Friday 26 June 2009

မဝေခင်မှာ မကြွေ စေချင်ပါလေ


ကျွန်တော်တို့စီမံကိန်းကြီးလည်း အချောသပ်လုပ်ငန်းတွေ နဲ့ ပြီးဆုံးကာနီးပြီမို့ ဟိုးအရင် စီမံကိန်း အားကောင်း မောင်းသန် ကြိုးစားလုပ်ကိုင်ရတဲ့ စီမံကိန်းလယ် ကာလကာလောက် အလုပ်တွေ သိပ်မရှုပ်တော့ ၊၊ အနည်း ငယ် အေးအေးလူလူ ရှိလာပြီလို့ ဆိုရပေမပေါ့ ၊၊ ဆိုက်လုပ်ငန်းတွေ ကလည်းပါးပါးလျလျ နဲ့ လိုအပ်တဲ့ အချော သပ်လုပ်ငန်းတွေသာ ရှိတော့ တာမို့ လူအင်အားလည် လျော့ပါးသွားသလို စက်ကြီးတွေ ၊ ကရိန်းတွေ ၊ ယန္တယား တွေ လည်း နောက်ထပ်စီမံကိန်း အသစ်တစ်ခုဆီကို ပြောင်းရွှေ့သွားပြီမို့ ဟာလာဟင်းလင်း ရှင်းရှင်း လင်းလင်းနဲ့ စီမံကိန်းက လွမ်းမောစရာတောင်ကောင်းနေလေရဲ့ ၊၊

စီမံကိန်း လယ်ကာလ ၊ ဆီတုန်းကတော့ ပွဲတော်အလား ပျားပန်းခတ်မျှ စည်ကားလို့ပေါ့ ၊၊ မနက်အာရုံတက်လို့ ရောင်နီလာပြီ ဆိုသည်နှင့် စက်သံ၊ကားသံ ၊ လူသံ ၊ခေါ်သံ ၊ အော်သံ တွေနဲ့ စည်စည်ညံခဲ့ပေါ့လေ ၊၊ ကျွန်တော် တို့လည်း မနက် ၇-နာရီ ထိုးတာနဲ့ ဆိုက်ထဲရောက်နေကြပြီ ၊၊ တစ်နေ့တာ လုပ်ငန်းအတွက် တာဝန်တွေ ခွဲဝေ လို့ စီမံကိန်း ဒါရိုက်တာ ဖြစ်သူနဲ့ မနက်တိုင်း ကွင်းပြင်ထဲမှာ Briefing ယူနေကြပေါ့ ၊၊ နောက်မှ ကိုယ်တာဝန်ကျ တဲ့ အပိုင်းမှာ ရှိတဲ့ လုပ်ငန်းက ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေကို ထပ်ပြီး ညွှန်ကြား ၊ ပြီးမှ လိုအပ်တဲ့ လုပ်ငန်းတွေ လိုက်စစ်ဆေး လို့ ၊ လုပ်ကြကိုင်ကြပေါ့ ၊၊ ပင်ပန်းပေမယ့် အင်မတန်မှ ပျော်ရွှင်စရာကောင်းသလို ၊ အင်မတန်မှ လည်း ဂုဏ်ယူစရာပေါ့ ၊၊ နော်တချိန်မှာ ပေါ်ထွန်းလာတော့မယ့် တံတားသစ်ကြီးကို မြင်ယောင်ရင်း ပင်ပန်းတာ တွေ ပြေပျောက် ရပါတယ် ၊၊

အော် ၊ အခုတော့ စီမံကိန်းလည်း ပြီးဆုံးခြင်း ရောက်လို့ အချို.ချို.တွေ လည်း နောက်ထပ် စီမံကိန်းအသစ်ဆီ ရှေ့ပြေးအဖွဲ့အဖြစ် သွားကြပြီ ၊၊ အလုပ်မရှိတော့တဲ့ အလုပ်သမားအချို့လည်း ပြောင်းကြရွှေ့ကြပေါ့ ၊၊ အခုလို စပ်ကူးမတ်ကူးကာလ ဟာ ကျွန်တော်တို့လို ၀န်ထမ်းတွေ အတွက် မထောင်းတာပေမယ့် ၊ နေ့စား အလုပ် သမား လူတန်းစား အတွက်တော့ အင်မတန်မှ ကျပ်တည်းတဲ့ ကာလပေါ့ ၊၊ လုပ်ငန်းကလည်း မလှိုင်တော့ သလို အလုပ်မရှိဘူးလို့လည်း မဆိုနိုင် ၊ ပြတ်တုန်းလပ်တုန်း ကာလပေါ့ လေ ၊၊ မစဉ်းစားချင်ပါဘူးလေ ၊၊ အခုလို မနက်စောစော မှာ ဒီလိုအကြောင်းတွေ မတွေးလိုပေမယ့် ၊ တားမရဆီးမရ အလိုလို ၀င်လာတဲ့ အတွေး ဆိုးကို ဖြေဖျောက်လို. အားနေတုန်း လမ်းလေးဆင်းလျှောက်ဖို့ စိတ်ကူးနဲ့ ကျွန်တော့် အိမ်လေးရဲ့ ခေါင်းရင်းဖက် စွေစောင်းစောင်းမှာ ရှိတဲ့ ခရေပင်တန်းလေးတွေ ဘက်ဆီကို ဦးတည်မိပါတယ် ၊၊

ခရေပင်လေးတွေ ဟာ ပင်ပျိုလေးတွေ မို့ အပွင့်တွေ ဝေေ၀ဆာဆာ နဲ့ ရနံသင်းသင်းလေး အမြဲမွှေးနေတက် ပါတယ် ၊၊ လေအဝှေ့မှာ ကြွေကြနေတဲ့ ခရေပွင့်လေးတွေ လည်း မြေပြင်မှာ ဖွေးဖွေးလှုပ်လို့ပေါ့ ၊၊ အဲဒီ ခရေ ပန်း လေးတွေကို နေ့စဉ်မနက်တိုင်း ဗန်းကုံးလေးတွေနဲ့ လာကောက်နေကြ မောင်နှမနှစ်ယောက် ရှိပါတယ်၊၊ အကြီးမလေး က ၁၁ နှစ်လောက်နဲ့ အငယ်ကောင်လေးက ၈နှစ် လောက်ပေါ့ ၊၊ ဆိုက်ထဲမှာ အလုပ်လုပ်တဲ့ အလုပ်သမား တစ်ယောက်ယောက်ရဲ့ သားသမီးလေးတွေ နေမှာပါလေ ၊၊ ဗန်းကုံးလေးတွေ အပြည့်အမောက် အမြဲတမ်း ကုန်စင်အောင် ကောက်သွားတက်ကြပါတယ် ၊၊ ကျောင်းဖွင့်ချိန်ပေမယ့် ကျောင်းသွားတာမမြင်တော့ ကျောင်းမနေကြဘူးထင်ပ ၊၊ ဒီလိုပဲ ဆိုက်ထဲမှာ လည်း ဟိုဟာလေးကောက် ၊ ဒီဟာလေးကောက်နဲ့ တွေ့နေရ တက်ပါတယ် ၊၊

ဒီနေ့မနက်မှာတော့ ပန်းကြွေလေးတွေ ကောက်ရုံမက အပင်ကိုပါ လှုပ်ပြီး မကြွေသေးတဲ့ ပန်းလေးတွေကို ခြွေ ယူဖို့ ကြိုးစားနေတာကြောင့် " ဟေ့ ခလေးတွေ မင်းတို့ ကြွေတာကိုတင်ကောက်လေကွာ ၊ ဘာဖြစ်လို့ မကြွေ သေးတဲ့ ပန်းလေးတွေ ကို ခြွေနေတာလည်း ၊ အပင်မြင့်မှာ ခဏဖြစ်ဖြစ် သဘာဝအတိုင်း နေပါစေကွာ ၊ နောက် နေ့ မနက်တော့ သူ့အလိုလို ကြွေမှာပေါ့ကွာ " ရယ်လို့ ခပ်ငေါက်ငေါက်လေး ပြောမိတော့ ကောင်းမလေးက " ဒီနေ့ အဖေ့ကို ဆေးခန်းပြရမယ် အစ်ကိုကြီး ၊ ဆေးခန်းပြဖို့ငွေလိုတယ် ၊ ဒါကြောင့် မနက်ဖြန်သူ့အလိုလို ကြွေ တဲ့ထိ စောင့်လို့ မရလို့ပါ " ဆိုတဲ့ မျက်နှာဝိုင်းလေးကို ကျွန်တော် ဘယ်လိုပြန်ပြောရပါ့မလဲ ၊၊ " မကြွေ ခင်မှာ ဝေနေတဲ့ ပန်းလေးတွေကို သဘာဝအတိုင်း ရှိပါစေကွာလို့ " တားချင်ပေမယ့် သူတို့ကိုယ်တိုင် မဝေခင် မှာ ကြွေနေရတဲ့ ဘ၀လေးတွေ မို့ ကျွန်တော် ဘာများပြောနိုင်ပါဦးမလဲ ၊၊

တခါတခါ သဘာဝကို ချစ်မြတ်နိုးစွာ မဝေခင်မှာ မကြွေစေချင်တဲ့ ကျွန်တော်ကိုယ်တိုင် တခါတရံ ခြွေနေမိလား ရယ်လို့ အမြဲတွေးမိပါတယ် ၊၊ အလုပ်ခွင်ထဲမှာ ကျောင်းနေရမယ့်အရွယ် အလုပ်သမားလေးတွေကို တွေ့ရ ခိုင်းရတိုင်း လိပ်ပြာမလုံ ခံစားမိတာ အမှန်ပါ ၊၊ ၁၅ - ၁၆ - ၁၇ ဆိုတာ တကယ်တော့ မိဘရင်ခွင်၇ိပ်မှာ နွေးနွေး ထွေးထွေး ခိုလှုံရင်း ကျောင်းပညာ သင်ကြားရမယ့် အရွယ်တော့ပေါ့ ၊၊ အတက်ပညာတစ်ခုကို သင်ကြားနေရ မယ့် အရွယ်တွေပါ ၊၊ ပန်းခလေးတွေ ကြွေမှာစိုးတဲ့ ကျွန်တော် အဲဒီခလေးတွေ အတွက်ရော မကာကွယ် နိုင် တော့ ဘူးလား ၊၊ ကာရာအိုကေဆိုင်မှာ အဲဒီအရွယ် ခလေးမလေးတွေကို ပန်းကုံးစွပ်တာဟာ ၊ ဘောက်ဆူးပေး တာဟာ ချီးမြှောက်လိုက်တာလား ၊ ကြွေမှာစိုးလို့ တံစိုးပေးလိုက်တာလား ၊ ကြွေပြီးသားပါပဲရယ်လို့ နင်းခြေ ပေးလိုက်တာလား ၊၊ မစဉ်းစားတက်တော့ပါဘူး ၊၊

အဖေကူလီထမ်းလို့ သားကူလီထမ်းရတယ်ဆိုတာ မွေခံထိုက်စေဆိုတဲ့ ၀တ္တရားကျေပွန်ခြင်းလား ၊ အဖေလုပ် သူက ၁၀ ပိသာ အလေးကို ထမ်းလို့ သားလုပ်သူက ၁၅ ပိသာ အလေးကို ထမ်း နိုင်တယ်ဆိုတာ ဂုဏ်ယူ စရာလား ၊၊ အဲဒီသားသမီးကို အတိဇာတ သားရယ်လို့ ခေါ်ဆိုရမလား ၊၊

ကျွန်တော့်ပတ်ဝန်းကျင် ၊ အလုပ်ခွင်တွေထဲမှာ မဝေခင်မှာ ကြွေနေရတဲ့ ပန်းပွင့်လေးတွေ အများကြီးပါ ၊၊ အဲဒီ ပန်းလေးတွေဟာ အချိန်မတန်ခင် မှာ ပင်ယံထက်က ခြွေချခံခဲ့ရတယ်လေ ၊၊ ဒါပေမယ့် ဒါပေမယ့် အဲဒီ ပန်းခလေး တွေကို မဝေခင်မှာ မကြွေစေချင်ပေမယ့် ၊ ကိုယ်ဘာမှ မတက်နိုင်သေးတာမို့ တခါတရံ ကိုယ်တိုင် ခြွေသူမဖြစ်အောင် ကြိုးစားရင်းပဲ ..... မဝေခင်မှာ မကြွေပါစေနဲ့လို့ ဆုတောင်းပေးရုံမှတစ်ပါး .........

မေတ္တာရင်းဖြင့်
မင်းအိမ်ဖြူ

(လွန်ခဲ့တဲ့ အတိတ်က ကျွန်တော့် ရဲ့ တံတားဆိုက်ကို သတိယရင်း ၊ မြစ်သာတံတား စီမံကိန်းက လုပ်ဖေါ် ကိုင်ဖက် အလုပ်သမား လေးများအား လွမ်းဆွတ်ရင်း ရေးဖွဲ့ပါသည် )

Wednesday 24 June 2009

လှေခါးဖြစ်ခွင့်


ဒီနေ့ဒီရက်မှာ
မင်းလက်ကိုတွဲပြီး ပွဲမထွက်ရပေမယ့်
မင်းနင်းလို့တက်သွားမယ့် လှေခါးဖြစ်ခွင့် ရတာကိုပဲ ကျေနပ်မိတယ် မောင့်ချစ်သူ ၊၊

ဘိသိတ်သဘင်ဆင်ယင် ခါနီး
ဖ၀ါးနုနု လေးတွေ ဘေးမသီရန်မခဖို့
အပြုံးတုမဟုတ်တဲ့ ပီတိပြုံးတစ်ခုနဲ့ လက်ဖွဲ့ လိုက် ပါ့မယ်
မောင့်ချစ်သူ ၊၊

မင်းပြုံးရင် မောင်ပျော်သမို့
မင်းဖ၀ါးနုနု သွေးခြေတော် မအုဘူးဆိုရင် ဖြင့်
နင်းစမ်းပါ ခပ်ပြင်းပြင်းသာ နင်းလိုက်စမ်းပါ မောင့်ချစ်သူ ၊၊

အတက်မှာ ခပ်မော်မော် နင်းသလို
အဆင်း ဆိုရင် လည်း တစ်ချက်ချင်း နင်း လို့
လိုရာ ခရီးကို အရောက်မှီ လှမ်းရအောင်
ပို့ဆောင်ဖို့ စောင့်စားနေဆဲပါ မောင့်ချစ်သူ ၊၊

မင်းအိမ်ဖြူ

(ဘာမှန်းမသိတဲ့ စာချိုးလေးပါ ၊ လှေခါးလေးဖြစ်ခွင့်၇တာ ၊ တံတားလေးဖြစ်ခွင့်ရတာဟာ မေတ္တာသာ တကယ် ပါမယ်ဆိုရင် တွေးတွေးပြီး ဂုဏ်ယူစရာပေါ့)

Tuesday 23 June 2009

ငှက်စာ

ဟိုးတပတ်ကျော် တစ်ခုသော တနင်္ဂနွေကပေါ့ Bird Park ကို သွားဖြစ်ခဲ့သေးတယ် ၊၊ အကြောင်းကြောင်း ကြောင့် မရောက်ဖြစ်ခဲ့သေးတဲ့ နေရာလေးကို လက်မှတ်ဝင်ကြေး မပေးရပဲ ရောက် ခွင့်ရ ခဲ့ တယ် လေ၊၊ အသိအစ်မကြီးတစ်ယောက် ကသူတို့ ကုမ္မဏီက ရတဲ့ လက်မှတ်ကို ပေးလို့ပါ ၊၊ ၄ ယောက် အလကား ၀င် ခွင့်ရတယ် ၊၊ ပုံမှန်ဆိုရင်တော့ ၁၆ ကျပ်လားမသိဘူး ၊၊ ကိုယ်မပေးရတော့ ဈေးလည်း မေးခဲ့မိတော့ဘူး D:


ပထမတစ်ကြိမ်လည်း သွားဖို့ စီစဉ်ဖူးတယ် ၊၊ အိမ်မှာ အတူနေတဲ့ သူငယ်ချင်းတွေ နဲ့ ၊ ချိန်းထားပြီးတော့မှ ကိုယ့် ကိုမခေါ်ပဲ သူတို့ဘာသာ ထွက်သွားတော့ လိုက်ခွင့်မရခဲ့ဘူး ၊၊ အခုတော့ သွားဖြစ်ဖို့ဖန်လာလို့ ရောက် ခွင့်ရတာပေါ့လေ ၊၊




စင်ကာပူထုံးစံ အားလုံးက တော့ပြုပြင်ဖန်တီးထားတာတွေ ချည်းပါပဲလေ ၊၊ တောင်ဆိုလည်းအတု ၊ ရေတံခွန်ဆိုလည်း အတု ၊ မြစ်ဆိုလည်းအတု ၊ အပင်တွေကလည်း အရွက် တွေ က မာ ဆတ်ဆတ်နဲ့ အတု တွေ လားတောင် ထင်ရရဲ့ ၊၊ ဒါပေမယ့် ဘယ်အရာမဆို သေသေချာချာ စည်းစနစ်တကျ လုပ်ထားတာ တော့ အတော်ကိုသဘောကျပါတယ် ၊၊ အရာအားလုံးကို စည်းကမ်းဆိုတဲ့ ဘောင်တစ်ခုတည်းကနေ ထိန်းချုပ်ထားတာ တော့ နမူနာယူဖို့ကောင်းပါတယ် ၊၊ ဒီလိုမှ မလုပ်ရင်လည်း လူမျိုးပေါင်းစုံ လာရောက်နေထိုင်တဲ့ ကျွန်းနိုင်ငံလေး စည်းမဲ့ကမ်းမဲ့ ပရမ်းမတာတွေ ဖြစ်ကုန်မှာပေါ့လေ ၊၊

အဲဒီရေတံခွန်ကလည်း အတုလုပ်ထားတာပါလေ



အဲဒီထဲမှာ သဘော အကျဆုံးကတော့ ငှက်ကလေးတွေကို ပြပေးတဲ့ ငှက်ရှိုးလို့ ခေါ်မလား အဲဒီ Bird Show ကို သဘော အကျဆုံးပါပဲ ၊၊ ဆင်လိမ္မာ ပြပွဲဆိုတာလည်း ကိုယ်နဲ့ သိပ်မစိမ်းပါဘူး ၊၊ နောက် မြွေတွေကို သင်ကြား ပြသတဲ့ပွဲတွေ ၊ နောက် မျောက်ပွဲတွေ ဆိုတာက မြင်တွေ့နေကျမို့ ထူးပြီးမဆန်းပေမယ့် ငှက်တွေ ကို သင်ကြား ပြီး ပွဲတစ်ခု လိုပြသတာကတော့ ကျွန်တော့်အတွက် တကယ်ကို ထူးဆန်းပါတယ်ဗျာ ၊၊ အဲဒီ ငှက်တွေ ကို ကြိုးတွေနဲ့လည်းချည်မထားပါဘူး ၊၊ မိုးလုံလေလုံ ပြပွဲရုံထဲမှာ ပြတာလည်း မဟုတ်ပါဘူး ၊၊ အလွတ်တမ်း ပါ ပဲ ၊၊ တကယ်လို. အဲဒီ ငှက်ကလေးတွေ ပျံပြေးမယ်ဆိုရင် ပျံပြေးလို့ ရပါတယ် ၊၊ လေဟာပြင် ဇာတ်ရုံထဲမှာ ပေါ့၊၊

ပထမဆုံး ပြကွက်က ငှက်တွေ ရေငန်းတွေ အများကြီးထွက်လာပြီး ပြတာ ၊၊ ယိမ်းကသလိုပဲဗျာ ၊၊ တကယ် သူ့အပေါက်နဲ့သူ အ၀င်အထွက်မမှားဘူး ၊၊ နော်က ငှက်နှစ်ကောင်က ဂေါ်လီလုံးလေးတွေကို အပြိုင်ထည့်တဲ့ ပြကွက် ၊ သူတို့နာမည်တွေ ခေါ်ပြီး ပရိတ်သတ်က အားပေးရတယ် ၊၊ တကယ်ကို ၇င်သပ်ရှုမောလို့ ဆိုချင်တယ် ၊၊ နောက် သတ်မှတ်ထားတဲ့ နေရာတွေကို သွားပြ ပျံပြ ၊ သီချင်းတွေ ဆိုပြ ၊ တကယ်ကို အံသြမိပါရဲ့ အဲဒီမှာ ကျွန်တော့်ခေါင်းထဲကို အတွေးလေးတစ်ခု ဖျတ်ကနဲဆို ၀င်လာခဲ့တယ် ၊၊ ထုံးစံအတိုင်း အူအူကြောင်ကြောင် မို. အူကြောင်ကြောင် အတွေးလေးပေါ့ ၊၊


အနားမှာရှိတဲ့သူငယ်ချင်းကို "မင်းစဉ်းစားကြည့်စမ်းပါ ၊ လူတွေ မပြော နဲ့ ငှက်တွေကိုတောင် ဒီလိုခိုင်းထားတာဆိုတော့ လူတွေ စိတ်ညစ်တယ် ၊ မပျော်ဘူး မပြောနဲ့တော့ကွာ " ဆိုတော့ သူငယ် ချင်းက ကျွန်တော့်ကို ဒီလို ပြန်ပြောပါ တယ် ၊ " သူတို့ တစ်ခုခု တော့ လုပ်ထားလိမ့်မယ်ကွ ၊ ဘာ့ကြောင့်လဲဆိုတော့ လွတ်လပ်ခြင်းကို မြတ်နိုးပါတယ် ဆိုတဲ့ ငှက်ကလေးတွေက ပျံသန်းလွတ်မြောက်ခွင့် ရပါလျက် မပျံသွားဘူးဆိုတော့ "လို့ပြောပြီး စကားဖြတ်ပြီး စဉ်းစား ဟန်ပြု တော့မှ ကျွန်တော်ဖြတ် ကနဲတွေးမိ သွား တာ က ပွဲစဉ် တစ်လျှောက် လုံးမှာ ငှက်ထိန်း တွေ ကို အစာတမျိုးကို မရပ်မနား ကျွေး နေ တာကို သတိပြုမိသွားပြီး " မှန်တယ် မင်းပြောတာဖြစ်နိုင်တယ် သူတို့ကျွေးနေတဲ့ အစာထဲမှာ စွဲလန်းစေတက်တဲ့ အရာတစ်ခုခု ပါလိမ့်မယ် ၊ အပြင်ပတစ်နေရာမှာ မရနိုင်တဲ့ အစာတမျိုးကြောင့်သာ ဒီငှက်ကလေးတွေ အဝေးကို မပျံပြေးတာ ဖြစ်နိုင်တယ် လို့ အဖြေလေးတစ်ခုရမှ ပဲ နေသာ ထိုင်သာ ရှိပြီး ဆက်တွေးဖြစ်တာကတော့

အစာတလုတ်အတွက် ကိုယ့်ဌာနေကိုစွန့်ပြီး သူများအလိုကျ သရုပ် ဆောင်ပြနေရတဲ့ ငှက်ကလေးတွေ သူတို့ ရော ဟိုးတစ်နေရာ က အ မျိုး တွေ ရှိရာ မွေးရပ်မြေကို ပျံချင် နေကြမလား ၊၊ တကယ် လို.ပြန်သွားတဲ့အခါ ဒီမှာ စား ရတဲ့ အစာမျိုးမရတဲ့ အတွက် ပျော် နိုင်ပါ့ မလား ၊၊ ပျံသွားပြီး မနေနိုင်လို့များ ပြန်လာကြတာလား ၊၊ အော် တ ကယ် လို့ သူတို့ကြိုက်တဲ့ အစာတွေ အဲဒီ မွေးရပ်မြေမှာ ရရင် တော့ ပြန်သွား ကြမလား ၊၊ လားပေါင်းများစွာ နဲ့ပေါ့ ၊၊ ဒီလိုမြိုပြ ရဲ့ ပြပွဲမှာ ပါဝင်ခွင့် ရဖို့အတွက် ကိုယ့်ကိုကိုယ် လေ့ကျင့်ကျိုးစားပြီး ၊ သူများတွေ ခိုင်း သလို လုပ်ပြဖို့ ဒီနေရာကိုရောက်လာသူတွေအတွက် မ ထောင်း တာ ပေမယ့် အဲဒီ အစာလေးတလုတ်အတွက် စိတ်မပျော်ပဲ သရုပ်ဆောင် ပြနေရတဲ့ အဝေးရောက် ငှက်ငယ်လေးတွေ အတွက် ရင်နာမိတာ အမှန်ပါ ၊၊ သူတို့ပျော်တဲ့ အရပ်မှာ သူတို့စွဲလန်းသွားမိတဲ့ ငှက်စာလေးတွေ ပေါများပါစေဗျာ လို့ လေလွင့်ငှက်ငယ်လေး တွေ အတွက် ဆုတောင်းမိနေဆဲ ၊၊


လေးစားစွာဖြင့်
မင်းအိမ်ဖြူ

(စာတွေ အများကြီးမရေးဖို့ ထိန်းချုပ်နေရင်း မနည်းဖြတ်လိုက်ရပါတယ် ၊၊ မပြည့်စုံမှာလည်းဆိုးတော့ ဖြတ်ရင်း စာကနည်းနည်းတော့ ရှည်သွားတယ်ဗျာ ၊ ဒီထိရောက်အောင်ဖတ်ပေးတာကျေးဇူးတင်ပါတယ်ဗျာ)

Monday 22 June 2009

တို့ဆွေမျိုး

......


ပင်လယ်ကမ်းစပ်တစ်နေရာ ၊ အပန်းဖြေမလား ၊ လွမ်းနေမလား ကွယ်



.................

ရုံးသွားကြရအောင် ၊ ကျောင်းသွားကြရအောင် ၊ ဘုရားသွားကြရအောင်

ရောင့်ရဲတက်တဲ့ တို့ဆွေမျိုး
ကြောင့်ကြနည်းတဲ့ တို့ဆွေမျိုး
တင်းတိမ်တက်တဲ့ တို့ဆွေမျိုး
လောဘနည်းတဲ့ တို့ဆွေမျိုး
နွံအနစ်မှာ ကျွန်မဖြစ်ပေမယ့်
လူဖြစ်ရှုံးတဲ့ တို.ဆွေမျိုးတွေ ဘဝ
ပြန်ကာလှန် ဟိုအတိတ်ဟောင်းကိုပ
ပြန်တွေးရင် ရင်တွေ အခါခါ နာသမို့
ပြန်မေးနဲ့ကွယ် ၊၊

၂၀ ကျော် ၂၀ကျော်
၂ ခါပိုင်း ပြီမို့
၂ခါနာ ၂ခါနာ
ခါခါများ ပြီမို့
တော်ပါပြီ ဆက်မတွေးချင်ဘူး
တန်ပါပြီ ဆက်မလွမ်းချင်ဘူး
လာမေးနဲ့ကွယ်
ပြန်မပြောချင်ဘူး ၊၊


(ဇာတ်လမ်းလေးတစ်ပုဒ်ရေးဖို.အတွက် စဉ်းစားရင်း ထွက်လာတဲ့ ဇာတ်လမ်းထဲက စာချိုးလေးပါ ၊၊ အဲဒီ ဇာတ်လမ်းလေးကို ၀မ်းသာစရာလေးနဲ့ ဇာတ်သိမ်းချင်တယ် ၊ ဒါပေမယ့် ခုချိန်ထိတော့ သေချာဘူးလေ ၊၊ ဒါကြောင့် သိမ်းထားဖြစ်ဆဲ ၊၊ တ၀က်တပျက် ရေးထားဆဲပေါ့၊၊အဲဒီထဲက ဒီစာချိုးလေးကိုတော့ အမှတ်တယအဖြစ် တင်ဖြစ်ပါတယ် ၊၊ ကောင်းမွန်သာယာ သော ဇာတ်သိမ်းလေး ဖြစ်ဖို. ကျိတ်ပြီးဆုတောင်း နေမိပါတယ် )
(ဗိုက်ပူကားလေးက မမေ ဘလော့မှ ယူထားပါသည် ၊၊ )

Sunday 21 June 2009

နွေးထွေးသော နေရာလေးတစ်ခုဆီသို.

အင်း...... ကျွန်တော့်ရဲ့ မိတ်ဆွေ သူငယ်ချင်းတွေ ကို အတိတ်ခရီးကနေ ပြန်လာပြီးတဲ့နောက်မှာတော့ သာယာ ပြီး နွေးထွေး တဲ့နေရာ လေး ၊ "ယုယ နွေးထွေးသော ဘ၀လေး တစ်ခုဆီသို. " ခေါ်သွားပါရစေနော် ၊၊

ကျွန်တော်သည်လည်း ဟိုးလွန်ခဲ့တဲ့ ၃ လကျော်လောက်က "ပြတင်းပေါက်ကလေး "ရဲ့ ပိုင်ရှင် ကိုဒီပ ရဲ့ စပွန်ဆာ နဲ. ဒီခရီးလေးကို စတင်လျှောက်လှမ်းဖြစ်ခဲ့ပါတယ် ၊၊ ဘာ့ကြောင့် ဒီလိုပြောလည်း ဆိုတော့ သူကိုယ်တိုင်ပဲ သင်ပြပေးပြီး သူ ကိုယ် တိုင် ပဲ အခုလို မိတ်ဆွေ သူငယ်ချင်းတွေ နဲ. တွေဆုံမိတ်ဆက်ခွင့်ပေးခဲ့တယ်လေ ၊၊

ကျွန်တော့်ရဲ့ ပထမဆုံး အဖေ ဆိုတဲ့ ပိုစ့်လေးကို မွေးနေ.အမှီတင် လိုတာ ကြောင့် အတော်ကို ကသောင်း ကနင်း ဖြစ်ခဲ့ရပါတယ် ၊၊ မွေးနေ.အတွက် ဘုန်းကြီးဆွမ်းကပ်ပွဲလေးကိုလည်း အိမ်မှာပဲ သူငယ်ချင်းတွေကိုယ်တိုင် ချက်ပြုတ် ခဲ့တာဆိုတော့ တော်တော်ကို ကသီခဲ့ပါတယ် ၊၊

မြန်မာစာ အရိုက်ကလည်းမသွက် ၊၊ မြန်မာစာလက်ကွက် က အဲဒီတော့မှ စရိုက်တာဆိုတော့ စာတစ်လုံးရိုက်ဖို. အရေး လိုက် လိုက်စမ်း နေရပါတယ် (ကီးဘုတ်ကိုပြောတာနော် ) ၊ သူငယ်ချင်း ကိုရွာသားလေး၊ ၀ိုင်တီယူ ရဲ့ အမှတ်တယ အကူ အညီပေါ့လေ ၊၊ ကျွန်တော့်ရဲ့ပထမဆုံး ပိုစ့်လေးဖြစ်တဲ့ အဖေ ဆိုတဲ့ ပိုစ့်လေးက အဲဒီသူငယ်ချင်း ကိုရွာသားပဲ ရိုက်ပြီး Gtalk ကနေပို.ပေးခဲ့တာပါ ၊၊ မှတ်မှတ်ယယပါပဲ ဗျာ၊၊

နောက်ပိုင်းလိုအပ်တဲ့ Adjustment တွေ ၊ မြန်မာဖောင့်ရိုက်နည်းတွေ ကိုတော့ ကိုဗီလိန် ကနေ လှမ်းလှမ်းပြီး သင်ပြ အကြံပေးခဲ့ပါတယ် ၊၊ ခုချိန်ထိပါပဲ ၊၊ မမေကတောင် မြန်မာစာ သတ်ပုံသတိထားဖို. အကြံပေးရဲ့ ကျေးဇူးတင်ပါတယ် ၊၊ ငှက်ကလေးလည်းပါတယ်၊၊ နောက်ပိုင်း အပုဒ်တိုင်းကို ကောင်းကောင်းမကောင်းကောင်း အားပေးတာကတော့ ကျွန်တော့်ညီမငယ် မယ်ကိုး ပေါ့ ၊၊ နောက်ပိုင်း လာရောက်လည်ပတ် အားပေးကြတဲ့ သူငယ် ချင်းဘလော့ဂါ တွေ ၊ မန်.ပြီး ၀င်ရောက်ဆွေးနွေးပေးတဲ့သူတွေ ရဲ့ အကူအညီနဲ. ကျွန်တော့်အိမ်လေး ကို ကျားကန်နေရတာပါဗျာ ၊၊

အခုလည်း ကျွန်တော်ကဲ့သို.ပဲ ၊ ကျွန်တော့်သူငယ်ချင်း ကလည်း ယုယနွေးထွေးမှူတွေ ပေးလိုပါတယ်ဆိုတော့ အဲဒီ နွေးထွေးတဲ့နေရာလေး တစ်ခုဆီကို လမ်းညွှန်ပါရစေဗျာ ၊၊ နည်းပညာဆိုင်ရာလေးတွေ ၊ ခံစားမှုလေးတွေ ၊ ဘာသာပြန် စာပေလေးတွေ နဲ. တကယ်ကို နွေးထွေးသော ဘ၀အတွက် ခေတ္တခဏ ဖြစ်ဖြစ် သွားရောက်လည် ပတ်စရာ နေရာလေး တစ်ခုအဖြစ် ၊ သွားရောက်ဖြစ်အောင် သွားရောက် လည်ပတ် ပြီး အပန်းဖြေပါအုံး လို. ပဲ အခမဲ့ "ယုယ နွေးထွေးသော ဘ၀လေး တစ်ခုဆီသို. " အရောက်ပို.ပါရစေဗျာ ၊၊

လေးစားစွာဖြင့်
မင်းအိမ်ဖြူ