
စင်ကာပူထုံးစံ အားလုံးက တော့ပြုပြင်ဖန်တီးထားတာတွေ ချည်းပါပဲလေ ၊၊ တောင်ဆိုလည်းအတု ၊ ရေတံခွန်ဆိုလည်း အတု ၊ မြစ်ဆိုလည်းအတု ၊ အပင်တွေကလည်း အရွက် တွေ က မာ ဆတ်ဆတ်နဲ့ အတု တွေ လားတောင် ထင်ရရဲ့ ၊၊ ဒါပေမယ့် ဘယ်အရာမဆို သေသေချာချာ စည်းစနစ်တကျ လုပ်ထားတာ တော့ အတော်ကိုသဘောကျပါတယ် ၊၊ အရာအားလုံးကို စည်းကမ်းဆိုတဲ့ ဘောင်တစ်ခုတည်းကနေ ထိန်းချုပ်ထားတာ တော့ နမူနာယူဖို့ကောင်းပါတယ် ၊၊ ဒီလိုမှ မလုပ်ရင်လည်း လူမျိုးပေါင်းစုံ လာရောက်နေထိုင်တဲ့ ကျွန်းနိုင်ငံလေး စည်းမဲ့ကမ်းမဲ့ ပရမ်းမတာတွေ ဖြစ်ကုန်မှာပေါ့လေ ၊၊
အဲဒီထဲမှာ သဘော အကျဆုံးကတော့ ငှက်ကလေးတွေကို ပြပေးတဲ့ ငှက်ရှိုးလို့ ခေါ်မလား အဲဒီ Bird Show ကို သဘော အကျဆုံးပါပဲ ၊၊ ဆင်လိမ္မာ ပြပွဲဆိုတာလည်း ကိုယ်နဲ့ သိပ်မစိမ်းပါဘူး ၊၊ နောက် မြွေတွေကို သင်ကြား ပြသတဲ့ပွဲတွေ ၊ နောက် မျောက်ပွဲတွေ ဆိုတာက မြင်တွေ့နေကျမို့ ထူးပြီးမဆန်းပေမယ့် ငှက်တွေ ကို သင်ကြား ပြီး ပွဲတစ်ခု လိုပြသတာကတော့ ကျွန်တော့်အတွက် တကယ်ကို ထူးဆန်းပါတယ်ဗျာ ၊၊ အဲဒီ ငှက်တွေ ကို ကြိုးတွေနဲ့လည်းချည်မထားပါဘူး ၊၊ မိုးလုံလေလုံ ပြပွဲရုံထဲမှာ ပြတာလည်း မဟုတ်ပါဘူး ၊၊ အလွတ်တမ်း ပါ ပဲ ၊၊ တကယ်လို. အဲဒီ ငှက်ကလေးတွေ ပျံပြေးမယ်ဆိုရင် ပျံပြေးလို့ ရပါတယ် ၊၊ လေဟာပြင် ဇာတ်ရုံထဲမှာ ပေါ့၊၊
ပထမဆုံး ပြကွက်က ငှက်တွေ ရေငန်းတွေ အများကြီးထွက်လာပြီး ပြတာ ၊၊ ယိမ်းကသလိုပဲဗျာ ၊၊ တကယ် သူ့အပေါက်နဲ့သူ အ၀င်အထွက်မမှားဘူး ၊၊ နော်က ငှက်နှစ်ကောင်က ဂေါ်လီလုံးလေးတွေကို အပြိုင်ထည့်တဲ့ ပြကွက် ၊ သူတို့နာမည်တွေ ခေါ်ပြီး ပရိတ်သတ်က အားပေးရတယ် ၊၊ တကယ်ကို ၇င်သပ်ရှုမောလို့ ဆိုချင်တယ် ၊၊ နောက် သတ်မှတ်ထားတဲ့ နေရာတွေကို သွားပြ ပျံပြ ၊ သီချင်းတွေ ဆိုပြ ၊ တကယ်ကို အံသြမိပါရဲ့ အဲဒီမှာ ကျွန်တော့်ခေါင်းထဲကို အတွေးလေးတစ်ခု ဖျတ်ကနဲဆို ၀င်လာခဲ့တယ် ၊၊ ထုံးစံအတိုင်း အူအူကြောင်ကြောင် မို. အူကြောင်ကြောင် အတွေးလေးပေါ့ ၊၊
အနားမှာရှိတဲ့သူငယ်ချင်းကို "မင်းစဉ်းစားကြည့်စမ်းပါ ၊ လူတွေ မပြော နဲ့ ငှက်တွေကိုတောင် ဒီလိုခိုင်းထားတာဆိုတော့ လူတွေ စိတ်ညစ်တယ် ၊ မပျော်ဘူး မပြောနဲ့တော့ကွာ " ဆိုတော့ သူငယ် ချင်းက ကျွန်တော့်ကို ဒီလို ပြန်ပြောပါ တယ် ၊ " သူတို့ တစ်ခုခု တော့ လုပ်ထားလိမ့်မယ်ကွ ၊ ဘာ့ကြောင့်လဲဆိုတော့ လွတ်လပ်ခြင်းကို မြတ်နိုးပါတယ် ဆိုတဲ့ ငှက်ကလေးတွေက ပျံသန်းလွတ်မြောက်ခွင့် ရပါလျက် မပျံသွားဘူးဆိုတော့ "လို့ပြောပြီး စကားဖြတ်ပြီး စဉ်းစား ဟန်ပြု တော့မှ ကျွန်တော်ဖြတ် ကနဲတွေးမိ သွား တာ က ပွဲစဉ် တစ်လျှောက် လုံးမှာ ငှက်ထိန်း တွေ ကို အစာတမျိုးကို မရပ်မနား ကျွေး နေ တာကို သတိပြုမိသွားပြီး " မှန်တယ် မင်းပြောတာဖြစ်နိုင်တယ် သူတို့ကျွေးနေတဲ့ အစာထဲမှာ စွဲလန်းစေတက်တဲ့ အရာတစ်ခုခု ပါလိမ့်မယ် ၊ အပြင်ပတစ်နေရာမှာ မရနိုင်တဲ့ အစာတမျိုးကြောင့်သာ ဒီငှက်ကလေးတွေ အဝေးကို မပျံပြေးတာ ဖြစ်နိုင်တယ် လို့ အဖြေလေးတစ်ခုရမှ ပဲ နေသာ ထိုင်သာ ရှိပြီး ဆက်တွေးဖြစ်တာကတော့
အစာတလုတ်အတွက် ကိုယ့်ဌာနေကိုစွန့်ပြီး သူများအလိုကျ သရုပ် ဆောင်ပြနေရတဲ့ ငှက်ကလေးတွေ သူတို့ ရော ဟိုးတစ်နေရာ က အ မျိုး တွေ ရှိရာ မွေးရပ်မြေကို ပျံချင် နေကြမလား ၊၊ တကယ် လို.ပြန်သွားတဲ့အခါ ဒီမှာ စား ရတဲ့ အစာမျိုးမရတဲ့ အတွက် ပျော် နိုင်ပါ့ မလား ၊၊ ပျံသွားပြီး မနေနိုင်လို့များ ပြန်လာကြတာလား ၊၊ အော် တ ကယ် လို့ သူတို့ကြိုက်တဲ့ အစာတွေ အဲဒီ မွေးရပ်မြေမှာ ရရင် တော့ ပြန်သွား ကြမလား ၊၊ လားပေါင်းများစွာ နဲ့ပေါ့ ၊၊ ဒီလိုမြိုပြ ရဲ့ ပြပွဲမှာ ပါဝင်ခွင့် ရဖို့အတွက် ကိုယ့်ကိုကိုယ် လေ့ကျင့်ကျိုးစားပြီး ၊ သူများတွေ ခိုင်း သလို လုပ်ပြဖို့ ဒီနေရာကိုရောက်လာသူတွေအတွက် မ ထောင်း တာ ပေမယ့် အဲဒီ အစာလေးတလုတ်အတွက် စိတ်မပျော်ပဲ သရုပ်ဆောင် ပြနေရတဲ့ အဝေးရောက် ငှက်ငယ်လေးတွေ အတွက် ရင်နာမိတာ အမှန်ပါ ၊၊ သူတို့ပျော်တဲ့ အရပ်မှာ သူတို့စွဲလန်းသွားမိတဲ့ ငှက်စာလေးတွေ ပေါများပါစေဗျာ လို့ လေလွင့်ငှက်ငယ်လေး တွေ အတွက် ဆုတောင်းမိနေဆဲ ၊၊လေးစားစွာဖြင့်
မင်းအိမ်ဖြူ
(စာတွေ အများကြီးမရေးဖို့ ထိန်းချုပ်နေရင်း မနည်းဖြတ်လိုက်ရပါတယ် ၊၊ မပြည့်စုံမှာလည်းဆိုးတော့ ဖြတ်ရင်း စာကနည်းနည်းတော့ ရှည်သွားတယ်ဗျာ ၊ ဒီထိရောက်အောင်ဖတ်ပေးတာကျေးဇူးတင်ပါတယ်ဗျာ)

.jpg)