Friday 6 January 2012

ငြိမ်းချမ်းတဲ့နေ့

အချိန်ဆိုတာ အကောင်းဆုံး သမားတော်ပါပဲ ဆိုတဲ့ စကားကို ဟိုးငယ်ငယ်လေးကတည်းက ကြားဖူးခဲ့ပေမယ့် ကိုယ်တိုင်မကြုံခဲ့ဘူးလေတော့ ဘယ်လောက် အသုံးကျမှန်ကန်တဲ့စကားလည်းဆိုတာ သဘော မပေါက်ခဲ့မိဘူး….. တကယ်လက်တွေ့ကျကျ ကြုံဖူးတော့မှပဲ ဒါဟာသိပ်ကို မှန်တဲ့ အမှန်တရားရယ်လို့ နားလည် လက်ခံလာမိပါတယ်… လောဘတွေ ၊ မာနတွေ ၊ အနိုင်ယူလိုစိတ်တွေ ၊ တကိုယ်ကောင်းစိတ်တွေနဲ့ ဖွဲ့စည်းတည်ဆောက်ထားတဲ့ လူအ၀န်းအ၀ိုင်းမှာ နေ့စဉ်နေ့တိုင်း အဆင်ပြေမှုတွေ ကိုပဲ ကြုံ တွေ့ နေရတယ်ဆိုတာတော့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး…

တခါတလေ စိတ်ညစ်စရာတွေ ကြုံရမယ် ..တခါတလေ ၀မ်းနည်းစရာတွေ ကြုံရမယ် .. တခါတလေ တစ်ဘ၀စာ လက်တွဲပါမယ်လို့ ရည်ရွယ်ထားပေမယ့် လမ်းခွဲရတာတွေလည်း ကြုံရနိုင်တာပါပဲ.. ဒါဟာ လူ့ဘ၀ရဲ့ အချဉ်အခါး ခပ်စူးစူး အရသာ တစ်မျိုးပေပဲပေါ့… အဲဒီအခါ အချို့က ငိုကြတယ် .. အချို့ကတော့ လွမ်းကြတယ် … အချို့ကတော့ ဆွေးကြတယ်… အချို့က အရက်တွေ သောက်တယ် .. အချို့က အလုပ်တွေ ပျက်တယ် … အချို့က လောကကြီးကို စိတ်နာတယ်လို့ မြည်တမ်းတယ်… အချို့ကတော့ ကိုယ်အရင်က အသည်းနင့်အောင် ချစ်ခဲ့ပါတယ် ဆိုတဲ့ သူတွေကို ကျိန်ဆဲတယ် … ဒါတွေဟာ တကယ့် ပြသနာ ဖြေရှင်းနည်းတွေတော့ မဟုတ်ခဲ့ပါဘူး ….

ကိုယ်ငိုလို့လည်း သူပြန်လာတော့မှာမှ မဟုတ်တာ … ငိုလွမ်းလို့လည်း သူပြန်လွမ်းမှာမှ မဟုတ်တော့တာ .. ကိုယ်ဆွေးလို့လည်း သူနဲ့ ပြန်လည်နွေးထွေးလာမှာမှ မဟုတ်တော့တာ… ကိုယ်အရက်သောက်တော့ ကိုယ်ဇိုးသမားဖြစ်မယ်…ကိုယ်အလုပ်ပျက်တော့ ကိုယ်ထမင်းငတ်မယ်.. ကိုယ်က လောကကြီးကို စိတ်နာတော့ ကိုယ့်အတွေးတွေ နာမယ်.. ကိုယ်ကျိန်ဆဲတော့ရော ကိုယ်သာပူလောင်ပြင်းပြရမှာပေါ့… ကိုယ်အလုပ်သင့်ဆုံး အရာကတော့ ထားရှိခဲ့ဖူးတဲ့ မေတာမပျက်ဆက်လက် ချစ်ခင်သွားဖို့ ဆိုတာပါပဲ .. ဒီလိုပဲ ကိုယ်လုပ့်သင့်တဲ့ လုပ်စရာရှိတဲ့ အရာကိုလည်း ဆက်လက်အကောင်အထည်ဖေါ်သွားဖို့ပါပဲ … မတည်မြဲတဲ့ လောက၀ဲမှာ ပူလောင် မှုတွေကို အသစ်မဖန်တီးတော့ပဲ တက်နိုင်သမျှငြိမ်းအေးစေဖို့ပဲ ကြိုးစားသင့်ပါတယ်…

ငယ်ငယ်တုန်းက ဆရာမ ဂျူးရဲ့ “ လိပ်ပြာဖမ်းသူများ” ကို သဘောကျခဲ့မိပေမယ့် အခုတော့ လိပ်ပြာ ဖမ်းခဲ့သူတွေ ကို မတွေ့ချင်တော့တာ အမှန်ပဲ…ပူလောင်လှတဲ့ ခဏတာ လူ့ဘ၀လေးမှာ ဘာအတွက် ရယ်နဲ့များ လိပ်ပြာဖမ်းချင်ကြတာတုန်း …. ဆင်လိပ်ပြာမို့ ပိုလှသယောင်ထင်ရပေမယ့် လိပ်ပြာအမျိုးဝင် ပုစဉ်း ဆိုတာလည်း သူ့အစွမ်းနဲ့ သူပါပဲ …. ငါးစိမ်းမြင်ရင် ငါးကင်ပြစ်တဲ့ ဆိုတဲ့ စကားပုံက အသစ်မြင်လို့ အဟောင်းမေ့တယ်ဆိုတဲ့ လိပ်ပြာဖမ်းသူတွေအတွက်ပဲလေ…. ဒါဟာ သိပ်ကောင်းတဲ့ ဂုဏ်ပုဒ်တစ်ခုတော့ မဟုတ်ပါဘူး… လောကမှာ မလိမ်သင့်တဲ့အရာဟာ နှလုံးသားလို့ ခံစားနားလည်လာတဲ့အချိန်မှာတော့ ကိုယ့်ဘ၀ လုံခြုံမှုအတွက် အသုံးမချသင့်တဲ့ အရာဟာ လူသားပါလားရယ် သဘောပေါက်လာခဲ့တယ် … ဒါပေမယ့် ခုချိန်ထိတော့ လိပ်ပြာဖမ်းသူတွေ ရှိနေသေးသလို …. ကိုယ့်ဘ၀လုံခြုံမှုအတွက် လိမ်လည် ဟန်ဆောင်မှုတွေလည်း ဆက်ပြီး ဖြစ်ပွားနေသေးတယ် … ဒါတွေ ရပ်တဲ့နေ့က ကမာကြီး ငြိမ်းချမ်းတဲ့နေ့ဖြစ်လိမ့်မယ် …….

လေးစားစွာဖြင့်
မင်းအိမ်ဖြူ

3 comments:

မငုံ said...

ဟုတ်တယ်
ဝိုင်ဝိုင်းသီချင်းထဲကလိုပေါ့...
` အချိန်က အနိုင်ယူထား ကြာရင်မေ့မှာပါ ´ တဲ့။

တွေးနေ ဆွေးနေ ၀မ်းနည်းနေလို့မှ မပြီးတာ .

အရေးကြီးဆုံးက (အခုနောက်ပိုင်းမှ မငုံ သိလာတာပေါ့နော်)
နောင်ဘ၀ကူးကောင်းအောင်လို့ အသိတရားရှိဖို့ တအားလိုနေတယ်ဆိုတာပဲ

မင်းအိမ်ဖြူ Minn Eain Phyu said...

စားလေးလာဖတ်ပြီး ကော့မန့်လေးပါ ထားခဲ့တဲ့ မငုံကို ကျေးဇူးတင်ပါတယ် နော် .....

Anonymous said...

'အချိန်ဆိုတာ အကောင်းဆုံး သမားတော်ပါပဲ ' ဆိုတာ မှန်ပါလိမ့်မယ်။ ဒါပေမဲ့ ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက် အတိမ်အနက်အလိုက် ၊ မေ့ပျောက်လိုက်ဖို့ ယူလိုက်ရတဲ့ အချိန်အတိုင်းအတာကတော့
၁ နာရီဖြစ်မလား
၁ မနက်ဖြစ်မလား
၁ လ ဖြစ်မလား
၁ နှစ် ဖြစ်မလား
အင်းးးးး တစ်သက်လည်း ဖြစ်သွားကောင်းဖြစ်သွားနိုင်တယ်။

မေ့သင့်တာတွေကို အမြန်ဆုံးမေ့လိုက်တာကတော့ အကောင်းဆုံးပေါ့။