Saturday, 7 January, 2012

သိမ်းမထားသင့်တော့တဲ့ ဒိုင်ယာရီ

သယံဇာတတွေ ပေါများပါတယ်ဆိုတဲ့ ကျွန်တော်တို့ မြန်မာပြည်၊ လူတော်တွေ ပေါများပါတယ် ဆိုတဲ့ ကျွန်တော်တို့ မြန်မာပြည်၊ ဆန်ရေစပါးတွေ ပေါများပါတယ် ဆိုတဲ့ မြန်မာပြည်၊ ဒီလိုမြန်မာပြည် ၊၊ ထေရ၀ါရ ထွန်းကားပါတယ်ဆိုတဲ့ မြန်မာပြည်၊ လောကပါလတရား ၊ ဗြမစိုလ်တရား ထွန်းကားပါတယ်ဆိုတဲ့ မြန်မာပြည်၊၊ လူအချင်းချင်း လှည့်ပတ်ချင်း ကင်းရှင်းကြပါစေလို့ မနက်တိုင်း မေတာပို့တဲ့ မြန်မာပြည်မှာ ဒီလို ဒိုင်ယာရီလေးတော့ သိမ်းမထားသင့်တော့ပါဘူးလေ…..

ကျွန်တော့်မှာ ဒိုင်ယာရီလေးတစ်အုပ်ရှိခဲ့ဖူးတယ် … လူတစ်ယောက်တည်းက ရေးမှတ်ထားခဲ့တဲ့ ဒိုင်ယာရီအမျိုးအစားတော့ မဟုတ်ပါဘူး … လူအနည်းငယ်ရဲ့ အိပ်မက်တွေကို မှတ်တမ်းတင်ထားတဲ့ စုပေါင်းစပ်ပေါင်း ဒိုင်ယာရီလေးပေါ့…..

မြန်မာပြည်မှာက တယ်လီဖုန်းတို့ ကားတို့ ဆိုတာက မရှိမဖြစ်လိုအပ်တဲ့ လူ့အသုံးအဆောင် ပစည်းဆိုတာထက် လူ့အတန်းအစားကို ခွဲခြားဖေါ်ပြတဲ့ ရုပ်ပြပစည်းအဖြစ် ပဲတည်ရှိနေခဲ့တာပါ … ဟန်ဖုန်းလို့ ခေါ်တဲ့ လက်ကိုင်ဖုန်းလေး ခါးခြားချိတ်နိုင်ရင် လူရာဝင်သလို … ကိုယ်ပိုင်ကားလေးစီးနိုင်ရင်တော့ ပိုပြီး လူဝင်ဆန့် တာမြန်မာပြည်မှာပါပဲ … အဲဒီလို ဖုန်းကိုင်နိုင်တဲ့သူ ကိုယ်ပိုင်ကားစီးနိုင်သူတွေဆိုတာက လက်ချိုးရေလို့ ရတယ် ပြောလို့မရပေမယ့် အနည်းငယ်သော လူတစ်စုသာ လုပ်နိုင်ကိုင်နိုင်ခဲ့တာ… ဆွေစဉ်မျိုးဆက် ချမ်းသာလာခဲ့သူဖြစ်ရင်မဖြစ် မဟုတ်ရင်တော့ အစိုးရအဆက်ဆက်နဲ့ ပလဲနံပါတ်သင့်သူ ဒါမှမဟုတ် စစ်တပ်က အဆက်အနွယ်တွေသာ ခပ်လွယ်လွယ်ရခဲ့တဲ့ အခွင့်အရေးတွေပါ … သူတို့လို လူတန်းစားကတော့ VIP လို့ခေါ်တဲ့ အခွင့်ထူးခံ လူတန်းစားတစ်မျိုးပေါ့…. ကျွန်တော်တို့လို လူလတ်တန်းစားတွေအတွက်ကတော့ ဖုန်းတို့ ကားတို့ဆိုတာက စိတ်ကူးယဉ်အိပ်မက်ထဲက ကိုယ်လှမ်းလို့ မမှီနိုင်တဲ့ အရာတွေပါပဲ ….

ငယ်ငယ်တုန်းက နယ်မှာ ကျောင်းတက်ခဲ့ရတဲ့ ကျွန်တော်အတွက် အမှတ်ယစရာက တော်တော်များပါတယ် … အဲဒီထဲက ကားနဲ့ပါတ်သပ်တာပြောရရင်တော့ … ကားရှိတဲ့သူဆိုရင် ဆရာမတွေကအစ မျက်နှာသာပေး ပြိး ဆက်ဆံပါတယ် … ဘာလို့လည်းဆိုတော့ သူတို့အရေးအကြောင်းရှိတဲ့အခါ ဒါမှမဟုတ် ကျောင်းသားအပြန်လမ်းကြုံတဲ့အခါ ကားစီးခွင့်ရလို့ပဲဖြစ်မယ်လို့ ထင်မိပါတယ် … ကျွန်တော် ၁၀ တန်းတုန်းက ရေးခဲ့တဲ့ ကျွန်တော့် ဒိုင်ယာရီလေးကို ပြန်ဖတ်တဲ့အခါ … အတန်းပိုင်ဆရာမက အဲဒီတုန်းက ကျွန်တော့် သူငယ်ချင်း နဲ့ ကျွန်တော် ကျောင်းအတူတူ ပျက်တာကို သူငယ်ချင်းကို အပြစ်မပေးပဲ ကျွန်တော့်ကို မိဘခေါ်လက်မှတ်ထိုးခိုင်းခဲ့တာလေးကို ရေးထားတာ ပြန်ဖတ်ရတယ် … အဲဒီသူငယ်ချင်းက အမှတ် ၆၆ စစ်တပ်က ဗျူဟာမှူးတစ်ယောက် ရဲ့သား ပါ … ဘာလို့လည်းဆိုတော့ ဆရာမကလည်း မီးကျောင်းရဲမှာနေတော့ တခါတလေ ဖယ်ရီမရတဲ့အခါ သူတို့ကား အစိမ်းလေးကို ကပ်ကပ်စီးခဲ့ရသူမို့ ကလေးအရွယ်ပေမယ့် အဲဒီကတည်း ကိုယ်ချင်းစာ နားလည်မိပေမယ့် … ကားနဲ့ပါတ်သပ်ပြီး ဒဏ်ရာတစ်ခုတော့ ဖြစ်ခဲ့တာပါပဲ ….

ဒီလိုနဲ့ ကားနဲ့ပါတ်သပ်ပြီး ခံစားချက် ဇာတ်လမ်းတွေ အသက်တွေ ကြီးလာတာနဲ့အမျှ တိုးတိုးထပ်လာခဲ့တာ ဒီနေ့အချိန်ထိပါပဲ … ခုနပြောသလို VIP တွေ အတွက် ထူးထူးဆန်းဆန်း မဟုတ်ပေမယ့် ကျွန်တော်တို့လို သာမာန် လူလတ်တန်းစားတွေ အတွက်ကတော့ အနိမ့် ဆုံး ကားတစ်စီး သိန်းတစ်ရာတန် ၀ယ်ဖို့တောင် ဘယ်လိုမှ စိတ်ကူးယဉ်ဖို့ မလွယ်တာကို တော့ ခံစားဖူးသူတိုင်းကိုယ်ချင်းစားတက်မယ် ထင်ပါတယ်လေ….. ဒါဟာ အခုမှ ခံစားရတဲ့ ထူထူးဆန်းဆန်း ဝေဒနာ မဟုတ်ဘူးဆိုတာကိုတော့ အခြား ဒိုင်ယာရီလေးတွေ ဖတ်ရတဲ့အခါ ကိုယ်တစ်ယောက်တည်း မဟုတ်ပါလားရယ်လို့ ဖြေသိမ့်ရပါတယ် …. အော် ဒီလိုလူတွေ မြန်မာ တစ်နိုင်ငံလုံးမှာ ရှိနေပါသေးလားရယ်လို့လည်း တွေးပြိး အားတက်သလိုတောင် ဖြစ်မိပါရဲ့….

၁၉၇၇ ခုနှစ်လောက်က ရေးခဲ့တဲ့ ဒိုင်ယာရီမှတ်တမ်းလေး တစ်ခုထဲမှာပေါ့

ကိုသန်းနိုင်ဆိုတဲ့ လူငယ်လေးတစ်ယောက်ဟာ ကျောင်းပြီးတဲ့အခါ ကျောင်းဆရာအဖြစ် အသက်မွေးဝမ်းကျောင်း အလုပ်ကို ရွေးချယ်ခဲ့ပါတယ် …. ထက်ထက်မြက်မြက် ပညာတက် ကောင်လေးမှာ ချစ်သူ ရည်းစားရှိနေခဲ့ပါတယ် …. ထမင်းတလုတ်အတွက် ရရာ အလုပ်ကို ၀င်လုပ်ခဲ့တာမဟုတ်ပဲ … အမှန်တကယ် ၀ါသနာပါလို့ ..ကျောင်းဆရာ အဖြစ်ကို ရွေးချယ်ပြိး ဆရာအတက်သင်တကသိုလ်တက်လို့ ကျောင်းဆရာ ဖြစ်လာခဲ့သူတစ်ယောက်လို့သိရပါတယ် … ဒါပေမယ့် နဂိုအခံ မချမ်းသာသူမို့ ရတဲ့ လခနဲ့ ကိုယ်ပိုင်ကားတစ်စီးပိုင်ဖို့ဆိုတာကတော့ ဘယ်လိုမှ ဖြစ်နိုင်ခဲ့မှာ မဟုတ်ပါဘူးး … ဒီလိုနဲ့ တစ်ရက် သူ့ချစ်သူ ကောင်မလေး အိမ်ကို လိုက်သွားတဲ့အခါ .. ချစ်သူအိမ်မှာ ရှိတဲ့ကားကို ချစ်သူကောင်မလေးရဲ့ မိဘတွေက မောင်းခိုင်းတယ်တဲ့ … ကိုယ်ပိုင်ကားမရှိတဲ့သူအတွက် ကားမောင်းတက်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်သလို ကျွန်တော်ကားမမောင်းတက်ပါဘူးလို့ ချက်ချင်း ထုတ်ဖေါ် ၀ံခံဖို့ မရဲခဲ့တဲ့ သူ့ရဲ့ အရှက်သည်းသည်း ခံစားချက် လေးကို ရေးမှတ်ထားတဲ့ ဒိုင်ယာရီလေးထဲမှာ ချွေးဒီးဒီးကျပြီး လက်သီးနှစ်ဖက် တင်းတင်းဆုပ်ရင်း ချက်ချင်းတောင် အငွေ့ လို ပျံသွားချင်ပါတယ်ဆိုတဲ့ လူရွယ်လေးတစ်ယောက်ရဲ့ ခံစားချက်အတွက် ရင်နင့်ရပါတယ်… ဒီနေ့မှာတော့ အဲဒီလူငယ်လေးလည်း သူဝါသနာ ပါတဲ့ ကျောင်းဆရာတစ်ယောက် မဟုတ်ခဲ့တော့သလို …. စီးပွားရေးလုပ်တဲ့ လူတစ်ယောက် ၊ ကားစီးနိုင်ဖို့ ကြိုးစားခဲ့တယ်လို့ သူ့ဒိုင်ယာရီလေး ကို အဆုံးသတ်ခဲ့ပါတယ် …

၁၉၉ရ ခုနှစ်လောက်က ရေးခဲ့တဲ့ ဒိုင်ယာရီမှတ်တမ်းလေး တစ်ခုထဲမှာတော့

ကိုအောင်မြင့်ဆိုတဲ့ စီးပွားရေးတကသိုလ်ကျောင်းဆင်း တစ်ယောက် ရင်ဖွင့်ထားတဲ့ ကားနဲ့ပါတ်သပ်တဲ့ အကြောင်းအရာလေးပါပဲ ….. သားတစ်ယောက် ကျောင်းက ဆုပေးပွဲ သွားတဲ့နေ့မှာ ကိုယ်ပိုင်ကားမရှိလို့ သားဖြစ်သူ အတွက် ခံစားချက်လေးကို ရေးဖွဲ့ထားခဲ့တာပါ .. ရန်ကုန်မြို့လို အပြိုင်အဆိုင်များတဲ့ နေရာမှာ ဆုပေးပွဲလို နေ့မျိုးမှာတော့ မိစုံဖစုံ သားသားနားနား သွားချင်ပေမယ့် .. လိုင်းကားစီးသွားရင်း လမ်းမှာ ဒုက ဖြစ်ရတဲ့အခါ တာဝန်ကျေတဲ့ သားအတွက် တာဝန်ကျေချင်ပေမယ့် တာဝန်မကျေနိုင်တဲ့ ဖခင်တစ်ယောက်ရဲ့ မိမိကိုယ်ကို အားမလိုအားမရမှတ်တမ်းလေးပါ … ဒါပေမယ့် သူလည်းမကြာခင်မှာပဲ … ဓါတ်ဆီဆိုင်တစ်ခုကို ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရင်း သူအရင်ဆုံး မဖြစ်မနေ ကားတစ်စီးရအောင် ကြံဆောင်ခဲ့တယ်လို့ သူ့ရဲ့ ဒိုင်ယာရီလေးကို အဆုံးသတ်ထားခဲ့ပါတယ် …

၂၀၀၇ ခုနှစ်လောက်က ရေးခဲ့တဲ့ ဒိုင်ယာရီမှတ်တမ်းလေး မှာတော့

ချစ်သူ့ ဆီကို သူငယ်ချင်းတွေနဲ့ အလည်လိုက်သွားတဲ့ ကောင်လေးတစ်ယောက် …. ချစ်သူ့အိမ်က ကားကို မမောင်းတက် မောင်းတက်နဲ့ မောင်းရင်း အရှက်ရခဲ့ပုံ ကိုရေးမှတ်ထားတဲ့ ဇာတ်လမ်းလေးပါ ….. ကိုယ်ပိုင်ကားမရှိပေမယ့် အရေးကြုံတဲ့အခါ မောင်းလို့ရအောင် သင်တန်းတက်ထားတဲ့ ကောင်လေးဟာ ကားမောင်း ကျွမ်းကျင်လှတာတော့ မဟုတ်ပါဘူး … ဒါပေမယ့် ကားမမောင်းတက်ပါဘူး လို့ အများရှေ့မှာ ငြင်းရမှာ ရှက်လို့ ကားတက်မောင်းရင် ပြသနာတက်ပုံလေး … ဒီလို ပြသနာတွေ ကြိုဖြစ်မှာဆိုးလို့ ချစ်သူကောင်မလေးကို ကားမမောင်းခိုင်းဖို့ ကြိုတင်တောင်းပန်ထားပေမယ့် ချစ်သူကောင်မလေးရဲ့ ပညာသားပါပါ မိသားစုရှေ့မှာ အရှက် ခွဲလိုက်ပုံလေးကို ရေးမှတ်ထားတဲ့ ကောင်လေးတစ်ယောက်ရဲ့ ဒိုင်ယာရီလေးပါပဲ …. အဲဒီဒိုင်ယာရီလေးကတော့ ခုတလောမှာ အစိုးရက ဖွင့်ပေးနေတဲ့ ကားပါမစ် လို့ခေါ်တဲ့ ကားတင်သွင်းခွင့်တွေကြောင့် လှလှပပလေး အဆုံးသတ်နိုင်လိမ့်မယ်လို့ မျှော်လင့်မိတာပါပဲ … လှလှပပလေး အဆုံးသတ်နိုင်ပါစေလို့လည်း ဆုတောင်းပေးမိပါတယ် …

တကယ်တော့ ကျွန်တော်တို့ မြန်မာပြည်မှာ ခုနလို ရင်နင့်စရာ ဒိုင်ယာရီမှတ်တမ်းတွေ မရှိသင့်တော့ပါဘူး…. ဒိုင်ယာရီတွေထဲမှာ ပျော်ရွှင်စရာတွေသာ မှတ်တမ်းထားသင့်တော့ပါတယ် .. ထားလည်းထားနိုင်ပါစေလို့ပဲ ဆနပြုဆုတောင်းမိပါတော့တယ် …..

လေးစားစွာဖြင့်
မင်းအိမ်ဖြူ

Friday, 6 January, 2012

ငြိမ်းချမ်းတဲ့နေ့

အချိန်ဆိုတာ အကောင်းဆုံး သမားတော်ပါပဲ ဆိုတဲ့ စကားကို ဟိုးငယ်ငယ်လေးကတည်းက ကြားဖူးခဲ့ပေမယ့် ကိုယ်တိုင်မကြုံခဲ့ဘူးလေတော့ ဘယ်လောက် အသုံးကျမှန်ကန်တဲ့စကားလည်းဆိုတာ သဘော မပေါက်ခဲ့မိဘူး….. တကယ်လက်တွေ့ကျကျ ကြုံဖူးတော့မှပဲ ဒါဟာသိပ်ကို မှန်တဲ့ အမှန်တရားရယ်လို့ နားလည် လက်ခံလာမိပါတယ်… လောဘတွေ ၊ မာနတွေ ၊ အနိုင်ယူလိုစိတ်တွေ ၊ တကိုယ်ကောင်းစိတ်တွေနဲ့ ဖွဲ့စည်းတည်ဆောက်ထားတဲ့ လူအ၀န်းအ၀ိုင်းမှာ နေ့စဉ်နေ့တိုင်း အဆင်ပြေမှုတွေ ကိုပဲ ကြုံ တွေ့ နေရတယ်ဆိုတာတော့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး…

တခါတလေ စိတ်ညစ်စရာတွေ ကြုံရမယ် ..တခါတလေ ၀မ်းနည်းစရာတွေ ကြုံရမယ် .. တခါတလေ တစ်ဘ၀စာ လက်တွဲပါမယ်လို့ ရည်ရွယ်ထားပေမယ့် လမ်းခွဲရတာတွေလည်း ကြုံရနိုင်တာပါပဲ.. ဒါဟာ လူ့ဘ၀ရဲ့ အချဉ်အခါး ခပ်စူးစူး အရသာ တစ်မျိုးပေပဲပေါ့… အဲဒီအခါ အချို့က ငိုကြတယ် .. အချို့ကတော့ လွမ်းကြတယ် … အချို့ကတော့ ဆွေးကြတယ်… အချို့က အရက်တွေ သောက်တယ် .. အချို့က အလုပ်တွေ ပျက်တယ် … အချို့က လောကကြီးကို စိတ်နာတယ်လို့ မြည်တမ်းတယ်… အချို့ကတော့ ကိုယ်အရင်က အသည်းနင့်အောင် ချစ်ခဲ့ပါတယ် ဆိုတဲ့ သူတွေကို ကျိန်ဆဲတယ် … ဒါတွေဟာ တကယ့် ပြသနာ ဖြေရှင်းနည်းတွေတော့ မဟုတ်ခဲ့ပါဘူး ….

ကိုယ်ငိုလို့လည်း သူပြန်လာတော့မှာမှ မဟုတ်တာ … ငိုလွမ်းလို့လည်း သူပြန်လွမ်းမှာမှ မဟုတ်တော့တာ .. ကိုယ်ဆွေးလို့လည်း သူနဲ့ ပြန်လည်နွေးထွေးလာမှာမှ မဟုတ်တော့တာ… ကိုယ်အရက်သောက်တော့ ကိုယ်ဇိုးသမားဖြစ်မယ်…ကိုယ်အလုပ်ပျက်တော့ ကိုယ်ထမင်းငတ်မယ်.. ကိုယ်က လောကကြီးကို စိတ်နာတော့ ကိုယ့်အတွေးတွေ နာမယ်.. ကိုယ်ကျိန်ဆဲတော့ရော ကိုယ်သာပူလောင်ပြင်းပြရမှာပေါ့… ကိုယ်အလုပ်သင့်ဆုံး အရာကတော့ ထားရှိခဲ့ဖူးတဲ့ မေတာမပျက်ဆက်လက် ချစ်ခင်သွားဖို့ ဆိုတာပါပဲ .. ဒီလိုပဲ ကိုယ်လုပ့်သင့်တဲ့ လုပ်စရာရှိတဲ့ အရာကိုလည်း ဆက်လက်အကောင်အထည်ဖေါ်သွားဖို့ပါပဲ … မတည်မြဲတဲ့ လောက၀ဲမှာ ပူလောင် မှုတွေကို အသစ်မဖန်တီးတော့ပဲ တက်နိုင်သမျှငြိမ်းအေးစေဖို့ပဲ ကြိုးစားသင့်ပါတယ်…

ငယ်ငယ်တုန်းက ဆရာမ ဂျူးရဲ့ “ လိပ်ပြာဖမ်းသူများ” ကို သဘောကျခဲ့မိပေမယ့် အခုတော့ လိပ်ပြာ ဖမ်းခဲ့သူတွေ ကို မတွေ့ချင်တော့တာ အမှန်ပဲ…ပူလောင်လှတဲ့ ခဏတာ လူ့ဘ၀လေးမှာ ဘာအတွက် ရယ်နဲ့များ လိပ်ပြာဖမ်းချင်ကြတာတုန်း …. ဆင်လိပ်ပြာမို့ ပိုလှသယောင်ထင်ရပေမယ့် လိပ်ပြာအမျိုးဝင် ပုစဉ်း ဆိုတာလည်း သူ့အစွမ်းနဲ့ သူပါပဲ …. ငါးစိမ်းမြင်ရင် ငါးကင်ပြစ်တဲ့ ဆိုတဲ့ စကားပုံက အသစ်မြင်လို့ အဟောင်းမေ့တယ်ဆိုတဲ့ လိပ်ပြာဖမ်းသူတွေအတွက်ပဲလေ…. ဒါဟာ သိပ်ကောင်းတဲ့ ဂုဏ်ပုဒ်တစ်ခုတော့ မဟုတ်ပါဘူး… လောကမှာ မလိမ်သင့်တဲ့အရာဟာ နှလုံးသားလို့ ခံစားနားလည်လာတဲ့အချိန်မှာတော့ ကိုယ့်ဘ၀ လုံခြုံမှုအတွက် အသုံးမချသင့်တဲ့ အရာဟာ လူသားပါလားရယ် သဘောပေါက်လာခဲ့တယ် … ဒါပေမယ့် ခုချိန်ထိတော့ လိပ်ပြာဖမ်းသူတွေ ရှိနေသေးသလို …. ကိုယ့်ဘ၀လုံခြုံမှုအတွက် လိမ်လည် ဟန်ဆောင်မှုတွေလည်း ဆက်ပြီး ဖြစ်ပွားနေသေးတယ် … ဒါတွေ ရပ်တဲ့နေ့က ကမာကြီး ငြိမ်းချမ်းတဲ့နေ့ဖြစ်လိမ့်မယ် …….

လေးစားစွာဖြင့်
မင်းအိမ်ဖြူ

Wednesday, 25 May, 2011

သူမ နဲ့ ကျွန်တော်

အချိန်တော်တော်ကြာ ပိတ်ထားတဲ့ ပြတင်းတံခါးကို မထင်မှတ်ပဲ လှပ်ကနဲဖွင့်လိုက်သလို အလင်းတွေက အတားအဆီးမဲ့ ဒလဟော ၀င်လာခဲ့လို့ ကျွန်တော့်မျက်လုံးတွေ ပြာဝေသွားခဲ့တာ မမေ့နိုင်တဲ့ ကျောင်း တက်ရက်တွေ ထဲက တစ်ရက်မှာပေါ့ …….

အမြဲတမ်း ကျောင်းကို နောက်ကျပြီးမှရောက်တဲ့ ကျွန်တော့်အတွက် လက်ဝဲဖက်ဝင်ပေါက်ဘေးက ထောင့်ဆုံး ခုံလေးဟာ ကျွန်တော့်အပိုင်နေရာတစ်ခု ဖြစ်လာခဲ့ပါတယ် .. အဲဒီနေရာလေးကလည်း အတန်းဖေါ် အစ်မကြီး တစ်ယောက်ရဲ့ စာနာနားလည်မှုနဲ့ ဦးပေးထားလို့ ရနေတဲ့ နေရာလေးပါ ….. တကယ်လို့ အဲဒီအစ်မ ကြီးသာ ဦးပေးမထားဘူးဆိုရင် ဟိုးနောက်ဖက် ချောင်ကျကျ နေရာတစ်ခုမှာ သော်လည်းကောင်း ဆရာ့ရှေ့တည့်တည့် ရှေ့ဆုံးတန်းမှာ ခေါင်းမော့ပြီး သော်လည်းကောင်း ကျွန်တော် ထိုင်ရမှာ သေချာပါတယ် …. အခုတော့ အစ်မကြီးကျေးဇူးနဲ့ သတ်သတ်မှတ်မှတ် နေရာလေးတစ်ခု ကံကောင်းစွာ ရခဲ့ပါတယ် … အဲဒီနေရာလေး ကျေးဇူးကြောင့်ပဲ ရပ်ဆိုင်းနေတာ အတော်ကြာပြီဖြစ်တဲ့ ကျွန်တော့် ရင်ခုန်သံတွေကို ပြန်လည် သံပတ်ပေးသလို နိုးထလာစေခဲ့တာပါ …..

အလယ်တန်းက လူ ၁၀ ယောက်လောက်ထိုင်လို့ ရပြိး စုစုပေါင်း ၇ တန်းလောက်ရှိမယ် .. အဲဒီ အလယ်တန်း ရဲ့ ဘေးတစ်ဖက်တစ်ချက်ဆီမှာ မှ ဘေးတစ်စောင်းနဲ့ နံရံကို ကျောပေးပြိး ထိုင်ရတဲ့ မျက်နှာချင်းဆိုင် ၂ တန်းထက်ရှိတယ် … ဒါ့ကြောင့် မျက်နှာချင်းဆိုင် ကျွန်တော်တို့လိုပဲ နံရံကို ကျောပေးထားတဲ့ အခြားတစ်တန်းကို လှမ်းမြင်နေရတာပေါ့ … တခါတလေတော့လည်း ဇက်လည်ပြိး တစ်စောင်း ကြည့်နေရတဲ့ စိတ်မ၀င်စားတဲ့ ဆရာ့ပရိုဂျက်တာကြီးထက် ဇက်လည်စရာမလိုတဲ့ မျက်နှာချင်း ဆိုင်အတန်းကို ကြည့်ရင်း မျက်လုံးကစားမိတာ ကျွန်တော့်အပြစ်တော့ မဟုတ်ပါဘူးနော် …. အဲဒီမှာ စတွေ့ တော့တာပါပဲ …..

တကယ်လို့ သူမကို လှတယ် လို့ တစ်ယောက်ယောက်က သွားပြောရင် သူမက ဟက်ဟက်ပတ်ပတ် ရယ်မော နေမှာ အမှန်ပါပဲ … ဘာလို့လည်းဆိုတော့ သူမက သူမလှတယ် ဆိုတာကို သတိထားမိတဲ့ပုံမပေါ်သလို အဲဒီလို အလှအပေါ်မှာလည်း ယစ်မူးသာယာနေတဲ့ သာမာန် မိန်းမတစ်ယေက် ပုံပေါက်မနေလို့ပါပဲ …….. ဘယ်တော့မှ မျက်နှာမှာ ဘာမှလိမ်းမထားတဲ့ သူမက ရောင်စုံမျက်နှာနဲ့ အတန်းဖေါ် တစ်ယောက်ရဲ့မျက်နှာထက် ပိုမိုဝင်းပ နေတယ်ဆိုတာကို စတွေ့ကတည်းက သတိထားခဲ့ မိပါတယ် … မြင်လိုက်ရတဲ့သူတွေကို ရင်ထဲကို အေးမြသွားစေမယ့် သူမကို မြင်လိုက်တိုင်း တကယ်ကို အေးချမ်းမှုကို ခံစားရတာတော့ ဘာသာ ပြန်ဖို့ခက်တဲ့ စာတစ်ကြောင်းသာဖြစ်ပါလိမ့်မယ်…..

ကျွန်တော်က Nokia 5610 အစုတ်ကလေးနဲ့ အလုပ်ရှုပ်နေတဲ့အချိန်မှာ သူမကတော့ Iphone အဖြူရောင်လေးနဲ့ အမြဲတမ်း ခေါင်းမမော့တမ်း အလုပ်ရှုပ်နေတာ သတိထားမိခဲ့ပါတယ် … တခါတလေတော့ သူမ ဘာတွေများလုပ်နေပါလိမ့်လို့ ယောင်္ကျားကြီးတန်မယ့် စပ်စုချင်ပေမယ့် သူမနဲ့ကျွန်တော် သိတောင် မသိကြသေးတာဆိုတော့ ဘယ်လိုများ သွားပြိး စပ်စုပါ့မလဲနော် …. ဒါပေမယ့် ကံတရားက ကျွန်တော့်ကို နည်းနည်းလေးတော့ မျက်နှာသာပေးခဲ့တယ်လေ … အဲဒါကတော့ ခုနကျွန်တော့် အတန်းဖေါ် အစ်မကြီးနဲ့ သူမနဲ့က အရင်အတန်းတုန်းက အတန်းဖေါ် တွေဖြစ်ခဲ့ဖူးတယ်ဆိုတဲ့ တွေ့ရှိချက်က ကျွန်တော်နဲ့ သူမရဲ့ ပတ်သပ်မှု ကို သက်သေပြနိုင်မယ့် အခြေခံ ပြည့်စုံ ခိုင်မာမှု တစ်ချက်ဖြစ်လာခဲ့တယ်လေ … တခါတခါတော့လည်း ကံတရားက ချစ်စရာကောင်းသား နော်….

နောက်ထပ် အဲဒီ အခြေခံ ပြည့်စုံမှုကို ထပ်မံပြီး မီလောင်ရာလေပင့်ပေးခဲ့တာက ဆရာရဲ့ အဖွဲ့လိုက် Presentation ပါတဲ့ Group Project လုပ်ရမယ်ဆိုတဲ့ ကြေငြာချက်ပါပဲ … ကြားလိုက်ချင်ကြားလိုက်ချင်း ဆရာ့ကို တော်တော် အမြင်ကပ်သွားမိပြိး တော်တော် စိတ်အနှောက်အယှက် ဖြစ်မိပေမယ့် နောက်တော့ လည်း အဲဒီဆရာကိုပဲ အဲဒီ ပရောဂျက် လုပ်ဖို့ ဆော်သြခဲ့တဲ့အတွက် ကျေးဇူးတွေ တစ်လှေကြီး တင်ခဲ့မိပါတယ် …. တော်တော်ကို ချစ်စရာကောင်းတဲ့ အတန်းဖေါ်အစ်မကြီးက ဘာမပြောညာမပြောနဲ့ ဆက်ကနဲ့ အတန်းပြိးတာနဲ့ သူမကို သွားပြိးစကားပြောတာတော့ မြင်လိုက်မိပါတယ် .. နောက် သူမက ပြုံးပြိး စကားတွေပြန်ပြောနေတာမြင်ရသလို .. တောက်ပလင်းလက်တဲ့ ..တခါမှ မဆုံဖူးတဲ့ အရည်လဲ့နေတဲ့ မျက်ဝန်းအကြည့်ကို သူမရဲ့ အနက်ရောင် ကိုင်းတပ်ထားတဲ့ မျက်မှန်တွင်းကနေတဆင့် ဖျတ်ကနဲ့ အကြည့်ချင်း ဆုံဖြစ်ခဲ့ပါတယ် .. နှုတ်ခမ်းလေးတွန့်တယ် ဆိုသလို ပြုံးသယောင်ယောင်ပြုံးပြလာတဲ့ သူမကို ဘယ်လိုပြန်ပြုံးပြရမလဲ မသိအောင်ကို တခဏတော့ ဆွံအ သွားခဲ့မိပါတယ် … ကျွန်တော့်ကို သူမက အဲဒီလို ပြုံးပြခဲ့လိမ့်မယ်လို့ ဘယ်တုန်းကမှ မျှော်လင့် မထားခဲ့မိဘူးလေ ….

အစ်မကြီးက ၀မ်းသာအားရနဲ့ ပြန်လာပြိး အဖွဲလိုက် ပရေဂျက်လုပ်ဖို့ အဆင်ပြေတဲ့အကြောင်းနဲ့ သူမက လိုလိုချင်ချင် အတူလုပ်ဖို့ လက်ခံလိုက်တဲ့အကြောင်းပြောလာတဲ့အခါမှာပေါ့ …. ၀ုန်းကနဲ့ ထခုန်လိုက်ချင်ပေမယ့် ခပ်နိမ့်နိမ့် ပျံမိုးလေးတွေနဲ့ စာသင်ခန်းအထွက် လျှောက်လမ်းထဲမှာမို့ အိနြေရေ ဆောင်ရင်း ပြုံးဖြီးဖြီး ကြီးလုပ်နေမိတာကိုတော့ ဘယ်သူမှ မြင်မယ်မထင်ပါဘူးလေ ….

အဲဒီနေ့ကစပြီး ကျွန်တော့်ရဲ့ စာသင်ရက်တွေ ပိုပြိး ပျော်ရွှင်စရာကောင်းလာခဲ့သလို … ကျောင်းကြီးကလည်း ပိုပြိး လှလာသလိုပဲ … အရင်တုန်းက အမြဲတမ်းပြေးရင်း လျွှားရင်း အချိန်မှီအောင် သွားရတဲ့ ကျောင်းတက်ရက်နှစ်ရက်ကို မုန်းမိပေမယ့် အခုတော့ တစ်ပတ်ကို ၇ ရက်လောက်တောင် ပြေးသွားနေချင်မိပါတော့တယ် .. ဒါပေမယ့် အသက်ခပ်ကြီးကြိး လူကြိးတစ်ယောက်ဆိုတော့လည်း အိနြေရေ အပြည့်နဲ့ အပျော်တွေကို ဖုံးဖိထားရင် ဘယ်သူမှ မမြင်အောင် ပြုံးဖြီးဖြီးကြီးပဲ လုပ်နေရတော့ တာပေါ့ … အလုပ်ထဲမှာ အင်မတန်စိတ်တိုတက်တဲ့ လူပျိုကြီးတစ်ယောက် ပြုံးပြုံး ပြုံးပြုံးနဲ့ သဘောတွေ လွတ်ကောင်းနေ တော့ ဘေးလူတွေ ကတော့ သို့လောသို့လော တွေ့မိနေမလား မသိတော့ပါဘူး …. တက်နိုင်ဘူးလေ… အဲဒီလို မပြုံးမပျော်ရတာ နှစ်တွေ ကြာခဲ့ပြိ မဟုတ်လား …..

မောမောပန်းပန်း အလုပ်ကပြန်လာပေမယ့် စာတွေပြန်ဖတ်ရတာ အမော … သူမ သိသလောက်မှ ကိုယ်မသိရင် ရှက်စရာကြီး … သူမအထင်သေးမှာလည်း ကြောက်တော့ ဖတ်လိုက်ရတဲ့ စာတွေ … နောက်ဆုံး Youtube တောင်မလွတ်အောင် သက်ဆိုင်ရာ ဘာသာရပ် ပါတဲ့ ဗီဒီယိုဖိုင်တွေလိုက်ကြည့်ရတာ ည နာရီပြန် ၂ ချက် ၃ ချက်ထိုးတဲ့အထိပေါ့ … ဒီလိုနဲ့ စာသင်ပြိးလေတိုင်း ပရောဂျက်အကြောင်းပြပြိး စကားတွေ ပြောရတာ … တစ်ပတ်မှာ တစ်ရက်ပဲ နားရတဲ့ တနင်္ဂနွေလေးကို မနားနိုင်ပဲ ကျောင်းကိုပြေးပြိး ပရောဂျက်ရတာတွေဟာ ပင်ပန်းပေမယ့် တကယ်ကို ပျော်ရွှင်စေခဲ့တယ်ဆိုတာ ဘာသာ အသိဆုံးပါပဲ … လူလည်းတော်တော်ကို ပင်ပန်းခဲ့ပါတယ် … ညည့်နက်အောင် စာတွေဖတ် .. အလုပ်ကိုသွား .. ကျောင်းကိုပြေး …. တနင်္ဂနွေတောင် တစ်ရက်မှမနားဖြစ်တော့ပဲ … အ၀တ်လျှော်မီးပူတိုက်တယ် ဆိုတာလည်း သုတ်သုတ်သာ လုပ်ဖြစ်ပါတော့တယ် …

ကော်ဖီကြိုက်တဲ့ကျွန်တော်က အတန်း တက်တိုင်း ကော်ဖီခွက်လေး နေ့တိုင်းစွဲပြိး စာသင်နေရင်း သောက်တက်ပါတယ် … သူကလည်း ကျွန်တော်တိုက်တဲ့ ကော်ဖီကို မငြင်းလေတော့ ကော်ဖီ ၀ယ်ရတာလည်း အလုပ်တစ်ခု ဖြစ်လာခဲ့ပါတယ် … အရင်က ကျွန်တော်ရယ် အတန်းဖေါ်အစ်မကြီးရယ် အတွက် ၂ ခွက်သာ ၀ယ်ရပေမယ့် အခုတော့ သူမအတွက်ပါ ၃ ခွက် သယ်ရပေမယ့် ကျွန်တော်ပျော်ပါတယ် … ကိုယ့်တာဝန်သာ ကိုယ်ယူတက်တဲ့ တိုင်းပြည်မှာ အခြားလူတွေအတွက်ပါ ကော်ဖီခွက်တွေ တို့လို့တွဲလောင်းနဲ့ ကျွန်တော့်ကို အထူးအဆန်းလို ကွက်ကြည့်ကွက်ကြည့် လုပ်တဲ့ အခြား ကျောင်းသွားဖေါ်တွေကို တခါတလေ နည်းနည်း ရှက်သလိုဖြစ်မိပေမယ့် တကယ်ကို ပျော်ရွှင် ကြည်နူး ခဲ့ရပါတယ် ……

အတန်းထဲမှာ ပရောဂျက်အတွက် နောက်ဆုံး Presentation လုပ်မယ်ဆိုတဲ့နေ့ကတော့ မဆီမဆိုင် အလုပ်က ခွင့်တောင်ယူခဲ့ပါသေးတယ် …. ဟုတ်တယ်လေ ပွဲမ၀င်အပြင်ကကျင့်ဆိုသလို … ဇာတ်တိုက်ရအုံးမှာကိုး ….. အင်မတန်မှာ စနစ်ကျတဲ့သူက စကားအ၀င်အထွက် ဟန်ပန်အမူအရာကအစ သေချာလေ့ကျင့်ထားသလို လက်ထဲမှာ ချရေးထားတဲ့ စာရွက်လေးနဲ့ပေါ့ …. အင်မတန်မှ ဆွဲဆောင်မှုရှိတဲ့ သူမကို ငေးနေမိရင် ကျွန်တော်ပြောရမယ့် စကားတွေကို မေ့နေလို့ မနည်း ပြန်အစဖေါ်ရင် ဆောရီးနော်လို့ သူ့ကို တောင်းပန်လိုက်ရသေးတယ် … သူမကလည်း ရှက်ပြုံးလေးပြုံးရင်း Nevermine လို့ မပွင့်တပွင့်လေးပြောရင် ခေါင်းလေးငုံးသွားတော့ ကိုယ့်မှာ လည်ချောင်းတွေ ပူပြိး ရေတွေငတ်သလို တံတွေးတွေ အတင်းမြိုချလိုက်ရတယ် လေ …. ဒါတွေ တကယ်ဖြစ်ခဲ့တာပါ …..

ကိုယ်ပြောတာကို ပြုံးပြိး ကြည့်နေတဲ့ သူ့အကြည့်ကြောင့် ကိုယ့်အသံတွေ ပိုကျယ်လောင်လာခဲ့သလို … ယုံကြည်မှုတွေ လည်း ပိုပြည့်လာခဲ့သလိုပဲလေ… ကိုယ့်အလှည့်ကို ဘယ်လိုပြီးသွားလည်း မသိအောင်ကို စွမ်းအားတွေ အပြည့်ပေးခဲ့တယ့် … သူ့အကြည့်တစ်ချက်အောက်မှာပေါ့ …. နောက်တော့ ဘယ်လိုနေလဲ လို့ မေးကြည့်တဲ့အခါ …. Ko Ko , You are good တဲ့လေ ….. ၀ါး… ပျော်ရွှင်လိုက်သည့်ဖြစ်ချင်းဗျာ ….

ဒီလိုနေ့ တကယ့်နေ့မှာတော့ ဘာမှ ထူးထူးခြားခြား ၀တ်မထားပဲ လှနေတဲ့ သူမက အနက်ရောင် ၀မ်းဆက်ကို အချိုးကျလှပနေခဲ့ပါတယ် … ဘယ်တုန်းကမှာ မျက်နှာမှာ ဘာမှ မတင်တဲ့ သူမ အဲဒီနေ့က နှုတ်ခမ်းလေးရဲနေသလို ပါလေးတွေလည်း နည်းနည်းလေး မှုန်နေအောင် မသိမသာလေး ပြင်လာခဲ့တာ အနီးကပ်ကြည့်တဲ့ ကျွန်တော်ပဲ သတိထားခဲ့မိမယ်ထင်ပါတယ် … ဒါပေမယ့် သူမ လိမ်းထားတော့လည်း လှနေတာပါပဲ … တကယ်လို့ အမေသာ သူမကို တွေ့ရင် ကိုရီးယားမင်းသမီးလေး အွန်စောနဲ့ တူတယ်နော် သားရဲ့လို့ ပြောအုံးမှာ အသေအချာပါပဲ …. ဆံပင်လေးကိုး ဒိတိုင်း ကပိုကရိုလေးသိမ်းပြိးး နောက်ဖက်မှာ သေးသေးလေး ထုံးထားတဲ့ သူမက အရပ်အရမ်းမမြင့်ပေမယ့် အဲဒီနေ့ကတော့ တော်တော်မြင့်တဲ့ ဒေါက်ဖိနိပ်လေးကြောင့် ကျွန်တော့် ပခုံးလောက်နီးနိး မြင့်နေခဲ့တာ သတိပြုမိခဲ့တယ် …..

ကျောင်းပြိးသွားလို့ အပြန်ရောက်တော့ မင်းကို ကျေးဇူးတင်ပါတယ်နော် လို့ မတ်ဆေ့လေးပို့လိုက်တော့ Ko Ko , you are the best among us တဲ့လေ .. ပျော်လိုက်သည့် ဖြစ်ချင်း .. ချက်ချင်းတောင် ကားပေါ်မှာ ထခုန်လိုက်ချင်တယ် … ဘယ်လောက်များ ရင်ခုန်စရာကောင်းလိုက်သလဲနော် .. တကယ် မဟုတ်မှန်းတော့ သိပေမယ့် …သူ့ဆီက အဲဒီစကားကြားရတာ … ၂.၂ မီလျှံ ထီပေါက်သလောက်ကို ၀မ်းသာမိခဲ့တယ် ဆိုရင် အပြစ်များဖွဲ့ကြလေအုံးမလားဘဲ … လွန်မယ်တော့ ထင်ပါဘူးလေ… ဒါသဘာဝပဲ မဟုတ်ဘူးလား … ကွယ်ရာမှာတော့ လူပျိုကြိး ကြီးမှ ၀က်သက်ပေါက်တယ် ရယ်လို့တော့ စကားအတင်း မဆိုကြပါနဲ့နော် … ဒါတကယ်ဖြစ်ခဲ့တာပါ …..

အမြဲတမ်း မျက်နှာသာပေးချင်းမခံရတဲ့ ကံတ၇ားက ထုံးစံအတိုင်းပဲ … ကျွန်တော့်ရဲ့ပျော်ရွှင်မှုကို တခန်းရပ်စေခဲ့တယ်လေ …. နောက်တစ်ပတ် ကျောင်းတက်တဲ့အချိန်မှာ သူ့ဘေးမှာရောက်နေတဲ့ အိမ်ရှင်နိုင်ငံသား အတန်းဖေါ်ကျောင်းသားတစ်ယောက်ကို တွေ့လိုက်ရတဲ့ ခဏမှာ ကျွန်တော့် မျှော်လင့်ချက်တွေ အဖျက်အဆီးခံလိုက်ရသလိုပါပဲ … ပုံမှန်အတိုင်း ကော်ဖီလေးတစ်ခွက်သွားပေးခဲ့ မိပေမယ့် ဟက်ဟက်ပတ်ပတ် သိပ်မရှိတဲ့ သူမကို သူ့ဘေးက တစ်ယောက်ကြောင့်များလားရယ်လို့ သ၀န်တိုခဲ့မိသေးတယ် ….ဆရာစာသင်ထာထက် သူမကို တစ်ချိန်လုံးကြည့်နေမိတဲ့ ကျွန်တော် သူမ ကော်ဖီ မသောက်တာ သတိထားခဲ့မိပေမယ့် … အတန်းပြိးလို့ အားလုံးပြန်သွားတဲ့အချိန်မှာ .. အတန်းရှေ့က အမှိုက်ပုံးထဲကို မွှေနှောက်ပြိး သူမ သောက်မသောက် သွားပြိး အတည်ပြုခဲ့မိသေးတယ် .. ကျွန်တော့် ကော်ဖီတွေက တခါသုံးခွက် ဗူးလေးထဲမှာ ဒီတိုင်းပဲလေ …. အရာရာဟာေ၀၀ါးပြိး ဦးတည်ချက် မဲ့သွားတဲ့ ခြေလှမ်းတွေကြောင့် အဲဒီညက ဘယ်အချိန်မှာ အိမ်ပြန်ရောက်သွားမှန်း မသိခဲ့ပေမယ့် … ခံစားနေဖို့ အချိန်မရှိရှာတဲ့ ကျွန်တော် နောက်တစ်ရက်မှာတော့ သူမကို မေ့ဖို့ စတင်ပြိး ကြိုးစားခဲ့ရတော့တာပါပဲ …. သူမသိပ်ရက်စက်တယ်လို့ မပြောချင်ပါဘူး .. တကယ်တော့ သူမ ရက်စက်တယ် လို့ မပြောရက်ခဲ့ပါဘူး … ကံအကြောင်းမလှတဲ့ ကိုယ့်ဘ၀ကို ပြန်လည်ပြုပြင်ဖာထေးဖို့ ကြိုးစားခဲ့ရပြန်ပါတယ် … ၁၀ နှစ်လောက်ကြာမှာ တခါသာ ပွင့်တဲ့ ကျွန်တော့် ရင်ထဲက အချစ်ပန်းလေး ဘယ်တော့များ ပြန်ပြိး ပွင့်လာပါအုံးမလဲနော် …..

သူမကို အဲဒီ အိမ်ရှင်နိုင်ငံသားနဲ့ပဲ ကျောင်းမှာ တတွဲတွဲ တွေ့ခဲ့ရသလို စာမေးပွဲနောက်ဆုံးနေ့က နှုတ်ဆက်ချင်ခဲ့ပေမယ့် သူမနဲ့ အဲဒီလူ ကို တူတူ တွဲပြိး တွေ့ခဲ့ရတာမို့ မသိသလိုသာ တိတ်တိတ်လေး ဆရာ့ကို နှုတ်ဆက်ပြိး ကျောခိုင်းခဲ့ပါတယ် …. သူမ ကို ထပ်တော့တွေ့ချင်မိပါသေးတယ်လေ ….. ဖြစ်ချင်တော့ အမှတ်မထင် ဖေ့ဘွတ်စာမျက်နှာတွေပေါ်မှာ သူမ အကောင့်ကိုရော အဲဒိ အိမ်ရှင် နိုင်ငံသား အကောင့်ကိုပါ သီခြားတွေ့ခဲ့ရပါတယ် … သူမ ရဲ့ Wall ကို ကြည့်လို့မရပေမယ့် .. အဲဒီ အခြားတစ်ယောက်ရဲ့ Wall ကို ကြည့်လို့ရတာမို့ သူမကို သတိရမိတိုင်း သူမတို့ရဲ့ ဆက်သွယ်မှုတွေများတွေ့ရမလားရယ်လို့ အမြဲတမ်း ၀င်ကြည့်နေခဲ့မိပါတယ် …. ဒါပေမယ့် သူမနဲ့ သူတို့ရဲ့ ဆက်သွယ်မှု သဲလွန်စလေးတစ်ခုကိုတောင် ဒီနေ့ထိတော့မတွေ့သေးပါဘူး … သိုသိုသိပ်သိပ် နေတက်တဲ့ သူမက လူတွေမသိစေချင်တာလား ဒါမှမဟုတ် သူမတို့ဟာ ကျွန်တော့် ကို အမြင်လွဲမှားစေဖို့ တမင်တွဲပြခဲ့တာလား … ကိုယ်တိုင်လည်း ယနေ့အထိ ဇဝေဇ၀ါ ဖြစ်နေရဆဲပါပဲ …. သူမ ရဲ့ ရင်းနှီးတဲ့ သူငယ်ချင်းတွေက သူမမှာ ရည်းစားမရှိဘူးလို့ ပြောလာတဲ့အခါ ပိုပြိး နားလည်ရခက်ခဲ့ပေမယ့် …. နည်းနည်းလေး မာနကြီးတဲ့ ကျွန်တော်ကတော့ သူမ ကျွန်တော့်ကို မလိုချင်လို့ တမင် လုပ်ခဲ့လေသလားရယ် တွေးမိပြိး နောက်ထပ်ဆက်သွယ်ဖို့ မကြိုးစားခဲ့မိတော့ဘူး … ဒါပေမယ့် သေချာတာကတော့ သူမကို သတိယ လွမ်းဆွတ်နေဆဲဆိုတာရယ် သူမသတင်းသဲ့သဲ့လေးကို ကြားရဖို့ ခပ်လှမ်းလှမ်းက မျှော်ကြည့် နေမိဆဲဆိုတာကို တကယ်လို့ သာ ကျွန်တော် ရိုက်တဲ့ မြန်မာ ဖောင့်ကို သူမ ဖတ်တက်တဲ့အခါ သူမနားလည်နိုင်မှာပါ …. ဒီနှစ်ကုန်လောက် ထိမှ သူတို့ နှစ်ယောက်ရဲ့ ဆက်သွယ်မှုကို မတွေ့ရရင်တော့ သူမကို ပြန်ပြိး ဆက်သွယ်မိလေမလားပဲ …. အခုထိတော့ ဖေ့ဘွတ်ကို စောင့်ကြည့်နေဆဲ

ဝန်ခံချက် ၊၊ ၊၊ စိတ်ကူးပုံရိပ်များအား ဇာတ်လမ်းသဖွယ် ရေးဖွဲ့ခြင်းသာဖြစ်ပြိး တကယ့်ဖြစ်ရပ် မဟုတ်ပါကြောင်း ရဲရဲကြီး ၀န်ခံပါသည် P ၊၊