အပြောင်းအလဲတိုင်းမှာ အကောင်းအဆိုးဆိုတာ ဒွန်တွဲရှိနေစမြဲပါ ၊၊ တချို့သောအပြောင်းအလဲများက တချို့တစ်လေ အတွက် ကောင်းသောပြောင်းလဲခြင်းကို ဖြစ်စေပေမယ့် တချို့တလေအတွက်ကိုတော့ အင်း ဆိုးဝါးခြင်းတွေကို သယ်ဆောင်လာတက်ပါတကား၊၊ ဘယ်လိုအပြောင်းအလဲတွေများလဲနော် ၊၊ ဒီပိုစ့်လေးကို ဖြစ်ခဲ့ဖူ်းတဲ့အတိုင်းတင်ပြတာသာဖြစ်ပြီး ခေတ်တစ်ခေတ်မှာ ဖြစ်သွားခဲ့ဖူးတဲ့ ဇာတ်လမ်းလေး တစ်ပုဒ်အဖြစ်မှတ်တမ်းတင်ခြင်းသာဖြစ်ပါတယ် ၊၊ ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်နစ်နာစေ လိုခြင်း မရှိပါ ကြောင်းကြိုတင် အသိပေး အပ်ပါသည် ၊၊
********************************
ဒီလိုနဲ့ ဘယ်နှစ်ကြိမ်မြောက်မှန်းမသိတဲ့ ကျောင်းပိတ်ခြင်းကြောင့် မနှင်း တစ်ယောက် အထုပ်ဆွဲလို့ ပြန်ရပြန်တာပေါ့ ၊၊ အမှန်အတိုင်းပြောရရင်တော့ စိတ်ထဲသိပ်လည်း မကြည်လင်တော့ပါ ၊၊ ဘယ်တစ်နှစ် ကိုမှ ပြီးဆုံးအောင် တက်လိုက်ရတယ်ဆိုတာ မရှိ ၊၊ အခုတက်လိုက်အခုပိတ်လိုက်နဲ့ ၊၊ ဘယ်စာ ကိုမှလည်း ကောင်းကောင်းသင်ကြားခွင့်မရခဲ့ ၊၊ ဘယ်တုန်းကမှ နောင်တမရခဲ့ဖူးပေမယ့် အခုတော့ နောင်တရချင်သလိုလို ၊၊ ဒီကျောင်းကြီးကိုတက်ခဲ့မိလေခြင်းရယ်လို့ နောင်တရခြင်းမဟုတ် ၊ ဒီခေတ်မှာ ဒီအစိုးရလက်ထက်မှာ လူဖြစ်ခဲ့ရခြင်းရယ်ပေါ့ ၊၊ အော်ဒီသောက တွေ ဘယ်တော့များမှ လွတ် ငြိမ်း နိုင် ပါ မလဲနော် ၊၊
မှတ်မှတ်ယယ အင်မတန်ကျော်ကြားခဲ့တဲ့ ၈၈ အရေးအခင်းကြီးပြီး တဲ့နောက် မကြာမတင်မှာပဲ ၁၀ တန်း အောင်ခဲ့ပါတယ် ၊၊ ငယ်စဉ်ကတည်းက ဖြစ်ချင်လှတဲ့ အင်ဂျင်နီယာဘ၀ကို ရောက်ဖို့ ခပ်လွယ်လွယ် ထမင်းစားရေသောက် ဖြစ်လာခဲ့တာတော့ မဟုတ် ၊၊ တက်ချင်လွန်းလှတဲ့ ဒီကျောင်းတော်ကြီး ၊ ဖြစ်ချင်လွန်း လှတဲ့ အင်ဂျင်နီယာကြီး ၊၊ အော် ဘယ်ဘ၀ အတိတ်ဆိုး ကြောင့်များ ကိုယ်မကျူးလွန်မိတဲ့ အပြစ်ဆိုးတွေ ကို ခံစားပေးဆပ်နေရပါလိမ့်နော် ၊၊ ဒီလိုနဲ့ ၉၀ ကျော်ကျော် ခုနှစ်တွေမှာ တကသိုလ်ကျောင်း သူကြီး စစ်စစ် ဖြစ်ခဲ့ပါရဲ့ ၊၊ သဇင်မှာ ကျောတစ်နေရာ ချလို့ ဂုဏ်ယူဝမ်းမြောက်ခြင်း တွေ မဆုံးခင်မှာပဲ ၊ ၂ နှစ်လားကြာတယ် ကျောင်းပိတ်ပြန်ရောလား ၊၊ အင်းဒီလိုနဲ့ ကြုံရာနေရာမှာလည်း စာမေးပွဲဖြေရမယ်တဲ့လေ ၊၊ ဘယ်ညာမောင်းတက်ရုံနဲ့ အပွင့်တက်လို့ရတဲ့ ပညာရပ်တွေများ ထင်နေသလား ကွယ် ၊၊ တခါတခါ စိတ်နာနာနဲ့ မျက်နှာကိုစေ့စေ့ကြည့်ပြီး မေးကြည့် လိုက်ချင်မိပါရဲ့ ၊၊
အော် ဟိုမရောက်ဒီမရောက် ၊ ဟိုမှာတက်ဒီမှာတက်နဲ့ ၆ နှစ်တာ သင်ရိုးကို စုစုပေါင်း ၁၀ နှစ်နီးပါး သင်ကြားပြီး ဘွဲ့ဓါတ်ပုံတစ်ခု မှတ်မှတ်ယယ ရိုက်ဖြစ်ခဲ့ပါတယ် ၊၊ ပြောင်းလိုက်ရတဲ့ စာသင်ခန်း ဟိုမြို့က ဒီမြို့ ၊၊ ရန်ကုန်မှာ ကျောင်းစတက်ခဲ့တာ ကျောင်းပြီးတော့ ခေတ္တရာ ပြည်မြို့ မြို့ပြင်တစ်နေရာက လွင်ထီးခေါင်ပြင် မှာ ၊၊ ကျေးဇူးလည်းတင်မိပါရဲ့ ၊၊ သူတို့ကျေးဇူးနဲ့ ကာလရှည်ကြာ ကျောင်းသားလုပ်ခွင့် ရခဲ့ပါရဲ့ ၊၊ ဒေသစုံလည်း ရောက်ခဲ့ပါရဲ့ ၊၊ မကြုံဖူးတာလည်း ကြုံခဲ့ပါရဲ့ ၊၊ ရာသက်ပန် စိတ်ကူယဉ်ခဲ့ဖူးတဲ့ ပညာတက် အင်ဂျင်နီယာကြီး ဘ၀ကိုလည်း ရာသက်ပန် စွန့်လွှတ်ခဲ့ဖြစ်ပါရဲ့ ၊၊ အိမ်သားလုပ်သူရဲ့ တိုက်တွန်းမှုကြောင့်သာ အ၀ါရောင်နှစ်လိုင်းပါတဲ့ ဘွဲ့ဓါတ်ပုံ မည်းမည်းကြီးကို အိမ်ခန်းမှာ ချိတ်ဖြစ်ပေမယ့် ဘာမှမတက်တဲ့ ကိုယ်ဘာသာကို လိပ်ပြာမလုံတာကြောင့် ရဲရဲတောင် မကြည့်ဝံ့ ၊၊ သူတကာမေးလို့လည်း အင်ဂျင်နီယာလို့ မဖြေချင်ခဲ့ ၊၊ အခုတော့လည်း ခလေးတွေ စာပြတဲ့ ကျုရှင် ဆရာမ ပါပဲကွယ် ၊၊
မှတ်မိပါသေးရဲ့ ၊၊ ကျောင်းပြီးတော့ သကရာဇ်က ၂၀၀၀ ကျော်ပြီလေး ၊၊ ၉၀ ခုနှစ်ကျောင်ကျော်မှာတက်ခဲ့ တဲ့ကျောင်းက ၂၀၀၀ ကျော်မှာပြီးခဲ့တယ် ၊၊ တကယ့်လုပ်ငန်းခွင်ထဲကို တိုးတဲ့အခါ ကိုယ်နဲ့ မယဉ်ပါးတဲ့ အသုံးအဆောင် အပြောအဆိုတွေနဲ့ ပါတ်ဝန်းကျန်တခွင်တပြင်လုံး စိမ်းလို့ပါလား ၊၊ အမေရိကန်ပြန် သံအမတ် ပေးအပ်တဲ့ အကြံဥာဏ် ၊ ငါဟဲ့ ၀န်ကြီး ငါ ဆိုရင်အကုန်ပြိးရမယ် ဆိုပြိးသကာလ ၊ စင်ကာပူ လူငါးသန်းမှာ အင်ဂျင်နီယာ ငါးသောင်းလို့ငါကြားတယ် ၊ မြန်မာပြည် လူသန်းငါးဆယ်ကျော် လှည်းနေ လှေအောင်း မြင်းစောင်းမကျန် အင်ဂျင်နီယာ စီမံကိန်းကို အကောင်အထည်ဖေါ် ရမယ် ၊၊ ဆိုက်ကားသမားနဲ့ မြင်းလှည်းသမားပါ အကုန် အင်ဂျင်နီယာ လက်မှတ်ပေးအပ်ရမယ် ၊၊ ဆိုပြိး သကာလ ထုတ်လိုက်တဲ့ အင်ဂျင်နီယာ ၊၊ သရေကွင်းစက်ရုံထက်တောင် ကုန်ထုတ်စွမ်းအားမြင့်သေးရဲ့ ၊၊ နောက်ပိုင်း အလုပ် ပေးနိုင်တာ မပေးနိုင်တာ ငါ့အလုပ်မဟုတ် ၊၊ ငါ့အလုပ်က ငါ့လက်ထပ်မှာ အဆင့်မြင့် အင်ဂျင်နီယာ ကျောင်း အဲလေယောင်လို့ တကသိုလ်က ဘယ်နှစ်ခု ၊ ကျောင်းသား ကဘယ်နှစ်သောင်း ၊ ဒေါက်တာ ဘယ်နှစ်ရာ ၊ မဟာဘွဲ့က ဘယ်နှစ်ထောင် ၊ စီမံကိန်းမီ ထုတ်လုပ်ရေးသာ အဓိက ၊၊ ဆိုတဲ့ အမေရိကန်ပြန်ကြီးရဲ့ မဟာအတွေးတွေများ အံချီးစရာ ၊၊
ဟိုးအရင်က ၁၀တန်းကို ခခွေးနဲ့အောင်လို့ အပျင်းပြေ ဂျီတီအိုင်တက်ထားတဲ့သူလည်း ပြန်ခေါ် ဘွဲ့တစ်ခု ပေး ၊၊ ဘာဖြစ်ဖြစ် ဘွဲ့သာ ပေးလိုက် ၊၊၂ နှစ်တက်ခဲ့တာ မြိုပြ ၊ နောက်ထပ်နှစ်နှစ်က ချည်မျှင် ၊ နောက်ဆုံးဘွဲ့ရတော့ အိုင်တီ ၊၊ အမယ် လာသေး မာစတာကတော့ အဏုမြူနဲ့ပေး ၊၊ ရု၇ှားလည်း ပို့ပေးအုံးမတဲ့ ၊၊ ဒီလိုနဲ့ ဒေါက်တာတွေ လည်း ပေါသလားမမေးနဲ့တော့ ၊၊ တစ်ကမ္ဘာလုံး ဘယ်နေရာမှာ မှ ရှာလို့မရတဲ့ ပညာရေး ၊၊ အားလုံးလည်း စာရိတ္တတွေ မြင့်တက် လို့ ၊၊ အမှတ်လိမ် ကျောင်းသွား တက်တဲ့သူတွေလည်း ဒုနဲ့ဒေး ၊၊
အင်းဒီလိုနဲ့ ကိုယ်ကျောင်းပြီးတဲ့ အချိန်မှာ ဟိုးငယ်စဉ်ကတည်းက အတန်းတူ ချောက်တိချောက်ချက် ကျောင်းတက်ခဲ့တဲ့ သူငယ်ချင်း လည်း ဒေါက်တာဖြစ်နေပြီ ၊၊ ဘောကန်မပျက်တဲ့ သူငယ်ချင်းလည်း ဗိုလ် ကြီး ဆိုလား ၊၊ ကိုယ်တွေ ခြေမချခဲ့ရတဲ့ ကျာင်းတော်ကြီးမှာ မဟာဘွဲ့အတွက် စာတန်း လုပ်နေ သတဲ့ လေ၊၊ တော်ပါပြီ ၊၊ နောင်ဘ၀အဆက်ဆက်သာ ရှိခဲ့ရင် ဒီပညာရပ်တွေလည်း ဆက်မသင်ချင် တော့ပါ ၊၊ ဒီကျောင်းလည်း ဆက်မတက်လိုတော့ ၊၊ အလုပ်ရှာတော့လည်း ကိုယ်ယူထားတဲ့ ဘွဲ့ ဘယ်အလုပ်ကမှ အဆင်ပြေပြေမရ ၊၊ ဆက်သွယ်ရေးကို ၀င်တော့ PCO စောင့်တဲ့ စာရေးမလေးတွေလောက်တောင်မှ ၀င်ငွေက မရ ၊၊ အင်း အိမ်ကပေးစားတဲ့ ယောင်္ကျားယူပြီး ကိုယ်တက်နိုင်တဲ့ ပိုက်ဆံယူပြီး စာပြတဲ့ အလုပ်ပဲ လိုက်လျောညီထွေ လုပ်စားလိုက်တော့တယ် ၊၊ အင်းဒါလည်း ကောင်းတာပါပဲလေ ၊၊
( အစ်မတစ်ယောက် အတွက် အမှတ်တယ )