Wednesday, 23 September 2009

လွမ်းတစ်ကျော့ပြန်

အလွမ်းရှည်ရှည် ကျောင်းရက်တွေကို သတိရစေပြန်သလားကွယ် ၊၊ ဟိုးတစ်နေ့က သူငယ်ချင်းတစ်ယောက် ဖုံးဆက်လာတယ် ၊၊ ကျောင်းတုန်းက သူငယ်ချင်းတွေ ပြန်လည် ဆုံတွေ့ကြရအောင်တဲ့ ၊၊ သူတို့ စီစဉ်နေပါတယ် တဲ့ ၊၊ အော် အင်း တွေ့လေဆိုတော့ စာရင်းမှတ်လိုက်ပြီနော်တဲ့ ၊၊ တယ်လီဖုန်းပေါ်မှာတင်ဆိုတော့ ဘာမှလဲ မပြောအားပဲ အင်းအင်း လို့ပဲ ခပ်လွယ်လွယ် သေချာလိုက်မိတယ်၊၊ တွေ့လည်းတွေ့ချင်မိပါတယ် ၊၊ သူငယ်ချင်း တွေ အားလုံးကိုပေါ့ ၊၊ မတွေ့လည်း မတွေ့ချင်ပါဘူး ၊၊ ကိုယ့်အကြောင်းနဲ့ကိုယ်ပေါ့ ၊၊
အော် ဘာလိုလိုနဲ့ ပြန်တွေးမိတော့ နှစ်တွေတောင် အတော်ကြာပါပေါ့လား ၊၊ ကျောင်းမြေကနေ နောက်ဆုံး ထွက်ခွာ လာခဲ့တာ ၊၊ မှတ်မှတ်ယယ အခုလို အောက်တိုဘာ ၊ နိုဝင်ဘာပေါ့ ၊၊ စာမေးပွဲတွေ ပြီးတော့ နိုဝင်ဘာ မှာ ထင်ပါရဲ့ ၊၊ ကျောင်းဆောင်ကြီးတွေကို လွမ်းလိုက်တာ ၊၊ လက်ခုပ်ပင်ထီးထီးကြီးကို လွမ်းလိုက်တာ ၊၊ ပြီးတော့ စွယ်တော်ပင်လေးတွေကို လွမ်းလိုက်တာ ၊၊ ကျောင်းကင်တင်းလေးကို လွမ်းလိုက်တာ ၊၊ အရာအားလုံး ဟာ လွမ်းစရာတွေ ပါလား ၊၊ အင်း နောက် လွမ်းနေတာလေးလည်း ရှိပါသေးရဲ့ ၊၊ ခုချိန်ထိလွမ်းလို့ကောင်းနေ ဆဲ ကိုယ်မှာ လွမ်းစရာ ဒါလေးပဲ ရှိတာကိုး P: ၊၊
ဘယ်သူတွေ ၀လာပြီလဲ၊၊ ဘယ်သူတွေ ဘာတွေ များဖြစ်နေကြပြီလဲ ၊၊ ဘယ်လိုတွေများဘ၀ကို ကျော်ဖြတ်နေ ကြပြီလဲ ၊၊ ကျောင်းတုန်းက ခပ်ပိန်ပိန်ကောင်မလေးလည်း လူသေးသေးလေးနဲ့ ဖြစ်နေပြီလား ၊၊ အင်း ဘာတွေ များပြောင်းလဲနေကြပြီလဲ ၊၊ သိချင်မိပါရဲ့ ၊၊ ဒါပေမယ့် လူတွေကြည့်မယ့် အပြစ်မကင်းတဲ့ အကြည့်တွေကိုလည်း ရင်မဆိုင်လိုသေး ၊၊ ရင်မဆိုင်ချင်သေး ၊၊ တက်နိုင်ဘူးရယ် ၊၊ လာမယ်လို့ပြောပြီးမှတော့ သွားရတော့မှပဲ ၊၊ အနည်း ဆုံး လူတွေ မမြင်ထဲ ရင်ထဲက အနာကို ပလစတာလေးအုပ်ပြီး ပြုံးပြုံးလေး လုပ်နေရအုံးမှာပေါ့လေ ၊၊ ကြာလှ ၄ နာရီပေါ့ ၊၊ အင်းဒီတစ်ခါတော့ ဆြုံဖစ်ကြပြီပေါ့ ၊၊
ဘယ်သူတွေ အိမ်ထောင်တွေ ကျနေပြီလဲ ၊၊ ဘယ်သူတွေ တစ်ယောက်တည်း ဘ၀ကို ဖြတ်သန်းနေလဲ ၊၊ အင်း ဟိုးငယ်ငယ်တုန်းက ထင်ခဲ့ဘူးတဲ့ အသက်ခပ်ကြီးကြီး လူပျိုကြီး တွေ ဆိုတာ ကိုယ်တိုင်ဖြစ်နေပါရောလား ၊၊ ဘု ရားဘုရား ၊၊ မထင်မှတ်ထားတာတွေ ဖြစ်နေပါရောလား ၊၊ အဲဒီနေ့ဆုံဖြစ်ကြရင် မထိခလုတ် ထိခလုတ်ပြော တာတွေကို ကြားရအုံးမယ် ၊၊ သနားစရာသတ္တ၀ါတစ်ကောင်လို ၀ိုင်းကြည့်တာကို ခံရအုံးမယ်၊၊ အင်းကိုယ်ထင် တာလဲဖြစ်မှာပါလေ ၊၊ သူတို့က သာမာန်ကြည့်တာနေမှာပါ ၊၊ အင်းဟိုတစ်နေ့က သူငယ်ချင်းတချို့နဲ့ ပြန်ဆုံဖြစ် တော့ ၊၊ နည်းနည်းပိန်သွားတာကလွဲရင် မင်းက ဒီအတိုင်းပဲနော် ၊၊ ဘာမှ မပြောင်းလဲဘူးတဲ့ ၊၊ ပြောတဲ့သူတွေက တကယ်လို လူကြီးတွေ ဖြစ်လို့ပါလား ၊၊ ဗိုက်ကြီးတွေ ထွက်လို့ လူကြီးကြီးတွေ ဖြစ်နေပါရော့လား ၊၊ အင်း သူတို့ သူငယ်ချင်းကျွန်တော်ကတော့ အရင်အတိုင်းပါပဲ ၊၊ ဘာမှ မပြောင်းလဲသေးပါဘူး ၊၊ ဟိုးတုန်းကလို အထိးကျန် တစ်ယောက်တည်းဘ၀ ကို ဖြတ်သန်းနေဆဲ ပါပဲလေ ၊၊ ဘ၀က တစ်ယောက် တည်း အထိးကျန် နေဖို့ ၊ ဖြတ်သန်း ဖို့များ ပြဌာန်းခဲ့လေသလားကွယ် ................

Sunday, 20 September 2009

မှတ်တမ်းလေး

ဖေဖေါ်ဝါရီလ ၅ ရက် ( ကြာသာပတေးနေ့ )

မှတ်မှတ်ယယဒီနေ့က တပို့တွဲလပြည့်နေ့ ဖြစ်နေတယ် ၊၊ တိုက်တိုက်ဆိုင်ဆိုင် ပြက္ခဒိန်ကြည့်လိုက်တော့ ရက်ရာဇာတဲ့လေ ၊၊

မနက် ၃:၀၀ နာရီ အိပ်ရာကထတယ် ၊၊
၎:၁၅ နာရီ လေဆိပ်ကို ထွက်လာခဲ့တယ် ၊၊
၆:၁၅ နာရီ လေယာဉ်ပေါ်ကိုတက်ရတယ် ၊၊
၇:၂၀ နာရီ ဟဲဟိုး ကွင်းကိုရောက်တယ် ၊၊ အမြင့်ပေ ၁၃၀၀၀ တဲ့ ၊၊ အဟ အိမ်သာဝင်ပြီး အပေါ့အပါးသွါး ၁၀ မိနစ် အနား ရတယ် ၊၊ ခရီးသည် အချို့အ၀က် ကျန်နေခဲ့တော့တယ် ၊၊
၈:၀၀ နာရီ မန္တလေးကွင်းကို ရောက်တယ် ၊၊ အမြင့်ပေ ၁၀၀၀၀ လို့ ပြောတယ်လေ ၊၊ ခရီးသည်အချို့ ဆင်းသွား သလို ခရီးသည် အချို့ တက်လာတယ် ၊၊
၈:၄၀ နာရီ မုံရွာကိုရောက်တယ် ၊၊ အမြင့်ပေဘယ်လောက်ပါလိမ့် ၊၊

အားလုံးအဆင်ပြေပါတယ် ၊၊ လေဆိပ်မှာ ရဲကင်းမှူး ကိုညိုသက်ဝင်းနဲ့ တွေ့တယ် ၊၊ အကူအညီပေးပါတယ် ၊၊ အလယ်ရဲကင်းမှာ တည်းဖို့ စီစဉ်ပေးပါတယ် ၊၊ နောက်တော့ ချင်းတွင်းမြစ်နဘေးက ဆိပ်ကမ်းသာ မှာပဲ တည်း ဖြစ်တယ် ၊၊ နောက်တစ်ရက် ခရီးဆက်ဖို့ ရွှေနဒီလက်မှတ်ဖြတ်တယ် ၊၊ တခါမှ မစီးဘူးတဲ့ ရေပေါ်လျှပ်ပြေး လျှော်တယ် တဲ့ ၊၊ ဘယ်လို ယာဉ်မျိုးဖြစ်မလဲနော် ၊၊

အမေရေ လေယာဉ်တခါမှ မစီးဖူးဘူး ၊၊ ပထမဆုံးအကြိမ်ပဲ ၊၊ UV 771 တဲ့ ၊၊ လေယာဉ် ဆီ လမ်းလျှောက်သွားရ တာ လွမ်းစရာတော့ ကောင်းသား ၊၊ မနက်ခင်းဝေလီဝေလင်းမှာလေ ၊၊ မိသားစုကို သတိရတယ် ၊၊ အားလုံး အဆင်ပြေပါတယ် အမေရယ် ၊၊

ညဖက် မုံရွာ မှာရှိတဲ့ ဘုရားတွေ လည်း ဖူးဖြစ်ခဲ့တယ် အမေ ၊၊ အညာမြို့လေးက ချစ်စရာတော့ ကောင်းတယ် ၊၊ မနက် အစောကြီးထရမှာမို့ အိပ်တော့မယ် အမေ ၊၊

( ကျောင်းပြီးတော့ ပထမဆုံး အလုပ်ဝင်ရတဲ့ ကလေးဝ အသွား နေ့စဉ်မှတ်တမ်းလေး ပြန်တွေ့လို့ လွမ်းလွမ်းနဲ့ တင်လိုက် ပါတယ် ၊ အဲဒိတုန်းက ကျောင်းပြီးကာစပေါ့ ၊ အများတကာတွေ နိုင်ငံခြားသွားဖို့ ကြိုးစားနေတဲ့ အချိန်မှာ ကျွန်တော်က ဟိုး စစ်ကိုင်းတိုင်း အစွန်အဖျားကို ခရီးနှင်နေတဲ့ အချိန်ပေါ့ ၊ မျှော်လင့်ချက်တွေ တပွေ့တပိုက်နဲ့ ယုံကြည်ချက်တွေ ရင်မှာပိုက်ပြီး ဘ၀ခရီး စတင်ကာစကာလလေး တစ်ခုပါ ) တကယ်ကို အဲဒီ ကလလေးက လွမ်းစရာလည်းကောင်းသလို အားတွေ အပြည့်နဲ့ လွင့်တက်တော့မယ့် မီးပုံးပျံကြီး တစ်ခုလိုပဲ တလွင့်လွင့်နဲ့ပေါ့ဗျာ ၊၊