Friday, 26 June 2009

မဝေခင်မှာ မကြွေ စေချင်ပါလေ


ကျွန်တော်တို့စီမံကိန်းကြီးလည်း အချောသပ်လုပ်ငန်းတွေ နဲ့ ပြီးဆုံးကာနီးပြီမို့ ဟိုးအရင် စီမံကိန်း အားကောင်း မောင်းသန် ကြိုးစားလုပ်ကိုင်ရတဲ့ စီမံကိန်းလယ် ကာလကာလောက် အလုပ်တွေ သိပ်မရှုပ်တော့ ၊၊ အနည်း ငယ် အေးအေးလူလူ ရှိလာပြီလို့ ဆိုရပေမပေါ့ ၊၊ ဆိုက်လုပ်ငန်းတွေ ကလည်းပါးပါးလျလျ နဲ့ လိုအပ်တဲ့ အချော သပ်လုပ်ငန်းတွေသာ ရှိတော့ တာမို့ လူအင်အားလည် လျော့ပါးသွားသလို စက်ကြီးတွေ ၊ ကရိန်းတွေ ၊ ယန္တယား တွေ လည်း နောက်ထပ်စီမံကိန်း အသစ်တစ်ခုဆီကို ပြောင်းရွှေ့သွားပြီမို့ ဟာလာဟင်းလင်း ရှင်းရှင်း လင်းလင်းနဲ့ စီမံကိန်းက လွမ်းမောစရာတောင်ကောင်းနေလေရဲ့ ၊၊

စီမံကိန်း လယ်ကာလ ၊ ဆီတုန်းကတော့ ပွဲတော်အလား ပျားပန်းခတ်မျှ စည်ကားလို့ပေါ့ ၊၊ မနက်အာရုံတက်လို့ ရောင်နီလာပြီ ဆိုသည်နှင့် စက်သံ၊ကားသံ ၊ လူသံ ၊ခေါ်သံ ၊ အော်သံ တွေနဲ့ စည်စည်ညံခဲ့ပေါ့လေ ၊၊ ကျွန်တော် တို့လည်း မနက် ၇-နာရီ ထိုးတာနဲ့ ဆိုက်ထဲရောက်နေကြပြီ ၊၊ တစ်နေ့တာ လုပ်ငန်းအတွက် တာဝန်တွေ ခွဲဝေ လို့ စီမံကိန်း ဒါရိုက်တာ ဖြစ်သူနဲ့ မနက်တိုင်း ကွင်းပြင်ထဲမှာ Briefing ယူနေကြပေါ့ ၊၊ နောက်မှ ကိုယ်တာဝန်ကျ တဲ့ အပိုင်းမှာ ရှိတဲ့ လုပ်ငန်းက ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေကို ထပ်ပြီး ညွှန်ကြား ၊ ပြီးမှ လိုအပ်တဲ့ လုပ်ငန်းတွေ လိုက်စစ်ဆေး လို့ ၊ လုပ်ကြကိုင်ကြပေါ့ ၊၊ ပင်ပန်းပေမယ့် အင်မတန်မှ ပျော်ရွှင်စရာကောင်းသလို ၊ အင်မတန်မှ လည်း ဂုဏ်ယူစရာပေါ့ ၊၊ နော်တချိန်မှာ ပေါ်ထွန်းလာတော့မယ့် တံတားသစ်ကြီးကို မြင်ယောင်ရင်း ပင်ပန်းတာ တွေ ပြေပျောက် ရပါတယ် ၊၊

အော် ၊ အခုတော့ စီမံကိန်းလည်း ပြီးဆုံးခြင်း ရောက်လို့ အချို.ချို.တွေ လည်း နောက်ထပ် စီမံကိန်းအသစ်ဆီ ရှေ့ပြေးအဖွဲ့အဖြစ် သွားကြပြီ ၊၊ အလုပ်မရှိတော့တဲ့ အလုပ်သမားအချို့လည်း ပြောင်းကြရွှေ့ကြပေါ့ ၊၊ အခုလို စပ်ကူးမတ်ကူးကာလ ဟာ ကျွန်တော်တို့လို ၀န်ထမ်းတွေ အတွက် မထောင်းတာပေမယ့် ၊ နေ့စား အလုပ် သမား လူတန်းစား အတွက်တော့ အင်မတန်မှ ကျပ်တည်းတဲ့ ကာလပေါ့ ၊၊ လုပ်ငန်းကလည်း မလှိုင်တော့ သလို အလုပ်မရှိဘူးလို့လည်း မဆိုနိုင် ၊ ပြတ်တုန်းလပ်တုန်း ကာလပေါ့ လေ ၊၊ မစဉ်းစားချင်ပါဘူးလေ ၊၊ အခုလို မနက်စောစော မှာ ဒီလိုအကြောင်းတွေ မတွေးလိုပေမယ့် ၊ တားမရဆီးမရ အလိုလို ၀င်လာတဲ့ အတွေး ဆိုးကို ဖြေဖျောက်လို. အားနေတုန်း လမ်းလေးဆင်းလျှောက်ဖို့ စိတ်ကူးနဲ့ ကျွန်တော့် အိမ်လေးရဲ့ ခေါင်းရင်းဖက် စွေစောင်းစောင်းမှာ ရှိတဲ့ ခရေပင်တန်းလေးတွေ ဘက်ဆီကို ဦးတည်မိပါတယ် ၊၊

ခရေပင်လေးတွေ ဟာ ပင်ပျိုလေးတွေ မို့ အပွင့်တွေ ဝေေ၀ဆာဆာ နဲ့ ရနံသင်းသင်းလေး အမြဲမွှေးနေတက် ပါတယ် ၊၊ လေအဝှေ့မှာ ကြွေကြနေတဲ့ ခရေပွင့်လေးတွေ လည်း မြေပြင်မှာ ဖွေးဖွေးလှုပ်လို့ပေါ့ ၊၊ အဲဒီ ခရေ ပန်း လေးတွေကို နေ့စဉ်မနက်တိုင်း ဗန်းကုံးလေးတွေနဲ့ လာကောက်နေကြ မောင်နှမနှစ်ယောက် ရှိပါတယ်၊၊ အကြီးမလေး က ၁၁ နှစ်လောက်နဲ့ အငယ်ကောင်လေးက ၈နှစ် လောက်ပေါ့ ၊၊ ဆိုက်ထဲမှာ အလုပ်လုပ်တဲ့ အလုပ်သမား တစ်ယောက်ယောက်ရဲ့ သားသမီးလေးတွေ နေမှာပါလေ ၊၊ ဗန်းကုံးလေးတွေ အပြည့်အမောက် အမြဲတမ်း ကုန်စင်အောင် ကောက်သွားတက်ကြပါတယ် ၊၊ ကျောင်းဖွင့်ချိန်ပေမယ့် ကျောင်းသွားတာမမြင်တော့ ကျောင်းမနေကြဘူးထင်ပ ၊၊ ဒီလိုပဲ ဆိုက်ထဲမှာ လည်း ဟိုဟာလေးကောက် ၊ ဒီဟာလေးကောက်နဲ့ တွေ့နေရ တက်ပါတယ် ၊၊

ဒီနေ့မနက်မှာတော့ ပန်းကြွေလေးတွေ ကောက်ရုံမက အပင်ကိုပါ လှုပ်ပြီး မကြွေသေးတဲ့ ပန်းလေးတွေကို ခြွေ ယူဖို့ ကြိုးစားနေတာကြောင့် " ဟေ့ ခလေးတွေ မင်းတို့ ကြွေတာကိုတင်ကောက်လေကွာ ၊ ဘာဖြစ်လို့ မကြွေ သေးတဲ့ ပန်းလေးတွေ ကို ခြွေနေတာလည်း ၊ အပင်မြင့်မှာ ခဏဖြစ်ဖြစ် သဘာဝအတိုင်း နေပါစေကွာ ၊ နောက် နေ့ မနက်တော့ သူ့အလိုလို ကြွေမှာပေါ့ကွာ " ရယ်လို့ ခပ်ငေါက်ငေါက်လေး ပြောမိတော့ ကောင်းမလေးက " ဒီနေ့ အဖေ့ကို ဆေးခန်းပြရမယ် အစ်ကိုကြီး ၊ ဆေးခန်းပြဖို့ငွေလိုတယ် ၊ ဒါကြောင့် မနက်ဖြန်သူ့အလိုလို ကြွေ တဲ့ထိ စောင့်လို့ မရလို့ပါ " ဆိုတဲ့ မျက်နှာဝိုင်းလေးကို ကျွန်တော် ဘယ်လိုပြန်ပြောရပါ့မလဲ ၊၊ " မကြွေ ခင်မှာ ဝေနေတဲ့ ပန်းလေးတွေကို သဘာဝအတိုင်း ရှိပါစေကွာလို့ " တားချင်ပေမယ့် သူတို့ကိုယ်တိုင် မဝေခင် မှာ ကြွေနေရတဲ့ ဘ၀လေးတွေ မို့ ကျွန်တော် ဘာများပြောနိုင်ပါဦးမလဲ ၊၊

တခါတခါ သဘာဝကို ချစ်မြတ်နိုးစွာ မဝေခင်မှာ မကြွေစေချင်တဲ့ ကျွန်တော်ကိုယ်တိုင် တခါတရံ ခြွေနေမိလား ရယ်လို့ အမြဲတွေးမိပါတယ် ၊၊ အလုပ်ခွင်ထဲမှာ ကျောင်းနေရမယ့်အရွယ် အလုပ်သမားလေးတွေကို တွေ့ရ ခိုင်းရတိုင်း လိပ်ပြာမလုံ ခံစားမိတာ အမှန်ပါ ၊၊ ၁၅ - ၁၆ - ၁၇ ဆိုတာ တကယ်တော့ မိဘရင်ခွင်၇ိပ်မှာ နွေးနွေး ထွေးထွေး ခိုလှုံရင်း ကျောင်းပညာ သင်ကြားရမယ့် အရွယ်တော့ပေါ့ ၊၊ အတက်ပညာတစ်ခုကို သင်ကြားနေရ မယ့် အရွယ်တွေပါ ၊၊ ပန်းခလေးတွေ ကြွေမှာစိုးတဲ့ ကျွန်တော် အဲဒီခလေးတွေ အတွက်ရော မကာကွယ် နိုင် တော့ ဘူးလား ၊၊ ကာရာအိုကေဆိုင်မှာ အဲဒီအရွယ် ခလေးမလေးတွေကို ပန်းကုံးစွပ်တာဟာ ၊ ဘောက်ဆူးပေး တာဟာ ချီးမြှောက်လိုက်တာလား ၊ ကြွေမှာစိုးလို့ တံစိုးပေးလိုက်တာလား ၊ ကြွေပြီးသားပါပဲရယ်လို့ နင်းခြေ ပေးလိုက်တာလား ၊၊ မစဉ်းစားတက်တော့ပါဘူး ၊၊

အဖေကူလီထမ်းလို့ သားကူလီထမ်းရတယ်ဆိုတာ မွေခံထိုက်စေဆိုတဲ့ ၀တ္တရားကျေပွန်ခြင်းလား ၊ အဖေလုပ် သူက ၁၀ ပိသာ အလေးကို ထမ်းလို့ သားလုပ်သူက ၁၅ ပိသာ အလေးကို ထမ်း နိုင်တယ်ဆိုတာ ဂုဏ်ယူ စရာလား ၊၊ အဲဒီသားသမီးကို အတိဇာတ သားရယ်လို့ ခေါ်ဆိုရမလား ၊၊

ကျွန်တော့်ပတ်ဝန်းကျင် ၊ အလုပ်ခွင်တွေထဲမှာ မဝေခင်မှာ ကြွေနေရတဲ့ ပန်းပွင့်လေးတွေ အများကြီးပါ ၊၊ အဲဒီ ပန်းလေးတွေဟာ အချိန်မတန်ခင် မှာ ပင်ယံထက်က ခြွေချခံခဲ့ရတယ်လေ ၊၊ ဒါပေမယ့် ဒါပေမယ့် အဲဒီ ပန်းခလေး တွေကို မဝေခင်မှာ မကြွေစေချင်ပေမယ့် ၊ ကိုယ်ဘာမှ မတက်နိုင်သေးတာမို့ တခါတရံ ကိုယ်တိုင် ခြွေသူမဖြစ်အောင် ကြိုးစားရင်းပဲ ..... မဝေခင်မှာ မကြွေပါစေနဲ့လို့ ဆုတောင်းပေးရုံမှတစ်ပါး .........

မေတ္တာရင်းဖြင့်
မင်းအိမ်ဖြူ

(လွန်ခဲ့တဲ့ အတိတ်က ကျွန်တော့် ရဲ့ တံတားဆိုက်ကို သတိယရင်း ၊ မြစ်သာတံတား စီမံကိန်းက လုပ်ဖေါ် ကိုင်ဖက် အလုပ်သမား လေးများအား လွမ်းဆွတ်ရင်း ရေးဖွဲ့ပါသည် )

15 comments:

မေဇင် said...

ဝမ်းနည်းမိတယ်... အဲ့လိုဘ၀လေးတွေ ..နောင့် တို့ရွာမှာ လဲ အများကြီးပဲ..ဒီမှာတော့ ဘာလို့ အဲ့ဒီလို ဘ၀မျိုး တွေကို သိပ်မတွေ့ရတာလဲ... ရွာက ကလေး(လူ) တွေက ကံမကောင်းလို့ လား..ဘာကြောင့်လဲ..။

မျက်မှန်လေး said...

စာလာဖတ်သွားပါတယ်ရှင့်။
တခါတရံမှာမကြွေသင့်ဘဲအကြွေစောတဲ့ပန်းတွေလည်းရှိပါတယ်
လောကဓံပေါ့။လူရယ်လို့ဖြစ်လာရင်ရင်ဆိုင်ရမှာဘဲ။

minnay said...

ကံဆိုတာ လူလုပ်တာပဲလေ ... ကိုယ့်လမ်း ကိုယ်ဖေါက်ကြတာပါပဲ .... အရင့် အရင်ဘ၀တွေက
သူတို့ ဖေါက်ခဲ့တဲ့လမ်းလို့ သတ်မှတ်ပေးလိုက်ပါဗျာ .... ဖတ်ပြီး ၀မ်းနည်းရပါတယ် ...

မယ်ကိုး said...

သရုပ်မှန်စာတွေ ဖတ်တိုင်း စိတ်မကောင်းဖြစ်ရပါတယ်။
ဒါကြောင့် သိပ်နာကျင်ရမယ့် စာတွေကို မဖတ်ဘဲ ရှောင်သွားနေမိတာတော့ အဆိုးဆုံးပါ။

Mogok Thar said...

ပွင့်သောပန်းတိုင်း မွှေးမြ လန်းဆန်းလို့
မပွင့်ခင် ကြွေနှင့်ရတဲ့ ပန်းကလေးတွေအတွက်
ခူးခြွေသောလက် မဖြစ်ပဲ ဖေးကူသော လက်တွေသာ ကမ်းနိုင်ဖို့ ကြိုးစားကြစို့ရဲ့။

နေဒေးသစ် said...

ကျွန်တော် ခုရက်ပိုင်း ဖတ်ဖြစ်တဲ့ ဘလော့တွေ အကုန်လုံးက တွေးစရာတွေ ရင်နင့်စရာတွေ တော်တော်များများ ပေးနေကြတယ် ...
ဒီရင်ထဲမှာခံစားဖို့တောင် အင်အားမရှိတော့သလောက်ပါပဲ ...
ကိုယ်ဘာမှ ဖန်ဆင်းပေးဖို့ မဖြစ်နိုင်သေးတဲ့ အခြေအနေမျိုးမှာ ... ခံစားစာနာပေးရတာ တစ်ခုက လွဲရင် ကျွန်တော်ဘာကိုများ တတ်နိုင်နေဦးမှာလဲ ....

ကျွန်တော် ကိုယ်တိုင်လည်း မဝေခင်မှာ ခြွေသူမဖြစ်အောင် ကြိုးစားရင်း ...
ကြွေသွားပြီးတဲ့ သူတို့အတွက်လည်း အနင်းခံဘဝတစ်ခုနဲ့ အဆုံးသတ်မသွားကြစေဖို့ ဆုတောင်းရင်း ....

နေဒေးသစ်။

Mae said...

ကိုမင်းအိမ်ရေးတာကို မျက်စိထဲမှာ မြင်ယောင်လာလို့ အရမ်းပဲ စိတ်မကောင်းပါဘူး၊ ရန်ကုန်ပြန်တိုင်း ကလေးငယ်လေးတွေ လမ်းဘေးမှာ ဈေးရောင်းနေတာ .. လမ်းလျှောက်တတ်ခါစလေးတွေ ကိုယ်လုံးတီးနဲ့ လမ်းဘေးမှာ တောင်းစားနေတာ တွေ့ရင် ရူးချင်တယ်၊

ကျမ ကိုယ်တိုင်လဲ သူတို့အတွက် အများကြီး လုပ်မပေးနိုင်လို့ ကြုံရတဲ့အခါ ကိုယ့်ကိုယ်ကို စိတ်မသန့်ဖြစ်မိတယ်၊ ကိုယ်ကတော့ ဝတ်စားသွားလာနေပြီးတော့.. သူတို့ကတော့ အစားတစ်လုပ်အတွက် တော်တော်ပင်ပန်းရှာတာပါ

ဘဝပေးလို့ ပြောလို့ရပေမယ့် ကလေးတွေ အဖိုးအိုအဖွားအိုတွေ ဆင်းဆင်းရဲရဲ တွေ့ရရင်တော့ မနေတတ်တာအမှန်ပဲ၊ တခါတလေတော့လဲ စိတ်ပင်ပန်းလွန်းလို့ ဒီလိုတွေ တွေ့ရမှာကို ကြောက်နေတယ်၊

နဒီမိုးညို said...

မကူညီနိုင်..မတတ်နိုင်လို့ ..ဒီအတိုင်းထား၇င်တော့
ဘာမှ.ဖြစ်လာမှာမဟုတ်ပါဖူး..
ဝေးဝေးကမဟုတ်တောင်..ကိုယ့်ပတ်ဝန်းကျင်မှာ..ရှိတဲ့..
ပန်းကလေးတွေကို..တတ်နိုင်သလောက်..ကူညီဖေးမပေးမယ်.ဆို၇င်
နှမ်းတစ်စေ့ နဲ့ ဆီ မဖြစ်ဖူးဆိုပေမက့်..
လူသားတိုင်း..ဆီဖြစ်ဖို့ ..နှမ်းတစ်စေ့..ရှိသင့်တယ်လို့ ထင်ပါတယ်..

Yu Ya said...

ကိုမင်းအိမ်ဖြူ တောင်းတဲ့ဆုနဲ့ လုံးဝဥဿုံ ပြည့်စုံပါစေလို့ ....ထပ်ဆင့် ဆုတောင်းပေးနေပါမယ်။

ပုလုကွေး said...

ခေါင်းစဉ်လေးက အစ နှစ်သက်မိတယ်...ဖတ်လို့လဲကောင်းတယ်ဗျာ....အားလုံး မဝေခင်မှာ မကြွေစေချင်ပါ ဘူးလေး...........

သီဟသစ် said...

ကိုမင်းအိမ်ရေ
စာလေးသေချာဖတ်သွားပါတယ်
မကြွေစေချင်တဲ့ ပန်းလေးတွေ ဝေစေချင်ပါတယ်ဗျာ
စိတ်ကူးတွေ ရှိနေပေမယ့် တစ်ခါမှ အကောင်အထည် မဖော်ဖြစ်ခဲ့တော့ မရှိသလိုပဲ ဖြစ်နေခဲ့တယ်။

ကြီုးစားရအုံးမယ်ဗျာ

ခင်မင်စွာဖြင့်
သီဟသစ်

ငှက်ကလေး said...

စာလာဖတ်သွားတယ် ကိုဖြူကြီးရေ ဟိုမမများအဖွဲ့နဲ့ ပေါနေလို့ ကိုဖြူ့ဆီ မလာနိုင်ဘူးရယ် ခွင့်လွှတ်နော် သူတို့ကို နိုင်အောင် ပြောနေရတာ ဟဟား အားရင်လာခဲ့လေ ခိခိ ပေါရအောင်ပေါ့နော့် ဘိုင်

ငှက်ကလေး said...
This comment has been removed by the author.
ငှက်ကလေး said...

၂ ခုဖြစ်နေလို့ တခု ဖျက်လိုက်တယ်နော် သိလား စိတ်ချိုးနဲ့ နော် ခိခိ

မီးတောင် said...

စိတ်မကောင်းဖြစ်ရုံမှတစ်ပါး အခြားဘာမှမတတ်နိုင်မိတာတော့ အမှန်ပါ .....

အရေးအသားကိုကြိုက်တယ် :P