့လည်း မိတ်ပျက်ဖူးတယ် ၊၊ ဘလောဂါ သူငယ်ချင်းတစ် ယောက် ပေါ့ ၊၊ အင်းနာမည်ကြီးဘလော့ဂါကြီးတစ်ယောက် ၊၊ နောက် သူငယ်ချင်းတစ်ယောက်နဲ့လည်း စကား အခြေအတင် ပြောခဲ့ရဖူးတယ် ၊၊ ကျောင်းကတည်းက အတူတက်လာတဲ့ တကယ့် သူငယ်ချင်း ၊၊ ကိုယ်ယုံကြည် ရာတင်ပြကြတဲ့အခါ မတူညီတဲ့ အမြင်ရှုထောင့်တွေ ကြောင့်ပေါ့ ၊၊ ကိုယ်လည်း ကိုယ်မြင်တာကို တင်ပြသလို သူလည်း သူထင်တာကို ဝေဖန်ပေါ့ ၊၊ အင်းအမှန်တရားဆိုတာ တစ်ခုတည်းရှိတယ် ဆိုပေမယ့် အဲဒီအမှန်တရား ကိုမရောက်ခင် ကြုံတွေ့ရတာက သူအမြင်ကိုယ့်အမြင်ပေါ့ ၊၊ ကိုယ်ရပ်တည်ရာ Standing Point မတူတဲ့အခါ ကိုယ်ကျင်လည်ရာ Ground မတူတဲ့အခါ ဖြစ်တက်တဲ့သဘော ပါ ၊၊
အင်းအဲဒီလို သူငယ်ချင်းတွေ နဲ့ မိတ်ပျက်ဖူးသလို ကိုယ်မမြင်ဖူးတဲ့ သူငယ်ချင်း အသစ်တွေလည်း ရခဲ့ပါတယ် ၊၊ တကယ်ကို ဘာပဲဖြစ်ဖြစ်လာဖတ်ပြီး သူငယ်ချင်းဖြစ်နေတဲ့သူတွေ ရှိတယ် ကျေးဇူးလည်းတင်တယ် ၊၊ အဲဒါ ကိုတော့ အမြတ်လို့ သဘောထားတယ် ၊၊ ခုနောက်ပိုင်းတော့ ကိုယ်လည်း သိပ်မလိုက်ဖြစ်တော့တာ အမှန် ၊၊ ကိုယ်ကိုတိုင်လည်း အထက်ကဆိုသလို အခုနောက်ပိုင်း အဲဒီလို ဖြစ်တာတွေ များလာတော့ တခုခု အလုပ်ခံ လိုက်ရ သလို တခုခု ဖြစ်သွားသလို ၀ုန်းဆို ကြောက် စိတ်တွေ ၀င်နေမိရဲ့ (ခံစားရတာကို တင်ပြတာနော်) ၊၊ ( FaceBook ဖက်ပြောင်းနေတာလည်းပါမယ်ထင်ပ ဟိုမှာကတော့ တကယ့်ကိုယ့်သိတဲ့ သူတွေချည်းဆိုတော့ ဓါတ်ပုံတွေ တင်လိုက် စာတွေ လိုက်ဖက်လိုက်ပေါ့ ) ၊၊ ကိုယ်ကို မသိပေမယ့် ဒီမှာ စာရေး ရတဲ့ ဖီလင်လေးကို သဘောကျတယ် ၊၊ ကိုယ်ရေးတဲ့ စာတွေက နုနုရွရွ ကဗျာအလှလေးတွေ မဟုတ်သလို ၊ ဖွဲ့ဖွဲ့နွဲ့နွဲ့ စာသွဲ့သွဲ့လေး တွေ လည်း မဟုတ်ပြန်ဘူး ၊၊ သုတပေးတဲ့ သတင်းဆောင်းပါးတွေလည်း မဟုတ်သလို ပညာပေးတဲ့ စာတမ်းတွေ လည်း မပါဘူး ၊၊ ကိုယ်ရေးချင်တာ ကိုယ် ခံစားရတာ ၊ ကိုယ့်စိတ်ထဲရှိတာတွေသာ တင်ဖြစ်တာမို့ ရေးချင်တာ ရေးတာတွေကို ဖတ်ချင်တဲ့အခါ လာဖတ်ပေါ့ ၊၊ အင်းဒီလိုပဲ သဘောထားပြီးတင်ချင်တာတွေလည်း စိတ်ပါတဲ့ အခါတော့ တင်ပါအုံးမယ် အင်းစိတ်မပါတဲ့အခါ အလည်မရောက်ဖြစ်တဲ့အခါလည်း နားလည်ပြီးသာ ခွင့်လွှတ်ပေးပါခင်ဗျာလို့ပဲ ................

လေးစားစွာဖြင့်

မင်းအိမ်ဖြူ

( အခုဒီစာလေး ဒီလောက်ရဖို့ မနည်းစဉ်းစားပြီးမနည်းရိုက်ရတယ် ၊ အရင်တုန်းကဆို ပြောချင်တာတွေများ ရေးချင်တာတွေများ စာတွေများ တပျောင်းပျောင်းနဲ့ မနည်းကို ဘရိတ်အုပ်ရတယ် အော် စိတ်များနော်...)

Tuesday 20 October 2009

တိုက်ခပ်ကြီးကြီး




တိုက်က တော်တော်ကြီးပြီး တော်တော် မြင့်တယ် ၊၊ အင်ဂျင်နီယာ မျက်စေ့နဲ့တောင် တော်တော် အံ့အားသင့် နေတယ် ၊၊ စိတ်ထဲမှာ ပြန်စစ်ကြည့်နေမိတယ် ၊၊ ကြီးလွန်းနေသလိုပဲ ......
ကားတွေ ကားတွေ ကားတွေ တော်တော်များတယ် ၊ တစ်အိမ်မှာ ဘယ်နှစီးရှိမလဲလို့ တွက်နေမိတယ် .........
ဓါတ်တိုင်မြင်တော့ သတိရတယ် ၊ အန္တရယ်ရှိသည်ဆိုတဲ့ စာသားလေးတော့တွေ့ဖူး.......

Friday 16 October 2009

ဆက်သွယ်ရာမှာ

လူတွေ တစ်ယောက်နဲ့ တစ်ယောက် ဆက်ဆံ ကြတဲ့အခါ မရှိမဖြစ် လိုအပ်တာက နှစ်ဦးနှစ်ဖက် နားလည်တဲ့ ဆက်သွယ်မှုစနစ်တစ်ခု ၊၊ တနည်းအားဖြင့် ဘာသာစကား ၊၊ ပြောမယ် ၊ နားထောင်မယ် ၊ နောက်ရေးသားဆက်သွယ်မယ် ၊ သူရေးသားထားတာကို ဖတ်ပြီး အဓိပါယ်ဖေါ်မယ် ဆိုတဲ့ ကျွန်တော်တို့ အတွက် အင်မတန်အရေးပါတဲ့ ဆက်သွယ် ရေးစနစ်မှာ တစ်ဦးနားလည်တဲ့ ဘာသာစကားကို အခြားသူတစ်ဦးနားလည်ဖို့ အရေးကြီးပါတယ် ၊၊

ဟိုးတစ်နေ့က ကြုံတွေ့ခဲ့ရတာလေး တစ်ခုကို တင်ပြပါရစေ ၊၊ မှတ်မှတ်ရရ လွန်ခဲ့တဲ့အပတ် သောကြာနေ့ ညနေကပါ ၊၊ ကျွန်တော်ရုံးက အပြန်မှာ ရုံးဖုံးနံပါတ် တစ်ခုနဲ့ ဖုန်းဝင်လာပါတယ် ၊၊ ရုံးချိန်ပြင်ပဆိုရင် သူငယ်ချင်းတွေပဲ ခေါ်တော့တာ မို့ ဘယ်သူများလည်းပေါ့ ၊၊ ဟိုးအရင် ကုမဏီက တရုတ်တစ်ယောက်ပါ ၊၊ ပြည်မကြီးက လာတဲ့တရုတ် သူငယ်ချင်း ၊၊ အရင် တုန်းက လုပ်ဖေါ်ကိုင်ဖက်တစ်ယောက်ပေါ့ ၊၊ ကိုယ်ဆီမှာ သူ့ဖုန်းနံပါတ်တောင်မှ မရှိတော့ပါဘူး ၊၊ ဒီလိုနဲ့ ပြောကြတာပေါ့ ၊၊ သူက How R U ? ဆိုတော့ ကိုယ်ကလည်း Ni Hou ? ပေါ့ ၊၊ ပထမပိုင်းတော့ အဆင်ပြေပါတယ် ၊၊ သူကလည်း ကိုယ့်ကို ဖုန်းဆက်မယ်ဆိုတော့ ကိုယ့်ကိုပြောမယ့် စကားနဲ့ ကိုယ်ပြန်မေးရင် ဖြေမယ့် စကားကိုတော့ နည်းနည်းစဉ်းစားထားတော့ အဆင်ပြေပါတယ် ၊၊ နောက်ပြောရင်းပြောရင်း ကြာလာတဲ့အခါ ကျွန်တော်လည်း သူပြောတာ နားမလည်တော့ပါဘူး ၊၊ သူလည်းကိုယ်ပြောတာ နားမလည်တော့ပါဘူး ၊၊ နှစ်ဦးစလုံး စိမ်းတဲ့ လူမျိုးနာမည်တွေ မေးကြပြောကြတာ ပိုဆိုးလာပါတော့တယ် ၊၊ ဘယ်လိုမှ အဆင်မပြေတဲ့အခါ ကိုယ့်ဖက်ကလည်း သူဘာများ ပြောချင်အုံးမလဲပေါ့ ဟဲလို ဟဲလိုတွေ များလာပါတယ် ၊၊ သူကလည်း ဘာပြောရမှန်း မသိတော့ဘူး ပေါ့ ၊၊ ကံကောင်းတယ်ပဲပြောရမယ် သူ့ဖက်က တယ်လီဖုန်းမြည်လာပါတယ် ၊၊ အဲဒီတော့မှသူကလည်း My Phone is calling ဆိုပြီးပြောပါတယ် ၊၊ ကျွန်တော်ကလည်း Ok Ok ပေါ့ ၊၊ နောက်မှ တွေ့ကြတာပေါ့ ဘာညာဘာညာ ပေါ့ ၊၊

ပြန်စဉ်းစားကြည့်ပါတယ် ၊၊ သူကသတိရလို့ ခေါ်တယ် ၊၊ စကားတွေ ပြောချင်တယ် ၊၊ ကိုယ့်အလုပ်အကြောင်းတွေ မေးချင်တယ် ၊၊ နောက်ဆုံး ကိုယ် ဘာတွေ လုပ်နေရလဲ ဘာညာသိချင်လို့ မေးတယ် ၊၊ ဒီလိုပဲ ကိုယ်ကလည်း မေးချင်တာ တွေရှိတယ် ၊၊ ဒီက Local အန်ကယ်ကြီး တွေလည်း တခါတလေ ဖုန်းလှမ်းခေါ်ပါတယ် ၊၊ ဘာတွေ လုပ်နေ လဲ အဆင်ပြေလား ဘာညာသာ၇ကာပေါ့ ၊၊ အဆင်ပြေပါတယ် ၊၊ ဒီလိုပဲ အလုပ်အကြောင်းမေးကြဘာညာပေါ့ ၊၊ အခုသူလည်း ဒီလိုပဲ လှမ်းဆက်တာပါ ၊၊ သို့သော် ကျွန်တော်တို့ လိုရင်းမရောက်ကြပဲ စိတ်ကသိကအောက်နဲ့ တစ်ခန်း ရပ်လိုက်ရပါတယ် ၊၊ ဘယ်လိုပြောရမှန်းတောင်မသိတော့ပါဘူး ၊၊ အဲဒီတရုတ်နဲ့က ရွယ်တူပါပဲ ၊၊ အလုပ်လုပ်စဉ်ကတည်းက စကားပြန်ပါမှ ပြောလို့ရတယ် ၊၊ ကျွန်တော်က သူ့ကိုပြောဖူးပါတယ် ဒီလိုပဲ လေ့ကျင့်ပြောရ အောင်ပေါ့ ၊၊ သူက ပြန်ပြောပါတယ် ၊၊ အင်္ဂလိပ်စာတက်မှ ဒီအလုပ်လုပ်ရမယ်ဆို လုပ်မစားဖူးတဲ့ ၊၊ စင်ကာပူ တစ်နိုင်ငံလုံး တရုတ်လို ပြောလို့ရတယ်တဲ့ ဗျာ ၊၊ အင်း ကျွန်တော်လည်း ဘာမှ မပြောတော့ပါဘူး ၊၊ ကိုယ်တရုတ်စာ မသင်ခဲ့မိတာပဲ ကိုယ့်ကိုကိုယ် အားမရဖြစ်မိတယ် ၊၊ တကယ်ပါ ၊၊

ဒီလိုနဲ့ ညနေဖက် ရေကူးကန်ရောက်တော့ ကျွန်တော်တို့ နားကို တရုတ်တစ်ယောက် ရောက်လာပြီး ကျွန်တော့် သူငယ်ချင်းကို လိပ်ပြာကူး ပြပေးဖို့ပြောပါလေရော၊၊ တရုတ်ဆိုတော့ သိတဲ့အတိုင်း သူလည်းပြောပေါ့ ၊၊ ဒါပေမယ့် အဆင်ပြေပါတယ် ၊၊ လူချင်းမျက်နှာချင်းဆိုင်ပြောတဲ့အခါ သိပ် မခဲယဉ်းပါဘူး ၊၊ နောက်ပြီးသွားတော့ တစ်ယောက် အကြောင်းတစ်ယောက်မေးတော့ ကျွန်တော့်သူငယ်ချင်းက တရုတ်လိုပြောတက်တော့ ပိုပြီးအဆင်ပြေသွားပါတယ် ၊၊ သူငယ်ချင်းတွေတောင်ဖြစ်ပြီး နာမည်တွေ မေးကြ ပြောကြ ရန် ကွမ်းတို့ မြန်တျန့်တို့နဲ့ အဆင်ကိုပြေလို့ပါ ၊၊

ကျွန်တော် ခံစားရတာလေးက အရင်တုန်းက သူငယ်ချင်းလုပ်ဖေါ်ကိုင်ဖက်ချင်း သတိရလို့ ဖုန်းလှမ်းခေါ်ပေမယ့် စကားပြောရတာ အဆင်မပြေတော့ နောက်တစ်ကြိမ် ထပ်ခေါ်ဖြစ်ကြဖို့ဆိုတာ မသေချာတော့ဘူး ၊၊ မိတ်ပျက်ရမယ့် သဘော ၊၊၊ ကျွန်တော့်သူငယ်ချင်းက သူတို့ဘာသာစကားကို နားလည်တော့ သူငယ်ချင်းတစ်ယောက်တောင် မှ ရလိုက်ရဲ့ ၊၊ ဒီလိုပါပဲ ၊၊ ကိုယ်တက်တဲ့တဲ့ ပညာရပ်တစ်ခုဟာ တစ်နေရာရာ တစ်ချိန်ချိန်မှာတော့ အသုံးဝင်တယ် ဆိုတာ လေး တွေးလိုက်မိပါတယ် ၊၊ ကျွန်တော်လည်း အင်မတန်မှ သင်ယူဖို့ ပျင်းခဲ့မိတယ် ၊၊ မလိုဘူးလို့လည်း ထင်ခဲ့ မိပါတယ် ၊၊ တကယ်တော့ ကျွန်တော့်တို့ ဒေါ်ဝါ၀ါမှာ တူတူ ၄ ၊ ၅ ရက် သင်တန်း အတူတက်ခဲ့ဖူးပါတယ် ၊၊ သူအလုပ်က ရန်ကုန်ဖြစ်ပြီး ၊ ကျွန်တော်က နယ်ပြောင်းရတော့ သင်တန်းနဲ့ အဆက်ပြတ်သွားရာကနေ အခုတော့ လုံးဝကို မတက်တော့တာပါ ၊၊ နောက် သူလုပ်ရတဲ့ အလုပ်ကလည်း လိုအပ်သလို ကျွန်တော့်အတွက်ကလည်း မလိုအပ် ခဲ့လေတော့ ကြိုးစားအားထုတ်ဖို့ မေ့လျော့ခဲ့ပါတယ် ၊၊ ခုများမှသာ ဒီလိုအတွေးလေး ၀င်လာခဲ့ပါတယ်၊၊ အင်း နောက်ပိုင်းတရုတ်ကြီး သာ ပိုပြီး ချမ်းသာလာရင် ကျွန်တော်တို့ တရုတ်ပြည် မပြောင်းရဘူးလို့ ဘယ်သူပြောမလဲနော် ၊၊

ပျော်ရွှင်ပါစေ
မင်းအိမ်ဖြူ

Tuesday 13 October 2009

တွေးမိတာလေးများ

အခုတလော စဉ်းစားနေဖြစ်တာက ဆယ်တန်းမြန်မာစာမှာ သင်ခဲ့ကျက်ခဲ့ရတဲ့ ဇာတ်တော် ကြီး ဆယ်ဘွဲ့ထဲက ဆဒ္ဒန်ဆင်မင်း အကြောင်းပါ ၊၊ ဘုရား သမိုင်းလည်းဖြစ် သလို တကယ့် ဂန္တ၀င်ဇာတ်လမ်းလည်း ဖြစ်တဲ့ ဇာတ်လမ်းလေး တစ်ပုဒ်ပါပဲ ၊၊

အချစ်ကြီးချစ်ခဲ့ဖူးတဲ့ မိဖုရားခေါင်ကြီး ၊ နောက်ဘ၀တွေ ခြားနေတာတောင်မှ ရန်ငြိုးတွေ မပြေ နိုင်သေးတဲ့ မိဖုရားခေါင်ကြီးအကြောင်းကို တွေးနေမိတာပါ ၊၊ အဲဒီတုန်းက စာသား လေးတွေလည်း ပြန်ရွတ်နေမိတယ် ၊၊ အကြိုက်ဆုံးကတော့ “ စိန်မရှား မြမရှား အလွန်ပင် များသည်ကို နားလေးလေဟန် ဆင်စွယ်ကိုမှ ပန်လိုသည် ဟု ” နောက် “ အစွယ်လိုသူ မိဖုရား အသွားစေခိုင်းသူ မင်းကေရာဇ် ၊ လေးပြစ်သူ ဘုရားကျွန်တော်” ဆိုတဲ့ စာသား လေး တွေ၊၊

အော် ဘ၀တွေ ခြားနေတာတောင် အမုန်းတွေပွားပြီး အာဃာတတွေ ပွားနေတုန်းပါလား မယ်မိဖုရားရယ်လို့ပဲ အံအားတကြီး ရေရွတ်နေမိပါတော့တယ် ၊၊ အော် သူလည်း တကယ် ချစ်ခဲ့ရှာပေမပေါ့လေ ၊၊ တခါတလေတော့လည်း အချစ်ကြီးလို့ အမျက်ကြီးတယ် ဆိုတယ် ဆိုတဲ့ စကားလေးကို သဘောကျသလို ဖြစ်မိပေမယ် နားမလည် သလိုလည်း ဖြစ်မိပါတယ် ၊၊ အချစ်ကြီးမှတော့ကွယ် အပြစ်ကြီးရယ်လို့ မမြင်တော့ပဲ ခွင့်လွှတ်ပေးလိုက် ပါတော့လား ၊၊ အင်း ဒီလိုတော့လည်း ဟုတ်ကြပြန်ဘူးရယ် ၊၊ ငါကောင်းသလောက် ဒင်းမ ကောင်းဘူး ၊ ငါသစ္စ္စာရှိသလောက်ဒင်း သစ္စ္စာမရှိဘူး ၊ ဆိုတဲ့ အမုန်းတရားတွေ ရဲ့ နောက်ကွယ်မှာ အာဃာတတွေ ပွားနေလိုက်တာများ တချိန်က အသဲပေါက်မတက် ချစ်ခဲ့ဘူးပါတယ် ဆိုတဲ့ လူတစ်ယောက် မဟုတ်သလိုပါလား ၊၊ အငြိုးတွေ အတေးတွေ အာဃာတတွေများ သာမာန်ရန်သူတစ်ယောက်ထက်တောင် ပိုပြင်းထန်နေပါလားနော် ၊၊

အော် ဒီဇာတ်လမ်းလေးဖတ်မိ စဉ်ကတည်းက မေးချင်မိပေမယ့် ဘယ်သူ့ကို မေးရမှန်းမသိခဲ့ ၊၊ အခုလို တိုက်ဆိုင်မှုရှိတဲ့ အခါတိုင်း စဉ်းစားမိတယ် ၊ စဉ်းစား မိတဲ့ အခါတိုင်းလည်း အချစ်ဆိုတာ ဘာလဲကွာ ဆိုပြီး ပြန်တွေးနေမိပြန်ရော ၊၊ အခုချိန်ထိတော့ ဝေ့လည်လည် စဉ်းစားနေမိဆဲ ၊၊ ဟိုးအရင်တခါက စာရေးတဲ့ညီမတစ်ယောက်ကို မေးဖူးတယ် ၊၊ ချစ်ခြင်းနဲ့ အပြစ်ကင်းတယ်ဆိုတာ တကယ်လားကွယ်လို့ ၊၊ အင်း ချစ်ခြင်းက အပြစ်ကင်းစေပါသတဲ့လား ၊၊ ကိုယ့်အတ္တတွေများလားကွယ် ၊၊ တခါတလေတော့လည်း အဲဒီ ချစ်ခြင်းနဲ့ အပြစ်ကင်းစေတဲ့ သူတွေ ကို တွေ့များတွေ့ချင်မိပါရဲ့ ၊၊ ထာဝရမဟုတ်ပါဘူး အမှတ်တရ တွေ့ဖူး ရုံလေးပါ ၊၊

ကျွန်တော်မှတ်မှတ်ထင်ထင် မြင်ဖူး သမျှကတော့ အချစ်ကြီးလို့ အမျက်ကြီးတယ် ဆိုတဲ့ သူတွေ ချည်းပါပဲ လား ၊၊ ချစ်ခြင်းနဲ့ အပြစ်ကင်းသူတွေ ရယ်လို့ မမြင်ဘူးသေး ၊၊ ဗဟုသုတ နည်းတာလည်း ဖြစ်နိုင်သလို သူတော်ချင်းချင်း သတင်းလွေ့လွေ့လို့လည်း ဆိုရမယ်ထင်ပ၊၊

အဲဒီဇာတ်ကြောင်းလေးပြန်ကောက်ရရင် တကယ်တမ်းသာတွေးကြည့်မယ်ဆိုရင် သူမအနေနဲ့ မိဖုရားခေါင်ကြီး လည်းဖြစ်နေပြီ ၊၊ တကယ်ကို စိန်မရှား မြမရှား လိုတရနေတဲ့ ဘ၀ ၊၊ သူအထက်သာတာ ဘာများ ရှိအုံးမလဲနော် ၊၊ တကယ်သာနှစ်နှစ်ကာကာ ချစ်ခဲ့တယ် ဆိုရင် အသာစီးရနေတဲ့ ဘ၀မှာ တစ်ဖက်လှည့်ပြီး ကြိုးစားမေ့လိုက် ပါတော့လား ကွယ် ၊၊ ဘာအတွက်များ ဘာမှ မဟုတ်တဲ့ ဆင်စွယ်ကို နားပန် လုပ်နေအုံးမလဲ ၊၊ ဆင်စွယ်ရဖို့ ဆင်မင်းသေရမယ်ဆိုတာ မင်းသိတာပဲလေ ၊၊ မင်း ချစ်တဲ့ အချစ်ဆိုတာ ဒါပဲလား ၊၊ အနိုင်ရနေတဲ့ အချိန်မှာ အပေါ်စီးက နေစိန်ခေါ်တာဟာ အချစ်ကြီးလို့ အမျက်ကြီးတာပါ ဆိုတဲ့ အလွှာပါးနဲ့ ဖုံးကွယ်ရမလား ဒါမှမဟုတ် အပြစ်မကင်း နိုင်တဲ့အတွက် ဒါဟာ ချစ်ခြင်းများမဟုတ်လေသလား ၊၊ အင်း စဉ်းစားစရာ….


အဲဒီလို ဖြစ်ရပ်တွေ တွေ့ရလေတိုင်း ချစ်ခြင်းနဲ့ အပြစ်ကင်းစေ ဆိုတာမျိုးတွေ ကြား ရလေတိုင်း ၊ အချစ်ကြီးလို့ အမျက်ကြီးရပါတယ် ဆိုတာတွေ ဆုံရလေတိုင်း လူတွေ ပြောတဲ့ ချစ်ခြင်းကို မယုံမရဲ ဖြစ်နေမိတာ ကိုယ့်မှာ အပြစ်ဖြစ်နေပြီလား ၊၊

ဆင်မင်းသည်လည်း အပြစ်တော့ လုပ်ခဲ့မှာပေါ့လေ ၊၊ ဆင်မင်းကပဲ ကျီစယ်လွန်လေသလား ၊၊ အမှန်တကယ်ပဲ အငြိုး တကြီး လုပ်ခဲ့လေသလား ၊၊ အငြိုးတကြီး အပြစ်ကြီး ဖြစ်ခဲ့တာက မယ်မိဖုရား ၊၊ နောင်ဘ၀တွေ ခြားသွားတာတောင်မှ မပြေနိုင်သေး ၊၊ အော် အင်း အချစ်ကြီးချစ်ခဲ့သူကို ဂရုတစိုက် မရှိခဲ့တာက ဆင်မင်း ရဲ့ ပေါ့လျော့မှုပေပေါ့ ၊၊ ဒီအတွက် အငြိုးတကြီး မုန်းခဲ့တာက မိဖုရားခေါင်ကြီး ၊၊

တကယ်လို့ ဆင်မင်းက ပျက်ကွက်ခဲ့မယ်ဆိုရင်တောင် မှ ဘ၀တွေ ခြားခဲ့ပြီပဲကွယ် ကြိုးစားမေ့ပျောက် ပေးလိုက် ပါတော့လား ၊၊ အငြိုးတွေ အမုန်းတွေ ကို မေ့ပျောက်လိုက်ပါတော့လား ၊၊ မတရားဘူးဆိုရင်တောင် ကိုယ်အသာရနေ ပြီမို့ ပြုံးပြုံးလေး မေ့လိုက်စမ်းပါ ၊၊ တကယ်ချစ်ခဲ့တယ် ဆိုရင်ပေါ့ ၊၊ နှုတ်က ဖွင့်ဟ ဆိုနေမယ့်အစား အမှန်တကယ် ရင်ထဲမှာ ချစ်ခဲ့တယ်ဆိုရင် ရှုံးနိမ့်နေတဲ့ ချစ်သူကို တိုက်ခိုက်နေမဲ့အစား တဖက်တလမ်းက မကူညီရင်တောင် ရန်ညိုး ဖွဲ့ အမုန်းအစား ပြုံးပြီး အားပေးလိုက်ပါလားကွယ် ၊၊

မင်းအိမ်ဖြူ

အဲဒီဇာတ်လမ်းလေးတွေးမိတိုင်း စဉ်းစားမိတာလေးတွေကို ရေးချမိပါသည် ၊၊ ချစ်ခြင်းနဲ့ အပြစ်ကင်းစေသတဲ့ အင်း ပြီးတော့ အချစ်ကြီးတော့ အမျက်ကြီးသတဲ့ လေ ၊၊

Saturday 10 October 2009

အရိုးဆုံး အဖြေ

ဟယ်လို ဟုတ်ကဲ့ပြောပါ ”

"မောင်လေး မင်းအစ်ကို ကိုနိုင်သီဟ တစ်ယောက် ပြသာနာတက်နေလို့ ”

“ဘုရားရေ ၊ ဘာပြသနာများလဲ အစ်မရယ် ”

ညအချိန်မတော် လာတဲ့ တယ်လီဖုန်းမို့ နဂိုကခပ်ထိတ်ထိတ် ဖြစ်နေရတဲ့အထဲ ဒီလိုကြားလိုက် တော့ ပိုလို့တောင်မှ ရင်တုန်ပန်းတုန်ဖြစ်ရပါတယ် ၊၊ ဘာပြသနာများပါလိမ့်

“ဘာဖြစ်တာလဲအစ်မ အလုပ်မှာများ ပြသနာတက်တာလား ”

“အင်း လူမှုရေးပြသနာပါမောင်လေးရယ် ၊ အလုပ်ကိုပါ ထိခိုက်တော့မယ် ”


ဆိုတဲ့ အစ်မရဲ့ ငိုမဲ့မဲ့ အသံကြားတော့ ပိုလို့တောင်မှ ရင်ထိတ်ရပါတယ် ၊၊ ဘယ်လိုဖြစ်တာပါ လိမ့် ၊၊ ကိုနိုင်သီဟ ဆိုတာက အစ်ကိုလို ၊ သူငယ်ချင်းလို လေးလေးစားစား ချစ်ခင်ရတဲ့ အစ်ကို ကြီးတစ်ယောက် ၊၊ အင်မတန်မှ အပေါင်းအသင်း ၀င်ဆံ့သလို အင်မတန်မှလည်း ပျော် ပျော်နေတက်သူ ၊၊ လုပ်ငန်းခွင်ထဲမှာလည်း အထက်နဲ့ အဆင်ပြေသလို အောက်နဲ့လည်း တည့် အောင် ပေါင်းသင်းနိုင်သူအဖြစ် နာမည်ရတဲ့သူတစ်ယောက် ၊၊ ထူးထူးခြားခြား ၀ိသေသ ဂုဏ် ပုဒ်တွေနဲ့ လူတစ်ယောက် ၊ လူတိုင်းက လေးစားရတဲ့ သူတစ်ယောက် ၊ ရာထူးရာခံနဲ့ အင်မ တန် မှ လေးစာဖွယ် လူတစ်ယောက် က ဘယ်လို ဖြစ်ပါလိမ့် ၊၊

“ သေချာပြောပြပါအုံး အစ်မရယ် ၊ ဟုတ်ရော ဟုတ်လို့လား ၊ အစ်မကရော ဘယ်က ကြားလာတာလဲ ၊၊ ”


ဆိုတော့ ငိုချင်ရဲ့လက်တို့ ပြောချင်ရက် အမေးစောင့်နေတဲ့ အစ်မ ခင်ဦးတစ်ယောက် ငိုသံနှောပြီး ပြောပါလေတော့သည် ၊၊

အော် အတိတ် ကာလလေးကို ပြန်တွေးမိတော့ ကိုနိုင်သီဟ အကြောင်းကို ပြန် သတိရ မိပါတယ် ၊၊ ဖြစ်ခဲ့တာကြာတော့ မေ့တောင်နေကြပေါ့ ၊၊ အခုတော့လည်း တချိန်က သူ မဖြစ်ခဲ့ဘူးသလို သူတို့ အိမ်ထောင်စုလေးက အင်မတန်မှ ငြိမ်းချမ်းလိုက်တာ ၊၊ အခုဆိုရင် သားကြီး ညီမင်းတောင်မှ ဆရာဝန်ကြီးမားမား ဖြစ်ခဲ့ပြီ ၊၊ အငယ်မ နွယ်နီမင်းက စင်ကာပူမှာ Junior College တောင် တက်နေ လေရဲ့ ၊၊၊ အငယ်ကောင် ငွေမင်းက ပြင်ဦးလွင် မှာ တပ်မတော် အင်ဂျင်နီယာ ကျောင်းသားကြီးပေါ့ ၊၊ အေးချမ်း တည်ငြိမ်နေတဲ့ မိသားစုလေးက ဟိုးအရင် အတိတ်က မုန်းတိုင်း မ၀င်ခဲ့ဘူးသလို တည်ငြိမ် လို့ပါလား ၊၊

သူတို့အကြောင်းလေးကို ပြန်သတိရမိတော့ အတိတ်က ဖြစ်ခဲ့ဘူးတဲ့ ဇာတ်ကြောင်းလေးကို သတိရမိ ပါရဲ့ ၊၊ အဲဒီမုန်တိုင်းဝင်တဲ့အချိန်မှာ တကယ်လို့သာ အားလုံးက ၀ိုင်းဝန်းကူညီမဖြေရှင်းပေးခဲ့ဘူး ဆိုရင် သူတို့ မိသားစုလေးဟာ ဒီနေ့လို သာယာနေမှာ မဟုတ်ပေဘူး ၊၊ ကိုကြီး ကိုနိုင်သီဟလည်း အရက်သမားကြီး ဖြစ်နေမလား ၊၊ အစ်မခင်ဦးရော မျက်ရည်နဲ့မျက်ခွက် သောကတွေ ပွေနေမလား ၊၊ သားသမီးတွေရော အခုလို သာယာတဲ့ အနာဂတ်လေးတွေ ပိုင်ဆိုင်နိုင်ပါ့မလား ၊၊ တွေုးမိပါတယ် ၊၊

မှတ်မှတ်ရရ အဲဒီနေ့က အဲဒီအမျိုးသမိးကို သွားတွေ့ဖြစ်ခဲ့တယ် ၊၊ တက်နို်င်ဘူးလေ ပြသနာတွေက ဖြစ်နေပြီပဲ ၊၊ ဒီအချိန်မှတော့ ရှက်နိုင်တော့ဘူး ၊၊ ကိုယ့်ဘက်က အရှက်မကွဲဖို့သာအဓိကပေါ့ ၊၊ သူတို့လည်း ဘာမှတော့ ထွေထွေ ထူးထူး ပြသနာမရှာနိုင်ပါဘူးလေ ၊၊ ကိုယ်ကပဲ လူတက်ကြီး လူဆိုးကြီး ၀င်လုပ်ရတော့တာပေါ့ ၊၊ အစ်မခင်ဦးကလည်း ခံစားနေရမှာပဲလေ ၊၊ နားလည်ပါတယ် ၊၊ အဲဒီ အချိန်မှာ ဖြစ်ချင်တာဖြစ် တရားတာ မတရားတာ ကိုယ် မတွေးနိုင်ဘူး ၊၊ ပြသနာတွေကို အကောင်း ဆုံး ဖြေရှင်းနိုင်ဖို့ပဲ စဉ်းစားခဲ့တယ် ၊၊ ကလေးတွေ အဖေဖြစ်သူကို အထင်မသေးအောင် ၊၊ ဖုံးဖိထားလို့ ရတဲ့ ပြသနာ တော့ မဟုတ်လေတော့ ဖွင့်တော့ ပြောပြလိုက်ရတယ် ၊၊ ဒါပေမယ့် ကိုယ် ပဲ အဖေလုပ် သူကို အထင် တမျိုး မရောက်အောင် ပြန်ပြိး သိမ်းသွင်းရပါတယ် ၊၊

နောက် အစ်မ ခင်ဦး ၊၊ တက်နိုင်ဘူးရယ် ၊၊ သူ့ကိုလည်း ပြတ်ပြတ်သားသား ဖိနှိပ်ရတော့တယ် ၊၊ အစ်မ ဘာဖြစ်ချင်လဲ ၊၊ အခုချိန်မှာ သစာမရှိတာတွေ ရင်ကွဲတာတွေ လာလုပ်မနေနဲ့ ၊၊ အစ်မ ကွာနိုင်သလား ၊၊ ဒါဆို နောက်တစ်ယောက် ကို အိမ်ဖေါ် ခေါ်တင်မယ် ၊၊ အစ်မဆင်းသွား ဆိုတာမျိုး လုပ်ရပါတော့တယ် ၊၊ သိပါတယ် လေ ၊၊ တကယ်တော့ အစ်မခင်ဦးမှာ ဘာအပြစ်မှ ရှိတာမဟုတ် ၊၊ ဒါပေမယ့် မိန်းမသဘာဝ ပွစိပွစိ လုပ်နေမယ် ၊၊ မကြာခဏ ခလုတ်တိုက်နေမယ် ၊၊ အမြဲတမ်း ထေ့ငေါ့ နေမယ်ဆိုရင် အပြစ်လုပ်ထားသူပေမယ့် ပိုပြီး အရွဲတိုက်တော့မယ် ၊၊ ဒါဆိုရင် ပြသနာတွေက အကေင်းဖက်ကို ဦးမတည်ပဲ အဆိုးဖက်ကိုသာ ပြောင်းသွားတော့မှာပေါ့ ၊၊ ဒီအချိန်ဟာ အင်မတန် မှ အကိုင်အတွယ်တက်ဖို့ လိုပါတယ် ၊၊ အပျော့ဆွဲဆိုတာမျိုး ဆွဲတက်မှ အဆင်ပြေမှာ ၊၊ အဲကိုယ်တကယ် မသတီတော့လို့ မပေါင်းနိုင်တော့ဘူးး ဆိုရင်တော့ တစ်မျိုးပေါ့ ၊၊

လူတစ်ယောက်ဟာ သစာမရှိဘူး ၊၊ဖောက်ပြန်ရေးသမား ဘယ်လိုပဲဖြစ်နေပါစေ သူကို အမြဲတိုက်ခိုက် နေမယ်ဆိုရင်တော့ သူလည်း ထွက်ပေါက်တစ်ခု ရှာတော့ မှာပေါ့ ၊၊ မှန်ပါတယ် လက်ခံပါတယ် ၊၊ ငါမှ မမှားတာ ငါဘာဂရုစိုက်စရာ လိုလဲ ဆိုတာမျိုးကတော့ ကျောင်းသင်ခန်းစာမဟုတ်တဲ့  လူမှုရေး ပြသနာ တွေ မှာတော့ ငါမှန်တယ် ဆိုပြီး အခြားတစ်ဖက်ရဲ့ အားနည်းချက်ကို ဖိနှိပ်လို့မရပါဘူး ၊၊ ဒါဆိုရင် ပြသနာတွေဟာ အကောင်းဖက်ကို ဥိးမတည်ပဲ အဆိုးဖက်ကိုသာ ဥိးတည်သွားတော့မှာပါ ၊၊ ဒါဟာလည်း ပြသာနာကို လက်ခံ ဖြေရှင်း သူ တစ်ဥိးစီရဲ့ အမြင်ပေါ့လေ ၊၊

ဒိလိုနဲ့ အဲဒီပြသနာဟာ အထွက်အထိပ်ကို ရောက်ရှိလာပါတော့တယ် ၊၊ နောက်တစ်ယောက်ကလည်း ရလိုမှုတစ်ခုအတွက် တောင်းဆိုနေပြီ ၊၊ သူတို့ဖက်က ဒီလိုတောင်းဆိုလာတဲ့ အခါ ပိုလို့ ၀မ်းမြောက်မိ ပါတယ် ၊၊ ဘာလို့လည်း ဆိုတော့ ဖြေရှင်းစရာ အဖြေတစ်ခုအတွက် အစ တစ်ခုရလိုက်သလိုပါပဲ ၊၊ အစ်မခင်ဥိးကတော့ ၀ုန်းဒိုင်းကျဲချင်နေမှာပါ ၊၊ သူအတွက်လည်း ခံစားနားလည်ပါတယ် ၊၊ ဒါပေမယ့် သူကိုပဲ ဖျောင်းဖျလိုက် ချော့လိုက် ခြောက်လိုက်ပေါ့ ၊၊ ကိုနိုင်သီဟ ဘက်က အစ်မတွေကလည်း ဘာဖြစ်ဖြစ် ငါ့မောင် မှန်တယ် ဆိုတာ လက်ကိုင်ထားသူတွေ ဒီလိုပြသနာကို ဖြေရှင်းမယ် ဆိုသူတွေ ဆိုတော့ မခင်ဥိးတစ်ယောက်လည်း ဘာမှ မပြောသာပေဘူးပေါ့ ၊၊ နင်အသုံးမကျလို့ ဒီလိုဖြစ်တာ ၊၊ ဆိုတာမျိုးတွေတောင် အစ်မခင်ဦးတစ်ယောက် အပြောအငေါက်ခံရရှာတယ် ၊၊ သူခဗျာမတော့ မျက်ရည် မျက်ခွက်ပေါ့ ၊၊ သိုသော် သူလင်တော်မောင် ရှေ့မှာ တော့ မငိုရဲရှာ ဘူး ၊၊

မိသားစုစိတ်ဓါတ်ဆိုတာ ဒါပါပဲလေ ၊၊ တစ်ဥိးတစ်ယောက် ရှုံးနိမ့်နေချိန်မှာ မဖိနှိပ်ပဲ အားပေးတာ ၊၊ နှုတ်က ဖွင့်ဟဖေါ်ကျူး အားပေးနေတာထက် လိုအပ်မယ် ထင်တာလေးတွေ ကို တိတ်တိတ်ဆိတ် ဆိတ် လုပ်ပေးတာ ၊၊ သူနေစေချင်သလိုလေး နေပေးတာ တွေဟာလည်း ထောက်ပံ့ကူညီတာပါပဲ ၊၊ အမှန်တကယ်ပြန်တွေး ကြည့်မယ် ဆိုရင် အခုပွဲမှာ အစ်မခင်ဦးနိုင်ပြီပေါ့ ၊၊ သို့သော် မိသားစု ဘ၀မှာ အနိုင်အရှုံးဆိုတာ ဂုဏ်သိကာနဲ့ မလဲယူစကောင်းပါ ၊၊ တကယ်လို့ အဲဒီအချိန်မှာ ပွဲကြမ်းခဲ့ရင် ကာယကံရှင်နျစ်ယောက်ထိပ်တိုက် တွေ့ခဲ့ရင် ဘာတွေ ဖြစ်ကုန်မလဲ ၊၊ ရှက်၇မ်းတွေ ရမ်းပြီး ပွဲတွေ ကြမ်းကုန်ပြီပေါ့ ၊၊ ရလာမယ့် အကျိုးဆက်ကဘာလဲ ၊၊ ဘာဖြစ်လာမလဲ ၊၊ မိသားစုဘ၀လေး ပြိုကွဲသွား မယ် ၊၊ ချစ်တဲ့သူချင်း အမှားတစ်ခုအတွက် လမ်းခွဲရမှာပဲပေါ့ ၊၊

ဟုတ်ပါတယ် လေ ၊၊ ဒါဟာမခင်ဥိး မှားခဲ့တာမှမဟုတ်တာ ၊၊ မှားတာက ကိုနိုင်သီဟ ၊၊ အပြစ်တွေကို ကိုနိုင်သီဟ ခံပေါ့ ၊၊ လို့ဆိုနိုင်ပေမယ့် ကိုနိုင်သီဟကို ဘယ်လို အပြစ်ပေးမလဲ ၊၊ လူသိရှင်ကြား ဖောက် ပြန်ရေးသမားအဖြစ် ထုတ်ဖေါ်ကြေငြာမလား ၊၊ ဒါမှမဟုတ် အိမ်ထောင်ရေးကို ရပ်စဲလို့ လမ်းခွဲလိုက် ကြမလား ၊၊ ဖြစ်တာတွေက ဖြစ်ပြီးပြီမို့ အပြစ်တင်နေလို့ရော ဘာများရလာပါအုံးမလဲ ၊၊ ရလာဒ်က ဘာဖြစ်လာမလဲ ၊၊ ဖြစ်ပြီးတဲ့ ပြသနာကို ၀ိုင်း ၀န်း အဖြေရှာတာသာ အကောင်းဆုံး မဟုတ်ပေဘူးလား ၊၊

လူတိုင်းဟာ အမှားမကင်းကြပါဘူး ၊၊ မှားတက်ကြပါတယ် ၊၊ ဒါပေမယ့် အဲဒီအမှားကို ၀ိုင်းဝန်းပြုပြင် ပေးမှသာ သူကိုချစ်ရာရောက်မှာပေါ့ ၊၊ တကယ်လို့သာ အဲဒီပြသနာမှာ အားလုံးက ၀ိုင်းဝန်း မကူညီ ကြပဲ ဖိနှိပ်တဲ့ နည်း အကျပ်ကိုင်တဲ့နည်းတွေ သုံးရင်ဘာတွေ ဖြစ်လာမလဲ ၊၊

အခုတော့လည်း အားလုံးက လေးလေးစားစား မေ့မေ့ပျောက်ပျောက် နေပေးကြတယ် ၊၊ အရင်လိုပဲ လေးလေးစားစား ဆက်ဆံကြတယ် ၊၊ ၀ိုင်းဝန်းထိန်းသိမ်းပေးတဲ့အခါ အခုတော့လည်း ကိုနိုင်သီဟ ဆိုတဲ့ သူတစ်ယောက်ဟာ ဒီလိုဖြစ်ခဲ့ပါတယ် ဆိုရင်တောင် ဘယ်သူမှ ယုံမှာမဟုတ်ပါဘူး ၊၊ အစ်မ ခင်ဥိးလည်း အခုဆိုရင် ပျော်ရွှင် လို့ ၊၊ အားလုံးရဲ့ လေးစားစွာဆက်ဆံမှုကြောင့် ကိုနိုင်သီဟဟာ အရင် ကထက်တောင်မှ ပိုပြီး တည်ငြိမ်လို့ လာပါတယ် ၊၊ သူကိုယ်သူလည်း အရှက်တစ်ခုနဲ့ ထိမ်းသိမ်း သွားပါတယ် ၊၊ ဒါဟာ အဖြေမှန်ပဲပေါ့ ၊၊ တကယ်လို့သာ မလိုလားအပ်ပဲ ပေါက်ကွဲကြ ၊ ပြောကြဆိုကြ ဆိုရင် တော့ ကွဲကြ ပြဲကြရုံပေါ့ လေ ၊၊

အင်းအတိတ်ကို ပြန်တွေးမိတာပါ ၊၊ ဒိနေ့ သမိးလေး နွယ်နီမင်းကို ကျောင်းမှာ သွားပြီး ခေါ်ရအုံးမယ် ၊၊ ဒီနေ့က သမိးလေးရဲ့ မွေးနေ့မို့ ညစာကျွေးမယ်လို့ ကတိပေးထားမိလေတာကိုး ၊၊ အင်းပြီးမှပဲ ကိုကြီး နိုင်သီဟ တို့ဆီ လည်း ဖုန်းခေါ်လိုက်ပါအုံးမယ် ၊၊ မတွေ့ဖြစ်ကြတာတောင်ကြာပေါ့ ၊၊ ကိုယ့်မှာကလည်း တစ်ကိုယ်တည်းသမားမို့ အိမ်ထောင်တာဝန်မရှိပေမယ့် အခြား ဗာရီရ တွေ ကများသားလားနော် ၊၊ အခုတော့လည်း လူမှူရေး လုပ်ငန်းတွေပဲ ပိုလုပ်ဖြစ်နေလေရဲ့ ၊၊ အော် ၅၀ဆိုတဲ့ အသက်ဆိုတာလည်း မငယ် တော့ပါလားနော် ၊၊ ဒီအချိန်မှာ ကိုယ့်အတွက်လည်းကိုယ် လုပ်အုံးမှ ၊၊ အခြားသူတွေကို ကူညီဖြေရှင်း ပေးခဲ့ဘူးပေမယ့် ကိုယ်ပြသာနာတော့ ကိုယ်မရှင်းနိုင်ခဲ့သမို့ ခုလို တစ်ယောက်တည်း ဘ၀နဲ့ပဲ အရိုး ထုတ်ရပေအုံးမယ် ၊၊ ကိုကြီးနိုင်သီဟတို့ အစ်မခင်ဥိးတို့ တွျေ့မှ နောက်ရပေအုံးမယ် ကျွှန်တော့်ကိုကျ တော့ မကူကြပဲကိုး ရယ်လို့လေ၊၊

ပျော်ရွှင်ပါစေ
မင်းအိမ်ဖြူ
( စိတ်ကူး ယဉ်ရေးဖွဲ့ပါသည် ၊၊ တိုက်ဆိုင်မှုများရှိက ခွင့်လွှတ်ပါ၇န် ၊၊ )

( မိသားစု အတော်များများ ၊ သမီးရည်းစားအတွဲတော်တော်များများ ကြုံဖူးခဲ့တဲ့ ကြုံတွေ့ရတက်တဲ့ အရိုးရှင်းဆုံး ပြသနာလေးတစ်ခုပါ ၊ အတွဲတော်တော်များများ ၈၀ % လောက်ဖြစ်တက်ပါတယ် ၊ အဲဒီထဲမှာ ကိုယ်မပါသေးရင်တော့ အင်း ၂၀ % ထဲမှာ ပါတယ်လို့ ကြိတ်ပြီး ၀မ်းသာပေါ့ သို့သော် သိပ်တော့ ၀မ်းမသာပါနဲ့အုံး သမိုင်းဆိုတာ သေတဲ့နေ့မှ ပြောလို့ရမှာမို့ ခဏတော့ ၀မ်းသာရမှာပေါ့ ၊၊ အဲဒီလို ကြုံတွေ့လာတဲ့ အခါမှာသာ အငြင်သာဆုံး နည်းနဲ့ အကောင်းဆုံး လမ်းကို ရွေးချယ် ဖြေ ရှင်း နိုင်ဖို့ သည်သာ အလိုအပ်ဆုံး နှင့် အကောင်းဆုံး အရိုးဆုံး အဖြေပါ )

Friday 9 October 2009

အရိပ်စစ်

အော် နှစ်ပေါင်းနှစ်ဆယ်တောင် ကျော်ပြီတဲ့လား ၊၊ အချိန်တွေ အကုန်မြန်လိုက်တာနော် ၊၊ ဘယ်တုန်းကမှ စိတ်ကူး မယဉ်ဖူးတဲ့ တစ်ယောက်တည်း ဘ၀နဲ့ ဖြတ်သန်းလာခဲ့တာ နှစ်ပေါင်း ၂၀ ကျော်ပြီတဲ့လား ၊၊


အားလုံးကို မေ့ပစ်ဖို့ကြိုးစားရင်း ၊ မေ့နိုင်ဖို့ကြိုးစားရင်း တစ်ယောက်တည်း နေသားကျနေတက်အောင် လေ့ကျင့် နေထိုင်ရင်း ဘ၀ကို ဖြတ်သန်းခဲ့တာ နွေမိုး တွေ အလီလီပြောင်း ခဲ့ပြီကော ၊၊ ဘာမှ မကြာသေးပါလား လို့ဘာသာ ထင်မှတ်မိပေမယ့် ဒီနေ့မနက် ရုံးခန်းကိုရောက်မှပဲ အတိတ်မှုန်ဝါးဝါးကို ပြန်သတိရမိပါစေပါတယ် ၊၊ အတွင်းရေးမှုးမလေး တင်ထားပေးတဲ့ ကိုယ့် အလုပ်စားပွဲပေါ်က ဖိတ်စာလေးတစ်စောင် ၊ နောက် Starbuck ကော်ဖီတစ်ခွက်နဲ့ ကိတ်မုန့် လေးတစ်ခုကို စားရင်း မှန်ချပ်ကိုလာမှန်နေတဲ့ မိုးစက်တွေကို ငေးကြည့်နေမိတယ် ၊၊ “ စပါယ်ဖြူ ဒီနေ့ မနက် လုပ်စရာတွေ အားလုံးကို Postpone လုပ်လိုက်တော့ ၊ ဦး ဒီနေ့ မနက် ဘယ်သူနဲ့မှ မတွေ့ချင်ဘူး ၊ ” ဆိုတဲ့ ကျွန်တော့် စကားကို နားလည်မှုအပြည့်နဲ့ နာခံလေတဲ့ အတွင်းရေးမှူးမလေးကို ကျေးဇူးတင်မိပါတယ် ၊၊ တကယ်ကို တခါတလေ ဘယ်သူနဲ့မှ စကားမပြောချင် ဖြစ်မိတဲ့အခါ ဒီလိုပဲ အထူးသဖြင့်တော့ အခုလို မိုးတွေ မိုးစက်တွေကို မြင်မိတဲ့အခါ မှာတော့ ကိုယ့်ရဲ့ ကမ္ဘာ ရုံး ခန်း လေးထဲမှာ တိတ်တိတ် ဆိတ်ဆိတ် လေး ထိုင်နေမိတက်တယ် ၊၊


လေးဆယ်ကျော် ငါးနှစ်ပိုင်းရုံမက ငါးဆယ်နားနီးနေတဲ့ လူတစ်ယောက်ကို အိမ်ထောင်ပြုဖို့တိုက်တွန်း နေဆဲဖြစ်တဲ့ မောင်နှမတွေလည်း အခုတော့ သိပ်မပြောကြတော့ ၊၊ အော် တူတွေ တူမတွေတောင်မှ သူတို့ အိမ် ထောင်တွေ နဲ့သူတို့ ဖြစ်နေကြပြီပဲ ၊၊ အခုတော့ ဥိးလေး ဆိုတာထက် ဘကြီးတောင် ဖြစ်နေပြီပေါ့ ၊၊သူတို့လည်း အခုတော့ ထပ်ပြီးမတိုက်တွန်းကြတော့ ၊၊ ဒါလည်းကောင်းတာပါပဲလေ ၊၊ ကိုယ်လည်း နားအေးသလို သူတို့ ပြောရသက်သာတာပါပဲ ၊၊ အော် ဒါမျိုးကလည်း ခက်သားလား ၊၊ တိုက်တွန်းလို့မရသလို ၊ ဖျက်ဆီးလို့လည်း မရတာမျိုး ဆိုတော့လေ ၊၊ တခါတခါတော့ သိုက်သိုက်ဝန်းဝန်း မိသားစုတွေ မြင်ရတဲ့အခါ စိတ်ထဲမှာတော့ အရင်း တိုင်း ပြောရရင်တော့ လိုချင်မိသားလား ၊၊ သို့သော် သို့သော် ……..


အော် မယ်မဒီ ကမွေးတဲ့ သမီးလေးတောင်မှ အသက် ၂၀ ပြည့်ပြီတဲ့လေ ၊၊ မွေးနေ့ဖိတ်စာ မွှေးမွှေးလေးကို ကြည့်ရင်း ဟိုးအတိတ် အနှစ် ၂၀ ကျော် ကာလလေးကို ပြန်ပြီး သတိရနေမိတယ် ၊၊ သမီးလေး သွယ်မဒီ ကရော သူ့အမေလိုပဲ လား ၊၊ အော် မတွေ့ဖြစ်တဲ့ကာလတွေ မှာ အရင်လို စွဲမက်စရာကောင်းနေတုန်းပဲ လား မဒီ ၊၊ သမီးလေးကရော အမေတူလား ၊ အဖေတူလား ၊၊ အော် အဖေတူဆိုရင်တောင်မှ ကိုယ်မှ ကောင်းကောင်း မမြင်ဖူးခဲ့တဲ့ သူ့အဖေကို ကိုယ်ဘယ်သိပါ့မလဲ ၊၊ တစ်ကျောင်းတည်း ဆင်းတွေ ဆိုပေမယ့် ကိုယ် မဒီ့အမျိုးသား ကို သေချာ မမြင်ဖူးခဲ့ ၊၊ ကိုယ့်ထက်တော်တယ်လို့တော့ မဒီက ပြောခဲ့ဖူးတာပဲလေ ၊၊ ဟုတ်ပါတယ်လေ ၊၊ ကိုယ်ထက် တော်ပါတယ် ၊၊ ကိုယ့်ထက်လည်း မဒီအပေါ်ချစ်တက်သလို ကိုယ်ထက်လည်း လူကြီးလူကောင်း ပီသပါသတဲ့လေ ၊၊ အင်းဟုတ်မှာပါ ၊၊ ဒါ့ကြောင့်လည်း မယ်မဒီတစ်ယောက် ဘ၀လက်တွဲဖေါ်အဖြစ် ရွေးချယ်ခဲ့ တာပေါ့ ၊၊ ရွေးချယ်ခဲ့တာ မဟုတ်ပါဘူးလေ လက်တွဲဖေါ်အဖြစ်လက်ခံခဲ့တာပေါ့ ၊၊

နင်နဲ့တော့ တခြားစီပဲ ဆိုတဲ့ သူငယ်ချင်းတွေ ရဲ့ စကားလုံးတွေ အောက်မှာ ကိုယ့်ကိုကိုယ် ကျမပျောက်အောင် မနည်းကို ရပ်တည်ခဲ့ရပါတယ် ၊၊ အော်အဲဒီကာလတွေတုန်းက အင်မတန်မှ ၀င်ငွေကောင်းသလို မယ်မဒီကို အင်မတန်မှ ချစ်ခဲ့တယ် ဆိုတဲ့ စကားလုံးတွေကြားတော့ ၀မ်းသာမိတာ အမှန်ပါ ၊၊ ကိုယ်ဆီက မယ်မဒီမရ ခဲ့တာ တွေကို ပေးခဲ့တဲ့ မောငိသီလွန်းကို လည်း ကျေးဇူးတင်မိပါတယ် ၊၊ သို့သော် တိတ်တိတ်လေးပေါ့ ၊၊ ကိုယ့်ဖက်က ရပ်တည်ပေးခဲ့ကြတဲ့ သူငယ်ချင်းတွေကိုတောင် ကိုယ်တိုင် နားချခဲ့ပါတယ် ၊၊ တက်နိုင်သမျှ ကိုယ့်အတွက် နောက်တစ် ကြိမ် ခဲမမှန်ဖို့ ကာကွယ်ပေးခဲ့ပါတယ် ၊၊ မောင်သီလွန်းတစ်ယောက် အမြင်မမှားရလေအောင် ၊ သံသယတောင် မ၀င်မိစေအောင် ထိန်းသိမ်းခဲ့ပါတယ် ၊၊ သူ့အတွက် ဘာမှ မဆောင်ကြဉ်းပေးနိုင်ခဲ့တဲ့ ကိုယ်အတွက်တော့ ဒါလေးတွေကို သူ့အတွက် ဆင်ခြင်ပေးရမှာပေါ့လေ ၊၊

အောင်မြင်တဲ့ အိမ်ထောင် စုလေးတစ်ခုကို တည်ဆောက်သွားနိုင်တဲ့ မယ်မဒီကို တကယ်ကို ချီးကျူးမိပါတယ်၊၊ ကိုယ်ကတော့ ခုချိန်ထိ နားခိုစရာ ကိုင်းမရှိတဲ့ ငှက်တစ်ကောင်လို လွင့်မျောနေဆဲ ၊၊ ဒီအသက်အရွယ်ရောက်မှ လည်း ကိုင်းတစ်ခုလည်း မရှာလိုတော့ ၊၊ ပန်းတစ်ပွင့်လည်း မရှာလိုတော့ ပြီ ၊၊ အော် ဒီလိုနဲ့ မကြာတော့ တဲ့ကာလေးတစ်ခု ဖြတ်သန်း ပြီးတဲ့အခါမှာတော့ ကိုယ်လည်း နားခိုစရာလေးတစ်ခုတော့ ရှာရမှာပေါ့လေ ၊၊ ဒါပေမယ့် အဲဒီနေရာလေးက ဘယ်နေရာလေးများ ဖြစ်လေမလဲနော် ……

“ စံပါယ်ဖြူ ကျွန်တော့်အတွက် နေ့လည်ပိုင်း အစီအစဉ်တွေ အားလုံးလည်း ဖျက်လိုက်ပါတော့ ၊ နောက် ရှေ့နေကြီး ဥိးမင်းဒင် ကို တွေ့ဖို့ စီစဉ်ပေးပါ ၊ နောက် မောင်တိုးကိုလည်း ခရီးထွက်ဖို့ ကားစီစဉ် ထားလိုက်ပါလို့ပြောလိုက်ပါ ၊ နောက်တစ်ခုက ဒီည Company က၀န်ထမ်းအားလုံးကို ဟော်တယ်တစ်ခုမှာ ဒင်နာစီစဉ်ပေးပါ ၊ HR အဖွဲ့ကိုပြောလိုက်ပါ ၀န်ထမ်းအားလုံးအတွက် ငွေသွားထုတ်ထားပါလို့ ငွေသားနဲ့ ချီးမြှင့်ချင်ပါတယ်လို့ ဟုတ်ပြီနော် ”

ကျွန်တော်မှာသမျှကို လိုက်မှတ်နေတဲ့ အတွင်းရေးမှူးမလေးကို မှာစရာရှိတာတွေ မှာကြားပြီး မကျန်တော့တဲ့ အချိန်တိုလေးအတွင်းမှာ ကျွန်တော့်ရဲ့ နောက်ဆုံး အချိန်လေးကို တိတ်တိတ်ဆိတ်ဆိတ်လေးပဲ ကျော်ဖြတ် ချင်ပါတော့တယ် ၊၊ ကိုယ်အနှစ်နှစ် အလလ ကြိုးစားတည်ဆောက်ခဲ့ရတဲ့ ဘ၀ကို နောက်ဆုံး နှုတ်ဆက်ရပြီပေါ့ ၊၊ ၅၅ ထပ် ရှိတဲ့ကိုယ့် ရဲ့ ရုံး ကို အထပ်စေ့အောင် လိုက်မကြည့်နိုင်ပေမယ့် နောက်ဆုံးအနေနဲ့တော့ တစ်ပတ် လောက်တော့ ပတ်ကြည့်လိုက်ချင်မိရဲ့ ၊၊ အော် ဒီ အဆောက်အအုံကြီးဆောက်တော့ သူငယ်ချင်းတွေက ဘာလို့ ၅၅ ထပ်ဆောက်တာလဲဆိုတဲ့ မေးခွန်းတွေ မေးကြသေးရဲ့ ၊၊ ဒါဟာကိုယ်တို့ နှစ်ယောက်သာ သိတဲ့ ငါး ငါး ပေါ့ ၊၊ အင်း အခုတော့လည်း အားလုံးကို စိတ်ထဲမှာ မေ့နိုင်ခဲ့ပါပြီလေ ၊၊ ဒီဘ၀ ဒီမျှသာပေါ့လေ ၊၊ နောက်ဘ၀ဘ၀ တွေ သာရှိခဲ့သေးရင်တော့ တစ်ယောက်တည်းဘ၀ကို ဖြတ်သန်းရတာမျိုး မဖြစ်ပါစေနဲ့တော့လား ၊၊ အထီးကျန် ဖြတ်သန်း ရတဲ့ ဘ၀ကို ခါးသည်းလှပါပြီ ၊၊ အင်းရှေ့ဆက်လို့လည်း အသက်ရှူနေသမျှတော့ တစ်ယောက်တည်း ပေါ့ ၊၊ သို့သော် ဘာသံယောဇဉ် မှထားဖို့ မသင့်တော်တော့တဲ့ ဘုရားရိပ်မှာ တရားရိပ်မှာပဲ ဘ၀ကို အေးချမ်းစွာ ဖြတ်သန်းဖြစ်ပါတော့မယ်လေ ၊၊ ဒါဟာ သံသရာအတွက် အကောင်းဆုံးပေါ့ ၊၊

မေတ္တာရင်းဖြင့်
မင်းအိမ်ဖြူ

Wednesday 7 October 2009

အထောက်အပံ့ကောင်း

ဘယ်လို ယုံကြည်လဲဆိုရင် တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်တာတွေ အများကြီးပဲ။ အဲဒီတော့ ကိုယ့်ဘက်ကလည်း ကြိုးစား အားထုတ်ရတယ်။ တစ်ဖက်ကလည်း ပံ့ပိုးကူညီရတယ်။ ကြိုးစားအားထုတ်မှုနဲ့ ပံ့ပိုးကူညီမှု နှစ်ခုပေါင်းတယ်။ နောက်တစ်ခုက ဖြစ်ဖို့ကံလည်း ပါတယ်။ ပါရမီပေါ့နော်။ ရှေ့ဘ၀အတိတ် ပါရမီပါတဲ့ အခါကျတော့ အဲဒါတွေ ဆုံပြီး ကံကောင်းစွာနဲ့ ကျွန်တော် မင်းသား ဖြစ်သွားပါတယ်

အထက်ကစာပိုဒ်လေးကတော့ “ကံကောင်းလို့ မင်းသားဖြစ်လာတဲ့ နိုင်းနိုင်း” ဆိုတဲ့ ဆောင်းပါးလေးထဲက သရုပ်ဆောင် နိုင်းနိုင်းက အဖြေပေးခဲ့တဲ့ စကားစုလေးတစ်ခု ပါပဲ ၊၊ တကယ်ကိုကောင်းတဲ့ အဖြေလေးတစ်ခုလို့ကျွန်တော်တော့ ထင်ပါတယ် ၊၊ ဘာလို့ဒီလိုဆို သလဲဆိုတော့ လူတစ်ယောက်အောင်မြင်လာဖို့အတွက် လိုအပ်တဲ့ အရာတွေက အင်မတန် မှ များပြားလှလို့ပါပဲ ၊၊ ကျွန်တော်အမြင်ပေါ့လေ ၊၊ ဒါပေမယ့် အဲဒီလူတစ် ယောက်ဟာ နေရာတစ်ခုရလာတဲ့အခါ ၊ တနည်းအားဖြင့် အောင်မြင်လာတဲ့အ ခါမှာတော့ အားလုံးကို မေ့ပြီး ငါတော်လို့ ဖြစ်လာခဲ့တာပါဆိုတဲ့ အမြင်မျိုး အပြောမျိုးလေး တွေ ပြောင်းလဲလာတက်တာကို တွေ့ဖူးကြမှာပါ ၊၊ မှန်ပါတယ် ၊၊ လက်ခံပါတယ် ၊၊ တကယ်တော်တဲ့သူတွေသာ အောင်မြင်နိုင်တာပါ ၊၊ သာမာန် လူတစ်ယောက်ကို ဘယ်လို အထောက်အပံ့တွေ ပေးပေး ၊ ဘယ်လောက်ပဲ ပြည့်စုံတဲ့ အားပေးမှုတွေ ရှိနေပါစေ ကိုယ်တိုင် အားထုတ်မှု မရှိရင်တော့ အောင်မြင်မလာနိုင်တာကို လက်ခံပါတယ် ၊၊ သိုသော် ကိုယ်ဘယ်လောက် ပင် တော် ၊ တက် ၊ ထက်မြက် နေပါစေ ၊ အထောက်အပံ့ ကောင်းလေး တွေ မရှိ ခဲ့ရင်လည်း အောင်မြင်လာဖို့ မလွယ်ကူပါဘူး ၊၊ ဒါ့ကြောင့် အထက်က အဖြေစကားလေးကို တွေ့ရတဲ့အခါ ကိုယ်ကိုတိုင်လည်း ဆင်ခြင်မိသလို သူငယ်ချင်းတွေကိုလည်း သိစေချင်တာမို့ တင်ပြလိုက်မိပါသည် ၊၊ ( ကံဆိုတာ ကိုယ်တိုင် ကြိုးစားအားထုတ်မှုပါ ဆိုသူများအတွက် မရည်ရွယ်ရိုးအမှန်ပါ )

ခင်မင်သမှုဖြင့်

မောင်မင်းအိမ်

Tuesday 6 October 2009

ပြေးသာပြေး

အခုတလော စာမရေးဖြစ်တာကြာပြီ ၊၊ ဘာတွေများအလုပ်ရှုပ်နေပါလိမ့် ၊၊ စိတ်ထဲလည်း သိပ်မပါ လို့ထင်ပ ၊၊ ကြောက်သလိုဖြစ်ပြီး လက်လည်း တွန့်နေမိတာလည်း ပါတယ်၊၊ အလုပ် လည်း ပြောင်းဖြစ်အုံးမယ်ထင်ပါတယ် ၊၊ နောက်ဆို ပိုပြီးတောင် ဘလော့ကင်းဖို့ မလွယ်လောက် တော့ဘူး ထင်ပ ၊၊ ဘာပဲပြောပြေအခု လက်ရှိအလုပ်လေးက နားအေးပါအေးနဲ့ စိတ်အေးသက်သာတော့ ရှိသား ၊၊ ကိုယ်တစ်ကိုယ် ရေစာတော့ အဆင်ပြေပါတယ်လေ ၊၊ ဒီမှာ လောဘသိပ်မကြီးတက်ဘူးဆိုရင်တော့ ဒီအလုပ်လေးက သာသာယာယာ နဲ့တကယ်ကောင်းတဲ့အလုပ်ပေါ့ ၊၊ ကျွန်တော်နဲ့တော့ ကိုက်သားလား ၊၊ ၀င်ငွေတော့ သိပ်မကောင်းဘူးပေါ့ ၊၊ သို့သော် တကိုယ်ရေတကာယ ဘာပူစရာရှိမှတ်လို့ ၊၊ မိဘဆိုတာကလည်း သားသမီးမျှော်ကိုးတက်တာမျိုး မဟုတ်လေတော့ အေးအေးလူလူပေါ့ ၊၊ ဆူဆူပူပူ လောဘကြီးတဲ့ မိန်းမနဲ့ဆိုရင် တော့ ဒီဝင်ငွေမျိုးနဲ့ ညနေဖက် အချိန်ပို စားပွဲထိုးခိုင်းမှာသေချာတယ် ၊၊ အခုတော့ တစ်ယောက်တည်းဆိုတော့ အေးဆေးပေါ့ ၊၊ ရေလေး သွားကူးလိုက် ၊ ပျင်းပျင်းရှိ ရုပ်ရှင်လေးကြည့်လိုက် ( ကိုယုယဆီက အလကားရထား တာလေးတွေပါ ) ၊ Gym လေး သွားလိုက် နဲ့ အဆင်ကို ပြေနေရောပဲ ၊၊ ( အိမ်နားနီးနေတာလည်း ပါပါတယ် ) ကိုယ်ဘာသာ တစ်ယောက် တည်း ဘ၀မို့ပြော ပါတယ် ၊၊

သူငယ်ချင်းတစ်ယောက်ကမေးတယ် ၊၊ အားကစားတွေ လုပ်လိုက် ရေတွေကူးလိုက်နဲ့ ဘာတွေ လုပ်နေတာ လဲတဲ့ ၊၊ အချိန်ကုန်အောင်လုပ်နေပါတယ်လို့ ရိုးသားစွာ ဖြေလိုက်ပါတယ် ၊၊ နောက် ငယ်ငယ်တည်းက Gym ကစားချင်ခဲ့တယ် ၊၊ ဒါပေမယ့် ရန်ကုန်မှာ တုန်းက ငွေမတက်နိုင်လို့ မလုပ်ခဲ့ရတာ အခုမှ ကိုယ့်ငွေနဲ့ကိုယ် လုပ် နေပါတယ်လို့ ပဲ ဖြေဖြစ်ခဲ့တယ် ၊၊ ဟုတ်တယ်လေ ၊၊ မှတ်မိသေးတယ် ၊၊ ရန်ကုန်က Champion မှာ တုန်းက ၃ သောင်းလားမသိဘူးတောင်းတယ် ၊၊ အဲဒီတုန်းက ကိုယ်ရတာကမှ ၆ သောင်း ရသောင်း ဘယ်လို သွားနိုင်မှာတုန်း ၊၊ မှန်တာပြောတာလေ ၊၊ နောက် အချိန်လည်း မရှိတာပါတာပေါ့ ၊၊ အခုတော့ ဒီမှာ နည်းနည်း အားတာနဲ့ ၊ အလုပ်ကလည်း နည်းနည်းလေး သက်သာသလိုလေးရှိတုန်း အားတဲ့အချိန်လေး ကစားပေါ့ ၊၊ ဘာမှ မလုပ်ဖြစ်တဲ့နေ့ဆို ပြေးပေါ့ ၊၊ ပိုက်ဆံလည်း မကုန် ၊ ဘယ်လောက်ကောင်းတဲ့ အားကစားလည်း ၊၊ အားရင်တော့ ကစားကြပေါ့ ၊၊ ရည်းစားရှိတဲ့လူတွေ မိန်းမရှိတဲ့သူတွေတော့ တော့ လုပ်လို့မရဘူးနော် ၊၊ အချိန်မပေးလို့ဆိုပြီး ပြသနာ ရှာ ခံရနိုင်တယ် ၊၊ ဒါကတော့ လူပိုလူလွတ်တွေ ရည်းစားလက်ဆုပ်လက်ကိုင် မရှိတဲ့သူတွေ အတွက် ဒီကျွန်း လေးမှာ အကုန်အကျမများပဲ ၊ ကျန်းမာရေးအတွက်လည်း စိတ်ချရတဲ့ အချိန်ဖြုန်းနည်းလေးပါပဲ ၊၊ အော်နောက်တစ်ခုက ဘီယာလေးနဲ့ အပမ်းဖြေပေါ့ သို့သော် ဘတ်ဂျတ်လိုငွေ ပြသွားနိုင်ပါတယ် ၊၊လစာကောင်းရင်တော့ တစ်မျိုးပေါ့ ၊၊အဲဒီနည်းကတော့ သိပ် အဆင်မပြေပါဘူး ကျွန်တော့် အတွက် ပြောပါတယ် ၊၊ ဒါကြောင့် ပြေးသာပြေး အဲဒါအကောင်းဆုံးပါပဲ ၊၊

ပျော်ရွှင်ကြပါစေ

မင်းအိမ်ဖြူ

Friday 2 October 2009

ဆုံတွေ့ကြ စဉ်ခဏ


ကျောင်းတော်ကြီးမှ သူငယ်ချင်းများနှင့် တွေဆုံပွဲလေး အမှတ်တရ
Date : 27 September 2009 ( Sunday )
Time: 12:00 To 4:00
Place: Peninsula-Excelsior Hotel , Singapore

တကယ်တော့ သူငယ်ချင်းတွေ ပြန်လည်ဆုံတွေ့ဖြစ်ဖို့ဆိုတာ မလွယ်ကူတဲ့ ကိစတစ်ခုပါ ၊၊ တခါတလေတော့ လည်း တကယ်အလုပ်တွေ များနေလို့ ၊၊ တခါတလေတော့လည်း အကြောင်းအမျိုးမျိုးကြောင့် ၊၊ မဆုံဖြစ်ကြ ပါဘူး ၊၊ မဆုံတွေ့ဖြစ်တာတွေ ကြာလာတဲ့အခါ ပိုပြီးစိမ်းလို့ ပိုပြီး မတွေ့ဖြစ်ကြတော့ပါဘူး ၊၊ လူချင်းတွေ့ရင် ပြောစရာ စကားမရှိကြသလို နှုတ်တွေ ဆွံအလို့ပေါ့ ၊၊ ဒါပေမယ့် ပြီးခဲ့တဲ့ အပတ် တစ်ရက်သော တနင်္ဂနွေနေ့ လေးတစ်ခုမှာတော့ မမျှော်လင့်ပဲ ဆုံတွေ့ဖြစ်ခဲ့ကြပါတယ် ၊၊

တချို့တချို့ တွေကလည်း အမှန်တကယ်မအားလို့ ၊ တချို့တချို့တွေကလည်း အင်း.... အမှန်တကယ် မအားလို့ တဲ့ ၊၊ ဘာပဲဖြစ်ဖြစ် ကျောင်းတော်ကြီးကသူငယ်ချင်းတွေ ပြန်တွေ့ရတာတော့ ဟိုးအရင် ကျောင်းသားဘ၀ကို ပြန်ရောက်မသွားရင်တောင် လွတ်လပ်လတ်ဆက်သွားတာတော့ အမှန်ပါပဲ ၊၊ ကျွန်တော်တို့ရဲ့ တွေ့ဆုံပွဲလေးက ဂုဏ်တွေ ပကာသနတွေ မပါတဲ့ ရိုးရိုးရှင်းရှင်း လေးပါပဲ ၊၊ ပိုပြီးလွတ်လပ်ပျော်ရွှင်စရာကောင်းခဲ့ပါတယ် ၊၊ တကယ် ကို မဆုံဖြစ်ခဲ့ကြတာ ကြာခဲ့ပြီကော ၊၊

လက်ရှိခင်မင်ပေါင်းသင်းနေရတဲ့ သူငယ်ချင်းတွေလည်း ခင်မင်စရာကောင်းပါတယ် ၊၊ သို့သော် ငယ်စဉ်ကာလ ဘာပကာသနမှ မပါတဲ့ အရိုးခံ ချင်းပေါင်းသင်းခဲ့ကြတဲ့ သူငယ်ချင်းတွေ မို့ ဟန်ဆောင်မူပိုဖို့ မလို အကြောင်း သိ ချင်းမို့ ရိုးရှင်းလှတာတော့ အမှန်ပါ ၊၊ မရှိအတူရှိအတူ ၊ ကြုံလာသမျှ ကို တူတူ ရင်ဆိုင်ဖြေရှင်းခဲ့ရတဲ့ ကျောင်း သားဘ၀လေးကို လွမ်းမောမိတာတော့ တကယ်ပါ ၊၊ မြန်မာပြည်ရဲ့ ထူးထူးခြားခြား ရွာအပြင်က စက်မှုတကသိုလ်ကျောင်းသားဘ၀ ရဲ့ ကြမ်းတမ်း တဲ့ လွင်ထီးခေါင်ပြင်က ကျောင်းတော်ကြီးမှာ ရင်ဆိုင်ဖြေရှင်းခဲ့ရတဲ့ ပြသနာတွေက သောက်ရေသန့်ကအစ ၊ သွားရေးလာရေးအတွက် ကားပါမကျန် ကိုယ်ထူကိုယ်ထ စနစ်နဲ့ ဖြတ်သန်းခဲ့ရတာပါ ၊၊ ( သောက်ရေသန့်ကို ကိုယ်တိုင် ပိုက်ဆံစုပြီး ၀ယ်သောက်ခဲ့ရပါတယ် )

ဒီနေ့ကာလမှာလည်း သူငယ်ချင်းတွေ ပြန်လည်ဆုံတွေ့ကြမယ်ဆိုတော့ အားလုံးသောသူငယ်ချင်းတွေကို ဒီမှာပဲ ရှိနေကြတယ် ၊၊ ၀မ်းသာရမှာလား ၀မ်းနည်းရမှာလား မိသိန်းကြည် ၊၊ ကျွန်တော်တို့ မြို့ပြဘာသာရပ် တစ်ခုတည်း မှာ ကျွန်တော်တို့ နှစ်က လူ ၁၈၀ ဘွဲ့ ယူခဲ့ပါတယ် ၊၊ ကျွန်တော်ထင်ပါတယ် ၆၀ % လောက်က ပြည်ပ တစ်နေရာရာမှာ အခြေကျနေထိုင်နေကြတယ်လို့ ၊၊ ဟိုးလွန်ခဲ့တဲ့ ၂၀၀၃ ခုနှစ်လောက်က ထင်ပါတယ် ရန်ကုန်စက်မှု တကသိုလ် ကျောင်းသားတွေ တွေ့ဆုံပွဲကို ရန်ကုန် မင်းဓမ္မဖက်မှာလုပ်ခဲ့တယ် ၊၊ နောက်နှစ်တော့ စင်ကာပူမှာလုပ်ခဲ့တယ် ထင်တယ် ၊၊ အဲဒီတုန်းက ဆို စိတ်ထဲ မကောင်းဘူးရယ် ၊၊ စဉ်းစား ကြည့် ပါလေ ၊၊ အော် ခုတော့လည်း ဒီလိုလုပ်မှ အဆင်ပြေမှာပါလား ဆိုပြီး တွေးမိသွားပါပြီ ၊၊ ဒီမှာကျင်းပနေတဲ့ ကျောင်းကပွဲတွေမှာ လူတွေ စည်ကားနေတာ တွေ့တော့ ပျော်မိပါတယ် သူငယ်ချင်းတွေ ဆုံရလို့ အင်း ပြိးတော့ ပြိးတော့ ....... ပြီးတော့ ...............

( သဘာဝပတ်ဝန်းကျင် တစ်ခွင်တစ်ပြင်လုံး စိမ်းနေတဲ့ အမိမြန်မာပြည် မို့ စိမ်းစိုနေတာပဲ ၀မ်းမြောက်မိပါတယ်)

လေးစားစွာဖြင့်
မင်းအိမ်ဖြူ

Thursday 1 October 2009

သီတင်းကျွတ်ပြန်ပြီ



"ဟေ့လူပျိုကြီး သီတင်းကျွတ်ပြီကွ"
" ဆရာမရေ သီတင်းကျွတ်ပြီနော် "

" သီတာ ရေ သမီးလေး သီတင်းကျွတ်ပြီနော် "

" မောင်ဘိုဘို ရေ သီတင်းကျွတ်ပြီနော် ၊ဘာအစီအစဉ်တွေ ရှိတုန်း "
ငယ်ငယ်တုန်းက သီတင်းကျွတ်တယ် ဆိုရင် ပျော်လိုက်ရတာ ၊၊ မီးအိုးဗျောက်အိုးတွေ ဖောက်ကြ ၊၊ မီးပုံးပျံတွေ လွှတ်ကြ ၊၊ တောဓလေ့ရွာဓလေ့ ဘုရားလှည့်ပွဲတွေ ၊ ဆွမ်းဆန်လောင်းလှူပွဲတွေနဲ့ အင်မတန်မှ ပျော်ရွှင်ခဲ့ဖူး ပါတယ် ၊၊ ငယ်ငယ်တုန်းကပေါ့ ၊၊ တစ်ယောက်နဲ့တစ်ယောက် စကြနောက်ကြ ၊၊ လူကြီးမိဘတွေကို အဒေါ်တွေ ဦးလေးတွေကို လှည့်ပတ် ကန်တော့ရင် မုန့်ဖိုးတွေ တောင်းကြ ပေါ့ ၊၊ အခုတော့လည်း ဒီလိုမလုပ်ရတာ ကြာပေါ့ ၊၊

စာအုပ်တစ်အုပ်ထဲမှာ ဖတ်ခဲ့ဖူးတယ် ၊၊ အပျိုကြီးလူပျိုကြီးတွေက သီတင်းကျွတ်ပြီနော်လို့ ပြောရင် အလိုလို စိတ် ဆိုးကြတယ်တဲ့ ၊၊ သူတို့စိတ်ထဲမယ်တော့ ငါတို့ကို စော်ကားတယ် ၊ မလေးမစား နောက်ပြောင်တယ်လို့ ထင်တက် ကြတယ်တဲ့ ၊၊ ကိုယ်ကိုတိုင်လည်း စခဲ့နောက်ခဲ့ဖူးပါတယ် ၊၊ ဘာရယ်တော့ဟုတ်ပါဘူး ၊၊ ဟိုလူကြီး သီ တင်းကျွတ်ပြီနော် ၊၊ ဟေ့ သီတင်းကျွတ်ပြီနော် စသည်ဖြင့်ပေါ့ ၊၊ ကိုယ်မှ မခံစားဖူးတာ ၊၊ စတာပေါ့ ၊၊ အင်း သူတို့ ထင်သလိုလဲ စိတ်ဆိုးစရာ မဟုတ်ပါဘူးရယ်လို့ထင်ခဲ့တာကိုး ၊၊ အင်းအခုတော့ စတော့ပါဘူးဗျာ ၊၊ ဘာလို့လည်း ဆိုတော့ အင်း................. ကိုယ်တိုင်လည်း စိတ်ဆိုးချင်သလိုလို ၊ ပြန်ပြောချင်သလိုလို ၊ တော်တော် ခံရခက် တဲ့ ဝေဒနာကိုး ဗျ ...................

ပျော်ရွှင်ပါစေ
မင်းအိမ်ဖြူ