Monday 27 December 2010

ဝါသနာ ဗီဇ နဲ့ အားထုတ်မှု

တခါတလေ မှာ ထပ်တူကျတက်ပေမယ့် တခါတလေမှာတော့ တက်တက်စင်အောင် လွဲတက်ပါတယ် ၊၊ ဒါပေမယ့် ကိုယ်ရောက်တဲ့ နေရာမှာ ကျ၇ာ ဇာတ်ရုပ်မှာ ပီပြင်အောင် သရုပ်ဆောင်တက်ရင်တော့ ထူးထူးချွန်ချွန် အကယ်ဒမီ မရရင်တောင်မှ ပရိတ်သတ် ရဲ့ အသိအမှတ် ပြုမှုကို တော့ ရတက်ပါတယ် .....

ရုပ်ရှင်မင်းသမီးကြီး ၀ါဝါ၀င်းရွှေက ငွေအတွက် ရုပ်ရှင်ရိုက်ခဲ့တာပေမယ့် လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့သလို .... စိုးမြတ်သူဇာ ဆိုတဲ့ မင်းသမိးလည်း ထို့အတူပါပဲ ......

ကိုယ်ဖြစ်ချင်တာက ဆရာဝန်ပေမယ့် .... အဆင်မသင့်သူတွေက စီးပွားရေး လုပ်ရင်း ကိုယ့်ရဲ့ အောင် မြင်မှုကို ရယူသွားတက်ကြပါတယ်

ဒါကိုတော့ ကိုယ်ရည်ကိုယ်သွေးလို့ပဲ ဆို၇ပါမယ် ......

၁၀ တန်းတုန်းက ဆရာတစ်ယောက်က ဆရာဝန်ဖြစ်ချင်ခဲ့ပေမယ့် ..... အဆင်မပြေတော့ ကျူရှင်ဆရာ ဘ၀နဲ့ ကျွန်တော်တို့ ဒေသမှာတော့ အတော်ကို အောင်မြင်ခဲ့ပါတယ် ....

လူတော်တွေက ဘယ်နေရာရောက်ရောက် အောင်မြင်အောင် ကြိုးစားကြတယ်လို့ပဲ မှတ်ယူမိပါတယ် ....

တကယ်လို့ သူတို့ လုပ်ချင်တာ ၊ ၀ါသနာပါတာကိုသာ လုပ်ခွင့်ရရင် ပိုအောင်မြင်ပေမပေါ့ .......

ဒါပေမ့ယ် ဖြစ်ချင်တာ မဖြစ်လို့ ဆိုပြီး လောက ကို အရွဲ့တိုက် လမ်းလွဲလိုက်နေမယ့် အစား ကိုယ် ကျလာတဲ့ ဇာတ်ရုပ်မှာ ပီပြင်အောင် သရုပ်ဆောင် အောင်မြင်နေသူတွေကို အထူးကို လေးစားမိတာပါပဲ ....

လူတိုင်းကိုလည်း အဲဒီလိုပဲ ကြိုးစားကျစေချင်ပါတယ်

Wednesday 15 December 2010

ပြည်တွင်းမှ ရတနာများ

“လူငယ်တွေ တော်တော်များများ တိုင်းပြည်အပြင်ကို ထွက်ခွာသွားတဲ့အတွက် ကျန်နေတဲ့ လူငယ်တွေက တာဝန်တွေ မယူနိုင်ဘူး၊ ယူနိုင်တဲ့ အရည်အချင်း မရှိဘူးဆိုတာ မဟုတ်ပါဘူး။ အခုဆိုရင် ပြည်တွင်းမှာ လေ့လာချင်တဲ့၊ သတိထား စောင့်ကြည့်နေသူတွေ ရှိပါတယ်။

“ပြည်တွင်းက လူငယ်တွေဟာ အပြင်မှာ ရောက်နေတဲ့ သူတွေလောက် အခွင့်အလမ်းတွေ မရတဲ့အတွက် ပြည်ပက လူငယ်တွေလောက် မသိတာတွေ ရှိကောင်းရှိပါလိမ့်မယ်။ ဒါပေမဲ့ သူတို့မှာ လေ့လာသင်ယူချင်တဲ့ စိတ်တွေ ပြင်းပြနေကြပါတယ်။

“ပညာအတတ်ဆုံးသူတွေ စိတ်ပျက်လက်ပျက်နဲ့ တိုင်းပြည်ကနေ ထွက်သွားကြပေမဲ့ ကျန်နေတဲ့ အဲဒီ လူငယ်တွေနဲ့ လက်တွဲပြီး ကျမတို့ ဆက်အလုပ်လုပ်ရပါလိမ့်မယ်။ တော်တော်များများက နိုင်ငံခြားမှာ အခွင့်အလမ်းတွေ ပိုရတယ်ဆိုပြီး ထွက်သွားကြတာပါ။ ဒါပေမဲ့လည်း ဒီလို အခွင့်အလမ်းတွေ အပြင်မှာ ပိုရမယ်ဆိုတာ သိရက်နဲ့ ပြည်တွင်းမှာပဲ နေပြီး တခုခု ကောင်းအောင် လုပ်နေတဲ့ လူငယ်တွေလည်း ရှိနေပါတယ်။

အထက်က စာသားလေးကတော့ လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရဲ့ အင်တာဗျူးတစ်ခုက အဖြေ စကားလေးပါပဲ ၊၊ ပြည်တွင်းမှာ ကျန်နေခဲ့တဲ့လူငယ်တွေအတွက် အင်မတန်မှာ ၀မ်းမြောက်ဂုဏ်ယူမိပါတယ် ၊၊ ဘာလို့လဲ ဆိုတော့ ကျွန်တော် ကိုယ်တိုင်လည်း ပြင်ပ တစ်နေရာမှာ လက်ရှိရောက်ရှိနေပေမယ့် ဟိုးအရင်တုန်း ကတော့ ပြည်တွင်းမှာ လုပ်ကိုင် ရုန်းကန်ခဲ့ဖူးပါတယ် ၊၊ အမှန်တိုင်းပြောရရင်တော့ ကိုယ်ရေးကိုယ်တာ ကိစတစ် ခုကြောင့် ပြည်ပမှာ နေထိုင်လုပ်ကိုင်နေရပေမယ့် ကိုယ့်ကိုကိုယ် အမြဲတမ်း စိတ်မလုံ ဖြစ်မိတာတော့ အမှန်ပါပဲ ၊၊ လိပ်ပြာမလုံ ခံစားမိတာတော့ အချိန်တိုင်းပါပဲ ၊၊

အမှန်တကယ် တိုင်းပြည်တွင်းမှာ နေပြီး တိုင်းပြည်နဲ့ လူမျိုးအတွက် ကိုယ်ကျိုးမဖက်ပဲ အလုပ်လုပ်ပေးနေသူ တွေ ဒုနဲ့ ဒေးပါ ၊၊ လူတွေကလည်း ခက်ပါတယ် ၊၊ တခါတလေ ပြည်ပ ထွက် အလုပ်လုပ်နေသူတွေကပဲ ပိုတော် ပိုတက် သယောင်ယောင် ၊ ပြည်တွင်းမှာ လုပ်ကိုင်နေသူတွေကပဲ လူပျင်းတွေလိုလို လူဖျင်းတွေလိုလို အကြည့် မျိုးနဲ့ ပြောတက်တာလည်း ကိုယ်တိုင်ခံစားခဲ့ဖူးပါတယ် ၊၊၊ ကိုယ်တိုင်လည်း အားမလို အားမရ ဖြစ်ခဲ့ဖူးပါတယ် ၊၊ မြန်မာပြည်မှာ ကျန်နေခဲ့တဲ့ တကယ်တော်တဲ့ သူငယ်ချင်းတွေအတွက်လည်း အမြဲတမ်း အားကျ ဂုဏ်ယူမိသလို သူတို့ကိုလည်း လေးစားမိပါတယ် ၊၊ ဘယ်လို သာမာန်လူပဲ ဖြစ်ဖြစ် နေထိုင်ရှင်သန် ရပ်တည်လို့ အခြေခံလစာ လောက်တော့ လူတိုင်း ရှာနိုင်တဲ့ ပြည်ပမှာ အဆင်ပြေတယ် ဆိုတာ ဘယ်လိုမှ ဂုဏ်ယူစ၇ာ မရှိတာတော့ အမှန်ပါပဲ ၊၊

ဒါ့ကြောင့် ပြင်ပတစ်နေရာမှာ ရှိနေသမျှကာလလေးမှာ ရသမျှ ပညာ ၊ ဥစာလေး တွေစုဆောင်းပြီး မဝေးတော့ တဲ့ အနာဂတ်မှာ သာယာလှပနေတော့မယ့် အမိမြန်မာပြည် ပြန်စို့ ရယ်လား ....

Thursday 29 July 2010

နှုတ်ဆက်ပါသည် ဧရာဝတီ

တကယ်တော့ စောလွန်း ပါသေးတယ် ၊၊ ခွဲခွာ နှုတ်ဆက် လက်ပြ ထွက်ခဲ့ဖို့ မသင့်တော် သေးမှန်း သိခဲ့ပေမယ့် နောင်သံသရာ အစဉ်အဆက် အတွက် ဒီတစ်ခါ တကယ်ကို နှုတ်ဆက်ဖြစ်ခဲ့ပြီ ၊၊

တခါတခါ မိုးခါးရေဆိုတာ ကိုယ်မသောက်မိရင်ပဲ အရူးရယ်လို့ အခေါ်ခံရလေမလား အတွေးဝင်မိသည် ၊၊ ဒါမှမဟုတ် သူများ သောက်သလို ဇွတ်မှိတ်ပြိး သောက်လိုက်ရ လေမလားရယ်လို့လည်း မိုက်လိုက် ချင်မိသည် ၊၊ သို့သော် အဲဒီလို ဝေခွဲရခက်လာတဲ့အခါ လက်လှမ်းမှီသမျှ တရားမှတ်ပွားရင်းပဲ ဖြေသိမ့် တွေးရပါသည် ၊၊ သမာဓိ အပြည့်နဲ့ တရားအသိ မရှိသေးပေမယ့် တက်နိုင်သမျှလေးတော့ သံသရာ ကို အကောင်း အတိုင်းနဲ့ ဖြတ်ချင်သည် ၊၊ ဘယ်အရာမှ မတည်မြဲတဲ့ တဘ၀စံ အကုသိုလ်တရားတွေကို လည်း နောင်သံသရာ ကို သယ်မသွားချင်တော့ ၊၊ ဒီဘ၀ ဒီမျှနဲ့ သံသရာ မပြတ်နိုင်ပေမယ့် နောက်ဘ၀ နောက်ဘ၀ တွေ ကိုတော့ အကောင်း ဆုံး ဆိုတာတွေကို ပဲ သယ်သွားချင်မိတော့သည် ၊၊

လူသာမာန် ပုထုဇဉ်မို့ လောကီကို စုံးစုံးဖြတ်ဖို့ ဆိုတာလည်း မဖြစ်နိုင်သေးတာ ဘာသာ နားလည်မိပါသည် ၊၊ ကိုယ်မလုပ်နိုင်ပေမယ့် ဒီဘ၀မှာ အနေလှဖို့ ကြိုးစားရုန်းကန်နေရတဲ့ လုပ်ဖေါ်ကိုင်ဖက်တွေကိုလည်း ကိုယ့်အတွက်တော့ စိတ်အနှောင့်အယှက် မဖြစ်စေလို ၊၊ ကိုယ့်ကို ရှိန်လို့ သူ့ကိုယ့်ရို့ စေရမယ့် အဖြစ်မျိုး ကိုလည်း မဖြစ်စေလို ၊၊ လူတစ်ကိုယ်စိတ်တစ်မျိုး ဆိုသလို သံသရာခရီးကို ကိုယ်ယုံကြည်ရာ လမ်းနဲ့ ဖြတ်သန်းနေရတဲ့ ခရီးသွားဖေါ်ချင်းပေမို့ တခဏတာ ဆုံစည်းရတဲ့ အခိုက်အတန့်မှာ တစ်ဦး နဲ့ တစ်ဦး စိတ်အနှောင့်အယှက် မပေးလိုတော့ ပြီ ၊၊ အပေါ်လမ်းက သာမယ်ထင်သူ အပေါ်လမ်းက လျှောက်လိမ့်မည် ၊၊ အလယ်လမ်းက သာမယ်ထင်သူ အလယ်လမ်းကို သွားလိမ့်မည် ၊၊ အောက်နားဆီက သာမယ်ထင်သူ အောက်နားဆီက ရွေ့လိမ့်မည် ၊၊

တကယ်တော့လေ ဒီဘ၀ အခြေအနေ ဒီနေ့ဒီကာလကို ခပ်လွယ်လွယ်ရောက်ခဲ့တာတော့ မဟုတ်ပါဘူး ၊၊ အတားအဆီးအခက်အခဲပေါင်းစုံကို ကျော်လွားပြိးမှ ဒီနေ့ဒီကာလ ဒီအခြေအနေလေး တစ်ခုကို ရရှိခဲ့တာ ၊၊ ဂုဏ်ယူမိတာပေါ့ ၊၊ ကိုယ့်ကိုကိုယ်လည်း ကျေနပ်မိတာပေါ့ ၊၊ ဒါပေမယ့် အဲဒီ ဂုဏ်ယူ ကျေနပ်အားရ ပီတိ တွေက အဲဒီ ဘ၀နောက်ကွယ်က အရောင် တွေစွန်းပေနေတဲ့ ငွေစကုတွေ မဟုတ်ပါဘူး ၊၊ ဖြူစင်မှု မရှိတဲ့ ပြည့်စုံ ခြင်းတွေ မဟုတ်ပါဘူး ၊၊ ကိုယ့်တက်စွမ်းသမျှ ကိုယ့် အတက်ပညာလေးနဲ့ ကိုယ်ဖွားသောမြေ ကိုယ့် ဌာနေကို အခြေတိုးမြင့် ကျန်ကောင်းသင့်ဖို့ ပေးဆပ်ခြင်းက ရရှိလာတဲ့ ပီတီ သက်သက်ရယ်ပါ ၊၊ အင်း လေ ဒါကိုယ်လည်း ကိုယ် ကိုနားလည် ကိုယ်နဲ့ လမ်းကြောင်းတူသူတွေသာ ခံစားပေးနိုင် ပေမပေါ့ ၊၊

လွန်ခဲ့တဲ့ ၁၀ စုနှစ် ၂ ခုကျော်ကာလကတည်း က ဖြူစင်စွာ အသက်မွေးရပါ၏ ရယ်လို့ ရည်မှန်းလို့ ဖြူစင်တဲ့ အသက်မွေး ပညာကို သင်ယူဖို့ အားသန်မိခဲ့ပါတယ် ၊၊ ကြိုးစားခဲ့ရပါတယ် ၊၊ ပညာနဲ့ သာ အသက် မွေးသူ ဖြစ်ရပါလို၏ ဆိုတဲ့ အတိုင်း အသိပညာတွေ ပြည့်ဝစေဖို့ ရိုးကုပ်ကြိုးထုတ် ခဲ့ရပါတယ် ၊၊ လူ့အသက်ကို ကယ်ဆယ် ခြင်းဖြင့် အသက်မွေးချင်ခဲ့ပေမယ့် ကံတရားက စေခိုင်းတာက လူသားတွေ ဘ၀ အခြေမြင့်ဖို့ ဆောင်ရွက်ပေးရတဲ့ အင်ဂျင်နီယာဘ၀ ၊၊ ဂုဏ်ယူမိပါသည် ၊၊ တကယ်ကို ဂုဏ်ယူမိပါသည် ၊၊ လူဦးရေ သန်းပေါင်းများစွာထဲမှာမှ အနည်းငယ်သော လူသားတွေသာ ရရှိနိုင်တဲ့ ဒီအခွင့်အေ၇း ၊၊ ကိုယ်တိုင် လည်း ဇွဲသန်လို့ လူသားကောင်းကျိုး သယ်ပိုးခွင့်အတွက် ပီတိတွေ တပွေ့တပိုက် နဲ့ အင်မတန် မှ ကျေနပ်ခဲ့ရပါသည်၊၊

မှတ်မိပါသေးသည် ဟိုးအရင် အထက်တန်းကျောင်းသား ဘ၀ကပေါ့.. ရုပ်မြင်သံကြားက ကြည့်ခဲ့ရတဲ့ အကျိုးပြု ဇာတ်လမ်းလေးတစ်ခု…. အင်းစိန်ကြို့ကုန်းက တိုင်လုံးကြီးတွေနဲ့ အရမ်းလှတဲ့ YIT ကျောင်းကြီးမှာ ပျော်ပျော်ပါးပါး ကျောင်းတက်ခဲ့ကြတဲ့ ဇာတ်ဆောင်တွေ၊ နိုင်ငံအနှံ့ တံတားတွေ လိုက်ဆောက်တဲ့ အင်ဂျင်နီယာတွေ.. အော် တကယ်ကို အားကျစရာ……. ဆယ်တန်းမှာ အမှတ် ကောင်းအောင် ဖြေ... ဆရာဝန်မဖြစ်ရပေမယ့် အင်ဂျင်နီယာဖြစ်ရတာကို ဂုဏ်ယူခဲ့ကြတာပါ့... သြဘာလမ်းဆိုတာကိုလည်း ရင်ခုန်စွာရောက်ဖူးချင်ခဲ့ကြတယ်.. တကယ်တော့ ဒါတွေဟာ မက်ခဲ့တဲ့ အိပ်မက်တွေပါ.. အဲဒီ အိပ်မက်တွေရဲ့ နောက်ကွယ်မှာ ဘာအရောင်မှာ ခြယ်စိုး ထားတာ မရှိခဲ့တာတော့ အသေအချာပါပဲ ၊၊

တကယ်တန်းကျတော့ အိပ်မက်ဆိုတာ မိုးလင်းရင် ပျောက်ကွယ်သွားတာပေါ့လေ.. တက်ချင်လှပါတယ် ဆိုတဲ့ YIT ကျောင်းကြီးရဲ့ အဝေးမှာ တကွဲတပြားစီ ကျောင်းတက်ခဲ့ရတယ်….. ဒါတွင်မက တကယ့် လုပ်ငန်းခွင် ၀င်တော့လည်း …………..

ဒီလိုနဲ့ …… တကယ့်လက်တွေ့ ဘ၀တွေ မှာတော့ ……………

မြန်မာပြည်ရဲ့ အသက်သွေးကြော မိခင်ဧရာဝတီ ကို ဖြတ်ကျော်တည်ဆောက်ထားတဲ့ တံတားကြိး ၄ စင်း အနက်တွင်မှ တံတားတစ်ခုမှာ ပါဝင်တည်ဆောက် လုပ်ကိုင်ခွင့် ရတဲ့ အခွင့်အရေး ၊၊ လူတကာ မက်မောတဲ့ အခွင့်အရေးတွေနဲ့ ဘ၀ ၊၊ အမြင်မှာ တကယ်လှပေမယ့် ကိုယ်တိုင်သာ သိတဲ့ နေ့စဉ်ဘ၀တွေက အမော တွေ ၊၊ အမောတွေ ၊၊ အမောတွေ ၊၊ အဲဒီအမောတွေ နောက်ကွယ်က ဒေါသတွေ မောဟတွေ လောဘတွေ ၊၊ အဲဒီ လောဘတွေ မောဟတွေနဲ့ လျှံထွက်လာတဲ့ ကိန်းဂဏန်းတွေ ၊၊ ဟိုစဉ်ကတည်းက ဒါတွေကို မမက် မောမိသူမို့ မောဟတွေ ဖုံးလွမ်းထားတဲ့ လောဘကိန်းဂဏန်းတွေကြားမှာ အသက်တစ်ချက် ၀၀ ရူဖို့ဆိုတာ ဧရာဝတီ မြစ်ဘေးမှာ နေပြီး လေငတ်နေသူလိုပါပဲ ၊၊ ကွင်းပြင်ကြီးက ကျယ်ပေမယ့် ကိုယ့်အသိတွေက ပိန်းပိတ်နေတယ် ၊၊ လေတွေတဟူးဟူး တိုက်ခတ်နေပေမယ့် အသက်ရူ ခြင်းတွေက မွန်းကျပ်နေတယ် ၊၊ ရေတွေ တသွင်သွင် စီးဆင်းနေပေမယ့် ကိုယ် သောက်တဲ့ ရေ ဖြူစင်ပါသလားရယ် လို့ သောက်ပြိးတိုင်း ငတ်မပြေ ခံစားနေရတယ် ၊၊

ဒါကြောင့်လေ သံယောဇဉ်တွေ နဲ့ ရစ်ပတ်နှောင်ထားတဲ့ လုပ်ဖေါ်ကိုင်ဖက် မောင်နှမတွေကို အသာ ကျောခိုင်းလို့ …. ဖြူဖြူစင်စင်လေး သောက်သုံးခွင့်ရမယ့် ရေတစ်ခွက်အတွက် ၊ အေးအေးမြမြလေး ရူသွင်း ရှိုက်ခွင့်ရမယ့် လေတစ်ထွေးအတွက် ၊ မောဟတွေ ကင်းစင်တဲ့ အစာတစ်လုတ်အတွက် နှုတ်မဆက်ချင် ပေမယ့် လက်ပြခဲ့ပါတယ် ဧရာဝတီရယ် ၊၊ ကိုယ့်ကို နားလည် ခွင့်လွတ်ပေးပါ ၊၊

အပြစ်မဲ့စွာ တသွင်သွင် စီးဆင်းနေတဲ့ အမိဧရာဝတီ ကို နှုတ်မဆက်ချင်ပေမယ့် သံသရာ အတွက် ဒီတခါတော့ တကယ့် နှုတ်ဆက်ခဲ့ရတယ် ………………………..
နားလည်ပေးပါ ဧရာဝတီရယ် ………………


လေးစားစွာဖြင့်
မင်းအိမ်ဖြူ

လူသာမာန်တွေ မလုပ်နိုင်တဲ့ စွန့်ခွာခြင်းကို သံသရာအတွက် ရဲရဲဝံ့ဝံ့ ကျောခိုင်းခဲ့တဲ့ သူငယ်ချင်း တစ်ယေက် အတွက် အမှတ်တယ ခံစားရေးဖွဲ့ပါသည် ၊၊

Thursday 1 July 2010

အရိုးဆုံး အဖြေ

“ဟယ်လို အမိန့်ရှိပါခင်ဗျာ ”

"မောင်လေး မင်းအစ်ကို ကိုနိုင်သီဟ တစ်ယောက် ပြသာနာတက်နေလို့ ”

“ဘုရားရေ ၊ ဘာပြသနာများလဲ အစ်မရယ် ”

ညအချိန်မတော် လာတဲ့ တယ်လီဖုန်းမို့ နဂိုကခပ်ထိတ်ထိတ် ဖြစ်နေရတဲ့အထဲ ဒီလိုကြားလိုက် တော့ ပိုလို့တောင်မှ ရင်တုန်ပန်းတုန်ဖြစ်ခဲ့ရပါတယ် ၊၊ ဘာပြသနာများပါလိမ့် ၊၊ အမ ဒီလောက် တုန်လှုပ် နေပုံ ထောက် တော့ ဘယ်လို ကြီးလေးတဲ့ ပြသာနာများပါလိမ့် ၊၊

“ဘာဖြစ်တာလဲအစ်မရယ် အလုပ်မှာများ ပြသနာတက်တာလား ” ဆိုတဲ့ ကျွန်တော့် အမေးအဆုံး မှာတော့ ငိုသံ လေး သဲ့သဲ့ နဲ့

“အင်း လူမှုရေးပြသနာ ပဲ ဆိုပါတော့ မောင်လေးရယ် ၊ တကယ့်လို့ သာ အထက်လူကြီးတွေ သိသွားရင်တော့ အလုပ်ကိုပါ ထိခိုက်တော့မယ် ”

ဆိုတဲ့ အစ်မရဲ့ ငိုမဲ့မဲ့ အသံကြားတော့ ပိုလို့တောင်မှ ရင်ထိတ် ခဲ့ရပါတယ် ၊၊ ဘယ်လို များ ဖြစ်ရ တာပါ လိမ့် ၊၊ ကိုနိုင်သီဟ ဆိုတာက အစ်ကိုလို ၊ သူငယ်ချင်းလို လေးလေးစားစား ချစ်ခင်ရတဲ့ အစ်ကို ကြီးတစ်ယောက် ၊၊ အင်မတန်မှ အပေါင်းအသင်း ၀င်ဆံ့သလို အင်မတန်မှလည်း ပျော် ပျော်နေတက်သူ ၊၊ လုပ်ငန်းခွင်ထဲမှာလည်း အထက်နဲ့ အဆင်ပြေသလို အောက်နဲ့လည်း တည့် အောင် ပေါင်းသင်းနိုင်သူအဖြစ် နာမည်ရတဲ့သူတစ်ယောက် ၊၊ ထူးထူးခြားခြား ၀ိသေသ ဂုဏ် ပုဒ်တွေနဲ့ လူတစ်ယောက် ၊ လူတိုင်းက လေးစားရတဲ့ သူတစ်ယောက် ၊ ရာထူး ရာခံ နဲ့ အင်မ တန် မှ လေးစာဖွယ် လူတစ်ယောက် က ဘယ်လို ဖြစ်ပါလိမ့် ၊၊

“ စိတ်အေးအေး ထားပြီး သေချာပြောပြပါအုံး အစ်မရယ် ၊ ဟုတ်ရော ဟုတ်လို့လား ၊ အစ်မကရော ဘယ်က ကြားလာတာလဲ ၊၊ ”

ဆိုတော့ ငိုချင်ရဲ့လက်တို့ ပြောချင်ရက် အမေးစောင့်နေတဲ့ အစ်မ ခင်ဦးတစ်ယောက် ငိုသံနှောပြီး ပြောပါ လေတော့သည် ၊၊

-------------------------------------------------------------------------------------------------------

အော် အတိတ် ကာလလေးကို ပြန်တွေးမိတော့ ကိုနိုင်သီဟ အကြောင်းကို ပြန် သတိရ မိပါတယ် ၊၊ ဖြစ်ခဲ့တာကြာတော့ မေ့တောင်နေကြပေါ့ ၊၊ အခုတော့လည်း တချိန်က သူ မဖြစ်ခဲ့ဘူးသလို သူတို့ အိမ်ထောင်စုလေးက အင်မတန်မှ ငြိမ်းချမ်းလိုက်တာ ၊၊ အခုဆိုရင် သားကြီး ညီမင်းတောင်မှ ဆရာဝန်ကြီးတစ်ယောက် ဖြစ်ခဲ့ပြီ ၊၊ အငယ်မ နွယ်နီမင်းက စင်ကာပူမှာ Junior College တောင် တက်နေ လေရဲ့ ၊၊၊ အငယ်ကောင် ငွေမင်းက ပြင်ဦးလွင် မှာ တပ်မတော် အင်ဂျင်နီယာ ကျောင်းသား ကြီးပေါ့ ၊၊ အေးချမ်း တည်ငြိမ်နေတဲ့ မိသားစုလေးက ဟိုးအရင် အတိတ်က မုန်တိုင်း မ၀င်ခဲ့ဘူးသလို တည်ငြိမ် လို့ပါလား ၊၊ မြင်ရသူ တွေ အတွက် အားကျစရာ မိသားစုလေးတစ်ခု ၊၊

သူတို့အကြောင်းလေးကို ပြန်သတိရမိတော့ အတိတ်က ဖြစ်ခဲ့ဘူးတဲ့ ဇာတ်ကြောင်းလေးကို သတိရမိ ပါရဲ့ ၊၊ အဲဒီမုန်တိုင်းဝင်တဲ့အချိန်မှာ တကယ်လို့သာ အားလုံးက ၀ိုင်းဝန်းကူညီ မဖြေရှင်းပေးခဲ့ဘူး ဆိုရင် သူတို့ မိသားစုလေးဟာ ဒီနေ့လို သာယာနေမှာ မဟုတ်ပေဘူး ၊၊ ကိုကြီး ကိုနိုင်သီဟ လည်း အရက်သမားကြီး ဖြစ်နေမလား ၊၊ အစ်မခင်ဦးရော မျက်ရည်နဲ့မျက်ခွက် သောက တွေ ပွေနေမလား ၊၊ သားသမီးတွေရော အခုလို သာယာတဲ့ အနာဂတ်လေးတွေ ပိုင်ဆိုင်နိုင်ပါ့မလား ၊၊ အော် အမှားမကင်းတဲ့ လူသားတွေအတွက်တော့ အမှားဆိုတာ လူတိုင်း ကြုံတွေ့ ရတက်တဲ့ အဖြစ်အပျက်တရားတစ်ခုပါပဲလေ ၊၊ အဲဒီအမှားကို သိသိကြီးနဲ့ ဆက်မှား သွားသူနဲ့ ကိုယ့်အသိတရားနဲ့ကိုယ် သို့မဟုတ် ပတ်ဝန်းကျင်ရဲ့ ဖေးမကူညီမှုနဲ့ အတူ ပြန်လည် တည့်မတ်သွားသူတွေကို တော့ အမှားလုပ်ဖူးသူတစ်ယောက် အနေနဲ့ထက် အမှားကို ပြုပြင် နိုင်သူ အဖြစ် အသိအမှတ်ပြု ဖေးကူသွားရမှာ ပါပဲလေ ၊၊

-------------------------------------------------------------------------------------------------------

မှတ်မှတ်ရရ အဲဒီနေ့က အဲဒီအမျိုးသမိးကို သွားတွေ့ဖြစ်ခဲ့တယ် ၊၊ တက်နို်င်ဘူးလေ ပြသနာတွေက ဖြစ်နေပြီပဲ ၊၊ ဒီအချိန်မှတော့ ရှက်နိုင်တော့ဘူး ၊၊ ကိုယ့်ဘက်က အရှက်မကွဲဖို့သာအဓိကပေါ့ ၊၊ သူတို့ လည်း ဘာမှတော့ ထွေထွေ ထူးထူး ပြသနာမရှာနိုင်ပါဘူး ၊၊ ကိုယ်ကပဲ လူတက်ကြီး ၀င်လုပ်ရတော့တာပေါ့ ၊၊ အစ်မခင်ဦး ခံစားနေရတာလည်း နားလည်ပါတယ် ၊၊ အဲဒီ အချိန်မှာ ဖြစ်ချင်တာဖြစ် တရားတာ မတရားတာ တွေ ကိုယ် မတွေးနိုင်ခဲ့ဘူး ၊၊ ပြသနာတွေကို အကောင်း ဆုံး ဖြေရှင်းနိုင်ဖို့ပဲ စဉ်းစားခဲ့တယ် ၊၊ ကလေးတွေ နဲ့ ဒီမိသားစုလေး မပြိုကွဲဖို့သာ အဓိကလို့ ကိုယ် သဘောထားခဲ့ပါတယ် ၊၊ တခါတလေမှာ တစ်ဖက် အတွက် သူရဲကောင်း ဖြစ်နေပေမယ့် အခြား တစ်ဖက် အတွက်တော့ ကိုယ်က လူဆိုးလည်း ဖြစ်နေနိုင်တာပဲလေ ၊၊

ဒီလို ပြသာနာတွေ ဖြစ်ခဲ့ပြိးတဲ့ နောက်မှာတော့ ကလေးတွေ အနေနဲ့ အဖေဖြစ်သူကို အထင်မ သေးအောင် လည်း ပြောပြ စည်းရုံး ခဲ့ရပါတယ် ၊၊ ဖုံးဖိထားလို့ ရတဲ့ ပြသနာ မဟုတ်လေတော့ သူတို့ နားလည်နိုင်မယ့် စကားလုံးတွေ ကို ရွေးပြီး သူတို့ နားဝင်အောင် ပြောရပါတယ် ၊၊ အစ်မခင်ဦးကိုလည်း ဖုံးဖုံးဖိဖိ သိုသို သိပ်သိပ် နေဖို့ တ၇ားချ ရပါတယ် ၊၊ တကယ်လို့ သူဖက်က တင်းမယ် ဆိုရင်လည်း ဒီပွဲမှာ ဘယ်ဖက်မှ အဆင်မပြေပဲ ပွဲပျက်တော့မယ် လေ ၊၊ သူ့ကိုလည်း ပြတ်ပြတ်သားသား ဖိနှိပ်ခဲ့ရပါတယ် ၊၊ တကယ်ပြန်တွေး ကြည့်မယ် ဆိုရင် အစ်မ ခင်ဦး က မှားခဲ့တာ မဟုတ်ပါဘူး ၊၊ ဒါပေမယ့် သူမှန်တယ်လို့ လည်း ဆိုလို့ မရပြန်ပါဘူး ၊၊ အဲဒီတော့ သူ့ကို လည်း ဖိရပါတယ် ၊၊ “ အစ်မ ဘာဖြစ်ချင်လဲ ၊၊ အခုချိန်မှာ သစာမရှိတာတွေ ရင်ကွဲတာတွေ လာလုပ် မနေနဲ့ ၊၊ အစ်မ ကွာနိုင်သလား ၊၊ ဒါဆို နောက်တစ်ယောက် ကို အိမ်ဖေါ် ခေါ်တင်မယ် ၊၊ အစ်မဆင်းသွား ” ဆိုတာမျိုး ရက်ရက် စက်စက် လုပ်ရပါတော့တယ် ၊၊ သိပါတယ် လေ ၊၊
တကယ်တော့ အစ်မခင်ဦးမှာ ဘာအပြစ်မှ ရှိတာမဟုတ် ၊၊ ဒါပေမယ့် မိန်းမသဘာဝ ပွစိပွစိ လုပ်နေမယ် ၊၊ မကြာခဏ ခလုတ်တိုက်နေမယ် ၊၊ အမြဲတမ်း ထေ့ငေါ့ နေမယ်ဆိုရင် အပြစ် လုပ်ထားသူ ပေမယ့် ကိုကြီး ကိုနိုင်သီဟ ပိုပြီး အရွဲတိုက် တော့မယ် ၊၊ ဒါဆိုရင် ပြသနာတွေက အကောင်းဖက်ကို ဦးမတည်ပဲ အဆိုးဖက်ကိုသာ ပြောင်းသွားတော့မှာပေါ့ ၊၊ ဒီအချိန်ဟာ အင်မတန် မှ အကိုင်အတွယ်တက်ဖို့ လိုပါတယ် ၊၊ အပျော့ဆွဲဆိုတာမျိုး ဆွဲတက်မှ အဆင်ပြေမှာ ၊၊ အဲ .. ကိုယ်တကယ် မသတီတော့လို့ … ရာသက်ပန်လည်း ပြက်သားနိုင်တယ် …မပေါင်းနိုင်တော့ဘူးး ဆိုရင်တော့ တစ်မျိုးပေါ့ ၊၊ ဒါပေမယ့် ဒီပြသနာမှာက ကလေးတွေ လည်း ရှိနေသေးတယ် ၊၊ ဘယ်လို ပျက်ဆဲလို့ ဖြစ်နိုင်ပါ့မလဲ ၊၊

လူတစ်ယောက်ဟာ သစာမရှိဘူး ၊၊ဖောက်ပြန်ရေးသမား ဘယ်လိုပဲဖြစ်နေပါစေ သူကို အမြဲတိုက်ခိုက် နေမယ်ဆိုရင်တော့ သူလည်း ထွက်ပေါက်တစ်ခု ရှာတော့ မှာပေါ့ ၊၊ ငါမှ မမှားတာ ငါဘာဂရုစိုက်စရာ လိုလဲ ဆိုတဲ့ အတွေးမျိုးက ကျောင်းသင်ခန်းစာမဟုတ်တဲ့  လူမှုရေး ပြသနာ တွေ မှာတော့ ငါမှန်တယ် ဆိုပြီး အခြားတစ်ဖက်ရဲ့ အားနည်းချက်ကို ဖိနှိပ်လို့မရပါဘူး ၊၊ ဒါဆိုရင် ပြသနာတွေဟာ အကောင်းဖက်ကို ဥိးမတည်ပဲ အဆိုးဖက်ကိုသာ ဥိးတည်သွားတော့မှာပါ ၊၊ ဒါဟာလည်း ပြသာနာကို လက်ခံ ဖြေရှင်း သူ တစ်ဥိးစီရဲ့ အမြင်ပေါ့လေ ၊၊ လူဆိုတာ မှားတက်တဲ့ သဘာဝ ရှိတာမို့ ဖြစ်ပြိးသွားတဲ့ ပြသနာထက် နောက် ပိုင်းမျာ အညင်သာဆုံး ဘယ်လို ဖြေရှင်းမလဲ ဆိုတာမျိုးကသာ အသင့်တော်ဆုံး အဖြေ ဖြစ်ပါလိမ့်မယ် ၊၊


မိသားစုစိတ်ဓါတ်ဆိုတာ ဒါပါပဲလေ ၊၊ တစ်ဥိးတစ်ယောက် ရှုံးနိမ့်နေချိန်မှာ မဖိနှိပ်ပဲ အားပေးတာ ၊၊ နှုတ်က ဖွင့်ဟဖေါ်ကျူး အားပေးနေတာထက် လိုအပ်မယ် ထင်တာလေးတွေ ကို တိတ်တိတ်ဆိတ် ဆိတ် လုပ်ပေးတာ ၊၊ သူနေစေချင်သလိုလေး နေပေးတာ တွေဟာလည်း ထောက်ပံ့ကူညီတာပါပဲ ၊၊ အမှန်တကယ်ပြန်တွေး ကြည့်မယ် ဆိုရင် အခုပွဲမှာ အစ်မခင်ဦးနိုင်ပြီပေါ့ ၊၊ သို့သော် မိသားစု ဘ၀မှာ အနိုင်အရှုံးဆိုတာ ဂုဏ်သိကာနဲ့ မလဲယူစကောင်းပါ ၊၊ တကယ်လို့ အဲဒီအချိန်မှာ ပွဲကြမ်းခဲ့ရင် ကာယကံရှင်နျစ်ယောက်ထိပ်တိုက် တွေ့ခဲ့ရင် ဘာတွေ ဖြစ်ကုန်မလဲ ၊၊ ရှက်၇မ်းတွေ ရမ်းပြီး ပွဲတွေ ကြမ်းကုန်ပြီပေါ့ ၊၊ ရလာမယ့် အကျိုးဆက်ကဘာလဲ ၊၊ ဘာဖြစ်လာမလဲ ၊၊ မိသားစုဘ၀လေး ပြိုကွဲသွား မယ် ၊၊ ချစ်တဲ့သူချင်း အမှားတစ်ခုအတွက် လမ်းခွဲရမှာပဲပေါ့ ၊၊ အမှန်တကယ် ပြတ်သားနိုင်ခဲ့ရင် မထောင်းသာပေမယ့် အမှန်တကယ် မပြတ်သားနိုင်တဲ့ အခါ ဘ၀ တစ်လျှောက်လုံး ခံစားနေရမှာ ဒီချစ်သူ နှစ်ယောက်ပါပဲလေ ၊၊

ဟုတ်ပါတယ် ၊၊ ဒါဟာမခင်ဥိး မှားခဲ့တာမှမဟုတ်တာ ၊၊ မှားတာက ကိုနိုင်သီဟ ၊၊ အပြစ်တွေကို ကိုနိုင်သီဟ ခံပေါ့ လို့ဆိုနိုင်ပေမယ့် ကိုနိုင်သီဟကို ဘယ်လို အပြစ်ပေးမလဲ ၊၊ လူသိရှင်ကြား ဖောက် ပြန်ရေးသမားအဖြစ် ထုတ်ဖေါ်ကြေငြာမလား ၊၊ ဒါမှမဟုတ် အိမ်ထောင်ရေးကို ရပ်စဲလို့ လမ်းခွဲလိုက် ကြမလား ၊၊ ဖြစ်တာတွေက ဖြစ်ပြီးပြီမို့ အပြစ်တင်နေလို့ရော ဘာများရလာပါအုံးမလဲ ၊၊ ရလာဒ်က ဘာဖြစ်လာမလဲ ၊၊ ဖြစ်ပြီးတဲ့ ပြသနာကို ၀ိုင်း ၀န်း အဖြေရှာတာသာ အကောင်းဆုံး မဟုတ်ပေဘူးလား ၊၊

လူတိုင်းဟာ အမှားမကင်းကြပါဘူး ၊၊ မှားတက်ကြပါတယ် ၊၊ ဒါပေမယ့် အဲဒီအမှားကို ၀ိုင်းဝန်းပြုပြင် ပေးမှသာ သူကိုချစ်ရာရောက်မှာပေါ့ ၊၊ တကယ်လို့သာ အဲဒီပြသနာမှာ အားလုံးက ၀ိုင်းဝန်း မကူညီ ကြပဲ ဖိနှိပ်တဲ့ နည်း အကျပ်ကိုင်တဲ့နည်းတွေ သုံးရင်ဘာတွေ ဖြစ်လာမလဲ ၊၊

အခုတော့လည်း အားလုံးက လေးလေးစားစား မေ့မေ့ပျောက်ပျောက် နေပေးကြတယ် ၊၊ အရင်လိုပဲ လေးလေးစားစား ဆက်ဆံကြတယ် ၊၊ ၀ိုင်းဝန်းထိန်းသိမ်းပေးတဲ့အခါ အခုတော့လည်း ကိုနိုင်သီဟ ဆိုတဲ့ သူတစ်ယောက်ဟာ ဒီလိုဖြစ်ခဲ့ပါတယ် ဆိုရင်တောင် ဘယ်သူမှ ယုံမှာမဟုတ်ပါဘူး ၊၊ အစ်မ ခင်ဥိးလည်း အခုဆိုရင် ပျော်ရွှင် လို့ ၊၊ အားလုံးရဲ့ လေးစားစွာဆက်ဆံမှုကြောင့် ကိုနိုင်သီဟဟာ အရင် ကထက်တောင်မှ ပိုပြီး တည်ငြိမ်လို့ လာပါတယ် ၊၊ မိသားစု အပေါ်မှာလည်း အရင်ထက်တောင် ပိုဂရုစိုက်လာခဲ့ပါတယ် ၊၊ အဆိုးထဲက အကောင်းလို့ပဲ မှတ်ယူရမှာပေါ့ ၊၊ သူကိုယ်သူလည်း ဖြစ်ခဲ့ဖူးတဲ့ အရှက်တစ်ခုနဲ့ ထိမ်းသိမ်း သွားပါတယ် ၊၊ ဒါဟာ အဖြေမှန်ပဲပေါ့ ၊၊ တကယ်လို့သာ မလိုလားအပ်ပဲ ပေါက်ကွဲကြ ၊ ပြောကြဆိုကြ ဆိုရင် တော့ ကွဲကြ ပြဲကြရုံပေါ့ လေ ၊၊

-------------------------------------------------------------------------------------------------------
အင်းအတိတ်ကို ပြန်တွေးမိတာပါ ၊၊ ဒိနေ့ သမိးလေး နွယ်နီမင်းကို ကျောင်းမှာ သွားပြီး ခေါ်ရအုံးမယ် ၊၊ ဒီနေ့က သမိးလေးရဲ့ မွေးနေ့မို့ ညစာကျွေးမယ်လို့ ကတိပေးထားမိလေတာကိုး ၊၊ အင်းပြီးမှပဲ ကိုကြီး နိုင်သီဟ တို့ဆီ လည်း ဖုန်းခေါ်လိုက်ပါအုံးမယ် ၊၊ မတွေ့ဖြစ်ကြတာတောင်ကြာပေါ့ ၊၊ ကိုယ့်မှာကလည်း တစ်ကိုယ်တည်းသမားမို့ အိမ်ထောင်တာဝန်မရှိပေမယ့် အခြား ဗာရီရ တွေ ကများသားလားနော် ၊၊ အခုတော့လည်း လူမှူရေး လုပ်ငန်းတွေပဲ ပိုလုပ်ဖြစ်နေလေရဲ့ ၊၊ အော် ၅၀ဆိုတဲ့ အသက်ဆိုတာလည်း မငယ် တော့ပါလားနော် ၊၊ ဒီအချိန်မှာ ကိုယ့်အတွက်လည်းကိုယ် လုပ်အုံးမှ ၊၊ အခြားသူတွေကို ကူညီဖြေရှင်း ပေးခဲ့ဘူးပေမယ့် ကိုယ်ပြသာနာတော့ ကိုယ်မရှင်းနိုင်ခဲ့သမို့ ခုလို တစ်ယောက်တည်း ဘ၀နဲ့ပဲ အရိုး ထုတ်ရပေအုံးမယ် ၊၊ ကိုကြီးနိုင်သီဟတို့ အစ်မခင်ဥိးတို့ တွေ့ မှ နောက်ရပေအုံးမယ် ကျွှန်တော့်ကိုကျ တော့ မကူ ညီခဲ့ ကြပဲကိုး ရယ်လို့လေ၊၊

ပျော်ရွှင်ပါစေ
မင်းအိမ်ဖြူ


( မိသားစု အတော်များများ ၊ သမီးရည်းစားအတွဲတော်တော်များများမှာ ကြုံဖူးတက်တဲ့ ကြုံတွေ့ရတက်တဲ့ အရိုးရှင်းဆုံး ပြသနာလေးတစ်ခုပါပဲ ၊ အတွဲတော်တော်များများ ရဲ့ ၈၀ % လောက်ဖြစ်တက်ပါတယ် ၊ အဲဒီထဲမှာ ကိုယ်မပါသေးရင်တော့ အင်း ၂၀ % ထဲမှာ ပါတယ်လို့ ကြိတ်ပြီး ၀မ်းသာရမှာပေါ့ ၊၊ သို့သော် သိပ်တော့ ၀မ်း မသာပါနဲ့အုံးလေ သမိုင်းဆိုတာ သေတဲ့နေ့မှ ပြောလို့ရမှာမို့ ခဏတာတော့ ၀မ်းသာရမှာပေါ့ ၊၊ ဘာတွေ ပဲ ဖြစ်လာ ဖြစ်လာ အဲဒီလို ကြုံတွေ့လာတဲ့ အခါမှာသာ အငြင်သာဆုံး နည်းနဲ့ အကောင်းဆုံး လမ်းကို ရွေးချယ် ဖြေ ရှင်း နိုင်ဖို့ သည်သာ အလိုအပ်ဆုံး နှင့် အကောင်းဆုံး ၊ အရိုးဆုံး အဖြေပါ တစ်ခု ဖြစ်ပါလိမ့် မယ်လို့ ကျွန်တော့် အမြင်လေးကို တင်ပြလိုက်ရပါသည် )


ဝန်ခံချက် ၊၊ ၊၊ ပိုစ့်အဟောင်းလေးကို အနည်းငယ် ပြုပြင် ရ်ျ ပြန်လည် တင်ဆက်လိုက်ပါသည် ၊၊

Monday 14 June 2010

သင်သေသွားသော်

သြော် လူ့ပြည်လောက၊လူ့ဘဝကား
အိုရနာရ၊သေရဦးမည်
မှန်ပေသည်တည့်။

သို့ တပြီးသား၊ သင်သေသွားသော်
သင် ဖွားသောမြေ၊ သင်တို့မြေသည်
အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏။

သင်၏မျိုးသား၊ စာစကားလည်း
ကြီးပွားတတ်မြင့်၊ ကျန်ကောင်းသင့်၏

သင်ဦးချ၍၊ အမျှဝေရာ
စေတီသာနှင့် သစ္စာအရောင်
ဥာဏ်တန်ဆောင်လည်း
ပြောင်လျက် ဝင်းလျက်
ကျန်စေသတည်း။

Friday 11 June 2010

မြတ်နိုးမေ နှင့် အချစ်ဆိုင်

ဆိုင်ဖွင်.ကာစ မအူမလည် ၊ သိမ်သိမ်ငယ်ငယ် ......
ဖောက်သည်ဆိုတာလည်းမရှိ ၊ မျှော်လိုက်ရတဲ.ဧည်.သည် ၊
ဧည်.ခံလိုက်ရတာ အမော၊၊
စေတနာဆိုတာ ပဲရှိ ၊ ပညာဆိုတာ မရှိတော. တဖက်သား အသည်းခိုက်အောင်
မဆွဲဆောင်လိုက်နိုင်တာ တော.အမှန် ...........

စေတနာဆိုတာထက် ပညာဆိုတာလည်း လိုသားလား.........
စေတနာဖြူဖို.ထက် ပညာမြူဖို.လည်း လိုအပ်တယ်...........

လူမတက်ပေမယ်. လဖက်ထုပ်တက်တယ် ဆိုသလို
ကြားရ မြင်ရ တွေ.ရ ကြုံရ
အချစ်ဈေးလောကမှာ
ကျင်လည်ရဖန်များတော. ...............





ဒီလိုနဲ.
အချစ်တွေထားခဲ.ရင်လည်း ယူတယ်.......
အချစ်တွေယူချင်ရင်လည်း ရောင်းတယ်.......
တခါတလေ ရှုံးပေမယ်. ...............
တခါတလေ မြတ်တယ်.............

ရှုံးတခါမြတ်တလှည်. နဲ.
နှစ်တွေကြာလာတော.
ဆိုင်ကြီး ကနားကြီးနဲ.
အချစ် ကုန်သည်ကြီးတောင် ဖြစ်နေပါရော.လား .............


မင်းအိမ်ဖြူ

ဝန်ခံချက် ၊၊ ၊၊ ကဗျာ အဟောင်းလေးပါ ၊၊ ဘာလို့ပြန်တင်ဖြစ်လဲဆိုတော့ ဟိုတစ်နေ့က အင်တာဗျူးလေး တစ်ခုမှာ အိမ်ထောင်ဆက်တွေ မများချင်ပဲ များခဲ့ရပါတယ် ဆိုတဲ့ စာသားလေးကို တွေ့မိလို့ပါ ၊၊ ဟုတ်ပါတယ် ၊၊ တခါတလေမှာ မဖြစ်ချင်ပေမယ့် ငြင်းဆန်ရှောင်ဖယ်လို့ မရတဲ့ အကြောင်းတရားတွေကြောင့် ဖြစ်သလို ဆက် သွားနေရတဲ့ ဘ၀တွေ အများကြီးပါဆိုတာ လေးကို သိစေချင်ပါတယ် ၊၊ မကောင်းဘူးဆိုတာ သိပေမယ့် မလုပ် ချင်ပေမယ့် လောက ဇာတ်ဆရာ အလိုကျ သင့်တော်ရာ ဇာတ်ရုပ်မှာ ပီပြင်အောင် လုပ်နေရသူတွေ အများကြီး ပါ .....


မြတ်နို်းမေ

ပွင်.လင်းတယ်၊၊ ရိုးသားတယ်၊၊ဖေါ်ရွေတယ်၊၊ဟန်ဆောင်မှူကင်းတယ်၊၊ ဖုံးကွယ်မထားတက်ဘူး၊၊ ပြောချင်တာကို စိတ်ထဲမှာရှိတဲ.အတိုင်းပြောတက်တယ်၊၊မကောက်ကျစ်ဘူး၊၊ မယုတ်မာဘူး၊တက်အားသရွေကူညီတက်တယ်၊၊ သူလိုအပ်ရင်လည်းပွင်.ပွင်.လင်းလင်း အကူအညီတောင်းတက်တယ်၊၊ အသားဖြူတယ်၊၊အရပ်မြင်.တယ်၊၊ရုပ်ချော တယ်၊၊ ဆွဲဆောင်မှူရှိတယ်၊၊ သူတပါးနားဝင်အောင်ပြေတက်တယ်................

လူတကာကိုလေးလေးစားစားဆက်ဆံတက်တယ်၊၊ပေါင်းသင်းဆက်ဆံရေးဝင်ဆံ.တယ်၊၊ဟန်ဆောင်လိမ်ညာမှူ ကိုမုန်တယ်၊၊ပွင်.လင်းတဲဆက်ဆံရေးကိုအလေးထားတယ်၊၊ပညာတက်တယ်၊၊ဆွေဂုဏ်မျိုးဂုဏ်ရှိတယ်၊၊ အသိုင်း
အ၀ိုင်းကောင်းတယ်၊၊ ဘာအပြစ်များပြောစရာရှိလဲ.....................

အားနာတက်တယ်၊၊မပြတ်သားဘူး၊၊တွေဝေတယ်၊၊အထီးကျန်ဘ၀ကို မခံစားနိုင်ဘူး၊၊အနားမှာအဖေါ်တစ် ယောက်ရှိနေဖို.လိုအပ်တယ်၊၊ ဒါဟာ မြတ်နိုးမေ ရဲ. ပျော.ကွက်ပဲ..................

ဒီလိုနဲ..........................

'''' ရည်းစားမများဖို. ကြိုးစားရင်း ရည်းစားတွေ တစ်ယောက်ပြီးတစ်ယောက် ထားဖြစ်ခဲ.ပါတယ်"" ဆိုတဲ. မြတ်နိုးမေ ....................

"" တစ်ယောက်တည်းကို ချစ်ဖို.ကြိုးစားရင်း တစ်ယောက်ပေါင်းများစွာကို ချစ်ခဲ.ရပါတယ်ဆိုတဲ. ''''' မြတ်နိုးမေ................

"""""" ကံကြမ္မာက မတရားတာ လား ၊ မြတ်နိုးမေ က ဆန်းပြားတာ လား """""

ရည်းစားမများချင်ဘဲ မျက်နှာများခဲ.ရတဲ.ဘ၀က မခမ်းနားတာတော.အမှန်၊၊ ပွင်.လင်းတဲ. မြတ်နိုးမေ ၊၊
မဖုံးကွယ်တက်တဲ. မြတ်နိုးမေ ၊၊ လူတကာရဲ. ကဲ.ရဲ. ခြင်းခံရရှာ တဲ.မြတ်နိုးမေ၊၊ အတင်းအဖျင်းဆိုတာ မြတ်နိုးမေ အတွက် မဆန်းတော.ပေ၊၊ဒီလိုအကြောင်းမလှတဲ. ဘ၀ကံကြမာအလှည်.အပြောင်းတွေကြား ထဲက မြတ်နိုးမေ အထုအထောင်းတွေ များတော. ထုသားပေသားလည်း ကျခဲပြီ၊.......................

အရင်တုန်းက ချစ်တယ် ဆိုတဲ.စကား တခွန်းပြောဖို. နှူတ်မ၀ံ့သူ ၊၊ ချစ်ပါတယ်ဆိုတဲ.စကားကြားရင် ရင်ခုန်လို. မဆုံးတဲ.သူ၊၊အခုများတော. ချစ်တယ် ဆိုတဲ.စကား ပြောရဖန်များတော. CD ပြားဆိုပေါက် လောက်ပြီ၊၊ ကြားရဖန် များတော. ရိုးလှပြီ၊၊အရင်တုန်းက ပစ်ခွာသွားရင် အိပ်မရ စားမ၀င်၊၊ အခုများတော. Good Bye ဆို ရင် ပြုံး ချင်ပြီ...............

“”” ဘ၀ကပေးတဲ. သခန်းစာ လား ၊ မြတ်နိုးမေ ရဲ. ခံစားခွင်.လား “”””

“””” ရိုးသားဖို.ကြိုးစား ရင်း မရှိလို.ခိုးခဲ.ရတာပါ “”””””””” ဆိုသလို ပဲ

တည်ငြိမ်တဲ.ဘ၀တစ်ခုတည်ဆောက်ချင်ရှာတဲ. မြတ်နိုးမေ ၊ ဘ၀ခရီးကြမ်းကို ဘယ်အချိန်ထိများ တစ်ယောက် တည်း လျှောက်လှမ်းနေရပါအုံးမလဲ၊၊ အဖေါ်မရှိရင်မနေတက်ပါတဲ. မြတ်နိုးမေ ၊၊ အကျီကို နေ.တိုင်းလဲသလို အတွဲတွေများနေ.တိုင်းလဲနေမလား၊၊ လိုချင်တာလေးတစ်ခုအတွက် ပေးလိုက်ရတဲ.ဘ၀ တစ်ခုကို မြတ်နိုးမေ သတိမှပြုမိလေစွ……….

အတုအယောင်တွေများတဲ.လောကကြီးထဲမှာ ရင်တွင်းစကားဘယ်တော.များ ကြား ရရှာမလဲ………
ကြားခဲ.ရင်ရော ရင်ဘတ်ထဲက ခံစားယုံကြည်လက်ခံနိုင်ပါအုံး မလား မြတ်နိုးမေ…………..

မြတ်နိုးမေရဲ.ဘေးမှာ အရာရာကို နားလည်မှုအပြည်.နဲ.ရပ်တည်ပေးနိုင်မယ်.
ဘ၀လက်တွဲဖေါ်နှင်.အတူ အမြန်ဆုံးပြုံပျော်နိုင်ပါစေ လို………………….

မြတ်နိုးမေ သို. အမှတ်တယ………………..

Thursday 3 June 2010

မအေးသာ

ငယ်ငယ်တုန်းကတော့ မအေးသာ တစ်ယောက်လှခဲ့တာပေါ့လေ …… အခုများတော့လည်း ပါးရေနားရေ တွေ အတွန့်တွန့်နဲ့ အသက် ၈၀ ကျော် အဖွားကြီး ဖြစ်နေပါ့ပေါလား …………………

ရွယ်တူတွေလည်း တစ်ချို့တော့ သွားနှင့်ကြပြီ ၊၊ ကိုယ်မှာသာ အသက်ရှည်လို့ ကိုယ်မချမ်းသာပဲ ဒီအတိုင်း အသက်ရှင်နေရတာ ၊၊ ဘုရားတရားရယ်လို့လည်း ၀ါတွင်းကာလလေးတောင်မှ …. ဘုန်းကြီးကျောင်းဆိုတာ ပုံမှန် မရောက်ဖြစ်ခဲ့ ၊၊ ကိုယ့်ဝမ်းစာ ကိုယ်ရှာစားရတဲ့ဘ၀ … ဘယ်မှာများအေးချမ်းပါ့မလဲလေ ၊၊ ဒီနေ့လည်း နေ့မမြင့်ခင် အစောထလို့ နောက်နေ့စာလေးရအောင် သွားအုံးမှ ၊၊ လူတွေက တောတွေ ရှင်းတော့ အရင်လို အင်ဖက်ကလည်း တောစပ်တင် ခပ်လွယ်လွယ်မရတော့ ၊၊ တော်တော်လေး တောဝင်နိုင်ပါမှ တစ်နေ့စာ လေး အဆင် ပြေတာ ၊၊

သားလုပ်တဲ့သူကလည်း သူကိုယ်တိုင်တောင် မှ မွေးထားတဲ့ တစ်ကျိပ်ကိုးယောက် အပေါက်လောက် အောင် မဖို့နိုင်ရှာတော့ ကိုယ်လည်း ဘာမှ မမျှော်ကိုးပါဘူးလေ ၊၊ သမီးကလည်း လင်သည် ယောင်္ကျား အရက်သမား ကစော်ဖိုးတောင် မလောက်တော့ ခက်သားလား ၊၊

မှတ်မှတ်ယယ သူတို့အဖေ ကိုလူလှနဲ့ မရခင် အပျိုဘ၀ကတည်းက ဖက်ခူးရောင်းလာတာ အခုအသက် ၈၀ ကျော်တော့လည်း ဒီဖက်တွေ နဲ့ ကျင်လည်နေရတုန်း ၊၊ ကိုယ်ခူးခဲ့တဲ့အင်ဖက်ပင်သာ ကြီးလို့ ထင်းဖြစ်သွား တယ် ကိုယ့်မှာတော့ ဒီတောထဲမှာပဲ ဖက်ခူးလိုက် မှိုနှုတ်လိုက် အင်အုလေး ယက်လိုက်နဲ့ ရာသီစက်ဝန်းလို လည်ပတ်လို့ပါလား ……………..အင်း ငါဘာတွေ တွေးနေမိပါလို့ လုပ်စရာ ရှိတာလေး မြန်မြန်လုပ်မှ … မနက်ဖန်စာ မရှိရင် အခက်လား ……………..

မင်းအိမ်ဖြူ

ဒီနေ့မေးလေးတစ်ခုကနေ နိုင်ငံခြားမှာ အသက်ကြီးတဲ့ သူတွေ ဘ၀မလှ ကြပါကြောင်း စာလေးတွေ့လို့ပါ ၊၊ အမှန်တော့ ရေးချင်တာ ကြာခဲ့ပါပြီ ၊၊ ဒါတကယ့် အဖြစ်ပါ ၊၊ ဒေါ်အေးသာဆိုတဲ့  ဖက်ရွက်ရောင်းရတဲ့ အဖွား ကြီး အကြောင်းပါ ၊၊ ရွာက အဖွားကြီး တစ်ယောက် အကြောင်းပါ ၊၊ တကယ့်အဖြစ်ပါ ၊၊ ဘာလို့ ရေးဖြစ်သွား လည်းဆိုတော့ အင်း …. သူဌေးသင်္ဘောမှောက်တာကို ငိုနေတဲ့ သူတွေ ကို သနားလို့ပါ ၊၊ သူတောင်းစား ခွက် ပျောက် တာ ပိုအရေးကြီးတယ်ထင်ပါတယ် ……. ကန့်လန့်ကျွန်တော် ကျွန်တော် ကန့်လန့် ပါ ဗျာ …

Saturday 29 May 2010

အမေကို ပြောချင်တဲ့အကြောင်း

တကယ်ပါအမေ ...... သားလေ အမေ့ကို တွေ့ချင်တယ် ..... စကားတွေလည်းပြောချင်တယ် ....

ရောက်တက်ရာရာ တွေ ပြောရင်းနဲ့ ဟိုတစ်နေ့ က ည အလုပ်က အပြန် တက်စီပေါ်မှာ အမေ့အကြောင်းလည်း ပါတာပေါ့အမေရယ် ..........

မဟတမ ဂနီ ခေတ် မဟုတ်တော့တာတော့ သေချာတယ် အမေ...............

သားလည်း အမေ့လောက်တော့ နားမလည်ပါဘူး .............

သို့သော် .......... စားပင်တွေ ကြီးစေချင်ရင် ပေါင်းပင်တွေကိုတော့ ရှင်းရမှာပဲ အမေ ..............

တခါတလေလည်း ပိုးကောင်တွေကို ဒီတိုင်းမောင်းလို့ မရတော့ရင် တော့ အင်း ပိုးသတ်ဆေးတော့  သုံးရတာပဲ မဟုတ်လား ...........

သားက ဥာဏ်နည်းပါတယ်လေ ........

အမေ ကိုတော့ ပြောပြချင်တယ် ........... အကြောင်းတွေ

မင်းအိမ်ဖြူ

Friday 28 May 2010

အောင်ခြင်းရှစ်ပါး

အခုရက်အတွင်း စိတ်တွေက ရွာလေးဆီ ပြန်ရောက်နေမိတယ် ............ဂရောက်ဂယက် အတွေးတွေ ရောက်နေတာက မကြာမီလို့ ပြောနေတဲ့ ကာလလေးတစ်ခု .............

ဖတ်နေမိတာက အောင်ခြင်းရှစ်ပါး အောင်ခြင်းရှစ်ပါး

တခါတခါတော့လည်း သည်းခံခြင်းတရားဆိုတာထက် ..............

အမေ့ကိုလည်း စကားတွေပြောချင်သည် ...................

အားမရဘူးအမေရယ် .....................

အမေမှန်ပေမယ့် .................... တခါတခါ ပျော့ပျောင်းနူးညံ့မှုတွေကို အခွင့်ကောင်းယူတက်ကြတာ အမေ ပြန်တွေးစေချင်တယ် ..................

ဘာဖြစ်ဖြစ်အမေရယ် ................... နားမလည်တဲ့ သူတွေကို တရားဟောနေတာထက် ...............

အမေ.................

ကလေးတွေ ရှေ့ရေးအတွက် တခုခုကိုတော့ ပြတ်သားစေချင်တယ် အမေရယ် .............

မင်းအိမ်ဖြူ

Wednesday 26 May 2010

ဘ၀လား လွမ်းတယ် မုန်းတယ်

ခံစားချက်မဲ့တဲ့မနက်ဖြန်တွေကို
ခံစားမူကင်းတဲ.အပြုံးတွေနဲ့
ကြိုဆိုရတာ ဘ၀လား...........


မျှော်လင့်ချက်မဲ့တဲ့နောင်နှစ်တွေကို
မျှော်လင့်ချက်ကင်းတဲ့အတွေးတွေနဲ့
ကြိုဆိုရတာ ဘ၀လား...........

တကယ်မဟုတ်တဲ့ လုပ်ဇာတ်တွေကို
အဟုတ်အဟတ်လို
ထောက်ခံနေရတာ ဘ၀လား ...........

အနှစ်မပါတဲ့ သတင်းတွေကို
စိတ်မပါတဲ့ ရုပ်တည်တွေနဲ့
နားထောင်နေရတာ ဘ၀လား ...............

မဟုတ်တာတွေ လုပ်နေတာကို
ဟန်ဆောင်ထားတဲ့ အပြုံးတုတွေနဲ့
ခေါင်းညိတ်နေရတာ ဘ၀လား .................

အလုပ်မရှိတဲ့ ဘ၀ ................

အရင်းမရှိတဲ့ဘ၀ .................

အမျိုးကြီးကြီးတွေ မရှိတဲ့ဘ၀ ……………

ဆယ်တန်းအောင် ဖို. ကြိုးစားခဲ.ရတဲ. အချိန်တွေကိုလွမ်းတယ်...........

ကျောင်းကြီးပြီးဖို. ကြိုးစားခဲ.ရတဲ. အချိန်တွေကိုလွမ်းတယ်...........

အလုပ် ရဖို. ကြိုးစားခဲ.ရတဲ. အချိန်တွေကိုလွမ်းတယ်...........

မျှော်လင်.ချက် မဲ. ကြိုးစားနေရတဲ. မနက် ဖြန်တွေကို မုန်းတယ်...........

အဟုတ်အဟတ်မဟုတ်တဲ့ လုပ်ဇာတ်ခင်းပြီး ဆက်သွားအုံးမယ့် Road Map ဆိုတာကြိးကို မုန်းတယ် ………….

ခေတ်မှီဖွံ့ဖြိုး တိုးတက်နေတယ်ဆိုတဲ့ သတင်းကို မီးပျက်လို့ မကြည့်လိုက်ရတဲ့ ညတွေကို မုန်းတယ် …………..

ခနာကိုယ်ကို ဈေးကောင်းရဖို့ ကိုယ့်ကိုကိုယ်ရောင်းစားနေရတဲ့ သူတွေကို မုန်းတယ် ……………

မနက်ဖြန်
မနက်ဖြန်
မနက်ဖြန်
ဘာမှန်းမသိတဲ့ မနက်ဖြန်
မရေရာတဲ့ မနက်ဖြန်တွေ ကိုလည်း မုန်းတယ် .............

မင်းအိမ်ဖြူ

ဝန်ခံချက် ၊၊ ၊၊ မကြာမီ ကျင်းပတော့မယ့် ခြိမ့်ခြိမ့်သဲ ပွဲတော် ကြီးအား ကြိုဆို ဂုဏ်ပြုပါ၏ ၊၊

Tuesday 25 May 2010

အမေအို တစ်ယောက်ခွင့်လွှတ်မှာပါလေ

အချိန် ၁၉၇၀ ၀န်းကျင်ခန်.

လူသားတွေရဲ့ အသက်ကို ကယ်တင်ဖို. မွေးဖွားလာခဲ့တဲ့ ဆရာဝန်ကြီး တစ်ယောက် ရဲ့ မာတာ မိခင် ကျေးဇူးရှင် ကြီး၏ နောက်ဆုံးအချိန် ၊၊ သစ်ပေါဝါးပေါ နဲ. ဆောက်ထားတဲ့ နှစ်ဆောင် ပြိုင် အိမ်ကြီးရဲ့ အိမ်ရှေ. ဧည်.ခန်း ဆီက ကျွန်းကုတင်ကြီးပေါ်မှာ လဲလျောင်း ရင်း သားမောင် ဆရာဝန် အလာကို စောင့် စားနေတဲ့ အမေအို တစ်ယောက်ရဲ့ နေ၀င်ချိန် ၊၊ အမေအို အသက်ရှု ရပ်သွားမယ့် အချိန်ကို ၀ိုင်းဝန်း စောင့်စားနေကြတဲ့ တူတွေ တူမတွေ ၊၊ မသိမသာ နဲ. ပစည်းတွေ ရှင်းလင်းဖို့. ပြင် ဆင်နေကြတဲ့ တူသားလုပ်သူတွေ ရဲ့ တိတ်တိတ် ဆိတ်ဆိတ် ရွေ.လျား စီမံနေပုံ တွေ ၊၊ အမေအိုတစ်ယောက် ရဲ့ နောက်ဆုံးအချိန်အတွက် ၊ ပြုပြုခဲ့သမျှသော ဒါနသီလတွေ အတွက် ပြန်လည် အောက်မေ့ နှလုံးသွင်းနိုင်ဖို. ၊ နောက်ဆုံးထွက်သက်မှာ ဘ၀ကူး ကောင်းစေဖို. ဖွင့်ပြနေတဲ့ တရားသံတွေ ၊၊ တခါတခါ “အိ” ကနဲ ရှိုက်လိုက်တဲ့ တူမတွေ ရဲ့ ကြေကွဲသံ တိုးတိုး ၊၊

ဟိုးအဝေးဆီက ဥသြသံ ပေးပြီး ၀င် လာမယ့် လော်ကယ် ရထားတစ်စင်းရဲ့ ဆွဲဆွဲ မြေ့မြေ့ တွန်လာမယ့် အသံ ရှည် ကြီးကို ရင် တမောမော မျှော်လင့် နေကြတဲ့ အမေအို အနီးက ဆွေမျိုးတွေ ၊၊ အဲဒီရထားသံ ကိုပဲ စောင့် စားနေတဲ့ အမေအို ရဲ့ ခပ်မျှင်းမျှင်း အသက် ဆက်နေသံ ညှင်းညှင်းသွဲ.သွဲ. ၊၊ သားမောင်တစ်ယောက် ဒီလော်ကယ် ရထားကြီးနဲ. များပါလာမလား ၊၊ဒါတွေ အားလုံးဟာ သားမောင် ဆရာဝန်ကြီး အတွက် အမေအို ရဲ့ နောက်ဆုံး မျှော်လင့် ချက်လား ၊၊ တစ်ချက်တစ်ချက် လွင့်ပျံလာတဲ့ ဘကြီးမောင်ရဲ့ ကြေးစည်သံ လွင်လွင်လေးက လေဝှေ. မှာ အမေအိုဆီ ကို လာလာဦးခိုက်လို. ၊၊ မကြားတစ်ချက် ကြားတစ်ချက် ပရိတ်သံလေးကို အမေအို နားစွင့်နေပါသလား ၊၊ ဘုရား ဘုရား လို.မတပဲ သား သား လို. တရင်း လော်ကယ်သံကို နားစွင့်နေပါသလား ၊၊ ဘာမှမပြော နိုင်တော့တဲ့ အမေအိုသာ သိပေ လိမ့်မည် ၊၊

ကြာနီကန်ဆရာတော် ဘုရားကြီးရဲ့ တရားသံက မာဆတ်ဆတ်ရယ် ၊ တလွင့်လွင့် တသာသာနဲ့ သံဝေဂနဲ. တရားရစရာ ၊၊ အမေအိုအတွက်များ ဒီတရားကို ဟောခဲ့လေသလား ၊၊ “ …….အရုပ်ကလေးတော့ လုပ်ပြီးပြီ ၊ ဆေးချယ်လို. ….ကဟယ် ဂဟယ် နဲ. ပညာ တွေ သင်လို. …. ဒီလိုနဲ. BA တွေ BSC တွေ BED တွေ ရပြီး သကာ လ ၊ ကိုယ် မြတ်နိုးရလိမ့်မယ် လို. မထင် …. ” ရင်ကမွေးတဲ့ သားကို ကကြီး၊ ခခွေး မှသည် ဆရာဝန်ကြီးဖြစ်လာ သည် ထိ ရုန်းကန် ထိန်း ကျောင်း ပြုစု လာခဲ့ ရသည့် မုဆိုးမ အမေအို အတွက် မောသမျှ ပန်းသမျှ ၊ သားမောင် အပြုံး တစ်ချက်နဲ. ပိန်းကြာဖက်ပေါ် ရေမတင်သလို အားလုံးကင်းစင်ပျောက် လွင့်ခဲ့ ရသည် ၊၊

ဖတဆိုး သားပေသည့် လိုအပ်ချက်တွေ မရှိစေရ ၊၊ ကိုယ်တိုင်ကလည်း စီးပွားရေး တောင့်တင်းခဲ့ လေတော့ ၊ သာလှလူလေး မေ့ရွှေသွေးကို ချွေးတစ်ချက်ပင် မစို.စေ ချင်ခဲ့ ၊၊ သာလူလှ လည်းတော်ပါပေသည် ၊၊ တောမက မြို.မကျမှာ လူဖြစ်ရပေသည့် ဆိုရှယ်လစ် ခေတ်မှာပင် ဆရာဝန်ကြီးတစ်ယောက် ဖြစ်အောင် အမေ့ အလို ကျ ကြိုးစားပြခဲ့သည် ၊၊ တစ်ရွာလုံးမှာ တစ်ယောက် ၊ တစ်နယ်လုံးမှာတစ်ယောက် ၊ တစ်ခရိုင် လုံးမှာမှ တစ်ယောက် ငါ့သားလူလှ ဒီနယ် တခွင်မှာ ယှဉ်နိုင်သူ ရှိကောင်းလားအေ့ ၊၊ လူတိုင်းမဖြစ်နိုင်တဲ့ ငါဟဲ့ ဆရာဝန် အမေ ၊၊ ယှဉ်စမ်း ၊၊ မယ်ထွေးတို. ၊ လှအေးတို. ၊ မြစိန် တို့ ညည်းတို.ကျန်တာ ပြိုင်လို.ရမယ် ၊ ငါလို ဆရာဝန် အမေဘ၀ ညည်းတို. အိပ်မက်တောင် မက်နိုင်ရဲ့လား အေ့ လို. ၊ မာနတွေ တထူတူ နဲ. သားလူလှ ဆရာဝန်ကြီး ရဲ့ မိခင် ၊၊

နှစ်ရှည် တက်လိုက်ရတဲ့ ကျောင်းအတွက် ကုန်လိုက်ရတာ ရှိသမျှလေး လည်း ပြောင်လို. ၊၊ လူမသိသူမသိ သားမောင် မသိအောင် လက်သိပ်ထိုး ရောင်းရပေါင်ရတာ တောင် မှ မုဆိုးမ အမေအို အပြုံးတစ်ချက် မပျက်ခဲ့ ၊၊ သားမောင်အတွက်ဆို လျှင် စကားအရာနဲ. အနိုင်ယူ ခဲ့ဖူးတဲ့ လှအေးတို. မြစိန်တို. ဆီ အောက်ကျခံ ရဖို.လည်း အမေအို ၀င်မလေး ၊၊ ကျုပ်သား ဆရာဝန်ကြီး ဖြစ်တဲ့အခါ ကျုပ် မှာ ဘာမှ မကျန်အုံး ကျုပ်ကျေနပ် ပါတယ်အေ ၊၊ ညည်းတို.များတက် နိုင်လို. ညည်း သား ထွေးမောင် တို. အေးသာ တို. ဆေးလိုင်း လိုက်နိုင်လို.လား အေ ရဲ့ ၊ နွားကျောင်း ကျွဲကျောင်း နဲ. ဖြစ်လှ စပါးပွဲစား ပေါ့အေ လို. တောင် ပုတ်ပုတ် ခတ်ခတ် အထက်စီးက စကားနာ ထိုးခဲ့သေးရဲ့ ၊၊

ဒီလိုနဲ. သားမောင်လည်း ဘွဲ.ရ ၊ အမေအိုလည်း ဖြူကာဖြာကာ ကျရလေတော့သည် ၊၊ သို.ပေသည့် အမေအို မာန်မလျှော့ ၊ ဇွဲခတ်လို. လှော်နေဆဲ ၊၊ သားမောင် ပြန်အလာ ဖွယ်ဖွယ် ရာရာ တွေ နဲ. ဧည့်ခံ နေမြဲ ၊၊ နားကပ်ကလေးမေးတော့ အမေနားတွေ နာလို. သား ရယ် ၊ အသက်တွေ ကြီးတော့ စိန်တွေ ရွှေတွေ လည်း အမေ မ၀တ် ချင်ပါဘူး သားရယ်လို. သားမောင်ကို စိတ်မဆင်းရဲ ဖို. ညာနေဆဲ ၊ လိမ်နေဆဲ ၊၊ သားလုပ်သူက ခပ်ပြုံးပြုံးနဲ. အမေ မ၀တ်ချင်တော့ ၊ အမေ့ချွေးမကို ပေးဝတ်လိုက်ပေါ့ အမေရယ် ဆိုတော့ အမေအို ဘယ်လိုများ နေရှာမတုန်း …………….. နင့်ကနဲ ၊ နင့်ကနဲ ……. သစ်ပင်ထက်ကကျသူကို ရိုက်နှက်ဘိသကဲ့သို. ဆိုတာထက် အမေအို ရင်တွေ တဆက်ဆက် နာရပြီကော ၊၊

တလိမ့်လိမ့်ဆင်းလာတဲ့ အသုံးမကျတဲ့ မျက်ရည် ပူတွေ ကို လက်ဖမိုးနဲ. ခပ်ကြမ်းကြမ်းလေးသုတ်လို. ငါ့သားလေးတောင် အရွယ် ရောက်မှ ပဲလို. ခပ်မာ မာ တွေးပြီး ခေါင်းကို တစ်ချက်ခါ လိုက်တဲ့ အမေ့အို. မျက်ဝန်းက လွင့်သွားတဲ့ မျက် ရည် တစ်စက်က သားမောင် လူလှ ကို တင့်တောင် တင့်တယ် အိမ်ထောင် ချပေးဖို. ဆိုတဲ့ စိတ်ကူးအတွက် အားတစ်ချက်ပေလား ၊၊ အမေအိုမမောနိုင်သေးပါ ၊၊ သားမောင်ကို လည်း တရားဝင် မမေးဝံ့သေးပါ ၊၊ သဘာဝကို အမေအို ရှောင်မဖယ်ချင်ပေမယ့် သားမောင် နှူတ်ကထွက်လာမယ့် ဟုတ်ပါတယ် ဆိုတဲ့ စကားတခွန်းကို အမေအို ရင်မဆိုင် လိုသေး ၊၊ အားတွေ မွေးဖို. လိုပါအုံးမည် ၊၊ အားတွေ မွေးဖို. လိုပါပေအုံးမည် ၊၊

ရက်ပိုင်းလောက်သာ အလည်ပြန်လာတဲ့ သားမောင်ရဲ့ အိမ်ပြန်ခရီးကို ပြင်ဆင်နေဆဲ ကာလ မှာ ပဲ မိဘတို.၀တ္တရား ရှိသည့် အတိုင်းဆိုတဲ့ စကားကို အစပျိုးလို. စာမတက်တဲ့ အမေအို ၊ မောင်ဖွားတွေကို အကူအညီတောင်းလို. သားမောင်ဘာတွေ များလုပ်ချင်သတုံး ရယ် လို. မေးရပြီ ၊၊ မမေးရက်ရက် ပေမယ့် ၊ အမေးခက်ပေမယ့် ၊ မေးသင့်သည် မို. မကြားဝံ့သည့် စကား နှုတ်ထွက် လာမှာသိပေသည့် မေးရလေပြီ ၊၊ အမေ တာဝန် ကျေပါရစေမယ် ၊ သားမျက်နှာမငယ်စေရပါ ဘူး ဆိုတဲ့စကားကို အများရှေ.မှာ နှုတ်ထွက် ရဲပေမယ့် အမေအိုမှာ ကျန်နေတာက သွားလေသူ အိမ်ထောင်ဦးဘ၀က ဆင်ပေးခဲ့တဲ့ ချယ်နားကပ် လေး တစ်ရံ နဲ. တောပိုင်းမှာ ရှိနေတဲ့ ယာ အနည်းငယ်သာ ၊၊ ခပ်ပြုံးပြုံးနဲ. အများရှေ. မှာ ဂုဏ်တွေ တက်နေတဲ့ အမေအို ရင် ထဲ ဘယ်လိုများ ရှိနေမလဲ………….

ဘွဲနှင်းသဘင် ဆိုတာကြီးကို စိတ်ကူးနဲ. ရူးလို. ရွာမှာ ကြွားခဲ့ ဘူးတဲ့ အမေအို သားလုပ်သူရဲ့ ပင်ပန်းပါတယ် အမေရယ် ဆိုတဲ့ စကား လေးနဲ.ပဲ တိတ်တိတ်လေး ခံစား ကြေကွဲနေ လေမလား ၊၊ သြော် ကြေကွဲချိန် ရပါဘူးလေ ၊၊ တောပိုင်းမှာ ရှိတဲ့ ယာလေးတွေ ဈေးကောင်း ရဖို. ငယ်နိုင် အမျိုးတွေ ကို ဟိုအော် ဒီအော် နဲ. ရသမျှလေး စု လို. ထုပ်ထား သားမောင် နောက်တစ်ခေါက်ပြန်လာ မယ့် အရေး စောင့်ရင်းတွေးလို. ၊၊ ရင်းနှီးသူ ငယ်ပေါင်း သူငယ်ချင်းမတွေက ဟဲ့ ဆရာဝန် အမေမကြီး နေပူကြီးထဲ လောဘတွေ တက်မနေနဲ. သားက ဆရာဝန်ဖြစ်နေပြီဆို လိုက်မသွားဘူးလား ဆိုပြီး လယ်ကန်သင်း ခြေကန်ရင်း အော်တော့ ၊ အမေအိုတို.ကလည်း အားကျရယ်မခံ ၊ အမလေးအေ ခေါ်ပါ့ ကျုပ်က မြိုတော့ ပျော်ဘူးအေ့ တော ပျော်တာ ရယ်လို. သားမောင် သိကာတော့ အကျမခံ ၊ ပြန်အော်ခဲ့သေးတာကလား ၊၊ အာဂအမေအို ၊၊

အမေရယ်ခရီးကလည်းဝေးတယ်၊အမေရထားစီးရမှာလည်းပင်ပန်းပါတယ်၊၊ မင်္ဂလာဆောင် ပြီးလို. အေးအေးဆေးဆေး နောက်မှ ပဲ သားတို.လာ ခဲ့ပါမယ် ၊၊ အမေ့ချွေးမ မမ ကလည်း ခရီးဝေး မသွားချင်သေးဘူး ဆိုလို. မခေါ်လာခဲ့ ဘူး အမေဆိုတော့ လည်း အမေအို က ပြုံးပြုံးလေးနဲ. ခေါင်းလေးညိမ့်လို. ပီဘိ ကျေနပ် နေသည့် အလား ၊၊ ရင်ထဲကခံစားချက်သားမောင် တစ်ချက်မသိစေရ ၊၊ အင်း အမှန်လည်း ကျေနပ်မှာပါလေ ၊၊ စုဆောင်းထားတာလေးတွေ ပေးလို. သမီးချွေးမ ကို အမေ့ မင်္ဂလာဦး နားကပ်လေး လက်ဖွဲ.လိုက်ပါ သားရယ် ဆိုပြီး မမြင်ဖူးတဲ့ ချွေးမကို စိတ်ကူးနဲ. လှမ်းချစ်လို. ၊၊ နောက်တစ်နေ. ဈေးသွားတဲ့ အခါ သားမောင် လူလှ အိမ်ထောင်ကျပါပြီ ဆိုတဲ့ အကြာင်း ကြေငြာမောင်းခတ်လို. ကြွားးပေအုံးလိမ့်မည် ၊၊

သြော်ဒီလိုနဲ. အမေအိုဘ၀ နောက်ဆုံးအချိန် ထိသားမောင် ကို မျှော်ရင်း ဘ၀မကူး နိုင်သေးပဲ အသက်ကို မျှင်မျှင်း ရှုရင်းစောင့်လို. ၊၊ဆရာဝန် တစ်ယောက်မွေးထုတ်ခဲ့တဲ့ အမေ ၊ ဆေးတစ်ပေါက် အပ်ရာ မကျန်ဘူးခဲ့ ၊ ဆေးတစ်လုံးသားမောင်တိုက်တာ မမြိုဘူးခဲ့ ဘူး ၊၊ သားမောင်ကမ်းပေးတဲ့ ရေတစ်ခွက် တောင် ဆေးအမှတ်နဲ. မသောက်ခဲ့ဘူးတဲ့ အမေအို ၊၊ အသက်ကိုမျှင်မျှင်းရှု ရင်း ၊ ဘုရားကို မတ ၊ သား ကို တနေရှာသူ ၊၊ သားတစ်ယောက်အတွက် ပေးဆပ်ခဲ့ခြင်းများစွာ အတွက် သားမောင် ဆီကဘာကိုမှ ပြန်လည် မတောာင့်တခဲ့သူ ၊၊ ပေးဆပ်ခြင်းများစွာနဲ. ရင်းနှီးမှူပေါင်း များစွာကို ရက်ရက်ရောရော ဖြည့်စွမ်းပေးခဲ့သူ ၊၊ ဘာကိုမှ ပြန်ယူမသွားခဲ့တဲ့ ထာဝရ မေတ္တာရှင် ၊၊ နောက်ဆုံး အချိန်လေးမှာတော့ သားမောင်ဆရာဝန်ကြီးကို တွေ ချင်ရှာပေလိမ့်မည် ၊၊ သားတိုက်တဲ့ ဆေးတစ်ခွက်ထက် သားပေးလာမယ့် အကြင်နာလေးတစ်ချက် တော့ မျှော်လင့် ရှာပေလိမ်မည် ၊၊ ပုံမှန်ဝင်နေကျ လော်ကယ်ရထားကြီး က ဥသြသံ လေးသဲ့သဲ့ ကြားရချိန်မှာတော့ အမေအိုလည်း အသက်ကလေးမျှင်းမျှင်း ရှုရင်း ဖြေးဖြေးချင်း ရပ်ခဲ့လေ ပြီ ၊၊

လေးစားစွာဖြင့်
မင်းအိမ်ဖြူ

(၀ထ္ထုလည်းမဟုတ် ၊ ဇာတ်လမ်းလည်းမဟုတ် ၊ ခံစားချက် ရုပ်ရှင်လည်း မဟုတ်ပေသည့် တကယ့် ဖြစ်ရပ် မှတ်တမ်းတွေက ပိုရ်ျ ဇာတ်လမ်းဆန်ပါသည် ၊၊ )

Monday 24 May 2010

ချစ်တယ်

အပြင်တစ်နေရာကနေ လွမ်းနေရပေမယ့် ကိုယ့်ဒေသက ကောင်းသတင်းလေးတွေကိုသာ ကြားချင်နေမိတာပါ၊၊ ကိုယ့်ဆီမှာ ဘာဖြစ်ပြန်ပြီ ၊ ညာဖြစ်ပြန်ပြီ ဆိုတဲ့ သတင်းဆိုးတွေ ကြားရလေတိုင်း တကယ်ပါ .... ရင်ထဲမှာ မကောင်းဘူး ....... ကိုယ်တွေ လည်း ဘာတစ်ခုမှ မစွမ်းဆောင်ပေးနိုင်သလို ........ စည်းဝိုင်းအပြင်ကို ရောက်နေသလို ...... အားမလိုအားမရ အမြဲတမ်း ခံစားရတာ လူတိုင်းဖြစ်မှာပါ .........

အမေကျော်ပြီး ဒွေးတော်လွမ်းလို့ ပြည်ပတစ်နေရာမှာ ပျော်ပျော်ကြီး နေနေရတာ မဟုတ်ပါဘူးဆိုတာ ကို မြန်မာ့ အသံက လူတွေကို သိစေချင်ပါတယ် ......... ဟိုလူကြီးလည်း သိစေချင်ပါတယ် ........ ကိုယ့်မြေကိုယ့် ရွာ ကိုယ်ဌာနေမှာ လူချင်းတူတူ သူချင်းမျှမျှ တန်းတူအခွင့်အရေးတွေ မရလို့ ၊ ရှာဖွေ စားသောက် ၀မ်းတစ်ရေး အတွက် ၊ သွားလာနေထိုင် အိမ်တစ်လုံးအတွက် ချစ်တဲ့ မိသားစုကို ထားခဲ့ပြီး နေ၇ရှာတယ်ဆိုတာ သူတို့တွေကို သိစေချင်စမ်းပါဘိ ...........

မုန်တိုင်းမွှေတုန်းကလည်း ပြည်ပကလူတွေ မသိချင်ယောင်မဆောင်ခဲ့ပါဘူး .......... ရေငတ်တော့လည်း မကြားချင်ယောင် မဆောင်ပါဘူး ......... အခု ဒီနေ့ မိးလောင်တော့လည်း အားလုံး စိတ်မကောင်းတွေ ဖြစ်နေ ကြတာပါပဲ .............

အလုပ်ကအပြန် ညည့်နက်လို့ တက်စီစီးရတဲ့အခါတိုင်း မင်းတို့တိုင်းပြည်က အရမ်းချမ်းသာတာပဲနော် ဆိုတဲ့ စကားကြားရလေတိုင်း ဘာသိဘာသာ မျက်ရည်ဝဲမိတာ ညတိုင်းပါပဲ ............ မင်းတို့တွေ တကယ်တော် တယ်နော်ဆိုတိုင်း ဘောင်းဘီ ၀တ်တွေလောက် မြန်မာပြည်မှာ ထမင်းမ၀ခဲ့တာ ရင်နာတာပါပဲ ........... ခုချိန်ထိ ကိုယ့်တိုင်းပြည်က ကိုယ်တွေကို မလိုအပ်ပေမယ့် ........... ကိုယ်တွေက အဝေးတစ်မြေက လွမ်း နေကြဆဲပါ ........... တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ငါ့တို့ အိမ်ပြန်ကြမယ်လို့ ဘာသိဘာသာ တီးတိုး အားပေးရင်း မာန်တင်းနေကြဆဲပါ .................... သို့သော် ဘယ်နေ့မှာလဲ .................. မင်းတို့ ဒီနိုင်ငံသား ခံမှာလား လို့မေးတိုင်း ဟင့်အင်း အချိန်တန်ရင် အိမ်ပြန်မယ် .... ငါ့တို့တိုင်းပြည်မှာပဲ နေချင်တယ်လို့ မတုံ့မဆိုင်း ပြန်ပြောမိပေမယ့် ငါတို့ကိုရော ငါတို့ တိုင်းပြည်က လိုအပ်ပါသေးရဲ့လား ............ လက်ခံချင်ပါသေးရဲ့လား ... ဘာပဲဖြစ်ဖြစ် ကိုယ့်ပြည်ကိုယ့်ရွာ ကိုယ့်ဌာနေကိုတော့ အခုချိန်ထိ ချစ်တယ် ..........

Saturday 15 May 2010

ဟိုတစ်နေ့ကလိုပဲ

တကယ်တော့ ကြာခဲ့ပြီ ......... နှစ်ပေါင်းတောင် ၂၀ ကျော်ခဲ့ပြီ ............. အဲဒီကာလတုန်းက ကိုယ်က ခလေး သာသာ မူလတန်းကျောင်းသားပဲလား ရှိအုံးမယ် ....... အရာရာကို သိပ်မသိသေးသလို .. သိသလိုလို လည်း ရှိတဲ့ကာလ ၊၊ အစ်ကိုလတ်က ရန်ကုန်စီးပွားရေး တကသိုလ် ကျောင်းသား ....... သပိတ်သပိတ်ဆိုတော့ သူတို့တွေက လက်မှာ အနီပတ်တွေနဲ့ ......... မှတ်မိသေးတာက သူတို့ဟောတဲ့ နိုင်ငံရေးတရားကို သွားနား ထောင်ရတာတွေ နောက် အိမ်တွေကနေ ထမင်းထုပ်တွေ ပေးရတာတွေ ........... အဲဒီကာလတုန်းမှတ်မှတ် ယယရှိနေတာ .......... ငယ်စဉ်ကာလကမို့ ဘာတွေ ပြောသွားမှန်း မမှတ်မိပေမယ့် သေချာတာကတော့ မဆလ တစ်ပါတီ စနစ်ဆိုးကျိုးတွေ နဲ့ ပါတီစုံဒီမိုကရေစီ စနစ်ကို ဘယ်လို ချီတက်ရမယ် ဆိုတာတွေ ဖြစ်မှာပါ ...............
ဒီတစ်ခေါက် ပြန်တော့ တူတွေ နဲ့ စကားပြောဖြစ်တယ် ......... သူတို့ အမြင်က ကျွန်တော်တို့ အမြင်နဲ့ မတူတော့ ....... အင်းပေါ့လေ ကျွန်တော်တို့ ဆိုတာက မဆလ အပြုတ် နဲ့ စစ်ကောင်စီ တက်လာကာစ မှာ လူဖြစ်ရသူတွေ .......... သူတို့က တော့ အရေးအခင်းနောက်ပိုင်းမှ လူဖြစ်လာရသူတွေ ....... ဘာဖြစ်ဖြစ် အမြင်တော့ တူမှာ မဟုတ်တော့ ........ အသက်တွေ ကွာသလို ခေတ်ကလည်း ကွာပေသည်ကိုး...........ဘာပဲ ဖြစ်ဖြစ် အားလုံးကို အဆင်ပြေစေချင်သည် ........... ဒီနိုင်ငံမှာ စိတ်ညစ်ရလေတိုင်း မြန်မာပြည်ကြီးကို လွမ်းသည် ........... စိတ်တိုမိသည်( ကျေးဇူးရှင်ကြီးတွေကို )
တာဝန်ရှိသူတွေကိုလည်း သိစေချင်စမ်းတော့သည် ၊၊ မသိတာတော့ မဖြစ်နိုင် ၊၊ ချော့ပြောလို့လည်း မရတော့ ခြောက်ပြလို့လည်း မကြောက်တော့ .... တကယ်ကို ဘုန်းကြီးတဆေတွေ ........... တန်ဖိုးရှိတဲ့ ကာလတွေကို အခန်းငယ်တည်းမှာ စတေးဖြစ်ရရှာတဲ့ ၂၀ နှစ် နီးပါး ကုန်ဆုံးသွားရတဲ့ သူ့အတွက်လည်း စိတ်မကောင်း ဒေါသ ထွက်ရသည် ............ မတရားတာတွေ့ရင် မတရားဘူးပြောပါ............ တက်နိုင်တဲ့ဖက်က ပါဝင် ကြစမ်းပါတဲ့ အများအတွက် သူ့ဘ၀ကို စတေးပေးထားပေမယ့် ငါတို့ကတော့ ငါ့တို့အတွက်တောင် ဘာမှ မစွမ်းဆောင် နိုင် ကြတော့ ဘူး .............. ကိုယ့်ကိုကိုယ်လည်း ရင် နာတယ် ..............
မင်းတို့မြင်စေချင်စမ်းတယ် ..........

Wednesday 12 May 2010

အဖြေမတူနိုင်သော ဘ၀ပုစ္ဆာ

" မီမီ နင့်ရဲ့ လုပ်ရပ်တွေ ကဘာတွေလဲ ၊ နင်ဘယ်လမ်းကြောင်းကို ဦးတည်နေတယ်လို့ ထင်လို့လဲ ၊၊ သူငယ်ချင်းတစ်ယောက်အနေနဲ့ ငါ သိပ်တော့ မပြောချင်ဘူးဟာ ဒါပေမယ့် "
ကျွန်တော့်စကား တောင် မဆုံးလိုက်ရပါဘူး ၊
မီမီဆီက " ဟင်းဟင်း မီမီဘာလုပ်နေတယ်ဆိုတာ ကိုမင်းသစ် သိပါတယ်လေ ၊ ကိုမင်းသစ် တစ်ယောက် ကတောင် နားမလည်ဘူးဆိုရင်တော့ ခု ကုမ္မဏီမှာ မီမီကို ပြောနေတဲံ လူတွေ အားလုံးကို မီ အပြစ်မတင်တော့ဘူး ကိုမင်းသစ် " နာကျင်ကျေကွဲနေတဲ့ မီမီရဲ့စကားလုံးတွေက နာကျည်း မှုနဲ့ ပြည့်နှက်နေပါ
တယ် ၊၊
တစ်လောကလုံးက မှားတယ်ဆိုရင်တောင် မပြင်တော့ဘူးတဲ့ဆုံးဖြတ်ချက် ကို ချပြီးတဲ့သူတစ်ယောက်လို မီမီဟာ အရာရာကို ရင်ဆိုင်ဖို့ ပြတ်သားဖို့ အသင့်ဖြစ်နေတဲ့ ပုံပါပဲ ၊၊ မီမီကကျွန်တော့် စားပွဲရဲ့ ဘေးကပ်ရပ်စားပွဲမှာ ထိုင်ပြီး AutoCad ဆွဲနေတာပါ ၊၊ ကျွန်တော်ကတော့ ဒီနေ့ညနေ အိမ်တစ်လုံးအတွက် Estimate ပေးဖို့ ချိန်းထားလို့ တွက်နေတာပါ ၊၊ ကျွန်တော်တို့ ကုမ္မဏီမှာ ကဒီအချိန်ပဲ လူရှင်းပြီး စကားပြောလို့ရတာပါ ၊၊ ၀န်ထမ်းအများစုက ၁၁ နာရီခွဲ ကနေ ၁၂ နာရီအတွင်းဆို အများစုက Dining Room ထဲကိုရောက်နေပါပြီ ၊၊ ကျွန်တော်တို့ကတော့ အလုပ်ရှိရင်ရှိသလို ၊ အားချင်းပေးစရာ ရှိရင် ပြီးမှ ပဲ စားလေ့ရှိပါတယ် ၊၊ နောက်တစ်ခုကတော့ မီမီ အနေနဲ့ က ခုတလော အခြားသူတွေကို မဆုံချင်တာ လည်း ပါမှာပါ လေ၊၊
" နင်စဉ်းစားပါအုံးမီမီ ရယ် ၊ အရာရာ ဟာ သတိထားပြီး ဆုးံဖြတ်ရမှာပါ ၊၊ ပြင်လို့ ရပါသေးတယ် ဟာ ၊၊ နောက်ပြီး မီမီကိုမေးမယ်နော် လောကမှာ အရေး ကြီးဆုံးက ဘာလဲ " ဆိုပြီး ကျွန်တော်က ဖျောင်းဖျရင်း မေးတော့ မီမီကတစ်ချက်လှည့်ပြီး ကျွန်တော့်မျက်နှာကို ထီမထင်တဲ့ မျက်နှာနဲ့ ကြည့်ရင်းပြောလိုက်တာ ကတော့ " ငွေပေါ့ ကိုမင်းသစ်ရဲ့ အဲဒါ မီမှားလား ၊ ဟင်းဟင်း " ဆိုပြီး ပြန်လှည့်ပြီး ပုံဆက်ဆွဲနေပါတယ် ၊၊ ကျွန်တော့်မှာသာ လက်ထဲက Calculator နဲ့ ဘောပင်ကို ချရင်း " မီမီ နင်မှားနေပြီ နင်အရမ်းကို မှားနေပြီ သိလားသူငယ်ချင်း နင် နင် " ဆိုပြီး ပျာပျာသလဲ ပြောနေမိ တားနေမိပါတယ် ၊၊
မီမီ နားလည်းလက်ခံအောင် ပြောဖို့ ကျွန်တော့်မှာ စကားလုံး မရှိတော့ပါဘူး ၊၊ မီမီဆိုတဲ့ သူငယ်ချင်း နားလည်လက်ခံအောင် ကျွန်တော် ဘယ်လို စကားလုံးတွေ ကို အသုံးပြုရပါမလဲ ၊၊ " ကိုမင်းသစ်က မီမီရဲ့ အကြောင်းကို အသိဆုံးပါနော် ၊ ကိုမင်းသစ်စဉ်းစားကြည့်ပါ ၊၊ မီမီ ဒီလိုမလုပ်သင့်ဘူး ဆိုတာ ပညာတက်မိန်းမတစ်ယောက်အနေနဲ့ သိပါတယ် ၊၊ ဒါပေမယ့် မီမီမှာ ရွေးစရာလမ်းမရှိဘူး ကိုမင်းသစ် ရေ ၊၊ မီမီချမ်းသာချင်တယ် ၊ ပွင့်ပွင့်လင်းလင်းပဲ ဒီခေတ်မှာ မိန်းမတစ်ယောက် မြန်မြန်ချမ်းသာဖို့ နည်းလမ်း တစ်ခုပဲ ရှိတယ် ၊၊ ဒါဟာ မီမီ ဘ၀အတွက် အပြောင်းအလဲတစ်ခုပါ မီမီ မငြင်းဆန်နိုင်တော့ ပါဘူး ကိုမင်းသစ် ရယ် "
နှူတ်ခမ်းနှစ်လွာကို တင်းတင်းစေ့ပြီး အံကြိတ်ပြောနေတဲ့ မီမီရဲ့ မျက်ဝန်း မှာ မျက်ရည်တွေ ဝေ့သီလို့ပါလား ၊၊ ဒါဟာ မီမီ ငိုတာမဟုတ်ပါဘူး ၊၊ မီမီဆိုတဲ့ မိန်းမတစ်ယောက်ဟာ ဘယ်တော့မှ ငိုမယ့်မိန်းမတစ်ယောက် မဟုတ် ဘူးဆိုတာ ကျွန်တော်သိတာပေါ့ ၊၊ မီမီဆိုတဲ့ မိန်းမ ဟာ လိုချင်တာကို ရအောင်ယူတတ်တဲ့သူတစ်ယောက်ပါ ၊၊ အရာရာကို လွယ်လွယ် အရှုံးမပေးတက်တဲ့သူတစ်ယောက်ပါ ၊၊မကျေနပ်တဲ့သူတွေကို ရိုက်ဖို့ လက်ကိုင်တုတ် ကောင်းကောင်းရထားတဲ့သူတစ်ယောက်လို အောင် နိုင်တဲ့ အပြုံးနဲ့ မီမီဆက်ပြောတာက " ပြောချင်တာ တွေ ပြောကြပါစေ ကိုမင်းသစ်၇ယ် ၊ ခုချိန်မှာ မီမီ ကိုသူတို့ ပြောနေကြပေမယ့် တစ်ချိနှ်မှာ ပွဲပြီးသွားတဲ့ အချိန်မှာ မီမီဟာ သူတို့ရဲ့ ဆရာကတော်ပါ ၊၊ " ဆိုပြီး အောင်နိုင်သူတစ်ယောက်လို ကြုံးဝါးနေပေမယ့် မီမီရဲ့ အသံမှာ စိတ် ပျက်အားငယ်မှုတွေ အပြည့် ပါတယ် ဆိုတာ ကျွန်တော်တို့ နှစ်ယောက်လုံး သိနေကြပါတယ် ၊၊
မီမီဆိုတာ ကျွန်တော့်ရဲ့ လုပ်ဖေါ်ကိုင်ဖက်တစ်ယောက်ဖြစ်သလို ၊ တစ်ကျောင်းတည်း ဆင်းတဲ့ ကျောင်းနေဖက် လို့လည်းပြောလို့ ရပါမယ် ၊၊ နောက် ဒီကုမ္မဏီမှာ လည်း မီမီကို နားလည်ပေးနိုင်သူရယ်လို့ သူရင်ဖွင့်လို့ ရတာ ကျွန်တော်ပဲ ရှိတာဆိုတော့ ကျွန်တော်တို့ နှစ်ယောက် ကပိုပြီး ရင်နှီးပါတယ် ၊၊ ရွယ်တူလည်းဖြစ်သလို တစ်ယောက် အကြောင်းတစ်ယောက်လည်း ရင်ဖွင့်နေကြဆိုတော့ နားလည်ကြပါတယ် ၊၊ ကျွန်တော်ကလည်း ကျွန်တော့်ကောင်မလေးအကြောင်း ရင်ဖွင့်တက်သလို သူကလည်းသူ့ဘ၀အကြောင်းကို ရင်ဖွင့်တက်ပါတယ် ၊၊
အဲဒီအချိန်တုန်းက ကျွန်တော့်ကောင်မလေးကလည်း နိုင်ငံခြားမှာ ကျောင်းတက်နေတဲ့အချိန် ၊ ဆိုတော့ သူ့ကိုပဲ အနီးကပ်သူငယ်ချင်းအဖြစ် ရင်ဖွင့်ရပါတယ် ၊၊ မီမီမှာ အရင်က နန္ဒဆိုတဲ့ ချစ်သူကောင်လေး တစ်ယောက်ရှိပါတယ် ၊၊ ကျွန်တော်တို့နဲ သက်တူရွယ်တူပါပဲ ၊၊ အဝေးသင်နဲ့ ဘွဲ့ရပြီး နိုင်ငံခြားထွက်ဖို့ တက်လမ်းရှာကျိုးစားနေတဲ့ လူငယ်တစ်ယောက်ပါပဲ ၊၊ မိဘများကလည်း ပြေလည်ပြည့်စုံပါတယ် ၊၊ အဲဒီအချိန်တုန်းက နန္ဒက အင်္ဂလန်မှာ ကျောင်းသွားတက်ဖို့ ကြိုးစားနေတဲ့ ကာလပေါ့ ၊၊ အရပ်မြင့်မြင့် အသားဖြူဖြူ နဲ့ စတိုင်ကျကျနေတက်တဲ့ သူတစ်ယောက်ပါ ၊၊ မီမီနဲ့လည်း အင်မတန်မှ ရှေ့သွား နောက်လိုက်ညီပါတယ် ၊၊ ဒါပေမယ့် အင်ဂျင်နီယာဖြစ်တဲ့ မီမီနဲ့ သာမာန်ဘွဲ့ရတစ်ယောက်ဖြစ်တဲ့ နန္ဒ တို့ နှစ်ယောက်က ဘ၀ ချဉ်းကပ်ပုံချင်း တခါတခါ တော်တော်ကို ကွဲလွဲကြပါတယ် ၊၊ နန္ဒ ဟာ ပြည့်စုံတဲ့ မိသားစု ကလာသလို ဘ၀ကို ပျော်ရွှင်အေးချမ်းစွာ ဖြတ်သန်းခဲ့ရပေမယ့် မီမီ အနေနဲ့တော့ ဒီနေ့ ဒီအချိန်ရောက် အောင် တော်တော်ကို ကြိုးစားရုန်းကန်တည်ဆောက်ခဲ့၇ပါတယ် ၊၊ ဒါတွေဟာ မီမီနဲ့ နန္ဒ ဆိုတဲ့ ချစ်သူနှစ်ယောက်ကို တစ်နေရာဆီ တစ်လမ်းဆီပို့လိုက်တာပါပဲ ၊၊ နောက်တစ်ခုကတော့ နန္ဒ က မီမီကို သူ့မိသားစု ဘ၀ထဲကနေ ဆွဲထုတ်ဖို့ ကြိုးစားသလို ၊ မီမီအတွက်လည်း နန္ဒဟာ လှေခါးထစ်တစ်ခု မဟုတ်တာသေချာပါတယ် ၊၊
မီမီဖြတ်သန်းနေရတဲ့ ဘ၀ဟာ ခါးသည်းပါတယ် ကိုမင်းသစ်ရယ် ၊ မီမီလေ ရုန်းကန်နေရတာ အရမ်းပင်ပန်းတာပဲ ၊ တခါတလေတော့လည်း ရွယ်တူသူငယ်ချင်း တွေ ကိုကြည့်ပြီး ကိုယ့်ဘ၀ကို သက်တောင့်သက်သာလေး ဖြတ်သန်းချင်မိတယ် ၊၊ မီမီရဲ့ ဘ၀ မီမီရဲ့ မိသားစု ဘ၀ကိုပြောင်းလဲစေမယ့် ဒီအခွင့်အရေးကို လက်မလွတ်ချင်ဘူး ကိုမင်းသစ် နောက် မီမီ သူများတွေလို မဟာဘွဲ့ကို စင်ကာပူမှာ သွားယူချင်သေးတယ် ” ဆိုပြီးရင်ဖွင့် လာတဲ့ မီမီကို့ အခြေအနေအားလုံး သိနေသူတစ်ယောက်အဖြစ် နားလည်စာနာပေးလို့ ရပေမယ့် ဘ၀တစ်ခုကို အရင်အနှီးအဖြစ် တည်ဆောက်မယ့် မီမီကိုတော့ စိုးရိမ်မိတာ အမှန်ပါပဲ ၊၊ မီမီဟာ ငွေကြေးဓန မပြည့်စုံပေမယ့် အရင်ဘ၀က ကုသိုလ်ကောင်းခဲ့လေတော့ က်ျထ္တိရူပံ ဓနံ ဆိုတဲ့အတိုင်း အသားဖြူဖြူ အရပ်မြင့်မြင့် ပိန်ပိန် သွယ်သွယ်လေးပါ ၊၊ မျက်နှာချိုပြီး ဟန်ဆောင်ထားတဲ့ မျက်လုံးတွေကလွဲရင် တကယ့်ကို ကလေးတစ်ယောက်လို ဖြူစင်ပြီး ချစ်စရာကောင်းတဲ့ကျွန်တော့် သူငယ်ချင်းမလေးပါ ၊၊
“ အခုအားလုံးက မီမီကိုပြောနေကြတယ်လေ ၊ မီမီသိပါတယ် ဒါပေမယ့် မီမီ ဖောက်ပြန်တာမှ မဟုတ်တာ ကိုမင်းသစ် စဉ်းစားကြည့်လေ ၊ ဦးမိုးမြင့်ယံမှာ အိမ်ထောင် မရှိဘူး နောက်ဒီဇာတ်လမ်းကို မီမီ ဘက်ကစတင်ခဲ့တယ် ဖန်တီးခဲ့တယ်လို့ စွပ်စွဲ မယ် ဆိုရင်တောင် နှစ်ဦးသဘောတူပါနော် ၊၊လက်ခုပ်ဆိုတာ တစ်ဖက်တည်းတီးလို့ မမြည်ဘူး လေ ဟုတ်တယ် မဟုတ်လား ဟင် ” ဆိုပြီး မခံချင်စိတ်နဲ့မေးလာပေမယ့် မီမီကိုယ်တိုင် လိပ်ပြာမလုံဘူး ဆိုတာ သိသာပါတယ် ၊၊ မမှားဘူး မမှားဘူး လို့ ဟစ်ကျွေးနေရပေမယ့် မမှန်ဘူး ဆိုတာ သိနေတဲ့ မီမီကိုသနားမိပါတယ် ၊၊ ဒါပေမယ့်ကျွန်တော်ကိုယ်တိုင်လည်း ဘယ်လိုမှ ပြောမထွက်ခဲ့ပါဘူး ၊၊ “ အသက်လည်းကြီးပြီး ဥပဓိရုပ်မရှိတဲ့ ဦးမိုးကို ဘာ့ကြောင့်ချဉ်းကပ်တယ်ဆိုတာ အရှင်း ကြီးပါ အရှက်မရှိတဲ့ မိန်းမ ၊ ဒီဘက်ကိုပိုင်ပြီဆိုတာနဲ့ အရင်ကောင်လေးကိုဖြတ်ပစ်တယ် သနားစရာလေး ပါဟယ် ဟိုက ချောချောလေး ရယ် ကောင်လေးက ” ဆိုတာမျိုးတွေ “ ဒီမိန်းမ ဒါမျိုးလုပ်စားနေတာ ဖြစ်ရမယ် ၊ အရှက်မရှိဘူးနော် အမလေးဟယ် ပြောနေတာများ ချွဲပစ်နေတာပဲ ” ဆိုတဲ့ အပုပ်ချသံတွေ “ ကိုယ့်ရုပ် ကိုယ်ရည် မှ အားမနာဟယ် အဖေလောက်ကြီးကိုများ ” ဆိုတဲ့ ၀န်တို သံတွေ ရယ်ကို အမြဲကြား နေရတာက ကြားလူ ကျွန်တော်ပါ ၊၊ ဒါတွေ ကို မီမီလည်း သိနေတာပါပဲ ၊၊ ကျွန်တော် ဘာမှ ပြန်ပြောပြစ၇ာမလိုပါဘူး ၊၊ လူတွေ ဆိုတာလည်း ခက်ပါတယ် ၊၊ အခုတော့ ပိုပြီး ကျယ်ကျယ်လောင်လောင် အသံတွေ ထွက်လာရတာပေါ့ ၊၊ သူတို့ပြောတာတွေက ဟုတ်တာတွေရော မဟုတ်တာတွေ ပါ စုံလို့ပါပဲ ၊၊ ကျွန်တော်နဲ့တောင်မှ သမုတ်ချင်သေး ရဲ့ ၊၊ ဒါပေမယ့် ကိုယ့်အကြောင်းကိုယ်သာသိတဲ့ ကျွန်တော်တို့ အတွက်တော့ တခါတခါ သူတို့ ကဒီလိုပြောရင် ရယ်စရာ ဟာသတစ်ခုလိုပဲ လွတ်လပ်ပေါ့ပါး ရယ်မောနေမိကြရဲ့ ၊၊
“ဒီအသံတွေကို လျစ်လျူရှုပြီး မီမီဘ၀အတွက် မိသားစု ဘ၀အတွက် စွတ်မှိတ်လိုက်တာ ဟာ တန်ရဲ့လားမီမီ ရယ် ” လို့ မမေးရက်ခဲ့တော့ပါဘူး ၊၊ ကျွန်တော်သိနေတဲ့ အဖြေအတွက် မီမီကိုမေးခွန်းမထုတ် ရက်တော့ပါဘူး ၊၊ အရာအားလုံးဟာ ကံတရားအတိုင်းပေါ့လေ၊၊ ၀ဠ်ကြွေးတွေ မကုန်သရွေ့တော့ ဆပ်နေကြရအုံမှာပါလေ၊၊ ဒါတွေ အားလုံးဟာ တကယ်တော့ ၀ဠ်ကြွေးတွေပါပဲ ၊၊ ဒါပေမယ့် မီမီကို တစ်ခုတော့ မှာလိုက် ချင်မိပါသေးတယ် ၊၊
လောကမှာ ငွေဟာ ထိုက်သင့်သလောက် အရေးပါပါတယ် ဒါပေမယ့် ကိုးကွယ်ရာတစ် ခုတော့ မဟုတ်ပါဘူးမီမီ ၊၊ ကိုယ့်ဘ၀ရဲ့ ပျော်ရွှင်မှုတွေ ၊ ဆန္ဒတွေ ၊ လွတ်လပ်ခွင့်တွေ ၊ ဂုဏ်သိကာတွေ အဲဒါတွေကို ရင်းနှီးလဲလှယ်ပြီး ရလာတဲ့ ငွေတွေဟာ တကယ်ရော တန်ရဲ့လား ၊၊ ကိုယ်ပေးဆပ်လိုက်ရတာတွေနဲ့ ပြန်ရလိုက်တဲ့ အရာတန်ပါရဲ့လား ” ဒါပေမယ့် ဒီအချိန်မှာ မီမီကို ဒီမေးခွန်းတွေ မမေးပါဘူး ၊၊ နောက်ထပ်ဆယ်စုနှစ် နှစ်ခုလောက် ကျော်လွန်ဖြတ်သန်းပြီးတဲ့ အချိန်မှာ ပြန်တွေ့ဖြစ်ခဲ့ကြရင် မေးဖြစ်မှာပါ ၊၊ အဲဒီအချိန်ဆိုရင် ဒေါ်မီမီဆိုတဲ့ အမျိုးသမီးကြီးရဲ့ အဖြေကဘာများဖြစ်လေမလဲနော် ၊၊
စေတနာရင်းဖြင့်
မင်းအိမ်ဖြူ
ဝန်ခံချက် ၊၊ ၊၊ ပိုစ့်အဟောင်းလေးပါ ၊၊ ကျွန်တော် ကိုယ်တိုင် ကြိုက်လို့ ပြန်တင်မိပါတယ် ၊၊ စာတွေ ဆက်တိုက် ရေးဖြစ်မယ် ထင်ပါတယ် ၊၊

မငယ်တော့တဲ့ အသက်တွေ

တကယ်ပါ ၊၊ ကိုယ့်ကိုကိုယ်တော့ ဘယ်တော့မှာ ကြီးလှပြီလို့ မထင်မိဘူး ၊၊ အခုချိန်ထိ လှုပ်ရှားတုန်း ရုန်းကန် တုန်း ပြေးလွားနေတုန်း ၊၊ သူငယ်ချင်းတွေ နဲ့ ဆုံဖြစ်တဲ့ အခါမှ ပြောဖြစ်ကြတာက ကိုယ်တွေ မေ့နေတဲ့ ကိုယ်တွေ ရဲ့ လက်ရှိအသက်တွေ ၊၊ တကယ်မငယ်တော့ပြီ ၊၊ ၄၀ ကျော် ၅ နှစ်တွင်း မဟုတ်သေးပေမယ့် ကိုယ်တွေ ငယ်ငယ်တုန်းက ကြီးလှပြိလို ထင်ခဲ့တဲ့ အဲဒီလူကြီးတွေရဲ့ အသက်တွေ ကိုယ်စီကိုယ်စီ ၊၊ အိမ်ထောင် တာဝန်တွေ မရှိကြသေးတော့ လည်း အသက်တွေကို ပိုမေ့နေကြပြီ ထင်သည် ၊၊ အင်း ကိုယ်တွေ အောက်ကို ပြန်ကြည့်လိုက်တော့မှ ကိုယ့် တူတွေ တူမတွေကို အထက်တန်းပြီးလို့ ကောလိပ်တွေ တကသိုလ်တွေ ရောက်နေ ကြပြိ၊၊ သူတို့တောင်မှ မကြာခင် ကြင်ယာစုံတော့မည် ၊၊ အော် အင်း တကယ် မငယ်တော့ပါလား ၊၊ တခါတခါ အခြားသူတွေ မေးတဲ့အခါ ကိုယ့်ရဲ့ အမှန်တကယ်အသက်ကို မေ့လျော့လို့တောင် နေမိသည် ၊၊ မလိမ်ညာ ချင်ပါဘူး ဒါပေမယ့် တကယ် ကိုတခါတလေ မေ့လျော့လို့ ၂၀ ကျော် သာသာ ထင်မှတ်နေသေးတာ ၊၊ အခုတလော အသက်တွေ အကြောင်း တိုက်ဆိုင်နေမိသည် ၊၊ အဲဒီသူငယ်ချင်းတွေနဲ့ တစ်ညစုံဖြစ်သည် ၊၊ ပြောဖြစ်ကြတာက မငယ်တော့တဲ့ အသက်တွေ အကြောင်းပေါ့ ...............
မင်းအိမ်ဖြူ

Tuesday 11 May 2010

လွမ်း


တကယ်တော့ ကျွန်တော် ကိုယ်တိုင်လည်း မပြတ်သားနိုင်တော့ဘူးထင်ပါတယ် ၊၊ ဘာလုပ်ရပါ့မလဲ လို့ ဘာသာ အကြိမ်ကြိမ် မေးမိတာလည်း ဘယ်နှစ်ကြိမ်မြောက်လည်း မသိတော့ ပြီ ၊၊ ကျွန်တော် ဖောက်ပြန်နေမိပြီလား ၊၊ ဟင့်အင်း ကျွန်တော် မဖောက်ပြန်ပါဘူး ၊၊ ဖောက်ပြန်တာကို ကျွန်တော် အင်မတန် မုန်းသည် ၊၊ ကျွန်တော် ညိုလေး အတွက် ဘယ်လောက်တောင် စောင့်ထိမ်းခဲ့လဲ ၊၊ ကိုယ်တိုင်သာအသိဆုံး ၊၊ သူငယ်ချင်းတွေ သာအသိဆုံး ၊၊ သူ့နာမည် ကို နှုတ်ကမချလို့ ဘေးကလူတွေတောင် အမြင်ကပ်ပေမယ့် ကျွန်တော် ဂရုမစိုက်ခဲ့ ၊၊ ကျွန်တော့် အတွက် ညိုလေးဆိုတာ ဘ၀ ၊ မရှိမဖြစ် ၊၊

တခါတလေ စံပါယ်နဲ့အတူတူ ထမင်းစားနေရပေမယ့် ကျွန်တော် ညိုလေးကို လွမ်းနေတာ ကျွန်တော်သာ အသိဆုံးပါ ၊၊ တခါတလေ စံပါယ်နဲ့ အတူ ရေကူးကန်မှာ ရေအတူကူး နေရပေမယ့် ညိုလေးကို လွမ်းနေတာ ကျွန်တော် သာ အသိဆုံးပါ ၊၊ စံပါယ်လည်း အသိဆုံးပါ ၊၊ ကျွန်တော့် ပတ်ဝန်းကျင်မှာ ရှိနေတဲ့ အရာအားလုံး ဟာ ညိုလေးရဲ့ အရိပ်ပါ ၊၊ စံပါယ်ချက်ကျွေးတဲ့ မုန့်ဟင်းခါး စားနေရပေမယ့် ကျွန်တော် ညိုလေးကို ချစ် နေဆဲပါ ၊၊ အခြေအနေအရ ညိုလေးနဲ့ ခွဲနေရပေမယ့် ကျွုန်တော် ညိုလေးကို ပဲ အသက်မက ချစ်နေ လွမ်းနေဆဲပါ ၊၊ မြန်မာပြည်မှာ ပျော်တဲ့ ညိုလေး ကြောင့် အကြိမ်ကြိမ် ခေါ်ပေမယ့် ခုချိန်ထိ ရောက်မလာခဲ့ ပေမယ့် မျှော်လင့်နေမိဆဲ ၊၊ စံပါယ်ကတော့ ကျောင်းအတူတူ လာတက်တဲ့ သူချင်းမို့ ပိုတွဲဖြစ်ခဲ့သည် ၊၊ ကျွန်တော့်အပေါ်အင်မတန်မှ နားလည် နိုင်တဲ့ စံပါယ့်ကိုတော့ သံယောဇဉ် ပိုမိသည် ၊၊ နှစ်ယောက်လုံး ကျောင်းပြီးလို့ အလုပ်ရတော့ ပိုတွဲဖြစ်လာသည် ၊၊ ဒါပေမယ့် ကျွန်တော် ညိုလေးကို ချစ်ပါသည် ၊၊ ကျွန်တော် ချစ်ဆဲ လွမ်းဆဲ ဆိုတာလည်း အများသိအောင် ပြောနေဆဲပါ ၊၊

ဒီနေ့တော့ စံပါယ် ငိုနေရပြီ ၊၊ မကြာခင် ညိုလေး လိုက်လာတော့မယ်တဲ့ ၊၊

ငိုနေတဲ့ စံပါယ့်ကို ချော့နေရတဲ့ ကျွန်တော် ၊၊ ဘာသာ လိပ်ပြာမလုံပေမယ့် စံပါယ့်ကို တစ်ယောက်တည်း ထားခဲ့ဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့ ၊၊ ကျွန်တော့်နှလုံးသားက စံပါယ့် ကို ထားရစ်ခဲ့ဖို့ လက်မခံတော့ ၊၊ ဒါဆို ကျွန်တော် သူ့ကို ချစ်နေပြီလား ၊၊ မဟုတ်နိုင်ဘူး ၊၊ ကျွန်တော်ချစ်တာ ညိုလေး ပဲ ၊၊ မြန်မာပြည်မှာ ကျန်နေရစ်ခဲ့တဲ့ ညိုလေးပဲ ၊၊ ကျွန်တော် ညိုလေးကိုပဲ ချစ်တယ် ၊၊ သေချာတယ် ကျွန်တော် ညိုလေးကိုပဲ ချစ်တယ် ၊၊ ကျွန်တော့် ရင်ခွင်ထဲမှာ တစ်ရှိုက်ရှိုက် ငိုနေတဲ့ စံပါယ်ရဲ့ ခေါင်းလေးကိုပွတ်လို့ ချော့ရင်း တွေးနေမိတာက ကျွန်တော် ညိုလေးကို ချစ်တယ် ဆိုတာပါပဲ ၊၊ ညိုလေးဟာ အခြားတစ်ယောက်နဲ့ ကျွန်တော့်ကွယ်ရာမှာ ကျွန်တော် မသိအောင် ဖောက်ပြန်နေပေမယ့် ကျွန်တော် ညိုလေးကို ချစ်နေဆဲပါ ၊၊ ကျွန်တော် ဖောက်ပြန်တာကို မုန်းသည် ၊၊ သို့သော် ညိုလေးကို ချစ်သည် ၊၊ ကျွန်တော့် ရင်ခွင်ထဲမှာ တစ်သိမ့် သိမ့်ရှိုက်နေတဲ့ စံပါယ့်ကို ချော့ရင်း ၊ စံပါယ့် ကျောလေးကိုပွတ်သပ်ချော့ရင်း ကျွန်တော် ညိုလေး ကို လွမ်းပါသည် ၊၊

ကျွန်တော် ဘာလုပ်သင့်ပါသလဲ ၊၊ ကျွန်တော် ဘာလုပ်သင့်ပါသလဲ …….

Saturday 3 April 2010

နာရီလေးတစ်လုံး

ကျွန်တော့်ဘ၀မှာ အမြဲတမ်း ပတ်သွားမယ်လို့ ယူဆခဲ့ဖူးတဲ့ နာရီလေးတစ်လုံး ရှိခဲ့ဖူးပါတယ် ၊၊ နာရီလေးဟာ ကျွန်တော့်ကို ချစ်တယ် လို့ ထင်မှတ်ခဲ့ဖူးတယ် ၊၊ ကျွန်တော် မပတ်ချင်ခဲ့ရင်တောင် ကျွန်တော့်အပါးမှာ ရှိနေမှာပဲလို့ စိတ်ကူးယဉ်ခဲ့ဖူးပါတယ် ၊၊ ဒါပေမယ့် အခုတော့ အဲဒီ နာရီလေး ပျောက်သွား ခဲ့တာ နှစ်ပေါက်ခဲ့ပြီပေါ့ ၊၊ တခါတလေ ဖန်စီလေးတွေ ၀တ်ချင်တဲ့အခါ အဲဒီနာရီလေးကို တိတ်တိတ်လေး ခဏချွတ်ချင် ချွတ်တက်ခဲ့ပေမယ့် တစ်ဘ၀လုံး ပတ်သွားမယ့် နာရီလေးမို့ အမြတ်တနိုး တန်ဖိုးထားခဲ့တာ တော့ ကိုယ်တိုင်နဲ့ နာရီလေးသာ အသိဆုံးဖြစ်မှာပါ ၊၊

အဲဒီနာရီလေးကို တမ်းတမိနေဆဲ ……. တခါတခါ ယောင်ယောင် ပြီး ကြည့်မိနေဆဲ …………. ဒါပေမယ့် နာရီလေးကတော့ ကျွန်တော့်အပါးမှာ မရှိခဲ့တာ ကြာခဲ့ပြီ ……………..

နာရီမရှိတာ ကျွန်တော့်အတွက် အသားကျနေပေမယ့် အဖေတို့ အမေတို့အတွက်တော့ စိတ်စနောင့်စနင်း ဖြစ်စေနေခဲ့တယ်လေ ….. နာရီလေးတွေ တစ်လုံးပြီး တစ်လုံး ပြရင်း အလုပ်ရှုပ်နေရှာတဲ့ မိဘတွေကို သနား မိသား ….

ကိုယ်တိုင် စိတ်ထဲမှာ နှစ်နှစ်ကာကာ လိုချင်တပ်မက် မရှိတော့ရင် ဘယ်တော့ မှ နာရီ မပတ်တော့ဘူးလို့ ဆုံးဖြတ်ထားခဲ့တာ ……..

အခုတော့ နာရီလေးတစ်လုံး ……………

အဲဒါ ကိုယ့်နာရီလေးများလား ရယ်လို့…………………….

Tuesday 16 March 2010

ခါတလေ ( ထိပ်ဆုံးသို့)


တစ်တောင်ပေါ် တစ်တောင်ဆင့်
တောင်အမြင့် ပတ်ခြံရံတစ်တောင်ဆုံးပြန်တော့
တစ်လုံးကျန်ပြန်ပေသမို့ ဖန်ဖန်လေ အားအင်နှိုးလို့ရယ်
ကြိုးလျှောက်ရပြန် ၊၊

ခါတလေ
တကယ်ပန်းတာကြောင့်တော်ပါပြီ
ဆက်မလှမ်းချင်ဘုရပ်တန်းက ရပ်မယ်ကြံ
အမှန်တော့ ဖြစ်နိုင်မလား
စခဲ့မိဟာပေါ့ တစ်နေ့မှာ ဆုံးရာရောက်ပါလိမ့်
အားလျှော့ကာ ဆုတ်ချင်စမ်းပါနဲ့
စိတ်နွမ်းအသာဖြေအုံး ၊၊

မာလာငွေ ကန်ရေအေးရယ်နှင့်
ငှက်တေးကို အာရုံဆင်လို့မူတစ်သွင်
အားအင်သစ်လိုက်ပါ့ချစ်ဖွယ့်လူသား။ ၊၊

မှတ်စုလေးထဲမှာ အမြဲရှိနေတဲ့ ကဗျာလေးပါ ၊၊ စာအုပ်တစ်ခုခုထဲက ကူးထားခဲ့ဖူးတာ ၊၊ ကျောင်းပြီးကာစ ကတည်းက အလုပ် အကိုင် အဆင်မပြေလေတိုင်း နောက် ခုချိန်ထိ စိတ်ညစ်စိတ်ပျက်နဲ့ အားလုံးကို ထားပြီး ထွက်ပြေးချင်စိတ်ပေါက်မိတိုင်း ပြန်ရွတ်မိတယ် ၊၊ နောက် တစ်ပုဒ်ကတော့ ဆရာဇော်ဂျီရဲ့ ဗေဒါလမ်း ကဗျာလေး ပါ ပဲ ၊၊ ကဗျာလေးကိုထက် သီချင်းလေးကို စိတ်ညစ်မိတိုင်း ရွတ်မိတယ် ၊၊ ညိုပြာပြာ ..... လတာပြင် ခြေရင်း လှိုင်းတက်ရာ ဗေဒါတက် လှိုင်းသက်ရာဆင်း ................ ဆို အစချီတဲ့ ဒီသီချင်းလေးက အင်မတန်မှ အသက်ပါလှပါတယ် .............
တခါတခါ ထွက်ပြေးချင်းစိတ်တွေ ပေါက်မိပေမယ့် ကိုယ် ရွေးခဲ့တဲ့ လမ်းပေမို့ ဆုံးအောင်တော့ ဆက်လျှောက်ရ ပေအုံးမပေါ့လေ ............
ပျော်ရွှင်ကြပါစေ
မင်းအိမ်ဖြူ
“ ဗေဒါလမ်း ”
ညိုပြာပြာ
လတာပြင်ခြေရင်း
လှိုင်းတက်ရာ ဗေဒါတက်၊
လှိုင်းသက်ရာဆင်း။
ဆင်းရလဲ မသက်သာ။
အုန်းလက်ကြွေရေပေါလော၊
မျောစုန်လို့လာ အဆင်းနဲ့အလာ၊
ဗေဒါမ အထွေး။အုန်းလက်ကြွေ သူ့နံဘေး၊
ဆောင့်ခဲ့ရသေး။
ဆောင့်ခဲ့လဲ မသက်သာ
နောက်တချီ ဒီတလုံးက၊
ဖုံးလိုက်ပြန်ပါမြုပ်လေပေါ့ ပေါ်မလာ၊
မဗေဒါအလှတစ်လံကွာ လှိုင်းအကြွ၊
ပေါ်လိုက်ပြန်ရ
ပေါ်ပြန်လဲ မသက်သာချောင်းအဆွယ်
မြောင်းငယ်ထဲက၊ ဘဲထွက်လို့လာ
ဘဲအုပ်မှာ တရာနှစ်ရာ၊
ဗေဒါက တပင်ထဲ
အယက်အကန်ခံလို့
ဗေဒါပျံအံကိုခဲ၊
ပန်းပန်လျက်ဘဲ။
ဆရာဇော်ဂျီ (၁၉၀၇ – ၁၉၉၀)

Sunday 14 February 2010

ဘယ်မဆုံပန်း

" မဟုတ်သေးဘူး လေးကြည်ဖြူ ........... နင်ထွက်သွားမယ်. လမ်းမှာ ငါဟာ ဆူးညှောင့်  ခလုတ် တစ်ခု မဖြစ်စေ ရပါဘူး ......... နင်သွားချင်ရာသွားဖို. ခင်းပေးထားမယ်. ခြေနင်းပျဉ် ပါးပါးလေးရယ် ပါ ........... "
-------------------------------------
ကြည်ဖြူရေ ....... နင်ဘယ်ဆီမှာများ ရောက်နေမလဲနော် ၊ နင်ရှိနေမယ်. အရပ်ကို မသိခဲ့ဘူးဆိုရင်လည်း ကောင်းသားလား ခုများတော. နင်န.ဲငါန.ဲ ဘ၀ က နီးလျက်နဲ.ဝေး ၊ ကျွမ်းလျက်နဲ.ဆွေးနေရပါလားနော် ..... ငါလေ ဒီနေရာကို ပြန်ရောက်တိုင်း ၊ ရင်ထဲမှာ မချိအောင်ခံစားရတာ ကိုယ်တိုင်သာ သိပါတယ် ၊၊ မလာပဲလည်း မနေနိုင် တာလည်း တာဆီးလို.မရတဲ့ နင့်ကို ချစ်နေဆဲ ငါ့ရဲ အလွမ်းတွေ ကြောင်.ပေါ့ ၊၊ နင်ရဲ. သတင်းကောင်း တွေကြားရတိုင်း ၀မ်းသာဂုဏ်ယူမိပေမယ့် ၊ လွမ်းတဲ.စိတ်နဲ. မချိအောင်နာ တဲ့ ရင် နှစ်ခြမ်းက အလွမ်းတွေက ဗြမ်းဗြမ်းကွဲရော.ပေါ့ ၊၊ နင်က ငါ.ကိုမှာသတဲ့လေ " ပြုစု ပျိုးထောင်ခဲတဲ့ နင်.ရဲ.ကျေးဇူးတွေနဲ. ရရှိလာခဲ့တဲ့ အသိးအပွင်.တွေကို အခြား နင်မဟုတ်တဲ့ သူတစ်ယောက်ကို ပေးဆပ်နေရတာ ငါ ရင်အနာဆုံးပါတဲ့ " သြော် ခုချိန်ထိ ငါရင် နာ အောင် စကားတွေတက်နေဆဲပါလား မရွှေစာ ၊၊
နင်ရယ် ငါရယ် အတူရှိနေတဲ့ အချိန်လေးမှာ နင်စိတ် ချမ်းသာ တာကို မြင်ရရင် ကျေနပ်နေတဲ့ ငါက နင်လိုတာကို လုပ်ပေးဖို. ဆန္ဒ ဆိုတာက လွဲရင် ငါ.ရင်ထဲမှာ ဗလာပါ လေးကြည်ြ့ဖူ ရယ် ၊၊ " ငါရှိရာကို မလာနိုင်တဲ့ သူဟာ ငါ.ကို စော်ကားတာ မဟုတ်ဘူးလား တိုးမောင် " လို.နင်က တိုးမောင်ကို မေးတယ်လို . ငါ.ကို ပြန်ပြောပြတယ် ၊၊ သြော်မာနတွေ တံခွန်ထူလို. ၊ အောင်လံတွေ တလူလူ လွင်.နေဆဲ ပါလားရယ်လို. တွေးမိသေးတယ် မလေးရယ် ၊၊ ငါလေ နင်.ကို အသည်းနင်.အောင် ချစ်တယ် ၊၊ ဒါပေမယ်. နင်.ကို ရင်နာအောင်လည်း မုန်းတယ်သိလား .......... နင်ရဲ့ အဆင်ခြင်တရားကင်းတဲံ့ စကားလုံးတွေ အောက်မှာ ငါရဲ့. သိက္ခာတရားတွေ ဘာမှကုန်းကောက် စရာမ ရှိတော.ဘူး ၊၊ ဒါပေမယ်. ချစ်နေဆဲပါ မလေးရယ် ၊၊
နင့်ကို ချစ်တဲ့ အချစ်တွေက ဘာနဲတူလဲဆိုတော. ကန်တက် ကျောက်တက်တဲ့ ကလေးလေးကို ချစ်ရသလို ၊၊ ဆဲတက်ကာစ ကလေးသေးသေးလေးကို ချစ်ရသလို ၊၊ ဘာတွေဘယ်လိုပြောင်းပြောင်း ငါနင့်အပေါ်ထားတဲ့ မေတ္တာတွေ မပြောင်းလဲသေးတာ ငါ့ ဘာသာ အသိဆုံး ပါလေ၊၊ ဒီနေ.လေ ဘာကြောင့် မှန်းမသိဘူး နင်နဲ.ငါ အတူ အမြဲရှိနေခဲ့တဲ့ ပိတောက်ပင်ကြီး နားမှာ လာထိုင်နေမိတယ် ၊၊ အမေကတော. ငိုတယ်ကြည်ဖြူရယ် ၊၊ ထုံးစံအတိုင်း သူက ငါ နင်.ကို သတိယနေတယ် ထင်တိုင်းပေါ. ၊၊ ငါပြောပါတယ် ဟာ အားလုံး ဟာကံတရားပါလို. ၊၊ အမေ့ သား သူ.ကို သတိယနေတာမဟုတ်ဘူး ၊ သားရဲ့ဘ၀ ကို သားလွမ်း နေတာ ပါလို. ၊၊ သူသာ တကယ် ချစ်ရင် သားရဲ့ အပြစ် တွေက သူ.ရဲ့ ချစ်ခြင်းတွေ အောက်မှာ အပြစ်ကင်း ပျောက်သွား မှာပေါ. လို. ၊၊ ငါ့အမေက ရိုးသားပြီး ချစ်စရာကောင်းပါ တယ် ကြည်ဖြူရယ် ၊၊ ဒါပေမယ်. နင် လိုချင်တဲ့ ဂုဏ် သရေ ရှိတဲ့ ပညာတက် မိန်းမကြီးတော. မဟုတ်ဘူးနော် ၊၊
အဲဒီနှစ်က ငါ အတွက်ကံကြမ္မာဆိုး ၀င်တဲ့နှစ်ပဲ ၊၊ ငါတို.မိသားစု မှာ ငါဟာ သားကြီးတစ်ယောက် ၊၊ အငယ်တွေ ရှေ.ရေးကို အမေအိုကြီး တစ်ယောက်တည်း နဲ့. ငါ ဘယ်လိုထားခဲ့ရက်ပါ.မလဲ ၊၊ နင်ပြန်လာပြီး ငါ.ကိုခေါ်တော. အမေက ဘာမှမပြောဘူး ၊၊ သားသဘောပါတဲ့ ၊၊ ဒါပေမယ်.လေ အမေ ရယ် အဲဒီညက ငိုလိုက်တာ ဟယ် တည လုံး ပဲ ၊၊ငါပြန်မလာဘူး ထင်လို. ၊၊ ငါရှိနေတာကို အမေမသိဘူး ၊၊နောက် အငယ်တွေကို ပြောနေတာ ကြားတော့ ငါ.ရင်ထဲမှာ နင်.သွားတာပဲ ၊၊ " မင်းတို. အကိုကြီးက အမေတို.နဲ့ ဝေး ရာ ဟိုးအဝေးကြီးကို ထွက်သွားတော.မှာ ၊ ဒီရက်ပိုင်းမှာ ဘာမှ စိတ်ဆင်း ရဲစရာတွေ မပြောနဲ့နော် ၊ အမေ.သား စိတ်မဖြောင်.မှာ စိုးလို.တဲ့လေ " ငါလေ မုန်းလိုက်တာ ၊ ငါကိုယ်.ငါပေါ .၊၊ နင်ကိုတော. အပြစ်မမြင်ရက်ပါဘူး မလေးရယ် ၊၊ နင်က ငါတို. ဘ၀တွေကိုမှ မသိဘဲကိုး ၊၊ နင်ဖြတ်သန်းခဲ့ ရတဲ့နင့်ဘ၀က အဆင်ပြေတဲ့ အခြေတင့်တဲ့ ဘ၀ကိုး၊၊ ငါ.အမေ သနားစရာပါ မလေးရယ် ၊၊
နင်.ကို ငါဘယ်တုန်းကမှ မပြော ဘူးတဲ့ အကြောင်းလေးပေါ .၊၊ နင်မှတ်မိမလား ၊၊ ငါကို.ကားမောင်းတက်လားမေးတော. လေ၊၊ အမေ.ကို ပြန်ပြောပြတော . အမေက သားရယ် ဟုတ်သား ပဲ ငါ.သားက ကားမောင်းတက်ရမှာပေါ့ ၊ သွားပြီးသင်တန်းတက်နော် ဆိုပြီး သူရဲ့ နားကပ်လေးကို ငါမသိအောင် ပေါင် ပြီးပေးရှာတယ်လေ ၊၊ သူသိပ်မြတ်နိုးရှာတဲ့ တစ်ရံတည်းသော မြနားကပ်လေး ၊၊ ငါ.အမေဟာ နင်ကို သိပ် ချစ်သလို လေးစားနေဆဲပါ မလေးရယ် ၊၊ ဟိုတစ်နေ.က နင်တို.အိမ်က နင်တို.ရဲ မင်္ဂလာဆောင်ဖိတ်စာ လေး လာ ပို.သွား တယ်လေ၊၊ နင်.အမေ ကိုယ်တိုင် လေးလေး စားစား လာ ဖိတ်သွား တာ ပါ ၊၊ ပြောသွားပါ သေးတယ် ၊ မောင် မိုးရော ဘယ်တော. ယူမလဲ တဲ့ ၊၊ အခု လေးကြည်ဖြူ ကောင်လေး က လေးကြည်ဖြူကို အရမ်းချစ်သလို ၊ ပညာတက် ၊ ငွေရှာလည်းကောင်း ပါသတဲ့လေ၊၊ အမေက ၀မ်းသာ လို. နင်အတွက်လေ၊၊ နောက်ငါ.ကို ပြောသေးတယ် ၊၊ အလေး အတွက် ဂုဏ် ယူလိုက်ပါ သားရယ်တဲ့လေ၊၊ အမေတို.နဲ့သာ ရရင် ၊ ငါ.သားနဲ့သာဆို ဒီလောက် အဆင်ပြေမှာမဟုတ် ဘူးတဲ့လေ၊၊ မျက် ရည် စတွေ ဝေလို.ပေါ. ၊၊
အခုတော. နင်လည်း နင်.ဘ၀နဲ.နင် အခြေကျနေပြီ ဆိုတော. ၊၊ ငါဟိုတစ်နေ. က ကျောင်းကို ကြုံလို. ၀င် ခဲ့သေး တယ် ၊၊ နင်အရမ်းသဘောကျ တဲ. လက်ပံပင်ကြီးလည်း ဒီအတိုင်းပေါ. ၊၊ လက်ပံပွင်.တွေ လည်း ဝေ လို.ကွယ် ၊၊ ကျောင်းရှေ. က မလေးရှား ပိတောက်တွေ က ပွင့် နေလိုက်တာ မလေးရယ် ၊၊ ငါတို.နောက်ဆုံး ကျောင်းကြီး မှာ ဆုံဖြစ်တဲ့ နေ.က အတိုင်း ပဲ၊၊ နင်မင်္ဂလာဆောင် အတွက်များ ဂုဏ်ပြုကြလေ သလားလို. ၊၊ နင်ရယ် ငါရယ် အတူတူစိုက် ခဲ့ဘူးတဲ့ စွယ်တော် ပင်လေးက ထူးထူုး ခြား အပွင်လေးနှစ်ပွင်.တည်း ၊၊ တစ်ပွင်. က အဖြူ ၊ တစ်ပွင်.က ခရမ်းရောင်လေး ၊၊ အပင်လေးကို ခြံစည်းရိုးလေး ခတ်ပြီး စာလေးရေးထားတာက ဘယ်မဆုံပန်းတဲ့ ၊၊ ဘယ်သူကများ နာမည်ပေးထားပါလိမ်.နော် ၊၊ တို.များစိုက်ခဲ့ တယ်ဆိုတာာ သူတို.မှ မသိဘဲလေ ၊၊ နောက် ထူးထူး ခြားခြား အပင်တမျိုး တည်းက အရောင် နှစ်မျိုးနဲ့ ပန်းတွေပွင်.နေတာ ကိုး ၊၊ ဒီ ဘယ်မဆုံ ပန်းပင်လေးကို မောင်မိုး နဲ. လေးကြည်ဖြူ ဆိုတဲ့. ဘယ်တော.မှ မဆုံနိုင်တဲ့ ချစ်သူ နှစ်ဦး စိုက်ပျိုး ခဲ့ဘူးတယ် ဆိုတာတော. တိုများရဲ. ဘေးက လက်ခုပ်ပင်ကြီး လည်းသိမှာပဲ ၊၊ တို.များလျှောက်နေကြ ဘွဲနှင်းသ ဘင်လမ်းကြီး လည်းသိမှာပဲ ၊၊ နောက် စာသင်ဆောင်ဖြူဖြူ ကြီးတွေလည်း သိနေမှာပဲနော် ၊၊
နောက်တစ်ခေါက် ကျောင်းကြီးကို ပြန်လာဖြစ်ခဲ့ရင် ဘယ်မဆုံ ပန်းပင်လေးရယ် ၊ အဲဒီအပင်နား မှာနင်.ကို နေ.တိုင်းလွမ်းနေရှာတဲ့ မောင်မိုးဆိုတဲ့ ငါ.ဆီရယ်ကို တစ်ခေါက်လောက်ဖြစ်ဖြစ် လာကြည်.ခဲ့ပါလား လေးကြည်ဖြူ .. နင်.ကို အလွမ်းပြေ ကြည်.ရုံလေးသက်သက်ရယ် ပါ ......................... ပြီးတော. နင် မယုံတဲ့ ဘယ်မဆုံပန်းလေး လည်း ပြချင်ရုံပါ ..................
အလွမ်းများဖြင့်
မင်းအိမ်
ဝန်ခံချက် ဒီနေ့လေးကို အမှတ်တယအဖြစ် ပိုစ့်အဟောင်းလေးကို ပြန်တင်ပါသည် ၊၊ မအားလပ်ပေမယ့် လွမ်း လျက်ပါ မလေးကြည်ဖြူ ရယ် P:

Gong Xi Fa Chai !!!!


Tuesday 9 February 2010

ရွက်ကြွေ

အင်း ဒီလိုနဲ့ ဒီလိုနဲ့ပေါ့လေ ……….

အခုတလော ခဏခဏ ၀င် ကြည့်ဖြစ်နေတာကတော့ Facebook ပါပဲ ၊၊ သူငယ်ချင်းတွေ ဘာတွေ လုပ်နေလဲ ဆိုတာ သိရတယ် ၊၊ နောက် ကိုယ်ဝင်ကြည့်တာလည်း သူလည်းမသိဘူးဆိုတော့ လွတ်လပ်တယ် ၊၊ ဒီ Facebook ဆိုတာကို လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက်ကတည်း သူငယ်ချင်းတစ်ယောက် သုံးနေလို့ သူက ညွန်းခဲ့ပေမယ့် မ၀င်ဖြစ်ခဲ့ဘူး ၊ နောက်တစ်ခုက ကိုယ့်အပေါင်းအသင်းတွေက Friendster ပဲ သုံးကြတာ ဆိုတော့ အဲဒီကိုပဲ ၀င်ဖြစ်တယ် ၊၊ ဒါပေမယ့် friendster မှာ ဆိုးတာတစ်ခုက ကိုယ်ဝင်ကြည့် ရင် အိမ်ရှင်က သိနေတာပဲ ၊၊ အခုလည်း တချို့ ဘလော့တွေဆို အဲဒီလို တင်ထားတော့ နည်းနည်းတော့ တခါတလေ ကသိကအောက်ဖြစ်ပါတယ် ၊၊ ကောင်းတဲ့ ဘက်က ဖြေတွေးလိုက်တော့လည်း အော် ငါလာတာ သူသိတာပေါ့လေ လို့ပဲ တွေးလိုက် ပါတယ် ၊၊

အဲဒီလို ၀င်ကြည့်ဖြစ်တဲ့အခါ ခုတလော အများဆုံးတွေ့ရတာကတော့ ကြင်စဦး ဇနီးမောင်နှံ တွေ ဖြစ်ကြတဲ့ပုံတွေ မင်္ဂလာဆောင်ပုံလေးတွေ စသည်ဖြင့် စသည်ဖြင့်ပေါ့ ၊၊ အင်း ကောင်းတယ် ၊၊ ၀မ်းမြောက် မိတယ် ၊၊ ဂုဏ်ယူမိတယ် ၊၊ အင်း ဒါပေမယ့် အတိတ်က အရိပ်တွေကိုလည်း သတိရမိတယ် ၊၊ ……………. သူတို့ရွေးချယ်မှုဟာ မှန်ကန်ပါတယ် ၊၊ သင့်တော်ပါတယ် ၊၊ မွန်မြတ်ပါတယ် ၊၊ လေးစားလောက်ပါတယ် ၊၊ ဒါပေမယ့် ကိုယ့်မျက်စိ ထဲမတော့ ကိုယ့်သူငယ်ချင်း မဖြစ်တဲ့အတွက် နည်းနည်း လေးမှ တော့ အဆင်မပြေတာ အမှန်ပါ ၊၊ ကိုယ့်သဘောကိုယ့်အမြင်ပါနော် ၊၊ သူတို့ အဲ ကျွန်တော့်ရဲ့ သူငယ်ချင်းမတွေ ရွေးချယ်ထားတဲ့ သူတွေက တကယ့်ကို ပြစ်မျိုးမှည့်မထင် ၊ တန်းဝင်ကျောက်ကောင်း ၊ အကျင့်စာရိတကောင်းသူတွေလည်း ဖြစ်ပါလိမ့်မယ် ၊၊ သို့သော် သို့သော် ……..

အစ်မတစ်ယောက်လို ခင်ရတဲ့ သူငယ်ချင်း အမရဲ့ ပုံတွေ တွေ့တဲ့အခါ သူ့ဘေးက ဂုဏ်သရေ ရှိလူကြီးမင်းထက် ကျောင်းတုန်းက စီနီယာ အစ်ကိုကြီးကို ပဲပြေးမြင်မိတယ် ၊၊ ကိုယ်တိုင်လည်း လေးစားခဲ့ရတဲ့ သူဖြစ်တဲ့အတွက် သူ့ကိုပဲ ဖြစ်စေချင်တယ် ၊၊ နောက် သူငယ်ချင်း တစ်ယောက်လည်း ဒီလိုပါပဲ မျက်ပေါက်ကျဉ်းကျဉ်း မျက်နှာပြားပြား နဲ့ ၀၀ ကြီးကို တွေတော့ သူငယ်ချင်း ကို သတိရမိတယ် ၊၊ သူတို့တွေဟာ ကိုယ့်သူငယ်ချင်းတွေ လောက်တော့ ရိုးသားတဲ့ မျက်လုံး ၊ ကြင်နာတဲ့ အပြုံးတွေ မရှိတာ ဘာသာ ခံစားမိတာပါပဲ ၊၊ ဖိတ်ချင်းဖိတ် ကိုယ့်အိတ်ထဲသာ ဖိတ်စေချင်တယ် ၊၊

အင်း ကိုကို မောင်မောင် ဒါလင် မရှိရင် မဖြစ်ပါ ဘူးဆိုတဲ့ သူငယ်ချင်းမတွေ အခုအခါ ကိုကို မောင်မောင် ဒါလင် အသစ်တွေနဲ့ တူယှဉ်တွဲပြီး ဓါတ်ပုံတွေ တင်ထားတဲ့အခါ သူတို့ ပြောတဲ့ ကိုကို မောင် မောင် ဒါလင် မရှိရင် ဆိုတာကို ပိုပြီး နားလည် လာပါတယ် ၊၊ အော် ကိုကိုမောင်မောင် ဒါလင် ဆိုတာက နာမ်စား ၊ မည်သူမဆို ဖြစ်နိုင်တယ် ၊၊ အင်း ကိုယ့်သူငယ်ချင်း ရောင်းရင်းတွေကတော့ ငယ်လေး ဟန်နီ အသည်းလေး ကို ပဲ လွမ်းနေဆဲ လားတော့ မသိ ခုချိန်ထိတော့ တကိုယ်တော် ခရီးကို ရွှက်လွင့်နေကြဆဲ……….

လေးစားတဲ့

မင်းအိမ်

သူငယ်ချင်းများအား လွမ်းဆွတ်ရေးဖွဲ့ပါသည် ၊၊

Sunday 31 January 2010

လတ်တလောလေးများ

အင်း အမှန်တော့ ကိုယ့်အိမ်ကို မရောက်တာ ကြာပေါ့ ၊၊ ဘယ်လို ၀င်ရပါ့လို့ သော့လေးတောင် မေ့တော့မလို့ P(: အလုပ်တွေ ရှုပ်နေလို့ပါ လို့တော့ မညည်းချင်တာအမှန် ၊၊ လူတိုင်းမှာက ကိုယ့်အရေးတွေနဲ့ ကို ၊၊ လူတိုင်း က အလုပ်ရှုပ်နေကြတာ ဆိုတော့ ကိုယ်ကလည်း သိပ်ညည်းလို့ မကောင်း တာတော့ ဘာသာနားလည်ပါတယ် ၊၊ အမှန်တိုင်းပြောရရင် စာတွေလည်း လိုက်ဖက်ချင်သလို စာအသစ်တွေလည်း ရေးတင်ချင်ပါတယ် ၊၊ သူငယ်ချင်းတွေ နဲ့ အဆက်ပြတ်နေပါတယ် ၊၊ သူတို့အိမ်တွေလည်း မရောက်တာ ကြာပေါ့ ၊၊ ကိုယ့်ကို မေ့သွားမှာ လည်း စိုးပါတယ် P(:
အခုလတ်တလော သတင်းကောင်းလေး ကြားရတာကတော့ သူငယ်ချင်းရဲ့ အမျိုးသမီး PR ရသွားတယ် ဆိုတဲ့ သတင်းလေး ၊၊ သူ့အတွက် ၀မ်းသာရသလို အခြား စောင့်နေဆဲ သူငယ်ချင်းတွေ အတွက်လည်း ၀မ်း သာ ရပါတယ် ၊၊ အခုချိန်ထိ PR တွေ ပေးနေသေးတယ် ဆိုတာလေး သိရတာပေါ့ ၊၊ အင်း နောက်တစ်ခုကတော့ သတင်းမကောင်းလေး ၊၊ အလုပ်လာရှာတဲ့ ကျောင်းတုန်းက သူငယ်ချင်း အလုပ်တော့ ရပါရဲ့ တင်လိုက်တဲ့ Spass က ရီဂျက်တက်တဲ့ ၊၊ အရည်အချင်းလား အင်း သူ့ဘွဲ့ က မြန်မာပြည်မှာတော့ အမြင့်ဆုံး ပါပဲ ၊၊ လုပ်သက်လား ကျောင်းပြီးတာ ကြာပေါ့လေ ၊၊ အချို့သူ့ အတန်းဖေါ်တွေဆို ဒေါက်တို ကြီးတွေ တောင် ဖြစ်နေပေါ့ ၊၊
စိတ်ချမ်းသာစရာလေးကတော့ ကျွန်တော့် ဖြေရှင်းနေတဲ့ Lee Project လေး ( လူမှု ဆက်ဆံရေး ဘာသာရပ် တစ်ခုပါ အလုပ်ထဲက လုပ်ဖေါ်ကိုင်ဖက် Mr Lee လေ P: ) က ရလဒ်ကောင်းလေးတွေ မြင်နေရလေရဲ့ ၊၊ ရှေ့လျှောက် ကောင်းဖို့သာမို့ ကိုယ့်ဖက်က ကျိုးစားဖို့ပဲ ၊၊ စိတ်ညစ်စရာလေးကတော့ အချိန် မလောက်ငှတာပဲ ၊၊ တကယ်ပါ ၊၊ုအဟုတ်မလောက်တာ ၊၊ ဘယ်လို ကုန်နေမှန်းကို မသိတာ ၊၊ ဒီလဆို လစာ ဘယ်လို ၀င် လာမှန်းကို မသိတာ ၊၊ အရင်ကဆို မျှော်နေကြ ၊၊ ဒီလဘယ်လို ကုန်မှန်းကို မသိ လိုက်တာ ၊၊
စိတ်မကောင်းတာလေးက အိမ်ကို ပေးဖို့ ၀ယ်ထားတဲ့ ပစည်းတွေ ပေးဖို့ အဆင်မပြေတာ ၊၊ တော်ရုံဆို လူကြုံ မပေးတဲ့ ကျွန်တော် အားကြိုးမာန်တက် လူကြုံကောင်းလို့ ၀ယ်မိကာမှ အဆင်မပြေဖြစ်ရတယ် ၊၊ အိမ်ကိုလည်း ဖုန်းက ဆက်ပြီးပြီမို့ မျှော်နေမယ့် အမေ့အတွက်ပဲ စိတ်မကောင်း ၊၊ အင်း သူကမှာတာ မဟုတ်တော့ တော်သေး ရဲ့ ၊၊ ကိုယ်ဘာသာ လူကြုံ ကောင်းလို့ ၀ယ်ပေးလိုက်တယ် လို့ ပြောထားတာ ဆိုတော့ အင်း ဆိုပြီးပဲ .... ကျေနပ် လိုက်ရပါတယ် ၊၊ တက်နိုင်ဘူး ရယ် ကိုယ်တိုင်ပြန်ဖြစ်ရင် ပြန်ဖြစ် မဟုတ်တော့လည်း ဒေါ်သန်းနုပေါ့လေ ၊၊ တော်ပါပြီ နောက်များတော့ လူကြုံရယ်လို့ မျှော်ကိုးပြီး မ၀ယ်လိုတော့ပြီ ၊၊ မှတ်မှတ်ရရ နှစ်ခါလား ပို့ဖူးတယ် ၊၊ အိမ်ကလူတွေ အလုပ်ရှုပ်လို့ တော်ရုံတော့လည်း မပို့ပါဘူး ၊၊ သူတို့ ဖုန်းဆက်လို့ ဘာပေးလိုက်မလဲ မေးတဲ့ အခါ မျိုးသာ သေချာမေးပြီး ပေးတက်တာ ၊၊ ကိုယ်လည်း ကိုယ်ချင်းစာပါတယ် ၊၊ ပြန်တဲ့အခါ ပေးချင်သူ မှာချင်သူက များသားလား ၊၊ ကိုယ်တိုင်ကလည်း နည်းနည်းလေးမှ သူများအငြို အငြင် မခံချင်သမို့ ခက်တော့လည်း ခက်သား ကိုယ့်စိတ်ကိုယ့်စိတ် ၊၊
စိတ်ချမ်းသာစရာလေးတစ်ခုက အခုတလော အသစ်ရတဲ့ သူငယ်ချင်းတွေ ပေါင်းရတာ အဆင်ပြေတယ် ၊၊ ကိုယ့်အပေါ်လည်း ကောင်းကြတယ် ၊၊ စကားလုံးတွေကို ခံစားတက်တဲ့ အသံတွေကို ဖတ်တက်တဲ့ ကိုယ့် အကြောင်းနဲ့ ကိုယ်မို့ပါ ၊၊ အလုပ်ထဲက လုပ်ဖေါ်ကိုင်ဖက်တွေနဲ့ အဆင်ပြေ နေတာလေး တစ်ခုနဲ့တင် နည်းနည်း တော့ သက်သာတာပေါ့ ၊၊ ကိုယ့်ပြသနာက အလုပ်ထဲမှာ မဟုတ် ၊၊ တော်သေးသည် မှတ်ရမည် ၊၊
ငါ့မှာ အချိန်မလောက်ဘူး လို့ ညည်းတော့ အလုပ်ထဲက မလေးရှား သူငယ်ချင်းက Who ask you to go and do ? who ask you ??? who ask you ??? တဲ့ ၊၊ အင်းကိုယ့် ဒေါသနဲ့ ကိုယ်ဆိုတော့လည်း ငြိမ်နေပေါ့ ၊၊ မင်းကလည်းကွာ နည်းနည်းလောက်တော့ အားပေးပါလား ဆိုတော့ မင်းသူငယ်ချင်းတွေ အားလုံးက အဲဒီလို အားပေးနေရင် မင်း ပျင်းသွားမှာပေါ့တဲ့ ၊၊ မင်းအချိန်ပိုတွေ လိုချင်ရင် မင်းရနေပြီပဲ နောက်တစ်ခုကို မင်းလိုချင်တာမဟုတ် လား မင်း ကျိုးစားပါ တဲ့ ၊၊ အင်း ဟုတ်ပ
စိတ်မကောင်ထပ်ဖြစ်မိတာက အွန်လိုင်းပေါ်က စကားအခြေအတင် ပြောပွဲလေး ၊၊ ရသမျိုးစုံ ခံစားနေရရဲ့ ၊၊
စိတ်တိုင်းမကျတာကတော့ အခုချိန်ထိ သေးသေးလေး တင်ရင်တောင် သည်းညည်း မခံတက်သေးတဲ့ မရင်ကျက် သေးတဲ့ စိတ်တစ်ခုပဲ ၊၊ ဒါပေမယ့်လေ ဟိုးအရင် နှစ်တွေနဲ့ စာရင်တော့ တော်တော်ကို ရင့်ကျက် တည် ငြိမ်နေပြီပြောရမယ် ...........
လေးစားခြင်းဖြင့်
မောင်မင်းအိမ်

Saturday 16 January 2010

မဝေခင်မှာ မကြွေစေချင်ပါ


ကျွန်တော်တို့စီမံကိန်းကြီးလည်း အချောသပ်လုပ်ငန်းတွေ နဲ့ ပြီးဆုံးကာနီးပြီမို့ ဟိုး..အရင် စီမံကိန်းလုပ်ငန်းကြီး အားကောင်း မောင်းသန် ကြိုးစားလုပ်ကိုင်ခဲ့ရတဲ့ စီမံကိန်းလယ် ကာလကာလောက် အလုပ်တွေ သိပ်မရှုပ် တော့ပြီ ၊၊ အနည်း ငယ် အေးအေးလူလူ ရှိလာပြီလို့ ဆိုရပေမပေါ့ ၊၊ ဆိုက်လုပ်ငန်းတွေ ကလည်း ပါးပါးလျလျ နဲ့ လိုအပ်တဲ့ အချော သပ်လုပ်ငန်းတွေသာ ရှိတော့ တာမို့ လူအင်အားလည် လျော့ပါးသွားသလို စက်ကြီးတွေ ၊ ကရိန်းတွေ ၊ ယန္တယား တွေ လည်း နောက်ထပ်စီမံကိန်း အသစ်တစ်ခုဆီကို ပြောင်းရွှေ့သွားပြီမို့ ဟာလာ ဟင်းလင်း ရှင်းရှင်း လင်းလင်းနဲ့ စီမံကိန်းက လွမ်းမောစရာတောင်ကောင်းနေလေရဲ့ ၊၊


စီမံကိန်း လယ်ကာလ ၊ ဆီတုန်းကတော့ ပွဲတော်အလား ပျားပန်းခတ်မျှ စည်ကားလို့ပေါ့ ၊၊ မနက်အာရုံတက်လို့ ရောင်နီလာပြီ ဆိုသည်နှင့် စက်သံ၊ကားသံ ၊ လူသံ ၊ခေါ်သံ ၊ အော်သံ တွေနဲ့ စည်စည်ညံခဲ့ပေါ့လေ ၊၊ ကျွန်တော် တို့လည်း မနက် ၇-နာရီ ထိုးတာနဲ့ ဆိုက်ထဲရောက်နေကြပြီ ၊၊ တစ်နေ့တာ လုပ်ငန်းအတွက် တာဝန်တွေ ခွဲဝေ လို့ စီမံကိန်း ဒါရိုက်တာ ဖြစ်သူနဲ့ မနက်တိုင်း ကွင်းပြင်ထဲမှာ Briefing ယူနေကြပေါ့ ၊၊ နောက်မှ ကိုယ်တာဝန်ကျ တဲ့ အပိုင်းမှာ ရှိတဲ့ လုပ်ငန်းက ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေကို ထပ်ပြီး ညွှန်ကြား ၊ ပြီးမှ လိုအပ်တဲ့ လုပ်ငန်းတွေ လိုက်စစ်ဆေး လို့ ၊ လုပ်ကြကိုင်ကြပေါ့ ၊၊ ပင်ပန်းပေမယ့် အင်မတန်မှ ပျော်ရွှင်စရာကောင်းသလို ၊ အင်မတန်မှ လည်း ဂုဏ်ယူစရာပေါ့ ၊၊ နောင်တချိန်မှာ ပေါ်ထွန်းလာတော့မယ့် တံတားသစ်ကြီးကို မြင်ယောင်ရင်း ပင်ပန်းတာ တွေ ပြေပျောက် ရပါတယ် ၊၊


အော် ၊ အခုတော့ စီမံကိန်းလည်း ပြီးဆုံးခြင်း ရောက်လို့ အချို့ချို့တွေ လည်း နောက်ထပ် စီမံကိန်းအသစ်ဆီ ရှေ့ပြေးအဖွဲ့အဖြစ် သွားကြပြီ ၊၊ အလုပ်မရှိတော့တဲ့ အလုပ်သမားအချို့လည်း ပြောင်းကြရွှေ့ကြပေါ့ ၊၊ အခုလို စပ်ကူးမတ်ကူးကာလ ဟာ ကျွန်တော်တို့လို အမြဲတမ်းဝန်ထမ်းတွေ အတွက် မထောင်းတာပေမယ့် ၊ နေ့စား အလုပ် သမား လူတန်းစား အတွက်တော့ အင်မတန်မှ ကျပ်တည်းတဲ့ ကာလပေါ့ ၊၊ လုပ်ငန်းကလည်း မလှိုင် တော့ သလို အလုပ်မရှိဘူးလို့လည်း မဆိုနိုင် ၊ ပြတ်တုန်းလပ်တုန်း ကာလပေါ့ လေ ၊၊ မစဉ်းစားချင် ပါဘူးလေ ၊၊ အခုလို မနက်စောစော မှာ ဒီလိုအကြောင်းတွေ မတွေးလိုပေမယ့် ၊ တားမရဆီးမရ အလိုလို ၀င်လာတဲ့ အတွေး ဆိုးကို ဖြေဖျောက်လို. အားနေတုန်း လမ်းလေးဆင်းလျှောက်ဖို့ စိတ်ကူးနဲ့ ကျွန်တော့် အိမ်လေးရဲ့ ခေါင်းရင်းဖက် စွေစောင်းစောင်းမှာ ရှိတဲ့ ခရေပင်တန်းလေးတွေ ဘက်ဆီကို ဦးတည်မိပါတယ် ၊၊


ခရေပင်လေးတွေ ဟာ ပင်ပျိုလေးတွေ မို့ အပွင့်တွေ ဝေေ၀ဆာဆာ နဲ့ ရနံသင်းသင်းလေး အမြဲမွှေးနေတက် ပါတယ် ၊၊ လေအဝှေ့မှာ ကြွေကြနေတဲ့ ခရေပွင့်လေးတွေ လည်း မြေပြင်မှာ ဖွေးဖွေးလှုပ်လို့ပေါ့ ၊၊ အဲဒီ ခရေ ပန်း လေးတွေကို နေ့စဉ်မနက်တိုင်း ဗန်းကုံးလေးတွေနဲ့ လာကောက်နေကြ မောင်နှမနှစ်ယောက် ရှိပါတယ်၊၊ အကြီးမလေး က ၁၁ နှစ်လောက်နဲ့ အငယ်ကောင်လေးက ၈နှစ် လောက်ပေါ့ ၊၊ ဆိုက်ထဲမှာ အလုပ်လုပ်တဲ့ အလုပ်သမား တစ်ယောက်ယောက်ရဲ့ သားသမီးလေးတွေ နေမှာပါလေ ၊၊ ဗန်းကုံးလေးတွေ အပြည့်အမောက် အမြဲတမ်း ကုန်စင်အောင် ကောက်သွားတက်ကြပါတယ် ၊၊ ကျောင်းဖွင့်ချိန်ပေမယ့် ကျောင်းသွားတာမမြင်တော့ ကျောင်းမနေကြဘူးထင်ပ ၊၊ ဒီလိုပဲ ဆိုက်ထဲမှာ လည်း ဟိုဟာလေးကောက် ၊ ဒီဟာလေးကောက်နဲ့ တွေ့နေရ တက်ပါတယ် ၊၊ ဒီနေ့မနက်မှာတော့ ပန်းကြွေလေးတွေ ကောက်ရုံမက အပင်ကိုပါ လှုပ်ပြီး မကြွေသေးတဲ့ ပန်းလေးတွေကို ခြွေ ယူဖို့ ကြိုးစားနေတာကြောင့် " ဟေ့ ခလေးတွေ မင်းတို့ ကြွေတာကိုတင်ကောက် လေ ကွာ ၊ ဘာဖြစ်လို့ မကြွေ သေးတဲ့ ပန်းလေးတွေ ကို ခြွေနေတာလည်း ၊ အပင်မြင့်မှာ ခဏဖြစ်ဖြစ် သဘာဝအတိုင်း နေပါစေကွာ ၊ နောက် နေ့ မနက်တော့ သူ့အလိုလို ကြွေမှာပေါ့ကွာ " ရယ်လို့ ခပ်ငေါက်ငေါက်လေး ပြောမိတော့ ကောင်းမလေးက " ဒီနေ့ အဖေ့ကို ဆေးခန်းပြရမယ် အစ်ကိုကြီး ၊ ဆေးခန်းပြဖို့ငွေလိုတယ် ၊ ဒါကြောင့် မနက်ဖြန်သူ့အလိုလို ကြွေ တဲ့ထိ စောင့်လို့ မရလို့ပါ " ဆိုတဲ့ မျက်နှာဝိုင်းလေးကို ကျွန်တော် ဘယ်လိုပြန်ပြောရပါ့မလဲ ၊၊ " မကြွေ ခင်မှာ ဝေနေတဲ့ ပန်းလေးတွေကို သဘာဝအတိုင်း ရှိပါစေကွာလို့ " တားချင် ပေမယ့် သူတို့ကိုယ်တိုင် မဝေခင် မှာ ကြွေနေရတဲ့ ဘ၀လေးတွေ မို့ ကျွန်တော် ဘာများ ပြောနိုင် ပါဦးမလဲ ၊၊ တခါတခါ သဘာဝကို ချစ်မြတ်နိုးစွာ မဝေခင်မှာ မကြွေစေချင်တဲ့ ကျွန်တော်ကိုယ်တိုင် တခါတရံ ခြွေနေမိလား ရယ်လို့ အမြဲတွေးမိပါတယ် ၊၊


အလုပ်ခွင်ထဲမှာ ကျောင်းနေရမယ့်အရွယ် အလုပ်သမားလေးတွေကို တွေ့ရ ခိုင်းရတိုင်း လိပ်ပြာမလုံ ခံစားမိတာ အမှန်ပါ ၊၊ ၁၅ - ၁၆ - ၁၇ ဆိုတာ တကယ်တော့ မိဘရင်ခွင်၇ိပ်မှာ နွေးနွေး ထွေးထွေး ခိုလှုံရင်း ကျောင်းပညာ သင်ကြားရမယ့် အရွယ်တော့ပေါ့ ၊၊ အတက်ပညာတစ်ခုကို သင်ကြားနေရ မယ့် အရွယ်တွေပါ ၊၊ ပန်းခလေးတွေ ကြွေမှာစိုးတဲ့ ကျွန်တော် အဲဒီခလေးတွေ အတွက်ရော မကာကွယ် နိုင် တော့ ဘူးလား ၊၊ ကာရာ အိုကေ ဆိုင်မှာ အဲဒီအရွယ် ခလေးမလေးတွေကို ပန်းကုံးစွပ်တာဟာ ၊ ဘောက်ဆူးပေး တာဟာ ချီးမြှောက် လိုက်တာလား ၊ ကြွေမှာစိုးလို့ တံစိုးပေးလိုက်တာလား ၊ ကြွေပြီးသားပါပဲရယ်လို့ နင်းခြေ ပေးလိုက်တာလား ၊၊ မစဉ်းစားတက်တော့ပါဘူး ၊၊ အဖေကူလီထမ်းလို့ သားကူလီထမ်းရတယ်ဆိုတာ မွေခံထိုက်စေဆိုတဲ့ ၀တ္တရား ကျေပွန်ခြင်းလား ၊ အဖေလုပ် သူက ၁၀ ပိသာ အလေးကို ထမ်းလို့ သားလုပ်သူက ၁၅ ပိသာ အလေးကို ထမ်း နိုင်တယ်ဆိုတာ ဂုဏ်ယူ စရာလား ၊၊ အဲဒီသားသမီးကို အတိဇာတ သားရယ်လို့ ခေါ်ဆိုရမလား ၊၊ ကျွန်တော့် ပတ်ဝန်းကျင် ၊ အလုပ်ခွင်တွေထဲမှာ မဝေခင်မှာ ကြွေနေရတဲ့ ပန်းပွင့်လေးတွေ အများကြီးပါ ၊၊ အဲဒီ ပန်းလေး တွေဟာ အချိန်မတန်ခင် မှာ ပင်ယံထက်က ခြွေချခံခဲ့ရတယ်လေ ၊၊ ဒါပေမယ့် ဒါပေမယ့် အဲဒီ ပန်းခလေး တွေကို မဝေခင်မှာ မကြွေစေချင်ပေမယ့် ၊ ကိုယ်ဘာမှ မတက်နိုင်သေးတာမို့ တခါတရံ ကိုယ်တိုင် ခြွေသူမဖြစ်အောင် ကြိုးစားရင်းပဲ ..... မဝေခင်မှာ မကြွေပါစေနဲ့လို့ ဆုတောင်းပေးရုံမှတစ်ပါး .........


မေတ္တာရင်းဖြင့်

မင်းအိမ်ဖြူ


(လွန်ခဲ့တဲ့ အတိတ်က ကျွန်တော့် ရဲ့ တံတားဆိုက်ကို သတိယရင်း ၊ မြစ်သာတံတား စီမံကိန်းက လုပ်ဖေါ် ကိုင်ဖက် အလုပ်သမား လေးများအား လွမ်းဆွတ်ရင်း ရေးဖွဲ့ပါသည် )


ဝန်ခံချက် ၊၊ ပိုစ့်အဟောင်းလေးတစ်ပုဒ်ဖြစ်ပါသည် ၊၊