Saturday, 16 January 2010

မဝေခင်မှာ မကြွေစေချင်ပါ


ကျွန်တော်တို့စီမံကိန်းကြီးလည်း အချောသပ်လုပ်ငန်းတွေ နဲ့ ပြီးဆုံးကာနီးပြီမို့ ဟိုး..အရင် စီမံကိန်းလုပ်ငန်းကြီး အားကောင်း မောင်းသန် ကြိုးစားလုပ်ကိုင်ခဲ့ရတဲ့ စီမံကိန်းလယ် ကာလကာလောက် အလုပ်တွေ သိပ်မရှုပ် တော့ပြီ ၊၊ အနည်း ငယ် အေးအေးလူလူ ရှိလာပြီလို့ ဆိုရပေမပေါ့ ၊၊ ဆိုက်လုပ်ငန်းတွေ ကလည်း ပါးပါးလျလျ နဲ့ လိုအပ်တဲ့ အချော သပ်လုပ်ငန်းတွေသာ ရှိတော့ တာမို့ လူအင်အားလည် လျော့ပါးသွားသလို စက်ကြီးတွေ ၊ ကရိန်းတွေ ၊ ယန္တယား တွေ လည်း နောက်ထပ်စီမံကိန်း အသစ်တစ်ခုဆီကို ပြောင်းရွှေ့သွားပြီမို့ ဟာလာ ဟင်းလင်း ရှင်းရှင်း လင်းလင်းနဲ့ စီမံကိန်းက လွမ်းမောစရာတောင်ကောင်းနေလေရဲ့ ၊၊


စီမံကိန်း လယ်ကာလ ၊ ဆီတုန်းကတော့ ပွဲတော်အလား ပျားပန်းခတ်မျှ စည်ကားလို့ပေါ့ ၊၊ မနက်အာရုံတက်လို့ ရောင်နီလာပြီ ဆိုသည်နှင့် စက်သံ၊ကားသံ ၊ လူသံ ၊ခေါ်သံ ၊ အော်သံ တွေနဲ့ စည်စည်ညံခဲ့ပေါ့လေ ၊၊ ကျွန်တော် တို့လည်း မနက် ၇-နာရီ ထိုးတာနဲ့ ဆိုက်ထဲရောက်နေကြပြီ ၊၊ တစ်နေ့တာ လုပ်ငန်းအတွက် တာဝန်တွေ ခွဲဝေ လို့ စီမံကိန်း ဒါရိုက်တာ ဖြစ်သူနဲ့ မနက်တိုင်း ကွင်းပြင်ထဲမှာ Briefing ယူနေကြပေါ့ ၊၊ နောက်မှ ကိုယ်တာဝန်ကျ တဲ့ အပိုင်းမှာ ရှိတဲ့ လုပ်ငန်းက ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေကို ထပ်ပြီး ညွှန်ကြား ၊ ပြီးမှ လိုအပ်တဲ့ လုပ်ငန်းတွေ လိုက်စစ်ဆေး လို့ ၊ လုပ်ကြကိုင်ကြပေါ့ ၊၊ ပင်ပန်းပေမယ့် အင်မတန်မှ ပျော်ရွှင်စရာကောင်းသလို ၊ အင်မတန်မှ လည်း ဂုဏ်ယူစရာပေါ့ ၊၊ နောင်တချိန်မှာ ပေါ်ထွန်းလာတော့မယ့် တံတားသစ်ကြီးကို မြင်ယောင်ရင်း ပင်ပန်းတာ တွေ ပြေပျောက် ရပါတယ် ၊၊


အော် ၊ အခုတော့ စီမံကိန်းလည်း ပြီးဆုံးခြင်း ရောက်လို့ အချို့ချို့တွေ လည်း နောက်ထပ် စီမံကိန်းအသစ်ဆီ ရှေ့ပြေးအဖွဲ့အဖြစ် သွားကြပြီ ၊၊ အလုပ်မရှိတော့တဲ့ အလုပ်သမားအချို့လည်း ပြောင်းကြရွှေ့ကြပေါ့ ၊၊ အခုလို စပ်ကူးမတ်ကူးကာလ ဟာ ကျွန်တော်တို့လို အမြဲတမ်းဝန်ထမ်းတွေ အတွက် မထောင်းတာပေမယ့် ၊ နေ့စား အလုပ် သမား လူတန်းစား အတွက်တော့ အင်မတန်မှ ကျပ်တည်းတဲ့ ကာလပေါ့ ၊၊ လုပ်ငန်းကလည်း မလှိုင် တော့ သလို အလုပ်မရှိဘူးလို့လည်း မဆိုနိုင် ၊ ပြတ်တုန်းလပ်တုန်း ကာလပေါ့ လေ ၊၊ မစဉ်းစားချင် ပါဘူးလေ ၊၊ အခုလို မနက်စောစော မှာ ဒီလိုအကြောင်းတွေ မတွေးလိုပေမယ့် ၊ တားမရဆီးမရ အလိုလို ၀င်လာတဲ့ အတွေး ဆိုးကို ဖြေဖျောက်လို. အားနေတုန်း လမ်းလေးဆင်းလျှောက်ဖို့ စိတ်ကူးနဲ့ ကျွန်တော့် အိမ်လေးရဲ့ ခေါင်းရင်းဖက် စွေစောင်းစောင်းမှာ ရှိတဲ့ ခရေပင်တန်းလေးတွေ ဘက်ဆီကို ဦးတည်မိပါတယ် ၊၊


ခရေပင်လေးတွေ ဟာ ပင်ပျိုလေးတွေ မို့ အပွင့်တွေ ဝေေ၀ဆာဆာ နဲ့ ရနံသင်းသင်းလေး အမြဲမွှေးနေတက် ပါတယ် ၊၊ လေအဝှေ့မှာ ကြွေကြနေတဲ့ ခရေပွင့်လေးတွေ လည်း မြေပြင်မှာ ဖွေးဖွေးလှုပ်လို့ပေါ့ ၊၊ အဲဒီ ခရေ ပန်း လေးတွေကို နေ့စဉ်မနက်တိုင်း ဗန်းကုံးလေးတွေနဲ့ လာကောက်နေကြ မောင်နှမနှစ်ယောက် ရှိပါတယ်၊၊ အကြီးမလေး က ၁၁ နှစ်လောက်နဲ့ အငယ်ကောင်လေးက ၈နှစ် လောက်ပေါ့ ၊၊ ဆိုက်ထဲမှာ အလုပ်လုပ်တဲ့ အလုပ်သမား တစ်ယောက်ယောက်ရဲ့ သားသမီးလေးတွေ နေမှာပါလေ ၊၊ ဗန်းကုံးလေးတွေ အပြည့်အမောက် အမြဲတမ်း ကုန်စင်အောင် ကောက်သွားတက်ကြပါတယ် ၊၊ ကျောင်းဖွင့်ချိန်ပေမယ့် ကျောင်းသွားတာမမြင်တော့ ကျောင်းမနေကြဘူးထင်ပ ၊၊ ဒီလိုပဲ ဆိုက်ထဲမှာ လည်း ဟိုဟာလေးကောက် ၊ ဒီဟာလေးကောက်နဲ့ တွေ့နေရ တက်ပါတယ် ၊၊ ဒီနေ့မနက်မှာတော့ ပန်းကြွေလေးတွေ ကောက်ရုံမက အပင်ကိုပါ လှုပ်ပြီး မကြွေသေးတဲ့ ပန်းလေးတွေကို ခြွေ ယူဖို့ ကြိုးစားနေတာကြောင့် " ဟေ့ ခလေးတွေ မင်းတို့ ကြွေတာကိုတင်ကောက် လေ ကွာ ၊ ဘာဖြစ်လို့ မကြွေ သေးတဲ့ ပန်းလေးတွေ ကို ခြွေနေတာလည်း ၊ အပင်မြင့်မှာ ခဏဖြစ်ဖြစ် သဘာဝအတိုင်း နေပါစေကွာ ၊ နောက် နေ့ မနက်တော့ သူ့အလိုလို ကြွေမှာပေါ့ကွာ " ရယ်လို့ ခပ်ငေါက်ငေါက်လေး ပြောမိတော့ ကောင်းမလေးက " ဒီနေ့ အဖေ့ကို ဆေးခန်းပြရမယ် အစ်ကိုကြီး ၊ ဆေးခန်းပြဖို့ငွေလိုတယ် ၊ ဒါကြောင့် မနက်ဖြန်သူ့အလိုလို ကြွေ တဲ့ထိ စောင့်လို့ မရလို့ပါ " ဆိုတဲ့ မျက်နှာဝိုင်းလေးကို ကျွန်တော် ဘယ်လိုပြန်ပြောရပါ့မလဲ ၊၊ " မကြွေ ခင်မှာ ဝေနေတဲ့ ပန်းလေးတွေကို သဘာဝအတိုင်း ရှိပါစေကွာလို့ " တားချင် ပေမယ့် သူတို့ကိုယ်တိုင် မဝေခင် မှာ ကြွေနေရတဲ့ ဘ၀လေးတွေ မို့ ကျွန်တော် ဘာများ ပြောနိုင် ပါဦးမလဲ ၊၊ တခါတခါ သဘာဝကို ချစ်မြတ်နိုးစွာ မဝေခင်မှာ မကြွေစေချင်တဲ့ ကျွန်တော်ကိုယ်တိုင် တခါတရံ ခြွေနေမိလား ရယ်လို့ အမြဲတွေးမိပါတယ် ၊၊


အလုပ်ခွင်ထဲမှာ ကျောင်းနေရမယ့်အရွယ် အလုပ်သမားလေးတွေကို တွေ့ရ ခိုင်းရတိုင်း လိပ်ပြာမလုံ ခံစားမိတာ အမှန်ပါ ၊၊ ၁၅ - ၁၆ - ၁၇ ဆိုတာ တကယ်တော့ မိဘရင်ခွင်၇ိပ်မှာ နွေးနွေး ထွေးထွေး ခိုလှုံရင်း ကျောင်းပညာ သင်ကြားရမယ့် အရွယ်တော့ပေါ့ ၊၊ အတက်ပညာတစ်ခုကို သင်ကြားနေရ မယ့် အရွယ်တွေပါ ၊၊ ပန်းခလေးတွေ ကြွေမှာစိုးတဲ့ ကျွန်တော် အဲဒီခလေးတွေ အတွက်ရော မကာကွယ် နိုင် တော့ ဘူးလား ၊၊ ကာရာ အိုကေ ဆိုင်မှာ အဲဒီအရွယ် ခလေးမလေးတွေကို ပန်းကုံးစွပ်တာဟာ ၊ ဘောက်ဆူးပေး တာဟာ ချီးမြှောက် လိုက်တာလား ၊ ကြွေမှာစိုးလို့ တံစိုးပေးလိုက်တာလား ၊ ကြွေပြီးသားပါပဲရယ်လို့ နင်းခြေ ပေးလိုက်တာလား ၊၊ မစဉ်းစားတက်တော့ပါဘူး ၊၊ အဖေကူလီထမ်းလို့ သားကူလီထမ်းရတယ်ဆိုတာ မွေခံထိုက်စေဆိုတဲ့ ၀တ္တရား ကျေပွန်ခြင်းလား ၊ အဖေလုပ် သူက ၁၀ ပိသာ အလေးကို ထမ်းလို့ သားလုပ်သူက ၁၅ ပိသာ အလေးကို ထမ်း နိုင်တယ်ဆိုတာ ဂုဏ်ယူ စရာလား ၊၊ အဲဒီသားသမီးကို အတိဇာတ သားရယ်လို့ ခေါ်ဆိုရမလား ၊၊ ကျွန်တော့် ပတ်ဝန်းကျင် ၊ အလုပ်ခွင်တွေထဲမှာ မဝေခင်မှာ ကြွေနေရတဲ့ ပန်းပွင့်လေးတွေ အများကြီးပါ ၊၊ အဲဒီ ပန်းလေး တွေဟာ အချိန်မတန်ခင် မှာ ပင်ယံထက်က ခြွေချခံခဲ့ရတယ်လေ ၊၊ ဒါပေမယ့် ဒါပေမယ့် အဲဒီ ပန်းခလေး တွေကို မဝေခင်မှာ မကြွေစေချင်ပေမယ့် ၊ ကိုယ်ဘာမှ မတက်နိုင်သေးတာမို့ တခါတရံ ကိုယ်တိုင် ခြွေသူမဖြစ်အောင် ကြိုးစားရင်းပဲ ..... မဝေခင်မှာ မကြွေပါစေနဲ့လို့ ဆုတောင်းပေးရုံမှတစ်ပါး .........


မေတ္တာရင်းဖြင့်

မင်းအိမ်ဖြူ


(လွန်ခဲ့တဲ့ အတိတ်က ကျွန်တော့် ရဲ့ တံတားဆိုက်ကို သတိယရင်း ၊ မြစ်သာတံတား စီမံကိန်းက လုပ်ဖေါ် ကိုင်ဖက် အလုပ်သမား လေးများအား လွမ်းဆွတ်ရင်း ရေးဖွဲ့ပါသည် )


ဝန်ခံချက် ၊၊ ပိုစ့်အဟောင်းလေးတစ်ပုဒ်ဖြစ်ပါသည် ၊၊

Sunday, 27 December 2009

မြန်မာပြည်မှာ နေစေချင်ပါသည်

ညီမလေးနှင်းမာ တစ်ယောက် ဒီတစ်ခေါက်အိမ်ပြန် လာတာ မျက်နှာ သိပ်မကောင်းပါ ။ အဖေတို့အမေတို့ကို ကန်တော့ ရင်းလာနှုတ်ဆက် တာလို့ပြောပါသည်။ ညီမလေး ဘယ်ကို များခရီး ဆန့် အုန်းမလို့ပါလိမ့် ။ ဒီလို ကန်တော့ရင်း နှုတ်ဆက်တာ ဒီတစ်ခါ တတိယ အကြိမ် ဖြစ်သလို နောက်ဆုံး အကြိမ်လည်း ဖြစ်နိုင်ပါသည်။
မှတ်မိပါသေးသည်။ လွန်ခဲ.သော (၁၀)နှစ်ကျော်ကာလ ညီမလေး အသက် (၁၅) နှစ်ပြည့် ပြီးသည့် အချိန်မှာ ဖြစ်ပါသည်။ ကျွန်တော်တို့ ရွာတွင် အထက်တန်း ကျောင်းရှိပေမယ့် ပြိးပြည်စုံသော သင်ကြားမှု မဖြစ်နိုင်ဟု ညီမလေးက ယူဆခဲ့ပါသည်။ ထို့ကြောင့် အထက်တန်း ပညာကိုမြို့ကျောင်းသို. သွားရောက်သင်ကြားချင်သည် ဟုဆိုတော့သည်။ မိန်းခလေးက ဖြစ်ပြန်၊ မြို.မှာလည်း အဆက်အခံ ကလည်း မရှိပြန်တော့ စိတ်မချလို့ တားမြစ် ကြသည် ။ တကယ် ဘ၀ကို တိုးတက်ချင်ပါသည်ဆိုသည့်မိန်းခလေး ။ တားမရသည့်အဆုံးခွင့် ပြုခဲ့ ရပါသည်။
ကျွန်တော်ကတော့ (၉) တန်းအောင်ပြီးသည် နှင့် မိဘအလုပ် ၀င်၍ စီးပွားရေးဘက် ကူးခဲ့ရ၍ ပညာရေး မှာဝေး ခဲ့ရသည်။ ထို.ကြောင့် ညီမလေး ကိုတော့ မြင့်မြင့်မားမား ပညာတက်မကြီး ဖြစ်စေချင်ခဲ့သည်။ ညီမလေးတော် ပါသည်။ တက္ကသိုလ်ဝင်တန်း ကိုဂုဏ်ထူး တွေဖြင့် အောင်မြင်ခဲ့သည်။ ရွာကျောင်းမှာ နေခဲ့သော ညီမလေးရဲ့ သူငယ်ချင်းတွေ ကတော့ အောင်ရုံတော့အောင် ကြပါသည်။ ထို.ကြောင့် ညီမလေး အယူအဆ မမှားပါဟု ထောက်ခံမိပေမယ့် ထုတ်တော့ မပြောမိပါ။ တကယ်လို.ညီမလေး မြို့ကျောင်း သွားမတက် ရင်ရော ထူးချွှန်စွာ အောင်ပါ့ မလားဟု ကိုယ့်ဘာသာ ကိုယ်တော့ စဉ်းစားမိခဲ့ပါသည်။
ဒီလိုနဲ့ ညီမလေး ရွာကိုမပြန် ဖြစ်ခဲ့တော့ပါ။ ပြန်ရင်လည်း အလည်အပတ် လောက်သာ လာတက် ပါ တော့ သည်။ ဘ၀တိုးတက်ဖို. ကျွန်တော့် ရင်ခွင်ထဲက ထွက်ခွာ သွားတဲ့ ညီမလေးကို လွမ်းမိပါသည်။ ညီမလေး လိမ်မာ ပါသည် ။ တက္ကသိုလ်ဝင်တန်း ခလေးတွေ ကို (Guide ) ဟုခေါ်သော စာပြဆရာမလေး လုပ်ရင်း သင်တန်းတွေ တစ်ခုပြီး တစ်ခု တက်သည်။ စက်မှုတက္ကသိုလ် တက်၍ အင်ဂျင်နီယာမကြီး လုပ်မည် ဟု ပြော ပါသည်။ ကျွန်တော် နားမလည်သော ဘာသာ စကား တွေပြောတက်တဲ့ ညီမလေးကို လေးလေးစားစား ချီးကျုး မိပါသည် ။
ညီမလေးကံဆိုးပါသည်။ ခေတ်ကာလအခြေအနေအရ ကျောင်းပိတ်ကာလ နှင့်ကြုံတော့ တက္ကသိုလ် မတက်ခင် (၄)နှစ်လောက် နားနေ ရပါသည် ။ ဒါပေမယ့် ညီမလေး အလကား မနေခဲ့ပါ။တဖက်က စာသင်ရင်း သင်တန်း တွေ တက်၍ တက်လမ်းရှာဖွေခဲ့ပါသည်။ ကျွန်တော်တို့ ဒေသမြို့ ကလေးမှ ရန်ကုန်မြို့ ကြီးသို့ ပြောင်းရွှေ.အခြေချပါသည်။ ဤအကြိမ်သည် ဒုတိယ အကြိမ်မြောက် နှုတ်ဆက်ခြင်း ဖြစ်ပါသည်။
ရွာမှာ ပြန်နေပါလား ညီမလေးရယ် လို့ ဘာရယ် မဟုတ်ပြောမိတော့ ညီမလေးက ရယ်ပါသည်။ ဟုတ်တာ ပဲလေ သူလုပ်နေတဲ့ အလုပ်တွေ တို့ရွာမှာမှ လုပ်လို့ မရတာပဲလို့ ဖြေရင်း လွမ်းရပါသည်။ ဒီလိုနဲ. တက္ကသိုလ် ပြီးလို့ ဘွဲ.ရပြိး အင်ဂျင်နီယာမကြီး အဖြစ်အလုပ်ရပါသည် ။ ဒီအလုပ်လေးရဖို့ ပေးဆပ်လိုက်ရတဲ့ အရင်းအနှီး အတွက်တော့ ညီမလေးက ညိုးငယ်စွာ တောင်းပန်ပါသည် ၊၊ ဘာပဲဖြစ်ဖြစ် ကျွန်တော် ကျေနပ်ပါသည် ၊၊ ကျွန်တော့် ညီမလေး ဘ၀အခြေကျပြီ လို့ ၀မ်းမြောက် ၀မ်းသာ ပီတိဖြစ်ရပါသည်။ ညီမလေးရဲ့ ခံစားချက်တွေ ကို ရင်ဖွင့်ပြောပြ ပေမယ့် အသိဥာဏ် နည်းတဲ့ ဗဟုသုတ မရှိတဲ့ ကျွန်တော် နားမလည်ပါ ။ သူရတဲ့လခနဲ. မလောက်ငှ တဲ့အကြောင်း ပြောရင် ကျွန်တော်က မပူပါနဲ. ညီမလေးရယ် အစ်ကိုပို့ မှာပေါ့ လို့ ပြောတော့ ငိုရှာပါတယ် ။ ကျွန်တော့် ညီမလေး သည်းသည်း ထန်ထန် ကို ငိုပါတယ် ၊၊ ဘာကိုမကျေ နပ် လို့ ငိုမှန်း မသိပေမယ့် ညီမလေးကို ဖျောင်းဖျနား ချရပါတယ်။ ရောင့်ရဲပါလို.လည်း တရားချမိ ပါတယ်။ အခုလို ဌာန ကြီးတစ်ခုမှာ ၊ စီမံကိန်းကြီး တစ်ခုမှာ တရားဝင်အလုပ် ရနေတာပဲ အစ်ကိုတို.က ဂုဏ်ယူ ၀မ်း မြောက် ပါပြီ၊ ဘာမှမလိုပါဘူး ၊ အမေတို.ဆိုရင် သူတို.သမီး ပညာတက်မကြီး အတွက် ကြွားရတာ အမောပဲ လို.ဆိုတော့ ညီမလေး ထပ်ငိုပါသည်။ ရှိုက်ကြီးတငင် ၀မ်း နည်းစွာ ငိုပါသည် ၊၊ ကျွန်တော် စိတ်မကောင်းပါ ။ ကျွန်တော့် ညီမလေးကို မငိုစေချင်ပါ ၊၊
ညီမလေးပြောတဲ့ အသုံးအနှုန်းတွေ ဘာသာ စကားတွေ ပိုပြီးမြင့် လာတာ သိပေမယ့် ကျွန်တော် နားမလည်ပါ။ ညီမလေးလိုလည်း မစဉ်းစား တက်ပါ။ ပ္မစည်းတစ်ခု ကို ၁၀၀ ၀ယ်ပြီး ၁၁၀ ရောင်းရင် ၁၀ မြတ်တာတော့ သိပါသည်။ ဒါပေမယ့် ညီမလေး ပြောတဲ့ အခွင့်အရေးတွေ ၊ ရပိုင်ခွင့်တွေ ၊ လိုအပ်ချက်တွေ ဆိုတာတော့ နားမလည်ပါ ။ ညီမျှမှုတွေ မညီမျှမှုတွေ ၊ မတရားမှုတွေ တရားမှုတွေ ဆိုတာတွေလည်း ညီမလေးပြောပြ ပေမယ့် အသိဥာဏ်နည်းတဲ့ ကျွန်တော် နားမလည်ခဲ့ရိုး အမှန်ပါ ၊၊
ဒီလိုနဲ. ညီမလေး ယခု တတိယအကြိမ် နှုတ်ဆက်ပြန်ပါသည်။ ပထမအ ကြိမ် နှုတ်ဆက် စဉ်က မိုင် ၂၀ ကျော် ဝေးတဲ့ ကျွန်တော်တို.နားက မြို့ကလေး။ ဒုတိယ အကြိမ် နှုတ်ဆက်တော့ မိုင် ၂၀၀ ကျော် ဝေးတဲ့ ရန်ကုန်မြို.။ ညီမလေး ဒီတစ်ခါ နှုတ်ဆက်တာ တတိယအ ကြိမ်ပါ။ မိုင် ၂၀၀၀ နီးပါး ဝေးမယ်. နေရာတစ်ခု ဆီသို. ၊၊ ၁၅ နှစ် ၁၆ နှစ် အရွယ် မဟုတ်တဲ့ ၂၇-၂၈ အရွယ် ပညာတွေ အတွေ.အကြုံတွေ ပြည်.၀ နေတဲ့ မိန်းမတစ်ယောက် ဖြစ်နေပြီမို့ အထူးတော့ စိတ်မပူ မိတော့ပါ။ လူဆိုတာ ရေကြည်ရာ မြက်နုရာ ပြောင်းရွှေ.နေထိုင်ရတာ ပါပဲလေလို. ဖြေတွေး ရပါတယ်။ သမီးကို စိတ်မချတဲ့ အဖေ နဲ.အမေ ကို တရားနဲ. ဖြေဖို့ပဲ နှစ်သိမ့်ရပါတယ်။ ဘာကို စိတ်တို မှန်းမသိဘဲ တောက် ခေါက်ပြီး အံကြိတ်နေတဲ့ အဖေ့ကို လည်း ဖျောင်းဖျ ရပါတယ် ။ အဖေ့ ကိုလည်း အံကြိတ် တက်ခေါက် စိတ်သောက မစေချင်ပါ ၊၊ တစ်မြေတစ်ပါးဆီ သွားတော့မယ့် သမီးအတွက် ငိုကြွေးနေတဲ့ အမေ့ကို လည်း သနားမိပါသည် ၊၊
ကျွန်တော်ကတော. နွားခြေရာ ခွက်ထဲက ဖားသူငယ်လို.ပဲ ပြော ပြော ဘာမှမသိ တဲ့မတွက် ဘာမှ မခံစား ရတာ အမှန်ပါ။ ညီမလေးလို ပညာတွေ တက်ခဲ့ရင် ညီမလေး လို စိတ်ဒုက္ခတွေ ခံစားနေရ အုန်းမှာ အမှန်ပါ။ ကျွန်တော့် ညီမလေးကို ဒီထက်ပိုပြီး မသိစေချင် မတက်စေချင် တော့ပါ။ ပိုသိ ပိုတက်ရင် ကျွန်တော်တို့ နဲ့ပိုဝေး သွားတော့ မှာ သေချာပါတယ်။ ဘာပဲဖြစ်ဖြစ် ညီမလေးကို မြန်မာပြည်မှာ ပဲ နေစေချင်ပါသည် ။ ။
မင်းအိမ်ဖြူ
ရေကြည်ရာ မြက်နုရာ ဆိုတဲ့ စကားလေး ကို သုံးမိပေမယ့် တခါတခါ ရေကြည် တစ်ပေါက် သောက်ဖို့ ခက်နေတဲ့ အခါ မြက်နုတွေ ပေါက်နေရာပေမယ့် ကိုယ်တိုင် စားသုံးဖို့ ခက်ခဲ့တဲ့အခါလည်း အခြေသင့်ရာ လွင့် ကြရတာပါပဲလေ ၊၊ ပညာတွေ တက်ပြီး မိဝေးဖဝေး သွားရောက် လုပ်ကိုင်နေရရှာတဲ့ ညီမလေးတွေ ၊ သိသိကြီး နဲ့ အံကြိတ်တက်ခေါက် မျက်ရည်တွေ ပိုးပိုးပေါက်ပေါက် ကျနေရတဲ့ အဖေတွေ ၊ အလွမ်းတွေ နဲ့ အတူ ပန်းရေ ချမ်းဆီမီးတွေ ဘုရားမှာ လှူရင် သားသမီးတွေ ဘေးဘယာကင်းဖို့ ဆုတောင်းနေရတဲ့ အမေတွေ ဒီသောက တွေ ဒီ သောကတွေ အမြန်ဆုံး ပယ်ပျောက်ပါစေ ၊၊
ဝန်ခံချက် ၊၊ ၊၊ ပိုစ့်အဟောင်းလေးပါ ၊၊ ရင်ထဲမှာ နင့်နင့်နဲနဲ ခံစားရသဖြင့် ပြန်လည် တင်ပြပါသည် ၊၊ ဘ၀တွေ ထာဝရ လှပပါစေ ၊၊ သူငယ်ချင်း တွေရဲ့ ဂျီတော့ ကာစတန် မက်ဆေ့မှာ အိမ်ကို လွမ်းလိုက်တာ လို့ ရေးထားတာ မြင်မိလေတိုင်း စိတ်ထဲမှာ နင့်နင့်သည်းသည်း ကို ခံစားရပါသည် ၊၊ ဝေချင်သလောက် ဝေးပါစေ ဆိုတဲ့ အမြင့်ပျံ လိုသူတွေအတွက် မထောင်းတာလှပေမယ့် အဝေးမပျံလို သူတွေ အတွက် တော့ မိဘနဲ့ ဝေးတဲ့ ဒေသဟာ ဘယ်လောက်ပဲ အစာ ရေစာ တွေ ပေါများနေပါစေ ကန္တာရပါပဲ ဗျာ ၊၊

Tuesday, 22 December 2009

သပြေညို

သပြေညို

သူ့ ခေါင်းမှာတဲ့ သပြေညို
ငါ့ ခေါင်းမှာတဲ့ သပြေညို။

တို့ပြေမှာ တို့မေ ကမ်းပါတဲ့
သပြေညို ရွှေဘိုပန်းဟာက
လန်းလျက်ပါကို။

ဘာမလျှော့လေနဲ့
လာတော့မကွဲ့ ရွှေပဟိုရ်
လေချိုက အသွေး။

လင်းကြက်အဆော်
ကွင်းထက်မှာ တူပျော်ပျော်နဲ့
စည်တော်ကို ရည်မျှော်မှန်းကာပ
ရောင်နီမှာ အောင်စည်ရွမ်းရအောင်
သပြေညို ရွှေဘိုပန်းရယ်နဲ့
လှမ်းကြစို့လေး။
မင်းသုဝဏ်
အင်္ဂလန် (၁၉၃၈) ဇန်န၀ါရီလ ၄ ရက်

ဆရာမင်းသုဝဏ် ရေးသားခဲ့သော ကဗျာလေးတစ်ပုဒ်ပါ ၊၊ လွတ်လပ်ရေးမရခင် ၁၀ နှစ်တိတိ ၁၉၃၈ ခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့မှာ ရေးသားစပ်ကုံးခဲ့တဲ့ ကဗျာလေးတစ်ပုဒ်ရယ်လို့ ဆရာ ချစ်ဦးညို ပြောလို့ သိခဲ့ရပါတယ် ၊၊ ဆရာက ဌာန်ကရိုဏ်းကျကျ ရွတ်ပြတဲ့အခါ မျက်ရည်လည်း ၀ဲခဲ့မိပါတယ် ၊၊ မြန်မာပြည်ဖွားတွေဟာ ဘယ်နေရာ ဘယ်ဌာနမှာပဲ ရောက်နေပေမယ့် အမိမြန်မာ ပြည်ကို လွမ်းဆွတ်နေကြဆဲပါ ၊၊ တမ်းတနေကြဆဲပါ ၊၊ အခါမသင့်လို့ အခွင့်ရယ် မသာသေးချိန်မို့ တိုင်းတစ်မြေခြားမှာ လုပ်ကိုင်စားနေရပေမယ့် သပြေညို တွေဝေနေတဲ့ ပြည်မြန်မာကို အောင်စည်ရွမ်း ဖို့ ကမ်းလင့်မျှော်နေကြဆဲပါ ၊၊





ဓါတ်ပုံ ၊၊ ၊၊ စာပေဟောပြောပွဲ အမှတ်တယ ( ၂၀ ရက် ဒီဇင်ဘာလ ၂၀၀၉ ခုနှစ် တနင်္ဂနွေနေ့ နေ့လည် )