Thursday 9 July 2009

လွမ်းပါသေးတဲ့ စကားလေးတစ်ခွန်း


"ကြီးသူကို ရိုသေ
ရွယ်တူကိုလေးစား
ငယ်သူကိုသနား " ဆိုတဲ့ အတိုင်း ကျွန်တော်တို့ မြန်မာလူမျိုးများ ဟာ အင်မတန်မှ လိမ္မာယဉ်ကျေး ပြီး ၊ ကျေးဇူးတရားကို နားလည်သိတက်သူများ အဖြစ် မိမိကိုယ်ကို ဂုဏ်ယူတက်သော လူမျိုး ဖြစ်ပါသည် ၊၊ မိမိထက် အသက်အားဖြင့် ငယ်ရွယ်သူ ၊ ဂုဏ်အားဖြင့် ငယ်ရွယ်သူ ၊ ဥစာအားဖြင့် အားနည်းသူများကိုလည်း မိမိတို့၏ မွေး ရာပါ ဗီဇသိဖြင့် သနားညှာတာ ကူညီထောက်ပံ့ တက်သူများပါ ၊၊ အခြားသူတစ်ဦးတစ်ယောက် ၏ အားပေး ထောက်ပင့်စရာ မလိုပဲ ကူညီတက်သူများ ဖြစ်ပါသည် ၊၊


ထိုမျှမက မိမိနှင့် အဆင့်အတန်း ၊ ဂုဏ်ဓန ၊ ပညာ ၊ အသက်အရွယ် အားဖြင့် တန်းတူ သူများအားလည်း လေးလေး စားစား တန်ဖိုးထားပြီး ဆက်ဆံပေါင်းသင်း တက်သူများအဖြစ် ဂုဏ်ယူရပါသည် ၊၊ ထိုမျှမက တစ်ဦး နှင့်တစ်ဦး ကူညီထောက်ပံ့တက်သူများ ဖြစ်ပါသည် ၊၊ နှူတ်၏စောင်မခြင်း ၊ လက်၏စောင်မခြင်း များဖြင့်လည်း မိမိတက်စွမ်းသမျှ ကူညီပေးတက်သူများ ဖြစ်ပါသည် ၊၊ ထိုသို့သော မွေးရာပါ ဗီဇ အရည်အသွေးများ အရ ရောက်ရှိ အခြေချ ၊ နေထိုင် လုပ်ကိုင် ရာ နေရာတိုင်းတွင် မြန်မာလူမျိုး အဖြစ် ၊ ကြင်နာသနားတက်သူ ၊ ကိုယ်ချင်းစာ တရားလက်ကိုင်ထားတက်သူ ၊ ကူညီထောက်ပံ့တက်သူ များအဖြစ် မျက်နှာပွင့်လန်း ရပါသည် ၊၊


အရှက် ၊ အကြောက် ၊ သိက္ခာ တရားတို့ဖြင့် ယဉ်ပါးကြီးပြင်းလာရပါသော ကျွန်တော်တို့ မြန်မာလူမျိုးများသည် မိမိထက် ဂုဏ်အားဖြင့် ၊ အသက်အားဖြင့် ၊ သိက္ခာအားဖြင့် ၊ ၀ါအားဖြင့် ၊ ပညာအားဖြင့် ၊ ကြီးမြတ်သူများ ကိုလည်း ရိုသေလေးစားစွာ ဆက်ဆံ ပြုမူတက်ကြခြင်းမှာ သင်ကြားရန် မလိုသော နဂိုအသိ ပင်ကိုယ် အတွေး ချစ်စရာ အမူအကျင့်လေးများ ပင် မဟုတ်ပါတကား ၊၊ မြန်မာပြည်တွင် နေထိုင်ရှင်သန်ကြီးပြင်း ခဲ့သူတို့ အတွက် သင်ကြား လမ်းပြ သွန်သင် ဆုံးမ ရန်မလိုပဲ အလိုလို တက်မြောက်ပြီးဖြစ်သော ကောင်းမွန် လိမ္မာသော ဓလေ့ များပင် ဖြစ်ပါသည် ၊၊


ဒီလိုဝန်းကျင်အသိုင်းအ၀ိုင်းတွင် ရှင်သန်ကြီးပြင်းလာသူတို့ အတွက် အခါကြီး ရက်ကြီး ၊ နေ့ထူးနေ့မြတ်များ ၊ မွေးနေ့ စသည်ဖြင့် အထိမ်းအမှတ် နေ့များ ၊ သာမက ခရီးတို ခရီးရှည် ထွက် ခွာနီးတိုင်း မိမိထက် အကြီး အကဲ များ ၊ မိဘဘိုးဘွားများ ၊ ဦးကြီးဦးလေး ၊ အဒေါ်အစ်မများ အား ကန်တော့ နှူုတ်ဆက်တက်သည်မှာလည်း မွေးရာ ပါအမူအကျင့် တစ်ခုအဖြစ် အရိုးစွဲ နေဆဲပေါ့ ၊၊ အပြစ်ရှိရင် ကျေသတဲ့ ၊ သွားလမ်းလာလမ်း ဖြောင့်တန်း သတဲ့ ၊ တစ်ဦးစေတနာ တစ်ဦးမေတ္တာ ကို အပြန်အလှန် အသိအမှတ်ပြု သော ချစ်စရာ ဓလေ့ အဖြစ် မှတ်သား လက်ခံ နာယူ ကျင့်သုံးမိပါတယ် ၊၊ အရိုးစွဲနေတဲ့ အမူအကျင့်လေး တစ်ခု ပေပေါ့ ၊၊


အဲဒီလို ကန်တော့ လေတိုင်း လူကြီးမိဘ ၊ အကန်တော့ခံ ပုဂ္ဂိုလ်များမှ ပြန်လည်ရ်ျ ဆုမွန်ချွေပေးတက်ကြမြဲ ၊၊ မိမိတို့ ၏ တူ သား တပည့်လေးများ ဘေးမသီရန်မခ စေဖို့ မိမိ ရင်တွင်းမှ မေတ္တာ စေတနာကို နှူတ်မှ ဖွင့်ဟ ရေရွတ် ဆုချွေပေးတက်ကြမြဲ ၊၊ အဲဒီလို ဆုချွေစကားလေးများနဲ့ အတူ ဆုတောင်းဆုံးမစကားလေးလည်း အမြဲလိုလို ကပ်ရ်ျပါမြဲ ၊၊ အမြဲလိုလို ကြားနေကျ ဆုပေးစကားလေးကတော့ " ဘုန်းကြီးပါစေ ၊ အသက်ရှည်ပါစေ ၊ သွားလမ်းသာလို့ လာလမ်းဖြောင့်တန်းကြပါစေ ၊ ရေလိုအေးလို့ ပန်းလိုမွှေးကြပါစေ " ရယ်လို့ ဆုပေးစကား ဆိုတက် ကြမြဲ ၊၊ အဲဒီနောက်မှာတော့ ထပ်မံမှာကြား တက်တဲ့ ဆုံးမစကားလေးကတော့ " ဘယ်သူတရား ပျက်ပျက် ကိုယ်မပျက်စေကြနဲ့ကွာ " ဆိုတဲ့ မှာကြားချက်လေး ကန်တော့တဲ့ အမှုကို အဆုံးသတ်ကြစမြဲ ၊၊


အခုများတော့ ခေတ်တွေလည်း ၊ ပြောင်းသလို ၊ စနစ်တွေလည်းပြောင်းလို့ အခြေအနေတွေလည်း ပြောင်းလာ လိုက်တာ ကန်တော့တဲ့အခါ ဆုပေးတဲ့ ပုံစံလေးတွေလည်း ပြောင်းလာပါတော့တယ် ၊၊ ခေတ်မှီတိုးတက် လာကြ လေသလား ၊၊ ဒါမှမဟုတ် ခေတ်ရေစီးကြောင်းကို မလွန်ဆန်နိုင်ကြလေသလား ၊၊ ရှေ့ပိုင်းက ဆုးပေး စကားလေး ဖြစ်တဲ့ " ဘုန်းကြီးပါစေ ၊ အသက်ရှည်ပါစေ ၊ သွားလမ်းသာလို့ လာလမ်းဖြောင့်တန်းကြပါစေ ၊ ရေလိုအေးလို့ ပန်းလိုမွှေးကြပါစေ " ဆိုတဲ့ ဆုပေးစကားလေး ကတော့ မပြောင်း လဲပေမယ့် နောက်ပိုင်းက မှာကြားချက်လေးဖြစ်တဲ့ " ဘယ်သူတရား ပျက်ပျက် ကိုယ်မပျက်စေကြနဲ့ကွာ " ဆိုတဲ့ စကားလေးကတော့ မသိမသာ ပြုတ်ကျန်ခဲ့လေတာ သတိထားမိလာပါတယ် ၊၊ ဆုပေးတဲ့သူတွေ က ဒီစကားလေးကို မေ့သွားကြလေသလား ၊၊ လွမ်းတော့ အလွမ်းသား ၊၊


သူတို့မမေ့ပါဘူး ၊၊ အဲဒီစကားလေးနေရာမှာ အစားထိုးဝင်ရောက်လာခဲ့တာက တော့ " ဘယ်လိုလဲ ၊ လုပ်ငန်းကိုင် ငန်း အဆင်ပြေကြရဲ့လား ၊ ညောင်သီးလည်းစား လေးသံလည်းနားထောင်ကြပေါ့ကွာ " ဆိုတဲ့ စကားလေးပါပဲ ၊၊ ဘယ်လိုပဲ ပုံစံပြောင်းသွားပေမယ့် ခလုတ်မထိ ဆူးမငြိ စေချင်တဲ့ စေတနာကတော့ အထင်း သား တွေ မြင်နိုင်ပါတယ် ၊၊ ဒီထက်ပိုပြီး စကားဆိုတက်သူတွေ ဆိုရင်တော့ " အရမ်းကြီးလည်း လမ်းရိုး ကြီး လိုက်မနေနဲ့နော် ၊ ဟိုဖက် အိမ်က မောင် ဘယ်သူဆို ခဏလေးပဲ အဆင်ပြေနေပြီ ၊ မီးစင်ကြည့်ကပေါ့ကွာ ၊၊ ရိုးရိုးကြီးလုပ်မနေနဲ့ " လို့ နောက်ဆက်တွဲ မှာကြားတက်ကြပါတယ် ၊၊ ကိုယ့်တူ ကိုယ့်သား ကိုယ့်တပည့် သား ကို ကြီးပွားတိုးတက်စေလိုသော စေတနာသပ်သပ်ရယ်ပါ ၊၊


အင်း ....... ဟိုးတုန်းက ဆုံးမစကားလေးကိုတော့ လွမ်းမိသေးတာ အမှန်ပါ ၊၊ လူတိုင်းကိုလည်း သတိယစေချင် ပါတယ်လေ ၊၊ သို့သော် ခေတ်ကာလ ရဲ့ တောင်းဆိုမှုဆိုတော့လည်း အတင်းအကျပ်တော့ ပြောသာဘူးပေါ့ ၊၊
ဘာပဲဖြစ်ဖြစ် အခုအချိန်မှာ " ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်စေကြနဲ့ ကွာ " ဆိုတဲ့ စကားလေး ဘယ်ချောင်မှာများ ကပ်နေမလဲနော် ၊၊


မေတ္တာရင်းဖြင့်
မင်းအိမ်ဖြူ

.

.
မှတ်ချက် ၊၊ လူတိုင်း အတွက် မဆိုလိုပါဘူးဗျာ ၊၊ နောက်တစ်ခု က ဒီလိုပြောလို့လည်း စိတ်မဆိုးလိုပါဘူး ၊၊ အူမ မတောင့်ရင် သီလမစောင့်နိုင်တာကိုတော့ ကိုယ်တိုင် ခံစားဖူးသူမို့ ကိုယ်ချင်းစာပါတယ် ၊၊ မြန်မာပြည်မှာ လုပ်နေ ကြတဲ့ သူငယ်ချင်းတွေကို သတိယမိလို့ ဒီပိုစ့်လေးကို တင်မိပါတယ် ၊၊ လွန်တာရှိရင် ၀န္ဒာမိပါလို့ ၊၊

Tuesday 7 July 2009

ပြန်မတွေးချင်ဘူး

အဲဒီညတုန်းက အမေရယ် ၊ ကျွန်တော်ရယ် နှစ်ယောက်တည်း စကားတွေ ပြောဖြစ်ခဲ့ကြတယ် ၊၊ အမေဘုရား ရှိခိုး ပြီးချိန် ထိထိုင်စောင့်နေရင်း ရှေ့ဆက်ရမယ့် ဘ၀ကို မရေရာမှုတွေနဲ့ အတူ မှုန်ဝါးဝါး စဉ်းစားရင်းပေါ့ ၊၊ ကျွန်တော်လေ တကယ်ကို စိတ်နုတယ် ၊၊ ဒီအိမ်ကြီးကနေ ထွက်ခွာရတော့မယ်လို့ စဉ်းစားမိချိန်တိုင်း မျက်ရည်တွေ က အမြဲတမ်း တွေတွေ စီးကျလာမြဲ ၊၊ ဒီလိုထွက်ခွာခဲ့တာလည်း ဒါဟာ ပထမအကြိမ်မဟုတ်တာ ဘာသာအသိဆုံး ၊၊ ဟိုးလွန်ခဲ့တဲ့ ၄ ၊ ၅ နှစ်ကျော် ၁၅ နှစ်သားအရွယ်ကတည်းက ခွဲခွာခဲ့ရတဲ့ မိသားစု အေးရိပ် ကို တမ်းတနေဆဲ ၊၊ ခုချိန်မှာ မလွမ်းသင့်တောပါဘူးလေ ၊၊ ဒါပေမယ့် မေ၇ရာတဲ့ မနက်ဖြန်တွေကို တွေးမိတိုင်း ခါခါ သက်ပြင်းချမိဆဲ ၊၊ ကိုယ်ဘ၀ရှေ့ရေးကလည်း ဘာရယ်လို့ မသေချာသေး ၊၊ အမေ့ရှေ့မှာလည်း မျက်၇ည် မကျချင်တော့ ၊၊

" သားလုပ်ချင်တာကို အမေမတားပါဘူးသားရယ် ၊၊ ဒါပေမယ့် အမေ့သဘောကတော့ သားကို ဒီဘွဲ့လေးတော့ ရအောင် ယူစေချင်တယ် ၊ အမေ့သားသမီးတွေ အားလုံးထဲမှာ မင်းတစ်ယောက်တည်း ဘွဲ့မရဘူး ဆိုရင် အမေ စိတ်ကောင်းမှာ မဟုတ်ဘူးသား " တလုံးချင်း ထွက်လာတဲ့ အမေ့အသံက ငိုချင်ရဲ့ လက်တို့ဖြစ်နေတဲ့ ကျွန်တော့်ကို ဘာမှန်းမသိဘဲ ၀မ်းပန်းတနည်း ငိုကြွေးစေခဲ့တယ် ၊၊ အမေလည်း ငိုလို့ပေါ့ ၊၊ သားတစ်ယောက် အနေနဲ့ အမေ့စေတနာကို သဘောပေါက်ပါတယ် ၊၊ အမေက ကျွန်တော့်ဘ၀ပျက်သွားမှာကို မလိုလားဘူး ၊၊ ကျွန်တော်သိပါတယ်လေ၊၊ ကျွန်တော် လျှောက်လှမ်းနေတဲ့ လမ်းကြောင်းက ကျွန်တော်တို့ နဲ့ ဘယ်တုန်းကမှ မပတ်သပ်ဘူးတဲ့ လမ်းကြောင်းတစ်ခု ၊၊ လူတစ်သန်းမှာ တစ်ယောက်တောင် ဖြစ်မြောက်ဖို့ မလွယ်ကူတဲ့ အသက်မွေးဝမ်းကြောင်းတစ်ခု ၊၊

မရေရာတဲ့ ခရီးထက် ၊ ကိုယ့်သားသမီးကို ရေရာသေချာတဲ့ လမ်းကိုလျှောက်လှမ်းစေချင်တာ မိဘတိုင်းရဲ့ စေတနာပါ ၊၊ နားလည်ပါတယ်လေ ၊၊ ကျွန်တော့်ခေါင်းကို ပွတ်ရင်း အမေလည်း မျက်ရည် တွေ သွင်သွင်စီးလို့ပေါ့ ၊၊ " မင်းပစည်းတွေ ရော အားလုံးထည့်ပြီးလား ၊ မင်းအစ်ကို ကို သွားပြောလိုက်အုံး ၊ နှုတ်ဆက်လိုက်အုံး " ဆိုပြီး စက်ဖက်မှာနေတဲ့ အစ်ကို့ဆီကို သွားရအုံးမယ်ဆိုတာ သတိပေးတယ် ၊၊ အော် ဒီလို အချိန်တွေ ကို မဆုံချင်ပါဘူးလေ၊၊ ကိုယ်သွားချင်တဲ့ နေရာတစ်ခုဟာ အနတရယ်တွေ များနေသတဲ့ ၊၊ ကိုယ်တွေ နဲ့လည်း အလှမ်းကွာလွန်းသတဲ့လေ၊၊ သီချင်းတောင်မှ ခပ်ကျယ်ကျယ် ဖွင့်နားမထောင်တက်တဲ့ မိသားစုအတွက် ဒီအသက်မွှေးဝမ်းကြောင်းက အံအားသင့်စရာပ ၊၊

" မင်းလည်းသိတာပဲလေ ၊၊ မင်းလည်းအရွယ်ရောက်ပြီ ၊၊ ငါ့အနေနဲ့တော့ ဘာမှ မပြောလိုဘူး ၊၊ မင်းဘာလိုလဲ ၊၊ မင်းငွေလိုရင် ငါတက်နိုင်သလောက် ထောက်ပံ့မယ် ၊၊ မင်းအဖေနဲ့ အမေအတွက် ဘာမှ မပူနဲ့ ၊၊ ငါနဲ့ မိငယ်လေး တို့မောင်နှမ နှစ်ယောက် ရှိတယ် ၊၊ မင်းလုပ်ချင်ရာလုပ် ၊၊ ဒါပေမယ့် လုပ်မယ်ဆိုရင်တော့ အောင်မြင် အောင် လုပ် ၊ ဒီလောက ထုံးစံလည်း မင်းသိတာပဲ " ဆိုတဲ့ အကိုလုပ်သူစကားကြားတော့လည်း သူတို့ရဲ့ ပူပန်စိုးရိမ်မှု ကို နားလည်မိပါတယ်လေ ၊၊ ဘာမှန်းမရေရာတဲ့ လမ်းကြောင်းကို စွတ်တိုးချင်တဲ့ ညီအတွက် ပူပန်ရုံမှတစ်ပါး သူလည်း ဘာတက်နိုင်ပါ့မတုံး ၊၊ " အေး အထက်မရောက် ၊ အောက်မရောက်ဆိုရင်တော့ မင်း ဘ၀ပျက်လိမ့် မယ် ၊ ဒါလေးတစ်ခုတော့ သတိထားကွာ ၊ သွားတော့ ရထား ကို ငါလိုက်ပို့မယ် " ဆိုတဲ့ အစ်ကိုစကားကို လက်ခံလို့ အိမ်ပြန်ခဲ့ပေမယ့် စိတ်တွေ ဘယ်ဆီရောက်နေမှန်းမသိပါဘူးလေ ၊၊

" ပင်လယ်ဆို တာ ဖြစ်လာဖို. အတွက် အနားသတ်ပေး ရတဲ့ ကမ်းနားဆိုတာ ရှိရတယ် ၊၊ အောင်မြင်တဲ. သူ တစ်ယောက် ဖြစ်လာဖို.အတွက် မအောင်မြင်တဲ. သူတွေဆိုတာ အနားမှာ ၀န်းရံ ဇာတ်ပို.ပေးရတယ် ၊ အနု ပညာ အလုပ်ဆို တာ ဟာ ပိုပြီးခက်ခဲ နက်နဲတယ် ၊ ကြောက်စရာလည်း ကောင်းတယ် ၊ နင်အောင်မြင်ရင် ထိပ်ကိုရောက်မယ် ၊ မအောင်မြင်ရင် အနားမှာ ၀န်းရံနေရတဲ့ ဘ၀ ခံနိုင်ရမယ် " ဆိုတဲ့ အစ်မလတ်လုပ်သူ ရဲ့ နောက်ဆုံး ဆုံးမစကားကတော့ ဘ၀တသက်တာ အတွက် ဘယ်တော့မှ မေ့မှာ မဟုတ်တော့တဲ့ အဖိုးတန် လက်ဆောင်ပါပဲ ၊၊ တားမရတဲ့ မောင်ငယ်ကို စိုးရိမ်တကြီး တက်သလောက်မှတ်သလောက် ဆုံးမရှာတာ ပေမယ့် သူ့စကားဟာ တကယ်ကို ကျွန်တော့်အတွက်တော့ ထာဝရလက်ဆောင်ပါ ၊၊ တကယ်လို့ ဒီမရေရာတဲ့ လမ်းကို လမ်းလျှောက်ဖြစ်ခဲ့မယ်ဆိုရင်တောင် ဒီစကားလေးဟာ ထာဝရ မှတ်သားရမယ့် စကားပဲ ၊၊ အခုလည်း သူ့စကားဟာ ကျွန်တော့်အတွက် အသုံးဝင်နေဆဲပါ ၊၊

ရန်ကုန်မြို့က လူတွေ ကလွဲရင် အားလုံး နယ်ကျောင်းမှာ ပြောင်းတက်ရတော့မယ်တဲ့ ၊၊ နယ်မှာဆိုရင် ကျွန်တော့် အလုပ်တွေကို ဘယ်လို ဆက်လုပ်ရပါ့မလဲ ၊၊ တကယ်ကို ဘ၀ရဲ့ လမ်းဆုံ ၊ လမ်းခွပါပဲ ၊၊ ကျွန်တော် ဘယ်လမ်းကို ရွေးချယ် ပြီး လျှောက်လှမ်းရမလဲ ၊၊ အားလုံးက အားမပေးတဲ့ မရေရာတဲ့ လမ်းကို ဆက်လျှောက် ရမလား ၊၊ အနှစ်နှစ်အလလ ကကြိုးစား အရင်းတည်ခဲ့ရတဲ့ ပညာရေးကို ကျွန်တော် စွန့်လွှတ်လိုက်ရမလား ၊၊ အိပမက်ဆိုးတွေ ရှည်လွန်းပါတယ်လေ ၊၊ အဲဒီအချိန်မှာ ဘယ်သူတစ်ဦးတစ်ယောက်ဆီကမှ ဘယ်လိုအကြံ မျိုးကိုမှ မရခဲ့ဘူး ၊၊ ငါ့ဘ၀ကို ဘယ်လိုဆက်လျှောက်ရမလဲရယ်လို့ တွေးရင်း တစ်ယောက်တည်း ချာချာတွေ လည်ခဲ့ရတယ် ၊၊ အရိုးသားဆုံး ၀န်ခံရရင် အဲဒီအချိန်မှာ လက်ခုပ်သံလေး ဖျောက်တိဖျောက်ကြားကို ရင်ခုန်စွာ စွဲလန်းမိနေပြီ ၊၊ ဒီအထဲက ဘယ်လိုရုန်းထွက်ရပါ့မလဲ ၊၊ အိပ်ပျက်တဲ့ ညတွေကို တမ်းတနေမိပြီ ၊၊ မီးရောင် အောက်မှာ ပြုံးရတဲ့ အသက်မပါတဲ့ လေ့ကျင့်ထားတဲ့ အပြုံးတွေကို ကျွမ်းကျွမ်းကျင်ကျင် တက်မြောက်နေ ပြီလား ၊၊ ခုံမင်နေမိပြီလား ၊၊

မီးရောင် ၊ မှန်ရောင်အောက်က ဖြိုးဖြိုးဖျောက်ဖျောက် လက်ခုပ်သံလေးကို နားဆင်ဖို့ ၊ အဲဒီခဏတာလေးကို ခံစားဖို့ ပေးဆပ်ရတဲ့ လူတွေမသိတဲ့ ကန်လန်ကာနောက်ကွယ်က ငရဲခန်းတွေကို ကိုယ်ကိုတိုင်သာ အသိဆုံး ၊၊ ဒီလို ခရီးကို ဆက်လျှောက်ဖို့ ၊ ကိုယ်ခံစွမ်းအားတွေ ရှိ့ပါ့မလား ၊၊ အားပေးကူညီသူမရှိတဲ့ ၊ တစ်ယောက်တည်း သမားအတွက် ဘယ်လောက်ကြာကြာ ရပ်တည်နိုင်ပါ့မလဲ ၊၊ ဆန်ပေးမှ ဆီရတဲ့ ဒီလောက ငရဲက ၊ ရင်ရှုပ်စရာ ဇာတ်လမ်းတွေ မှာ ကိုယ်တိုင်ပါဝင် အသုံးတော်ခံဖို့ ဇာတ်စာထောက်သူ မရှိတာမို့ ၊ လက်မြှောက်ကာ အရှုံးပေး အမေပြောတဲ့ အေးဆေးတဲ့ ဘ၀ထဲကိုပဲ ပြန်ဝင် ရလေမလား ၊၊ ပူပန်မှုတွေ အကြားမှာ ရုန်းရင်းကန်ရင်း ပြေးရင်း လွှားရင်း ၊ လိုချင်တာတစ်ခုအတွက် ပေးဆပ်ရမယ့် အရာတွေ ကဘ၀ဆိုတာဖြစ်လာတဲ့ အခါမှာတော့ ......

ဒီလိုနဲ့ လူတွေပြောကြ ဆို ကြတဲ့ မရေရာ ပါဘူး ဆိုတဲ့ ဘ၀လေး တစ်ပိုင်း တခန်းရပ်ခဲ့ပေါ့ ................
လက်တွေ့ဘ၀က လှန့်နိုး လိုက်လို့ ကိုယ်တိုင်မက်ခွင့်မရှိတော့တဲ့ အိပ်မက်လေးပေမယ့် ၊ အဲဒီအိပ်မက် လေးက တစ်ခန်းရပ်သွားတာတော့မဟုတ်ခဲ့ပါဘူး ၊၊ အဆင်ပြေလို့ အခွင့်သာအုံးမယ်ဆိုရင်ဖြင့် အဲဒီ အိပ်မက်တွေကို ကိုယ်တိုင် မက်ခွင့် မရပေမယ့် ၊ အိပ်မက်ရှင်လေးတွေ အတွက် အိပ်မက်လေးတွေ ဖန်တီးပေးဖို့ ကြိုးစားသွား ဖြစ်ဦးမှာပါ ၊၊ တစ်နေ့နေ့ပေါ့ ဗျာ ၊၊
မေတ္တာရင်းဖြင့်
မင်းအိမ်ဖြူ
.
.
.
ကိုကြီးမိုးကုတ်သား ရေ အိပ်မက်လေးကို ပြန် အမှတ်ယခွင့်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ် ဗျာ ၊၊

လုပ်ငန်းခွင်



Monday 6 July 2009

မောင့်ချစ်သူ

မကြင်နာလို. စိမ်းတာ
တမင်ခွာလို. တိမ်းတာ
မမြင်တာ ကြာလို. မုန်းလိုက်တာလား
မောင်.ချစ်သူ ၊၊

.......................................................