Wednesday, 22 July 2009

အဖြေမတူခြင်း၏ နောက်ဆက်တွဲ


ကျွန်တော် ဒီပိုစ့်လေးကို မီမီအတွက်ရယ် နောက် စာဖတ်ပြီး ခံစားပေးတဲ့သူငယ်ချင်းတွေ အတွက်ရယ် ကျွန်တော် ရဲ့ ဆိုလိုရင်းလေးလည်း မပျောက်စေချင် တာ ရယ် ကြောင့်ရေးဖြစ်ခဲ့ပါတယ် ၊၊

ကျွန်တော့်ရဲ့ ဇာတ်ကောင် မီမီဟာ တံလျပ်ကိုရေထင် ရွှေသမင် အလိုက်မှားတဲ့ မိန်းမတစ်ယောက် မဟုတ်ဘူး ဆိုတာ ကို ပထမဆုံး အသိပေးပါရစေ ၊၊ အသိဥာဏ်ရှိတဲ့ ပညာတက်မိန်းမတစ်ယောက်ပါ ၊၊ သာမာန်ယောင်္ကျား တစ်ယောက် ထက် ပိုတော် ပါတယ် ၊၊ ဘာလို့ ဒီလို ဆိုရ သလဲ ဆိုတော့ အကြောင်း ရင်းတွေ အများကြီး ရှိပါတယ် ၊၊ ကျွန်တော့်ပိုစ့် မှာလည်း ရေးခဲ့ ပါတယ် ၊၊ မီမီဟာ ခပ်ညံ့ညံ့ မိန်းမ တစ်ယောက် မဟုတ်ပါဘူးလို့ ၊၊

ကျွန်တော်နဲ့ မတွေ့ခင်တုန်းကမီမီ

မီမီ ၁၀ တန်းလောက်မှာ မီမီတို့ မိသားစု အသိုက်အမြုံလေး ရှင်ကွဲကွဲခဲ့ရပါတယ် ၊၊ ပတ်ဝန်းကျင်ရဲ့ အမျိုးမျိုး ပြောဆို နှိမ့်ချမှုအောက်မှာ မီမီဟာ ဒူးမထောက် အရှုံးမပေးပဲ အမေနဲ့ လူမမယ် မောင်ငယ် တို့ကို ဦးဆောင်ပြီး ဘ၀ကို မားမားမတ်မတ် ရင်ဆိုင်ခဲ့ပါတယ် ၊၊ နေစရာ အတွက်တောင် အတည်တကျအဆင်မပြေတဲ့ဘ၀မှာ မီမီ ရဲ့ ကြိုးစားအားထုတ်မှု ၊ နောက်ကံတရားက မျက်နှာသာပေးလေတော့ ၁၀ တန်းကလေးတွေကို စာပြတဲ့ အလုပ်က အဆင်ပြေလို့ သာမန်နေလို့ရတဲ့ တန်ဖိုးနည်းတိုက်ခန်းလေး တစ်ခုတောင် ပိုင်ဆိုင်ခဲ့ပါတယ် ၊၊ မီမီ အားတက်ခဲ့ပါတယ်၊၊ ရန်ကုန်မြေမှာ ကျောချစရာ တစ်နေရာရရင် စားစရာ ပူဖို့မလို ရှာလို့ရပြီမို့ ပိုပြီးကြိုးစား ရုန်းကန်ခဲ့ပါတယ် ၊၊ လမ်းခုလတ်က စပွန်ဆာတွေ ၊ အော်ဖာတွေကို လျစ်လျူရှုပြိး ကိုယ်လမ်းကို ကိုယ် ဆက်လျှောက်ခဲ့ပါတယ် ၊၊ ဒီလိုနဲ့ စက်မှုတကသိုလ်ကနေ မြို့ပြအင်ဂျင်နီယာ ဆိုတဲ့ သာမန်လူတွေ မရနိုင်တဲ့ အတောင်၂၀ ၀တ် မင်းယောင်္ကျားတွေ တောင် မလွယ်ကူတဲ့ ဘွဲ့တစ်ခုကို အမေတစ်ခုလပ် ၊ လူမမယ် မောင် ငယ် တို့အတွက် ရုန်းကန် ရှာဖွေရင်း ထိုက်ထိုက်တန်တန် ရခဲ့ပါတယ် ၊၊

ကျွန်တော်နဲ့ တွေ့တဲ့မီမီ

တိုက်တိုက်ဆိုင်ဆိုင် ကျွန်တော်နဲ့ တစ်နေ့တည်း အလုပ်ဝင်တဲ့ ၀န်ထမ်းအသစ်ကလည်း ကျောင်းကပဲ ဆိုတဲ့ စကား ကြားတာနဲ့တင် စိတ်ထဲမှာ အလိုလို ရင်းနှိးသွားမိတာ ကျောင်းကြီးရဲ့ ကျေးဇူးတရားပါပဲ ၊၊ တခါဘူးမှ အပြင်မှာ မမြင်ဘူးပေမယ့် တယ်လီဖုန်းပြောရင်း သူငယ်ချင်းတွေ ဖြစ်လို့ပေါ့ ၊၊ မှတ်မှတ်၇၇ ကျွန်တော့် တို့ MD ဦးနေစိုးအောင် Site Visit လာတဲ့နေ့မှာမှ တွေ့ဖူးကြပါတယ် ၊၊ ဒါပေမယ့် ပိုပြီး ရင်းနှီးဖို့အကြောင်းဖန်လာတာက ကျွန်တော် ရုံးချုပ်ကို ပြန်ဝင်ရတာနဲ့ အတူတူ အလုပ်လုပ်ခွင့်ရပါတယ် ၊၊ အင်မတန်တော်တဲ့ မိန်မဆိုတာ အလုပ် လုပ်ကြည့်ရင်းသိလာ ပါတယ် ၊၊ အင်မတန်မှ သင်ယူလိုစိတ်များသလို မခိုမကပ်လည်း အလုပ်ကြိုးစား နိုင်ပါ တယ် ၊၊ ကျွန်တော့်ကိုတောင် မှ တခါတခါ ပြိုင်ဖိုက်ချင်သေးရဲ့ ၊၊ ကျွန်တော်တို့တော်တော် ကို အတွဲညီခဲ့ပါတယ် ၊၊ ကုမ္မဏီအတွက်လည်း အလုပ်တွေ အတူတွဲပြီး တော်တော်ကို လုပ်ပေးဖြစ်ခဲ့ပါတယ် ၊၊ အဲဒီအချိန်မှာ သူက တပြိုင်နက် ထဲ MSc မဟာဘွဲ့တက်နေသလို ၊ ခလေးတွေကိုလည်း တဖက်က စာသင်နေပါသေးတယ် ၊၊ သူက ကျွန်တော့် ထက် လခနည်းတာကိုလည်း နည်းနည်းမှ မခံနိုင်တဲ့အတွက် အလုပ်ကိုလည်းအင်မတန်မှ ကြိုးစားပါတယ် ၊၊ ဒါဟာ မနာလိုတာ မဟုတ်ဘူးဆိုတာ ကျွန်တော်သိပါတယ် ၊၊ Civil Department က Director ဆိုကျွန်တော်တို့ကို အင်မတန်မှ သဘောကျပြီး အလုပ်ပြီးတဲ့အခါ သူငယ်ချင်းလိုပေါင်းဖြစ်ခဲ့ပါတယ် ၊၊ ဒါဟာ ကျွန်တော်သိတဲ့ မီမီ ပေါ့ ၊၊

အဲဒီအချိန်မှာ သူ့ရဲ့ ရည်းစားနဲ့ တရားဝင် လမ်းခွဲလိုက်ပါပြီ ၊၊လူတွေကတော့ မသိဘူးပေါ့ ၊၊ ဒါ့ကြောင့်လည်း အရေး ပေါ်လာတဲ့အခါ အခုမှ ပဲ နန္ဒကို လမ်းခွဲသလို ပြောခဲ့ကြတာပေါ့ ၊၊ အမှန်တော့ အရင်လမ်းခွဲတာပါ ၊၊ အေ ကြောင်းကလည်းရှင်းပါတယ် ၊၊ နန္ဒက လန်ဒန်ကို ခေါ်မယ် ၊၊ ဒါပေမယ့်မီမီကမလိုက်နိုင်ဘူး ၊၊လိုအပ်တဲ့သင်တန်း တွေ တက်ခိုင်းတယ် ၊၊ အင်္ဂလိပ်စာပေါ့ ၊၊ ကျွန်တော်တို့ Civil Engineer အတွက် ဘာသာစကားကောင်းဖို့ထက် AutoCad တက်ဖို့က ပိုအရေးကြီးပါတယ် ၊၊ ကျွန်တော်ကိုယ်တိုင်လည်း E ကောင်းဖို့ထက် လိုအပ်တဲ့ ဘာသာရပ် ဆိုင်ရာ သင်တန်းတွေသာ တက်နေမိပါတယ် ၊၊ ဒါကတော့ ကျွန်တော်တို့ရဲ့ ခံယူချက်နဲ့ အမြင်ပေါ့ ၊၊ အဲဒီမှာ သူတို့ နှစ်ယောက် အဆင်မပြေတော့ပါဘူး ၊၊ ဟုတ်ပါတယ် မီမီ သွားရင် ဘယ်သူ က ဒီသားအမိကို တာဝန်ယူမလဲ၊၊ နန္ဒက မီမီတစ်ယောက်ကိုသာ တာဝန်ယူနိုင်မှာပေါ့ ၊၊ ဒီအတွက်နဲ့ပဲ ညှိုနှိုင်းလို့မရတဲ့ အဆုံး သူတို့ နှစ်ယောက် ညောင်ညိုပင်စခန်းမှာ နေမညိုခင်လမ်းခွဲလိုက်ကြပါတော့တယ် ၊၊

နောက်ကုမ္မဏီက ကျွန်တော်တို့ လုပ်ဖေါ်ကိုင်ဖက်တစ်ယောက်က ကြိုးစားပါသေးတယ်၊၊ ဒါပေမယ့် အဲဒီအချိန် မှာ မီမီ တကယ်ကို လူတွေကိုစိတ်နာနေပါပြီ ၊၊ သူ့မှာ အချစ်ဆိုတာ တကယ်ကို မရှိတော့ပါဘူး ၊၊ သူဆီက စကား တွေကို ကျွန် တော် အကုန်ပြန်ကြားနေ၇တဲ့အတွက် သူ့အကြောင်းတွေကို ပိုသိနေပါတယ် ၊၊ သူ နန္ဒကို တကယ် နှစ်နှစ်ကာကာ ချစ်ခဲ့ပါတယ် ၊၊ ငယ်ချစ်ကိုး ၊၊ ဒါပေမယ့် သူ့ဘ၀က သူ့ကို အလိုမလိုက်ဘူး ၊၊ အဲဒီ အချိန်မှာ သူရဲ့ အတ္တတွေ ၊ လောဘတွေ ၊ မနာလိုမှုတွေဟာ ပိုပြီးကြီးထွားလာခဲ့ပါတယ် ၊၊ ခုနပြောတဲ့ သူက GTI ဆင်းအစ်ကိုတစ်ယောက်ပါ ၊၊ အသက်ကတော့ မတိမ်မယိမ်းပေါ့ ၊၊ ပြည့်စုံပါတယ် ၊၊ မှီခိုနိုင်တဲ့လူတစ် ယောက်ပါ ၊၊ တကယ်ချစ်တဲ့သူကို စွန့်လွှတ်လိုက်ရတဲ့ မီမီဟာ တော်တန်ရုံ လူတစ်ယောက်ကို အစားထိုးမှာ မဟုတ် တော့ပါဘူး ၊၊ ကျွန်တော်သိပါတယ် ၊၊ ထင်တဲ့အတိုင်းပါပဲ ၊၊ သူငြင်းလိုက်ပါတယ်၊၊ ကျွန်တော့်ကို မှတ်မှတ် ရရတစ်ရက်မှာ မီမီကမေးပါတယ် ၊၊ အချစ်ဆိုတာဘာလဲ ကိုမင်းအိမ်တဲ့လေ ၊၊ သူဘာခံစား နေရတယ် ဆိုတာ ကျွန်တော် နားလည် ကိုယ်ချင်းစာနိုင်ပါတယ် ၊၊ အဲဒီအချိန်တွေမှာ ကျွန်တော်သူ့ကို သူငယ်ချင်းကောင်း တစ်ယောက်အနေနဲ့ အကောင်းဆုံး ဆက်ဆံခဲ့ပါတယ် ၊၊ သူရင်ဖွင့်လာသမျှကို ကျွန်တော် လက်ခံနား ထောင်ပေး ခဲ့ပါတယ် ၊၊ မသိတဲ့သူတွေ ဆို ကျွန်တော်တို့နှစ်ယောက်ကို တောင် သမုတ်ကြသေးရဲ့ ၊၊ လူတွေကို မုန်းတီးနေတဲ့မီမီ နဲ့ မဟုတ်တာကို ပုံကြီးချဲ့တက်သူတွေကို အရွဲ့တိုက်ချင်တဲ့ ကျွန်တော်တို့အတွက် ဟာသ တစ်ပုဒ် ပါပဲ ၊၊ အဲဒီအချိန်မှာ ကျွန်တော့် ရည်းစားလည်း နိုင်ငံခြားမှာ ကျောင်းတက်နေဆဲကာလတွေပေါ့ ၊၊ ကျွန်တော်တို့မှာ သူတို့ပြောသလို ဖောက်ပြန်ဖို့ စိတ်တောင် မကူးမိကြပါဘူး ၊၊ တစ်ယောက် သောက တစ်ယောက် နားထောင်ဖြေရှင်း ပေးကြရုံမှ အပ ဘာမှမဖြစ်ကြတာ ကိုယ်တွေ ဘာသာ အသိဆုံးပါ ၊၊

တဖြည်းဖြည်းကျပ်တည်းလာတဲ့ မြန်မာနိုင်ငံနဲ့အတူ အားလုံးက နိုင်ငံခြားသွားနေကြတဲ့ အချိန်မှာ မီမီအတွက် လည်း စိတ်ကူးတစ်ခုပေါ်လာပြီး အဲဒီစိတ်ကူးကို အကောင်အထည်ဖေါ်ဖြစ်စေဖို့ မီမီရဲ့ ဘ၀ဇာတ်ခုံပေါ်ကို အလိုလို ရောက်လာခဲ့တာကတော့ ဦးမိုးမြင့်ယံ ဆိုတဲ့ ကျွန်တော်တို့ရဲ့ ကုမ္မဏီ ဒါရိုက်တာ လူပျိုကြီးပါပဲ ၊၊ ကျွန်တော် တို့ နှစ်ယောက်ရဲ့ တီးတိုးဝေဖန်စရာ ၊ တိုင်ပင်စရာ ခေါင်းစဉ်တစ်ခုအဖြစ် ဦးမိုးမြင့်ယံက ၀င်ရောက် လာခဲ့ပါတယ် ၊၊ နောက်ဆုံးမှာတော့ အလုပ်တွေ မလုပ်နိုင်တော့လောက်အောင် အမူအရာတွေ ပျက်လာတဲ့ သူဌေး အတွက် အခြားလုပ်ဖေါ်ကိုင်ဖက်တွေကပါ သတိပြုမိလာပါတော့တယ် ၊၊ အစွယ်လိုသူ မိဖုရား ၊ အသွား စေခိုင်းသူ မင်းဧကရာစ် ၊ မြှောက်ပေးသူ ကျွန်တော်မျိုး မဖြစ်အောင် တော့ ဖုံးဖုံးဖိဖိ နေထိုင်ခဲ့ရပါတယ် ၊၊ တကယ် ကို ညီမျှတဲ့ ကစားပွဲပဲ ၊၊ ဒီပွဲမှာ လောင်းကြေးထပ်တာ မလွန်ပါဘူးနော် ၊၊ မီမီလိုအပ်တာက ငွေကြေးနဲ့ ဂုဏ်သိကာ ၊ ဦးမိုးမြင့်ယံလိုအပ်တာ က မီမီ ရဲ့ ပညာအရည်အချင်းနဲ့ ငယ်ရွယ်နုပျိုမှု ၊၊ မီမီပြောတဲ့ အလဲအထပ် ပါ ၊၊ ညီမျှပါတယ်နော် ၊၊ အဲဒီအတွက် ကျွန်တော့်သူငယ်ချင်းဘက်က လိပ်ပြာလုံတဲ့အတွက် ကျွန်တော် မီမီကို လိုအပ်သလို အကြံဥာဏ်ပေး ခဲ့ပါတယ် ၊၊

ကျွန်တော် မတွေ့ဖြစ်တော့တဲ့ မီမီ

အဲဒီကာလမှာ ပဲ မရှေးမနှောင်းမှာ ကျွန်တော်လည်း အလုပ်ပြောင်းဖြစ်သွားတဲ့အတွက် မဆုံဖြစ်ကြတော့ပါဘူး ၊၊ သတင်းတွေတော့ ကြားနေရပါတယ် ၊၊ မီမီဘက်က ကြားရတဲ့ သတင်းရယ် ၊၊ တဖက်က ကျန်တဲ့ သူငယ်ချင်း တွေ ဖက်ကကြားရတဲ့ သတင်းရယ်ပေါ့ ၊၊ မကြာပါဘူး မီမီလည်း စင်ကာပူကို ကျောင်းသွားတက်တယ် ဆိုတာ ပဲ ကြားလိုက်ရပါတယ် ၊၊ နောက် သူ ဦးမိုးမြင့်ယံနဲ့ တရားဝင် လက်ထပ် လိုက်တယ် ကြားပါတယ် ၊၊ သူကျောင်းပြီး သွားပြီ လို့သိရပါတယ် ၊၊ နောက် ဦးမိုးမြင့်ယံလည်း သူရှိတဲ့ စင်ကာပူမှာပဲ ကုမ္မဏီ အလုပ်ကို ဆက်လုပ်တယ် ကြားရပါတယ် ၊၊ သူလည်း တစ်ဘ၀လုံး ရုန်းကန်ခဲ့ရပေမယ့် ခုတော့ ကံကောင်းတယ် ပြောရမှာပေါ့လေ ၊၊ ခုချိန် ထိပေါ့ ၊၊ နောက်တစ်ကြိမ် လူချင်းတွေ့ကြရင်တော့ သှူ့ရင်တွင်းက စကားတွေကို ကျွန်တော် ကြားခွင့်ရအုံးမှာပါ၊၊

ကျွန်တော်မီမီနဲ့ပါတ်သပ်ပြီးပေးချင်တဲ့ မှတ်ချက်ကတော့

မီမီဟာ သနားစရာ မိန်းမတစ်ယောက်မဟုတ်ပါဘူး

တကယ်လို့ အတုယူမယ်ဆိုရင် နမူနာယူလောက်တဲ့ မိန်းမတစ်ယောက်ပါ ၊၊ ဒါကတော့ သူငယ်ချင်းဘက်ကပေါ့ လိုက်ပြောရတာပေါ့လေ ၊၊

နောက် မီမီဟာငွေနောက်ကို လိုက်သွားတဲ့ မိန်းမ မဟုတ်ပါဘူး ၊၊ ငွေတစ်ခုတည်းသာ ကြည့်ရင် မီမီ အိမ်ထောင်ကျ ပြီး ချမ်းသာနေတာ ကြာပေါ့ ၊၊

သူ့ရဲ့ ရွေးချယ်မှုအတွက် အမှန်ကန်ဆုံး လုပ်ခဲ့တဲ့ အတွက် နောင်တလည်း ရမှာ မဟုတ်ပါဘူး ၊၊ အဲဒီအချိန်မှာ အဲဒီ အဖြေထက်မှန်ကန်တာ ဘာ မှ မရှိတော့ပါဘူး ၊၊ အဖြေတစ်ခုဟာ အချိန်တစ်ခုနဲ့လည်း တိုက်ရိုက် သက်ဆိုင် ပါတယ် ၊၊

ကျွန်တော် သူ့အတွက် စိတ်မကောင်းတာလေးတစ်ခုပဲ ၊ ဘာလဲဆိုတော့

သူ့လို တကယ်တော်တဲ့ ၊ ကြိုးစားအားထုတ်တဲ့ ၊ မိသားစုအပေါ် အရမ်းကောင်းတဲ့ မိန်မတစ်ယောက်ဟာ တစ်ဘ၀လုံး ၊ ရုန်းကန်လာပြီးတဲ့နောက်မှာ သူရလာတဲ့ ရလဒ်က ပြည့်စုံခြင်းဖြစ်မယ်ဆိုရင်တောင် ၊ သူ့မှာ နှလုံး သား ဆိုတာ မရှိတော့ဘူး ၊၊ သူလည်း၇ီနေပေမယ့် မပျော်တော့ဘူး ၊၊ သူကိုယ်တိုင်လည်း ကျွန်တော့်ကို အဲဒီလိုပြောပြီး ရွေးချယ်သွားတဲ့ လမ်းခရီး ၊ ဘ၀လမ်းကြောင်းဖြစ်တဲ့အတွက် သူ့အတွက် မတရားတဲ့ ကံတ၇ား ကိုပဲ အပြစ်မြင်မိတယ် ၊၊ ဒါလေးပါပဲ ၊၊ တကယ်ကို ဒါလေးပါပဲ ၊၊ တကယ်လို့သာ ဆုတောင်းပေးလို့ ရရင် နောင် ဘ၀တွေ မှာ ဒီလိုဘ၀မျိုး မကြုံတွေ့ပါစေနဲ့တော့ ၊ နှလုံးသားပါတဲ့ နှစ်နှစ်ကာကာ ပျော်ရွှင်ရတဲ့ ဘ၀တစ်ခုကိုသာ တည်ဆောက်နိုင်ပါစေလို့ ဆု တောင်းပေးနေမိမှာပါ ၊၊

ဆန္ဒ နဲ့ ဘ၀တစ်ထပ်တည်းကျကြပါစေ ၊၊

မင်းအိမ်ဖြူ

Tuesday, 21 July 2009

နှစ်သိမ့်ဆုပဲ ထိုက်တန်သူ


သနားသဖြင့်တွေးပြီး

အပြုံးလေးတစ်ပွင့်မပေးလိုက်ပါနဲ့တော့ မခံယူလိုပါပြီ ၊၊

နှစ်သိမ့်ဆုဆိုတာကို ဘ၀မှာ အမုန်းဆုံး

ဘယ်ပွဲပဲ ပြိုင်ပြိုင် နော်မနေးရှင်းတော့ ၀င်ရဲ့

တစ်ကြိုပေးပြီး လွဲခံထိတာလည်းကိုယ်ပါပဲ ၊၊

မကျည်းတန် သူက ပြောတယ်

နှစ်သိမ့်ဆုဟာ နှစ်သိမ့်ဆုပါပဲတဲ့ ၊၊

ဟင့်အင်း ဒီနေရာမှာတင် လဲသေပါရစေ

နှစ်သိမ့်ဆုတော့မပေးလိုက်ပါနဲ့ ၊၊

တော်ပါပြီဗျာ

ဒီဆုတွေ ကျွန်တော့်ဘ၀မှာများလှပြီ ၊၊

သနားသဖြင့်ပေးလာတဲ့ ဆုလဒ်

ဒီတစ်သက်တော့ လက်မခံပါရစေနဲ့တော့ဗျာ ၊၊

ထပ်ပြီးလက်မခံပါရစေနဲ့တော့ ၊၊

နှစ်သိမ့်ဆုတွေ ၊ နှစ်သိမ့်အပြုံးတွေကို မုန်းတီးလှပါပြီ ၊၊



ကဗျာလိုလိုစာလေးတစ်ပုဒ်ပါ ၊ ဘယ်တော့ဖြစ်ဖြစ် ပန်းဝင်ဖို့ တစ်ပေးခံရပါလျက် ဒီနေ့ထိဘယ်ပွဲမှာမှ မနိုင်ခဲ့ ဘူးတဲ့ ကိုယ့်ဘ၀လေးကို သနားသလိုခံစားမိလို့ပါ ၊၊ မသေခင် ဖြစ်နိုင်ရင် တခါလောက်တော့ နိုင်ဖူးချင်မိရဲ့

Saturday, 18 July 2009

အဖြေမတူနိုင်သော ဘ၀ပုစ္ဆာ

" မီမီ နင့်ရဲ့ လုပ်ရပ်တွေ ကဘာတွေလဲ ၊ နင်ဘယ်လမ်းကြောင်းကို ဦးတည်နေတယ်လို့ ထင်လို့လဲ ၊၊ သူငယ်ချင်းတစ်ယောက်အနေနဲ့ ငါ သိပ်တော့ မပြောချင်ဘူးဟာ ဒါပေမယ့် "
ကျွန်တော့်စကား တောင် မဆုံးလိုက်ရပါဘူး ၊ မီမီဆီက " ဟင်းဟင်း မီမီဘာလုပ်နေတယ်ဆိုတာ ကိုမင်းသစ် သိပါတယ်လေ ၊ ကိုမင်းသစ် တစ်ယောက် ကတောင် နားမလည်ဘူးဆိုရင်တော့ ခု ကုမ္မဏီမှာ မီမီကို ပြောနေတဲံ လူတွေ အားလုံးကို မီ အပြစ်မတင်တော့ဘူး ကိုမင်းသစ် " နာကျင်ကျေကွဲနေတဲ့ မီမီရဲ့စကားလုံးတွေက နာကျည်း မှုနဲ့ ပြည့်နှက်နေပါတယ် ၊၊ တစ်လောကလုံးက မှားတယ်ဆိုရင်တောင် မပြင်တော့ဘူးတဲ့ဆုံးဖြတ်ချက် ကို ချပြီးတဲ့သူတစ်ယောက်လို မီမီဟာ အရာရာကို ရင်ဆိုင်ဖို့ ပြတ်သားဖို့ အသင့်ဖြစ်နေတဲ့ ပုံပါပဲ ၊၊

မီမီကကျွန်တော့် စားပွဲရဲ့ ဘေးကပ်ရပ်စားပွဲမှာ ထိုင်ပြီး AutoCad ဆွဲနေတာပါ ၊၊ ကျွန်တော်ကတော့ ဒီနေ့ညနေ အိမ်တစ်လုံးအတွက် Estimate ပေးဖို့ ချိန်းထားလို့ တွက်နေတာပါ ၊၊ ကျွန်တော်တို့ ကုမ္မဏီမှာ ကဒီအချိန်ပဲ လူရှင်းပြီး စကားပြောလို့ရတာပါ ၊၊ ၀န်ထမ်းအများစုက ၁၁ နာရီခွဲ ကနေ ၁၂ နာရီအတွင်းဆို အများစုက Dining Room ထဲကိုရောက်နေပါပြီ ၊၊ ကျွန်တော်တို့ကတော့ အလုပ်ရှိရင်ရှိသလို ၊ အားချင်းပေးစရာ ရှိရင် ပြီးမှ ပဲ စားလေ့ရှိပါတယ် ၊၊ နောက်တစ်ခုကတော့ မီမီ အနေနဲ့ က ခုတလော အခြားသူတွေကို မဆုံချင်တာ လည်း ပါမှာပါ လေ၊၊

" နင်စဉ်းစားပါအုံးမီမီ ရယ် ၊ အရာရာ ဟာ သတိထားပြီး ဆုံဖြတ်ရမှာပါ ၊၊ ပြင်လို့ ရပါသေးတယ် ဟာ ၊၊ နောက်ပြီး မီမီကိုမေးမယ်နော် လောကမှာ အရေး ကြီးဆုံးက ဘာလဲ " ဆိုပြီး ကျွန်တော်က ဖျောင်းဖျရင်း မေးတော့ မီမီကတစ်ချက်လှည့်ပြီး ကျွန်တော့်မျက်နှာကို ထီမထင်တဲ့ မျက်နှာနဲ့ ကြည့်ရင်းပြောလိုက်တာ ကတော့ " ငွေပေါ့ ကိုမင်းသစ်ရဲ့ အဲဒါ မီမှားလား ၊ ဟင်းဟင်း " ဆိုပြီး ပြန်လှည့်ပြီး ပုံဆက်ဆွဲနေပါတယ် ၊၊ ကျွန်တော့်မှာသာ လက်ထဲက Calculator နဲ့ ဘောပင်ကို ချရင်း " မီမီ နင်မှားနေပြီ နင်အရမ်းကို မှားနေပြီ သိလားသူငယ်ချင်း နင် နင် " ဆိုပြီး ပျာပျာသလဲ ပြောနေမိ တားနေမိပါတယ် ၊၊ မီမီ နားလည်းလက်ခံအောင် ပြောဖို့ ကျွန်တော့်မှာ စကားလုံး မရှိတော့ပါဘူး ၊၊ မီမီဆိုတဲ့ သူငယ်ချင်း နားလည်လက်ခံအောင် ကျွန်တော် ဘယ်လို စကားလုံးတွေ ကို အသုံးပြုရပါမလဲ ၊၊

" ကိုမင်းသစ်က မီမီရဲ့ အကြောင်းကို အသိဆုံးပါနော် ၊ ကိုမင်းသစ်စဉ်းစားကြည့်ပါ ၊၊ မီမီ ဒီလိုမလုပ်သင့်ဘူး ဆိုတာ ပညာတက်မိန်းမတစ်ယောက်အနေနဲ့ သိပါတယ် ၊၊ ဒါပေမယ့် မီမီမှာ ရွေးစရာလမ်းမရှိဘူး ကိုမင်းသစ် ရေ ၊၊ မီမီချမ်းသာချင်တယ် ၊ ပွင့်ပွင့်လင်းလင်းပဲ ဒီခေတ်မှာ မိန်းမတစ်ယောက် မြန်မြန်ချမ်းသာဖို့ နည်းလမ်း တစ်ခုပဲ ရှိတယ် ၊၊ ဒါဟာ မီမီ ဘ၀အတွက် အပြောင်းအလဲတစ်ခုပါ မီမီ မငြင်းဆန်နိုင်တော့ ပါဘူး ကိုမင်းသစ် ရယ် "

နှူတ်ခမ်းနှစ်လွာကို တင်းတင်းစေ့ပြီး အံကြိတ်ပြောနေတဲ့ မီမီရဲ့ မျက်ဝန်း မှာ မျက်ရည်တွေ ဝေ့သီလို့ပါလား ၊၊ ဒါဟာ မီမီ ငိုတာမဟုတ်ပါဘူး ၊၊ မီမီဆိုတဲ့ မိန်းမတစ်ယောက်ဟာ ဘယ်တော့မှ ငိုမယ့်မိန်းမတစ်ယောက် မဟုတ် ဘူးဆိုတာ ကျွန်တော်သိတာပေါ့ ၊၊ မီမီဆိုတဲ့ မိန်းမ ဟာ လိုချင်တာကို ရအောင်ယူတတ်တဲ့သူတစ်ယောက်ပါ ၊၊ အရာရာကို လွယ်လွယ် အရှုံးမပေးတက်တဲ့သူတစ်ယောက်ပါ ၊၊မကျေနပ်တဲ့သူတွေကို ရိုက်ဖို့ လက်ကိုင်တုတ် ကောင်းကောင်းရထားတဲ့သူတစ်ယောက်လို အောင် နိုင်တဲ့ အပြုံးနဲ့ မီမီဆက်ပြောတာက " ပြောချင်တာ တွေ ပြောကြပါစေ ကိုမင်းသစ်၇ယ် ၊ ခုချိန်မှာ မီမီ ကိုသူတို့ ပြောနေကြပေမယ့် တစ်ချိနှ်မှာ ပွဲပြီးသွားတဲ့ အချိန်မှာ မီမီဟာ သူတို့ရဲ့ ဆရာကတော်ပါ ၊၊ " ဆိုပြီး အောင်နိုင်သူတစ်ယောက်လို ကြုံးဝါးနေပေမယ့် မီမီရဲ့ အသံမှာ စိတ် ပျက်အားငယ်မှုတွေ အပြည့် ပါတယ် ဆိုတာ ကျွန်တော်တို့ နှစ်ယောက်လုံး သိနေကြပါတယ် ၊၊

မီမီဆိုတာ ကျွန်တော့်ရဲ့ လုပ်ဖေါ်ကိုင်ဖက်တစ်ယောက်ဖြစ်သလို ၊ တစ်ကျောင်းတည်း ဆင်းတဲ့ ကျောင်းနေဖက် လို့လည်းပြောလို့ ရပါမယ် ၊၊ နောက် ဒီကုမ္မဏီမှာ လည်း မီမီကို နားလည်ပေးနိုင်သူရယ်လို့ သူရင်ဖွင့်လို့ ရတာ ကျွန်တော်ပဲ ရှိတာဆိုတော့ ကျွန်တော်တို့ နှစ်ယောက် ကပိုပြီး ရင်နှီးပါတယ် ၊၊ ရွယ်တူလည်းဖြစ်သလို တစ်ယောက် အကြောင်းတစ်ယောက်လည်း ရင်ဖွင့်နေကြဆိုတော့ နားလည်ကြပါတယ် ၊၊ ကျွန်တော်ကလည်း ကျွန်တော့်ကောင်မလေးအကြောင်း ရင်ဖွင့်တက်သလို သူကလည်းသူ့ဘ၀အကြောင်းကို ရင်ဖွင့်တက်ပါတယ် ၊၊ အဲဒီအချိန်တုန်းက ကျွန်တော့်ကောင်မလေးကလည်း နိုင်ငံခြားမှာ ကျောင်းတက်နေတဲ့အချိန် ၊ ဆိုတော့ သူ့ကိုပဲ အနီးကပ်သူငယ်ချင်းအဖြစ် ရင်ဖွင့်ရပါတယ် ၊၊

မီမီမှာ အရင်က နန္ဒဆိုတဲ့ ချစ်သူကောင်လေးတစ်ယောက်ရှိပါတယ် ၊၊ ကျွန်တော်တို့နဲ သက်တူရွယ်တူပါပဲ ၊၊ အဝေသင်နဲ့ ဘွဲ့ရပြီး နိုင်ငံခြားထွက်ဖို့ တက်လမ်းရှာကျိုးစားနေတဲ့ လူငယ်တစ်ယောက်ပါပဲ ၊၊ မိဘများကလည်း ပြေလည်ပြည့်စုံပါတယ် ၊၊ အဲဒီအချိန်တုန်းက နန္ဒက အင်္ဂလန်မှာ ကျောင်းသွားတက်ဖို့ ကြိုးစားနေတဲ့ ကာလပေါ့ ၊၊ အရပ်မြင့်မြင့် အသားဖြူဖြူ နဲ့ စတိုင်ကျကျနေတက်တဲ့ သူတစ်ယောက်ပါ ၊၊ မီမီနဲ့လည်း အင်မတန်မှ ရှေ့သွား နောက်လိုက်ညီပါတယ် ၊၊ ဒါပေမယ့် အင်ဂျင်နီယာဖြစ်တဲ့ မီမီနဲ့ သာမာန်ဘွဲ့ရတစ်ယောက်ဖြစ်တဲ့ နန္ဒ တို့ နှစ်ယောက်က ဘ၀ ချဉ်းကပ်ပုံချင်း တခါတခါ တော်တော်ကို ကွဲလွဲကြပါတယ် ၊၊ နန္ဒ ဟာ ပြည့်စုံတဲ့ မိသားစု ကလာသလို ဘ၀ကို ပျော်ရွှင်အေးချမ်းစွာ ဖြတ်သန်းခဲ့ရပေမယ့် မီမီ အနေနဲ့တော့ ဒီနေ့ ဒီအချိန်ရောက် အောင် တော်တော်ကို ကြိုးစားရုန်းကန်တည်ဆောက်ခဲ့၇ပါတယ် ၊၊ ဒါတွေဟာ မီမီနဲ့ နန္ဒ ဆိုတဲ့ ချစ်သူနှစ်ယောက်ကို တစ်နေရာဆီ တစ်လမ်းဆီပို့လိုက်တာပါပဲ ၊၊ နောက်တစ်ခုကတော့ နန္ဒ က မီမီကို သူ့မိသားစု ဘ၀ထဲကနေ ဆွဲထုတ်ဖို့ ကြိုးစားသလို ၊ မီမီအတွက်လည်း နန္ဒဟာ လှေခါးထစ်တစ်ခု မဟုတ်တာသေချာပါတယ် ၊၊

“ မီမီဖြတ်သန်းနေရတဲ့ ဘ၀ဟာ ခါးသည်းပါတယ် ကိုမင်းသစ်ရယ် ၊ မီမီလေ ရုန်းကန်နေရတာ အရမ်းပင်ပန်းတာပဲ ၊ တခါတလေတော့လည်း ရွယ်တူသူငယ်ချင်း တွေ ကိုကြည့်ပြီး ကိုယ့်ဘ၀ကို သက်တောင့်သက်သာလေး ဖြတ်သန်းချင်မိတယ် ၊၊ မီမီရဲ့ ဘ၀ မီမီရဲ့ မိသားစု ဘ၀ကိုပြောင်းလဲစေမယ့် ဒီအခွင့်အရေးကို လက်မလွတ်ချင်ဘူး ကိုမင်းသစ် နောက် မီမီ သူများတွေလို မဟာဘွဲ့ကို စင်ကာပူမှာ သွားယူချင်သေးတယ် ” ဆိုပြီးရင်ဖွင့် လာတဲ့ မီမီကို့ အခြေအနေအားလုံး သိနေသူတစ်ယောက်အဖြစ် နားလည်စာနာပေးလို့ ရပေမယ့် ဘ၀တစ်ခုကို အရင်အနှီးအဖြစ် တည်ဆောက်မယ့် မီမီကိုတော့ စိုးရိမ်မိတာ အမှန်ပါပဲ ၊၊ မီမီဟာ ငွေကြေးဓန မပြည့်စုံပေမယ့် အရင်ဘ၀က ကုသိုလ်ကောင်းခဲ့လေတော့ က်ျထ္တိရူပံ ဓနံ ဆိုတဲ့အတိုင်း အသားဖြူဖြူ အရပ်မြင့်မြင့် ပိန်ပိန် သွယ်သွယ်လေးပါ ၊၊ မျက်နှာချိုပြီး ဟန်ဆောင်ထားတဲ့ မျက်လုံးတွေကလွဲရင် တကယ့်ကို ကလေးတစ်ယောက်လို ဖြူစင်ပြီး ချစ်စရာကောင်းတဲ့ကျွန်တော့် သူငယ်ချင်းမလေးပါ ၊၊

“ အခုအားလုံးက မီမီကိုပြောနေကြတယ်လေ ၊ မီမီသိပါတယ် ဒါပေမယ့် မီမီ ဖောက်ပြန်တာမှ မဟုတ်တာ ကိုမင်းသစ် စဉ်းစားကြည့်လေ ၊ ဦးမိုးမြင့်ယံမှာ အိမ်ထောင် မရှိဘူး နောက်ဒီဇာတ်လမ်းကို မီမီ ဘက်ကစတင်ခဲ့တယ် ဖန်တီးခဲ့တယ်လို့ စွပ်စွဲ မယ် ဆိုရင်တောင် နှစ်ဦးသဘောတူပါနော် ၊၊လက်ခုပ်ဆိုတာ တစ်ဖက်တည်းတီးလို့ မမြည်ဘူး လေ ဟုတ်တယ် မဟုတ်လား ဟင် ” ဆိုပြီး မခံချင်စိတ်နဲ့မေးလာပေမယ့် မီမီကိုယ်တိုင် လိပ်ပြာမလုံဘူး ဆိုတာ သိသာပါတယ် ၊၊ မမှားဘူး မမှားဘူး လို့ ဟစ်ကျွေးနေရပေမယ့် မမှန်ဘူး ဆိုတာ သိနေတဲ့ မီမီကိုသနားမိပါတယ် ၊၊ ဒါပေမယ့်ကျွန်တော်ကိုယ်တိုင်လည်း ဘယ်လိုမှပြောမထွက်ခဲ့ပါဘူး ၊၊

“ အသက်လည်းကြီးပြီး ဥပဓိရုပ်မရှိတဲ့ ဦးမိုးကို ဘာ့ကြောင့်ချဉ်းကပ်တယ်ဆိုတာ အရှင်းကြီးပါ အရှက်မရှိတဲ့ မိန်းမ ၊ ဒီဘက်ကိုပိုင်ပြီဆိုတာနဲ့ အရင်ကောင်လေးကိုဖြတ်ပစ်တယ် သနားစရာလေးပါဟယ် ဟိုက ချောချောလေး ရယ် ကောင်လေးက ” ဆိုတာမျိုးတွေ
ဒီမိန်းမ ဒါမျိုးလုပ်စားနေတာ ဖြစ်ရမယ် ၊ အရှက်မရှိဘူးနော် အမလေးဟယ် ပြောနေတာများ ချွဲပစ်နေတာပဲ ” ဆိုတဲ့ အပုပ်ချသံတွေ “ ကိုယ့်ရုပ်ကိုယ်ရည် မှ အားမနာဟယ် အဖေလောက်ကြီးကိုများ ” ဆိုတဲ့ ၀န်တို သံတွေ ရယ်ကို အမြဲကြား နေရတာက ကြားလူ ကျွန်တော်ပါ ၊၊ ဒါတွေ ကို မီမီလည်း သိနေတာပါပဲ ၊၊ ကျွန်တော် ဘာမှ ပြန်ပြောပြစ၇ာမလိုပါဘူး ၊၊ လူတွေ ဆိုတာလည်း ခက်ပါတယ် ၊၊ အခုတော့ ပိုပြီး ကျယ်ကျယ်လောင်လောင် အသံတွေ ထွက်လာရတာပေါ့ ၊၊ သူတို့ပြောတာတွေက ဟုတ်တာတွေရော မဟုတ်တာတွေ ပါ စုံလို့ပါပဲ ၊၊ ကျွန်တော်နဲ့တောင်မှ သမုတ်ချင်သေး ရဲ့ ၊၊ ဒါပေမယ့် ကိုယ့်အကြောင်းကိုယ်သာသိတဲ့ ကျွန်တော်တို့ အတွက်တော့ တခါတခါ သူတို့ ကဒီလိုပြောရင် ရယ်စရာ ဟာသတစ်ခုလိုပဲ လွတ်လပ်ပေါ့ပါး ရယ်မောနေမိကြရဲ့ ၊၊

“ဒီအသံတွေကို လျစ်လျူရှုပြီး မီမီဘ၀အတွက် မိသားစု ဘ၀အတွက် စွတ်မှိတ်လိုက်တာ ဟာ တန်ရဲ့လားမီမီ ရယ် ” လို့ မမေးရက်ခဲ့တော့ပါဘူး ၊၊ ကျွန်တော်သိနေတဲ့ အဖြေအတွက် မီမီကိုမေးခွန်းမထုတ် ရက်တော့ပါဘူး ၊၊ အရာအားလုံးဟာ ကံတရားအတိုင်းပေါ့လေ၊၊ ၀ဠ်ကြွေးတွေ မကုန်သရွေ့တော့ ဆပ်နေကြရအုံမှာပါလေ၊၊ ဒါတွေ အားလုံးဟာ တကယ်တော့ ၀ဠ်ကြွေးတွေပါပဲ ၊၊ ဒါပေမယ့် မီမီကို တစ်ခုတော့ မှာလိုက် ချင်မိပါသေးတယ် ၊၊
“ လောကမှာ ငွေဟာ ထိုက်သင့်သလောက် အရေးပါပါတယ် ဒါပေမယ့် ကိုးကွယ်ရာတစ် ခုတော့ မဟုတ်ပါဘူးမီမီ ၊၊ ကိုယ့်ဘ၀ရဲ့ ပျော်ရွှင်မှုတွေ ၊ ဆန္ဒတွေ ၊ လွတ်လပ်ခွင့်တွေ ၊ ဂုဏ်သိကာတွေ အဲဒါတွေကို ရင်းနှီးလဲလှယ်ပြီး ရလာတဲ့ ငွေတွေဟာ တကယ်ရော တန်ရဲ့လား ၊၊ ကိုယ်ပေးဆပ်လိုက်ရတာတွေနဲ့ ပြန်ရလိုက်တဲ့ အရာတန်ပါရဲ့လား ”

ဒါပေမယ့် ဒီအချိန်မှာ မီမီကို ဒီမေးခွန်းတွေ မမေးပါဘူး ၊၊ နောက်ထပ်ဆယ်စုနှစ် နှစ်ခုလောက် ကျော်လွန်ဖြတ်သန်းပြီးတဲ့ အချိန်မှာ ပြန်တွေ့ဖြစ်ခဲ့ကြရင် မေးဖြစ်မှာပါ ၊၊ အဲဒီအချိန်ဆိုရင် ဒေါ်မီမီဆိုတဲ့ အမျိုးသမီးကြီးရဲ့ အဖြေကဘာများဖြစ်လေမလဲနော် ၊၊

စေတနာရင်းဖြင့်
မင်းအိမ်ဖြူ