Sunday 1 March 2009

အဖေ. ထံသို. မွေးနေ. အမှတ်တယ

အဖေရေ….. ဒီနေ့သားရဲ့မွေးနေ့ ။ ကလေးကနေလူငယ်၊ လူငယ်ကနေ လူလတ်ပိုင်းဆိုတဲ့ အရွယ်ကို ရောက်လာပြီ အဖေ။ဒီနေ့ဆို အဖေ့ကို ပိုပြီးသတိယမိတယ်။ သားသမီးတွေရဲ့ ဆန္ဒကို ရှေ့တန်းတင်ပြီး အရာရာကို အခုအချိန်အထိ ဖြေရှင်းပေးချင်နေတဲ့ အဖေ။ အဖေ အမြဲပြောတဲ့ “ကြက်သားအုပ်မကြီးလို သားသမီးတွေကို အခုအချိန်အထိရင်ခွင်ထဲမှာ အုပ်ထားချင်သေးတာ” ဆိုတဲ့ အဖေ။ အခုတော့ အဖေ့ရဲ့ သားသမီးတွေ အများစုက အဖေနဲ့ဝေးတဲ့ ဟိုးတစ်နေရာစီမှာလေ။ ဘယ်သူများ အဖေ့အနားမှာ နေပြီး ခြေဆုပ်လက်နယ်ပြုစုပေး နေနိုင်သလဲ။ နားလည်ပေးပါအဖေရယ်…. ......

သားသမီးတွေ အဝေးကို ထွက်ခွာသွားကာနီးတိုင်း ယောင်္ကျားကြီးတန်မဲ့ မျက်ရည်ဝဲပြီး ဆုပေးတတ်တဲ့ အဖေ။ ဘူတာရုံနဲ့လေယာဉ်ကွင်းတွေမှာ မမြင်ရတဲ့ အချိန်အထိ လက်ပြနှုတ်ဆက်လွမ်းနေတတ်တဲ့ အဖေ။ အဖေရေ… အဖေပြောသလို “ရေကြည်ရာ မြက်နုရာ ရှာကြရမှာပေါ့” ဆိုတဲ့ ဆွေးဆွေးမြည့်မြည့် အသံကို အခုထိ ကြားယောင်နေဆဲပဲ။ “ငါ့သားရယ် အဖေပိုင်တဲ့ ဒီခြံဝိုင်းကြီးထဲမှာ သားတွေသမီးတွေ အားလုံးကို စုစုဝေးဝေးနဲ့ တစ်ယောက်စီ အိမ်ဆောက်ပေးပြီး နေစေချင်တာကွ” ဆိုတဲ့ အဖေ။ အခုများတော့ အိမ်ကြီးထဲမှာ အမေနဲ့ နှစ်ယောက်တည်းပေါ့။ နားလည်ပေးပါ အဖေရယ်……......

မိုးသည်းတဲ့ ညတွေမှာ အဖေပြောပြနေကြ ပုံပြင်လေး သားအခုထိ သတိယနေသေးတယ်အဖေ။ ဒါပေမယ့် အခုအချိန် အထိလည်း သား ပုံပြင်လေးအဆုံးသတ်ကို မသိသေးဘူး။ အဖေကလည်း ဆက်မပြောဘူး။ သားလည်း တစ်ခါမှ မှတ်မှတ်ယယ မမေးမိခဲ့ဘူး။ သားအမြဲ အမှတ်ယနေရာက “မိုးလေးက ဖြုတ်ဖြုတ် ဖြုတ်ဖြုတ်နဲ့ ရွှေဂျိုးဖြူနဲ့ မူလခဲ… သိုက်တံခါးအဖွင့်……”ဆိုပြီး အဖေ့ဇာတ်လမ်းလေးက ရပ်သွားရော။ ဒါပေမယ့် ဘာကြောင့်ရယ် အဖြေမသိဘူးအဖေ အခုအထိတော့ အဲဒီအပိုင်းအစလေးက ရင်ထဲမှာ စွဲကျန်နေတုန်း။...............

သားသမီးတွေကို စိတ်ဓါတ်မကျဖို့ အမြဲတမ်းအားပေးတတ်တဲ့ အဖေ။ တကယ့်ကို တစ်ခါမှ မဆူခဲ့ မမာန်တတ်တဲ့ အဖေ။ နည်းမျိုးစုံသုံးပြီး စိတ်ချမ်းသာအောင် ပြောပေးတတ်တဲ့အဖေ။ မှတ်မိသေးတယ်အဖေ စာမေးပွဲဖြေဖို့ ခုံနံပါတ်တွေ ထွက်တိုင်းပြောတတ်တဲ့ စကားလေးတွေ။ ၁ဆိုရင် ထိပ်ဆုံးကပေါ့ကွ။ ၇ဆိုရင် Lucky 7 ပဲနေမှာတဲ့။ ၉ဆိုရင်လည်း ကိုးန၀င်းကြေပြန်သတဲ့။ အဲဒီတုန်းက အဖေ့ကို ပြန်ပြောမိတယ် အဖေကလည်း ဘာလာလာကောင်းတာချည်းပဲလို့။ ခုမှ ပြန်စဉ်းစားမိတယ်။ ဒါဟာ အဖေက သားသမီးတွေအပေါ်ထားတဲ့ မေတ္တာနဲ့ စေတနာပါလားလို့ သိမြင်လာရတယ်။ နှုတ်စကားလေးနဲ့တောင် မကောင်းတာ မဖြစ်စေချင်တဲ့ အဖေပါလားလို့။................

ပြီးတော့ ဘ၀မမေ့တတ်တဲ့ ကျနော့အဖေရယ်ပါလေ။ ထမင်းစားတိုင်း လျှပ်စစ်ပေါင်းအိုးနဲ့ ချက်ထားတဲ့ ထမင်းကိုမြင်ရင် မြေအိုးနဲ့ ချက်တဲ့ ထမင်းကို တမ်းတမ်းတတရှိတတ်တဲ့ အဖေ။ မနက်ခင်းစာတွေ ဖွယ်ဖွယ်ရာရာ စားရတိုင်း ငပိဖုတ်နဲ့ ပဲလှော်သုတ်ကို မမေ့နိုင်သေးတဲ့ အဖေ။ သားသမီးတွေကို ဘ၀မမေ့ဖို့ ဘ၀င်မမြင့်ဖို့ အမြဲတမ်းပုံတိုပတ်စတွေနဲ့ သိုင်းဝိုင်းဆုံးမတတ်တဲ့ အဖေ။ အဖေရေ…အဖေပြောပြောနေတဲ့ “ဘာမှမဖြစ်ရင်တော့ ဘာမှမဖြစ်ဘူးပေါ့ကွာ” ဆိုတဲ့ စကားလေးအမြဲတမ်းနှလုံးသွင်းမိတယ် အဖေ။ ပေါ့ပေါ့လေးထင်ရပေမယ့် တကယ့်ကို လေးနက်ကျယ်ဝန်းတယ်အဖေ။ ဒါကြောင့် ကိစ္စတစ်ခုလုပ်ခါနီးတိုင်း ဒီစကားလေးနဲ့ ယှဉ်ပြီးစဉ်းစားတယ်အဖေ။ ဘာမှမဖြစ်ရင်တော့ ဘာမှမဖြစ်ဘူး။ ဖြစ်ခဲ့ရင်ရော..ဆိုပြီးတော့ပေါ့။ အဖိုးတန်စကားလေးအတွက် ကျေးဇူးပါအဖေ။..................

အလုပ်ကိစ္စတစ်ခု ခိုင်းလိုက်လို့မှားလာရင်တောင် ဘယ်တော့မှမဆူ မဆဲခဲ့ပဲ ဥပမာ ဥပမေယျနဲ့ ဆုံးမတက်တယ်။ အဖေပြောနေကြလေ “ ဖိုးဝဲဖောင်တင်လွှတ်သလိုပဲ” ဆိုတာလေ။ ဖိုးဝဲဆိုတဲ့သူကို ဖောင်တင်ရွာခိုင်းလိုက် ဖိုးဝဲရေ ဖောင်တင်က ဦးသာဗျောအိမ်မှာ မျိုးစေ့စပါးလေးသွားပေးချေစမ်းကွာ။ လို့ ပြောရင် စကားဆုံးအောင်တောင်နားမထောင်ဘူး ဖိုးဝဲက ဖောင်တင်ရောက်သွားပြီ။ ဒါနဲ့ ခိုင်းနှိုင်းပြီး ဆုံးမတတ်တာ။နောက်ရှိပါသေးတယ်။ “ဖြိုးကြီး ပျိုးနှုတ်သလိုမျိုး” တို့ “ကုလားပုဇွန်ချေးသလို” တို့။ အဖေ့အကြောင်း စဉ်းစားမိရင် တော.အများကြီးပဲ။ ဘာပဲဖြစ်ဖြစ် ဒီလိုမွေးနေ့မှာ ပိုပြီးမှတ်မှတ်ယယလေးတော့ ဖြစ်မိတယ် အဖေရယ်။ လွမ်းလိုက်တာများ အဖေရယ် .............

6 comments:

Unknown said...

ဒီပို့စ်လေးကို ဖတ်ပြီး ရင်ထဲမှာ တစ်မျိုးခံစားသွားရတယ်၊ ဒီလို သားသမီးတွေကို နားလည်ပြီး စိတ်ချမ်းသာအောင် အမြဲတမ်းအားပေးတတ်တဲ့ အဖေတစ်ယောက်ရှိတာ တကယ့်ကို ဂုဏ်ယူစရာပါ။ မွေးနေ့မှာပျော်ရွှင်ပါစေ။

Anonymous said...

အဖေ့အကြောင်းဖတ်ရင်း အဖေ့ကို လွမ်းသွားတယ် ....
ကျွန်တော့်ဖေဖေမွေးနေ့တောင် ရောက်တော့မယ် ...

ဖခင်မေတ္တာ ...
မိခင်မေတ္တာ ...
မိခင်မေတ္တာ ... သူတို့မေတ္တာတရားကို နှိုင်းတုဖက်ယှဉ်နိုင်မယ့် မေတ္တာတရားဆိုတာ ပေါ်ထွက်မလာခဲ့သေးပါဘူး ...

နေဒေးသစ်။

မင်းအိမ်ဖြူ Minn Eain Phyu said...

အခုတော့ အသက်ရလာလို့လား မသိဘူး ဖခင်တစ်ယောက်ရဲ့ မေတ္တာကို ပိုပြီး ခံစားသိတက် လာခဲ့ပါတယ် ၊၊ ဟိုးအရင်ကတော့ မိခင်ကို ပဲပိုခဲ့တာ ၀န် ခံပါတယ် ၊၊ အခုတော့ ဖခင်မေတ္တာကို ပိုပြီး နားလည် လာတယ် ၊၊ ဒါကြောင့်လည်း အမှတ်တယအဖြစ် အဖေ့ အကြောင်းလေးကို ရေးဖြစ်ခဲ့တာပါ ၊၊
အဖေတွေကို နားလည်တယ် ဆိုလို့ ၀မ်းသာပါတယ် ၊၊
အများအားဖြင့် မိခင်မေတ္တာဘွဲ့တွေက များတယ်လေ....
အမေ့ကိုလည် အသက်မက ချစ်ပါတယ်.........

Lucifer said...

(ဘာမှမဖြစ်ရင်တော့ ဘာမှမဖြစ်ဘူးပေါ့ကွာ) မမီးကောင်းကောင်းမှတ်ထားမယ်

ZT (TGO) said...

ငါ့ဖေဖေကိုအရမ်းသတိရဒယ်ကွာ။။။။။။။။။။။။။။။။။။။။။။။.

ZT (TGO) said...

အဖေခွဲသွားတော့ ထင်သလို လွတ်လပ်ပျော်ရွှင်မှုမရှိခဲ့ဘူး နေ့တိုင်းအသက်ရှုဖို့ အောက်စီဂျင် မလုံလောက်ဘူး ရှေ့ဆက်လျှောက်ရမယ့်လမ်းကို မမြင်နိုင်ဘူး။ အဖေရယ် ဘယ်အချိန်ပြန်လာမှာလဲ
လွမ်းလိုက်တာများ အဖေရယ် .............