Saturday 18 July 2009

အဖြေမတူနိုင်သော ဘ၀ပုစ္ဆာ

" မီမီ နင့်ရဲ့ လုပ်ရပ်တွေ ကဘာတွေလဲ ၊ နင်ဘယ်လမ်းကြောင်းကို ဦးတည်နေတယ်လို့ ထင်လို့လဲ ၊၊ သူငယ်ချင်းတစ်ယောက်အနေနဲ့ ငါ သိပ်တော့ မပြောချင်ဘူးဟာ ဒါပေမယ့် "
ကျွန်တော့်စကား တောင် မဆုံးလိုက်ရပါဘူး ၊ မီမီဆီက " ဟင်းဟင်း မီမီဘာလုပ်နေတယ်ဆိုတာ ကိုမင်းသစ် သိပါတယ်လေ ၊ ကိုမင်းသစ် တစ်ယောက် ကတောင် နားမလည်ဘူးဆိုရင်တော့ ခု ကုမ္မဏီမှာ မီမီကို ပြောနေတဲံ လူတွေ အားလုံးကို မီ အပြစ်မတင်တော့ဘူး ကိုမင်းသစ် " နာကျင်ကျေကွဲနေတဲ့ မီမီရဲ့စကားလုံးတွေက နာကျည်း မှုနဲ့ ပြည့်နှက်နေပါတယ် ၊၊ တစ်လောကလုံးက မှားတယ်ဆိုရင်တောင် မပြင်တော့ဘူးတဲ့ဆုံးဖြတ်ချက် ကို ချပြီးတဲ့သူတစ်ယောက်လို မီမီဟာ အရာရာကို ရင်ဆိုင်ဖို့ ပြတ်သားဖို့ အသင့်ဖြစ်နေတဲ့ ပုံပါပဲ ၊၊

မီမီကကျွန်တော့် စားပွဲရဲ့ ဘေးကပ်ရပ်စားပွဲမှာ ထိုင်ပြီး AutoCad ဆွဲနေတာပါ ၊၊ ကျွန်တော်ကတော့ ဒီနေ့ညနေ အိမ်တစ်လုံးအတွက် Estimate ပေးဖို့ ချိန်းထားလို့ တွက်နေတာပါ ၊၊ ကျွန်တော်တို့ ကုမ္မဏီမှာ ကဒီအချိန်ပဲ လူရှင်းပြီး စကားပြောလို့ရတာပါ ၊၊ ၀န်ထမ်းအများစုက ၁၁ နာရီခွဲ ကနေ ၁၂ နာရီအတွင်းဆို အများစုက Dining Room ထဲကိုရောက်နေပါပြီ ၊၊ ကျွန်တော်တို့ကတော့ အလုပ်ရှိရင်ရှိသလို ၊ အားချင်းပေးစရာ ရှိရင် ပြီးမှ ပဲ စားလေ့ရှိပါတယ် ၊၊ နောက်တစ်ခုကတော့ မီမီ အနေနဲ့ က ခုတလော အခြားသူတွေကို မဆုံချင်တာ လည်း ပါမှာပါ လေ၊၊

" နင်စဉ်းစားပါအုံးမီမီ ရယ် ၊ အရာရာ ဟာ သတိထားပြီး ဆုံဖြတ်ရမှာပါ ၊၊ ပြင်လို့ ရပါသေးတယ် ဟာ ၊၊ နောက်ပြီး မီမီကိုမေးမယ်နော် လောကမှာ အရေး ကြီးဆုံးက ဘာလဲ " ဆိုပြီး ကျွန်တော်က ဖျောင်းဖျရင်း မေးတော့ မီမီကတစ်ချက်လှည့်ပြီး ကျွန်တော့်မျက်နှာကို ထီမထင်တဲ့ မျက်နှာနဲ့ ကြည့်ရင်းပြောလိုက်တာ ကတော့ " ငွေပေါ့ ကိုမင်းသစ်ရဲ့ အဲဒါ မီမှားလား ၊ ဟင်းဟင်း " ဆိုပြီး ပြန်လှည့်ပြီး ပုံဆက်ဆွဲနေပါတယ် ၊၊ ကျွန်တော့်မှာသာ လက်ထဲက Calculator နဲ့ ဘောပင်ကို ချရင်း " မီမီ နင်မှားနေပြီ နင်အရမ်းကို မှားနေပြီ သိလားသူငယ်ချင်း နင် နင် " ဆိုပြီး ပျာပျာသလဲ ပြောနေမိ တားနေမိပါတယ် ၊၊ မီမီ နားလည်းလက်ခံအောင် ပြောဖို့ ကျွန်တော့်မှာ စကားလုံး မရှိတော့ပါဘူး ၊၊ မီမီဆိုတဲ့ သူငယ်ချင်း နားလည်လက်ခံအောင် ကျွန်တော် ဘယ်လို စကားလုံးတွေ ကို အသုံးပြုရပါမလဲ ၊၊

" ကိုမင်းသစ်က မီမီရဲ့ အကြောင်းကို အသိဆုံးပါနော် ၊ ကိုမင်းသစ်စဉ်းစားကြည့်ပါ ၊၊ မီမီ ဒီလိုမလုပ်သင့်ဘူး ဆိုတာ ပညာတက်မိန်းမတစ်ယောက်အနေနဲ့ သိပါတယ် ၊၊ ဒါပေမယ့် မီမီမှာ ရွေးစရာလမ်းမရှိဘူး ကိုမင်းသစ် ရေ ၊၊ မီမီချမ်းသာချင်တယ် ၊ ပွင့်ပွင့်လင်းလင်းပဲ ဒီခေတ်မှာ မိန်းမတစ်ယောက် မြန်မြန်ချမ်းသာဖို့ နည်းလမ်း တစ်ခုပဲ ရှိတယ် ၊၊ ဒါဟာ မီမီ ဘ၀အတွက် အပြောင်းအလဲတစ်ခုပါ မီမီ မငြင်းဆန်နိုင်တော့ ပါဘူး ကိုမင်းသစ် ရယ် "

နှူတ်ခမ်းနှစ်လွာကို တင်းတင်းစေ့ပြီး အံကြိတ်ပြောနေတဲ့ မီမီရဲ့ မျက်ဝန်း မှာ မျက်ရည်တွေ ဝေ့သီလို့ပါလား ၊၊ ဒါဟာ မီမီ ငိုတာမဟုတ်ပါဘူး ၊၊ မီမီဆိုတဲ့ မိန်းမတစ်ယောက်ဟာ ဘယ်တော့မှ ငိုမယ့်မိန်းမတစ်ယောက် မဟုတ် ဘူးဆိုတာ ကျွန်တော်သိတာပေါ့ ၊၊ မီမီဆိုတဲ့ မိန်းမ ဟာ လိုချင်တာကို ရအောင်ယူတတ်တဲ့သူတစ်ယောက်ပါ ၊၊ အရာရာကို လွယ်လွယ် အရှုံးမပေးတက်တဲ့သူတစ်ယောက်ပါ ၊၊မကျေနပ်တဲ့သူတွေကို ရိုက်ဖို့ လက်ကိုင်တုတ် ကောင်းကောင်းရထားတဲ့သူတစ်ယောက်လို အောင် နိုင်တဲ့ အပြုံးနဲ့ မီမီဆက်ပြောတာက " ပြောချင်တာ တွေ ပြောကြပါစေ ကိုမင်းသစ်၇ယ် ၊ ခုချိန်မှာ မီမီ ကိုသူတို့ ပြောနေကြပေမယ့် တစ်ချိနှ်မှာ ပွဲပြီးသွားတဲ့ အချိန်မှာ မီမီဟာ သူတို့ရဲ့ ဆရာကတော်ပါ ၊၊ " ဆိုပြီး အောင်နိုင်သူတစ်ယောက်လို ကြုံးဝါးနေပေမယ့် မီမီရဲ့ အသံမှာ စိတ် ပျက်အားငယ်မှုတွေ အပြည့် ပါတယ် ဆိုတာ ကျွန်တော်တို့ နှစ်ယောက်လုံး သိနေကြပါတယ် ၊၊

မီမီဆိုတာ ကျွန်တော့်ရဲ့ လုပ်ဖေါ်ကိုင်ဖက်တစ်ယောက်ဖြစ်သလို ၊ တစ်ကျောင်းတည်း ဆင်းတဲ့ ကျောင်းနေဖက် လို့လည်းပြောလို့ ရပါမယ် ၊၊ နောက် ဒီကုမ္မဏီမှာ လည်း မီမီကို နားလည်ပေးနိုင်သူရယ်လို့ သူရင်ဖွင့်လို့ ရတာ ကျွန်တော်ပဲ ရှိတာဆိုတော့ ကျွန်တော်တို့ နှစ်ယောက် ကပိုပြီး ရင်နှီးပါတယ် ၊၊ ရွယ်တူလည်းဖြစ်သလို တစ်ယောက် အကြောင်းတစ်ယောက်လည်း ရင်ဖွင့်နေကြဆိုတော့ နားလည်ကြပါတယ် ၊၊ ကျွန်တော်ကလည်း ကျွန်တော့်ကောင်မလေးအကြောင်း ရင်ဖွင့်တက်သလို သူကလည်းသူ့ဘ၀အကြောင်းကို ရင်ဖွင့်တက်ပါတယ် ၊၊ အဲဒီအချိန်တုန်းက ကျွန်တော့်ကောင်မလေးကလည်း နိုင်ငံခြားမှာ ကျောင်းတက်နေတဲ့အချိန် ၊ ဆိုတော့ သူ့ကိုပဲ အနီးကပ်သူငယ်ချင်းအဖြစ် ရင်ဖွင့်ရပါတယ် ၊၊

မီမီမှာ အရင်က နန္ဒဆိုတဲ့ ချစ်သူကောင်လေးတစ်ယောက်ရှိပါတယ် ၊၊ ကျွန်တော်တို့နဲ သက်တူရွယ်တူပါပဲ ၊၊ အဝေသင်နဲ့ ဘွဲ့ရပြီး နိုင်ငံခြားထွက်ဖို့ တက်လမ်းရှာကျိုးစားနေတဲ့ လူငယ်တစ်ယောက်ပါပဲ ၊၊ မိဘများကလည်း ပြေလည်ပြည့်စုံပါတယ် ၊၊ အဲဒီအချိန်တုန်းက နန္ဒက အင်္ဂလန်မှာ ကျောင်းသွားတက်ဖို့ ကြိုးစားနေတဲ့ ကာလပေါ့ ၊၊ အရပ်မြင့်မြင့် အသားဖြူဖြူ နဲ့ စတိုင်ကျကျနေတက်တဲ့ သူတစ်ယောက်ပါ ၊၊ မီမီနဲ့လည်း အင်မတန်မှ ရှေ့သွား နောက်လိုက်ညီပါတယ် ၊၊ ဒါပေမယ့် အင်ဂျင်နီယာဖြစ်တဲ့ မီမီနဲ့ သာမာန်ဘွဲ့ရတစ်ယောက်ဖြစ်တဲ့ နန္ဒ တို့ နှစ်ယောက်က ဘ၀ ချဉ်းကပ်ပုံချင်း တခါတခါ တော်တော်ကို ကွဲလွဲကြပါတယ် ၊၊ နန္ဒ ဟာ ပြည့်စုံတဲ့ မိသားစု ကလာသလို ဘ၀ကို ပျော်ရွှင်အေးချမ်းစွာ ဖြတ်သန်းခဲ့ရပေမယ့် မီမီ အနေနဲ့တော့ ဒီနေ့ ဒီအချိန်ရောက် အောင် တော်တော်ကို ကြိုးစားရုန်းကန်တည်ဆောက်ခဲ့၇ပါတယ် ၊၊ ဒါတွေဟာ မီမီနဲ့ နန္ဒ ဆိုတဲ့ ချစ်သူနှစ်ယောက်ကို တစ်နေရာဆီ တစ်လမ်းဆီပို့လိုက်တာပါပဲ ၊၊ နောက်တစ်ခုကတော့ နန္ဒ က မီမီကို သူ့မိသားစု ဘ၀ထဲကနေ ဆွဲထုတ်ဖို့ ကြိုးစားသလို ၊ မီမီအတွက်လည်း နန္ဒဟာ လှေခါးထစ်တစ်ခု မဟုတ်တာသေချာပါတယ် ၊၊

“ မီမီဖြတ်သန်းနေရတဲ့ ဘ၀ဟာ ခါးသည်းပါတယ် ကိုမင်းသစ်ရယ် ၊ မီမီလေ ရုန်းကန်နေရတာ အရမ်းပင်ပန်းတာပဲ ၊ တခါတလေတော့လည်း ရွယ်တူသူငယ်ချင်း တွေ ကိုကြည့်ပြီး ကိုယ့်ဘ၀ကို သက်တောင့်သက်သာလေး ဖြတ်သန်းချင်မိတယ် ၊၊ မီမီရဲ့ ဘ၀ မီမီရဲ့ မိသားစု ဘ၀ကိုပြောင်းလဲစေမယ့် ဒီအခွင့်အရေးကို လက်မလွတ်ချင်ဘူး ကိုမင်းသစ် နောက် မီမီ သူများတွေလို မဟာဘွဲ့ကို စင်ကာပူမှာ သွားယူချင်သေးတယ် ” ဆိုပြီးရင်ဖွင့် လာတဲ့ မီမီကို့ အခြေအနေအားလုံး သိနေသူတစ်ယောက်အဖြစ် နားလည်စာနာပေးလို့ ရပေမယ့် ဘ၀တစ်ခုကို အရင်အနှီးအဖြစ် တည်ဆောက်မယ့် မီမီကိုတော့ စိုးရိမ်မိတာ အမှန်ပါပဲ ၊၊ မီမီဟာ ငွေကြေးဓန မပြည့်စုံပေမယ့် အရင်ဘ၀က ကုသိုလ်ကောင်းခဲ့လေတော့ က်ျထ္တိရူပံ ဓနံ ဆိုတဲ့အတိုင်း အသားဖြူဖြူ အရပ်မြင့်မြင့် ပိန်ပိန် သွယ်သွယ်လေးပါ ၊၊ မျက်နှာချိုပြီး ဟန်ဆောင်ထားတဲ့ မျက်လုံးတွေကလွဲရင် တကယ့်ကို ကလေးတစ်ယောက်လို ဖြူစင်ပြီး ချစ်စရာကောင်းတဲ့ကျွန်တော့် သူငယ်ချင်းမလေးပါ ၊၊

“ အခုအားလုံးက မီမီကိုပြောနေကြတယ်လေ ၊ မီမီသိပါတယ် ဒါပေမယ့် မီမီ ဖောက်ပြန်တာမှ မဟုတ်တာ ကိုမင်းသစ် စဉ်းစားကြည့်လေ ၊ ဦးမိုးမြင့်ယံမှာ အိမ်ထောင် မရှိဘူး နောက်ဒီဇာတ်လမ်းကို မီမီ ဘက်ကစတင်ခဲ့တယ် ဖန်တီးခဲ့တယ်လို့ စွပ်စွဲ မယ် ဆိုရင်တောင် နှစ်ဦးသဘောတူပါနော် ၊၊လက်ခုပ်ဆိုတာ တစ်ဖက်တည်းတီးလို့ မမြည်ဘူး လေ ဟုတ်တယ် မဟုတ်လား ဟင် ” ဆိုပြီး မခံချင်စိတ်နဲ့မေးလာပေမယ့် မီမီကိုယ်တိုင် လိပ်ပြာမလုံဘူး ဆိုတာ သိသာပါတယ် ၊၊ မမှားဘူး မမှားဘူး လို့ ဟစ်ကျွေးနေရပေမယ့် မမှန်ဘူး ဆိုတာ သိနေတဲ့ မီမီကိုသနားမိပါတယ် ၊၊ ဒါပေမယ့်ကျွန်တော်ကိုယ်တိုင်လည်း ဘယ်လိုမှပြောမထွက်ခဲ့ပါဘူး ၊၊

“ အသက်လည်းကြီးပြီး ဥပဓိရုပ်မရှိတဲ့ ဦးမိုးကို ဘာ့ကြောင့်ချဉ်းကပ်တယ်ဆိုတာ အရှင်းကြီးပါ အရှက်မရှိတဲ့ မိန်းမ ၊ ဒီဘက်ကိုပိုင်ပြီဆိုတာနဲ့ အရင်ကောင်လေးကိုဖြတ်ပစ်တယ် သနားစရာလေးပါဟယ် ဟိုက ချောချောလေး ရယ် ကောင်လေးက ” ဆိုတာမျိုးတွေ
ဒီမိန်းမ ဒါမျိုးလုပ်စားနေတာ ဖြစ်ရမယ် ၊ အရှက်မရှိဘူးနော် အမလေးဟယ် ပြောနေတာများ ချွဲပစ်နေတာပဲ ” ဆိုတဲ့ အပုပ်ချသံတွေ “ ကိုယ့်ရုပ်ကိုယ်ရည် မှ အားမနာဟယ် အဖေလောက်ကြီးကိုများ ” ဆိုတဲ့ ၀န်တို သံတွေ ရယ်ကို အမြဲကြား နေရတာက ကြားလူ ကျွန်တော်ပါ ၊၊ ဒါတွေ ကို မီမီလည်း သိနေတာပါပဲ ၊၊ ကျွန်တော် ဘာမှ ပြန်ပြောပြစ၇ာမလိုပါဘူး ၊၊ လူတွေ ဆိုတာလည်း ခက်ပါတယ် ၊၊ အခုတော့ ပိုပြီး ကျယ်ကျယ်လောင်လောင် အသံတွေ ထွက်လာရတာပေါ့ ၊၊ သူတို့ပြောတာတွေက ဟုတ်တာတွေရော မဟုတ်တာတွေ ပါ စုံလို့ပါပဲ ၊၊ ကျွန်တော်နဲ့တောင်မှ သမုတ်ချင်သေး ရဲ့ ၊၊ ဒါပေမယ့် ကိုယ့်အကြောင်းကိုယ်သာသိတဲ့ ကျွန်တော်တို့ အတွက်တော့ တခါတခါ သူတို့ ကဒီလိုပြောရင် ရယ်စရာ ဟာသတစ်ခုလိုပဲ လွတ်လပ်ပေါ့ပါး ရယ်မောနေမိကြရဲ့ ၊၊

“ဒီအသံတွေကို လျစ်လျူရှုပြီး မီမီဘ၀အတွက် မိသားစု ဘ၀အတွက် စွတ်မှိတ်လိုက်တာ ဟာ တန်ရဲ့လားမီမီ ရယ် ” လို့ မမေးရက်ခဲ့တော့ပါဘူး ၊၊ ကျွန်တော်သိနေတဲ့ အဖြေအတွက် မီမီကိုမေးခွန်းမထုတ် ရက်တော့ပါဘူး ၊၊ အရာအားလုံးဟာ ကံတရားအတိုင်းပေါ့လေ၊၊ ၀ဠ်ကြွေးတွေ မကုန်သရွေ့တော့ ဆပ်နေကြရအုံမှာပါလေ၊၊ ဒါတွေ အားလုံးဟာ တကယ်တော့ ၀ဠ်ကြွေးတွေပါပဲ ၊၊ ဒါပေမယ့် မီမီကို တစ်ခုတော့ မှာလိုက် ချင်မိပါသေးတယ် ၊၊
“ လောကမှာ ငွေဟာ ထိုက်သင့်သလောက် အရေးပါပါတယ် ဒါပေမယ့် ကိုးကွယ်ရာတစ် ခုတော့ မဟုတ်ပါဘူးမီမီ ၊၊ ကိုယ့်ဘ၀ရဲ့ ပျော်ရွှင်မှုတွေ ၊ ဆန္ဒတွေ ၊ လွတ်လပ်ခွင့်တွေ ၊ ဂုဏ်သိကာတွေ အဲဒါတွေကို ရင်းနှီးလဲလှယ်ပြီး ရလာတဲ့ ငွေတွေဟာ တကယ်ရော တန်ရဲ့လား ၊၊ ကိုယ်ပေးဆပ်လိုက်ရတာတွေနဲ့ ပြန်ရလိုက်တဲ့ အရာတန်ပါရဲ့လား ”

ဒါပေမယ့် ဒီအချိန်မှာ မီမီကို ဒီမေးခွန်းတွေ မမေးပါဘူး ၊၊ နောက်ထပ်ဆယ်စုနှစ် နှစ်ခုလောက် ကျော်လွန်ဖြတ်သန်းပြီးတဲ့ အချိန်မှာ ပြန်တွေ့ဖြစ်ခဲ့ကြရင် မေးဖြစ်မှာပါ ၊၊ အဲဒီအချိန်ဆိုရင် ဒေါ်မီမီဆိုတဲ့ အမျိုးသမီးကြီးရဲ့ အဖြေကဘာများဖြစ်လေမလဲနော် ၊၊

စေတနာရင်းဖြင့်
မင်းအိမ်ဖြူ

22 comments:

နဒီမိုးညို said...

လောကကြီးမှာ.ငွေထက်..စိတ်ချမ်းသာမူက..
အရေးပါလို့ ထင်ပါတယ်..ကိုယ်လုပ်ချင်တာ..လုပ်နေရရင်..
နဒီ..တော့..သိပ်စိတ်ချမ်းသာတာ..ဟီးးး
..ဇတ်လမ်းလေး..က ကောင်းတယ်..
တစ်ကယ့်အဖြစ်အပျက်လား..ဟင်

မင်းအိမ်ဖြူ said...

မှန်မယ်ထင်ပါတယ်

မေဇင် said...

ဇတ်လမ်းကောင်းလေး..... ရွာသူငယ်ချင်းထဲမှာလဲ ရှိတယ်... အဟဲ ဒါပေမယ့် သူက သူဌေးကို ရှာနေတာ..အမြဲ အတိုက်အခံဖြစ်ရတယ်..။ သူကပြောတယ်... မရှိတဲ့ အရာကို လိုချင်တာ ဘာဖြစ်လဲ တဲ့...နင်တို့ကတော့ ပြောမှာပေါ့တဲ့ အခြေအနေက ကွာနေတာပဲတဲ့....နောင့် ကပြောတာ... ရောင့်ရဲနိုင်မှုရှိရင် ရပါတယ်ဆိုတာကို သူက သူ့အခြေအနေကို ရောင့်ရဲမှု မရှိလို့တဲ့


ခင်တဲ့
မေဇင်

မင်းအိမ်ဖြူ said...

ဖြစ်တက်ပါတယ် လူဆိုတာ

မရှိတာကို လိုချင်ကြတာပါပဲ

နောက်တစ်ယောက်နဲ့ တစ်ယောက် မတူဘူးလေ ခံယူချက်ခြင်း ရပ်တည်ချက်ခြင်း နောက် ကြီးပြင်း ခဲ့ရတဲ့ ဘ၀ခြင်း

ဝက်ဝံလေး said...

ကိုမင်းအိမ်ဖြူ ဇာတ်လမ်းကိုဖတ်ရတာ အဖြစ်မှန်ဖြစ်မယ်လို့တော့ထင်တယ် နဒီ့ကိုပြန်ဖြေထားတာလဲ မှန်မယ်ထင်တယ်ဆိုတော့ ညီမသိလိုက်ပါပီ အဖြစ်မှန်ဆိုတာ

ကိုမင်းအိမ်ဖြူရေ လူအမျိုးမျိုးအစားစားရှိတယ် မီမီက သူလိုချင်တာ သူရအောင်လုပ်တာပဲ အဲဒီအတွက် သူ့မှာ ဆုံးရှုံးမှု ရှိလဲ သူခံမယ်ဆိုတဲ့ သဘောမျိုးပဲ ငါလုပ်တာ မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ ငါကောင်းစားရင်လဲ ငါပဲ ဆိုးရင် ငါပဲ ခံမယ်ဆိုတဲ့ စိတ်ဓာတ် မီမီ့မှာ ရှိတယ် ဟုတ်လားမသိ ညီမပြောတာ

အဟဲ ဟုတ်မဟုတ်တော့မသိဘူးနော် မေးကြည့်တာ ဘိုင်ဘိုင်

မင်းအိမ်ဖြူ said...

အဲဒီလို လူမျိုးတွေက ရှုံးမှာ အကြောက်ဆုံးပဲ

ကိုယ့်အရှုံးကို ဘယ်တော့မှ လူသိခံမှာ မဟုတ်ဘူး

မျက်ရည်တွေ နဲ့ပြုံးပြမယ့် မိန်းမလေ

တကယ်တော်ပါတယ် မီမီက

မယ့်ကိုး said...

ဖြစ်တတ်တဲ့ လူ့ သဘာဝလေးပါ။
တစ်ခါတစ်လေလည်း မိန်းကလေးတွေတောင် မဟုတ် ယောက်ျားလေးတွေတောင် ဒီလိုရွေးချယ်မှုတွေ လုပ်တတ်တဲ့ ဒီခေတ်ကြီးပဲနော်။

မင်းအိမ်ဖြူ said...

မှန်ပါတယ်မယ်ကိုးရေ

မိန်းမရယ် ယောင်္ကျားရယ် မဟုတ်ပါဘူး

ရှေ့ကိုတစ်လှမ်းခုန်ဖို့အတွက် အသုံချတက်ကြပါတယ်

အင်းနှစ်ဦးနှစ်ဖက်အဆင်ပြေဖို့တော့လိုပါတယ်ဗျာ

မီးတောင် said...

သူ့အနေ ၊ သူ့အခြေအနေနဲ့ဆိုရင်တော့ မှန်တယ်လို့ထင်ပါတယ် .....
ဒါပေမယ့် သူလိုချင်တာရပြီးတဲ့နောက်မှာ နောင်တဆိုတာလည်းရှိလာနိုင်တာပဲလေ

မင်းအိမ်ဖြူ said...

မှန်တာပေါ့ ၊၊ နော်တဆိုတာကတော့ အမြဲတမ်းရှိမှာပါ

လုပ်မိရင်လည်း နောင်တ

မလုပ်မိရင်လည်းနောင်တ

တခါတလေမှာ လူတွေမှာ ဘယ်လိုမှ ရွေးချယ်ခွင့်မရတဲ့

အခြေအနေတွေကို ကြုံတွေ့ရတက်ပါတယ်

Yu Ya said...

ကိုမင်းအိမ်ဖြူရေ..စကားလက်ဆောင်လေးတစ်ခုဗျာ... လုပ်သင့်တာကို မလုပ်မိရင် မလုပ်သင့်တာတွေကို လုပ်မိနေရတတ်တယ်တဲ့...

yu ya

mmtn (kalay) said...

ကိုမင်းအိမ်ဖြူရေ လောကကြီးက ဒီလိုပါပဲ။ ငွေကအရာရာ ကြီးစိုးနေတော့ တံလျှပ်ကို ရေထင်မိတယ် ဆိုသလို ဖြစ်ကုန်ကြတာပေါ့။ ပို့စ်ကောင်းလေးပါ။.........

မင်းနေ said...

ဖတ်လို့လည်းကောင်း ... ခံစားလို့လည်းကောင်း .. တွေးလို့လည်းကောင်းတဲ့ ပိုစ့်လေးဗျ ...
ခုလည်း ဖတ်ပြီး ..ခံစားပြီး .. တွေးနေပါတယ် ..

မင်းအိမ်ဖြူ said...

ကျေးဇူးတင်ပါတယ် ကိုယုယရေ

ကလေးသူရေ ဘ၀တခါတခါ အနားရချင်တဲ့အခါ ကိုင်းကောင်းကောင်းတခုကို ရှာဖွေတက်ကြတာပါပဲ

ကဗျာဆရာကိုမင်းနေရေ တကယ့်ဘ၀တွေ က အင်မတန်မှ ခါးသီးပါတယ် ၊၊ ပြည့်စုံချမ်းသာတဲ့လူတွေ ကိုမနာလိုမဖြစ်သင့်ပေမယ့် တခါတခါ တော့ အဲဒီိလို လူတွေကို မုန်းတီးနေတက်တဲ့ ၊ ဘ၀မှာ ပင်ပန်းနေ သူတွေ လည်း အပြည့်ပါ

Mogok Thar said...

မီမီဘ၀ သာယာ လှပပါစေ။ ဒါပဲ ဆုောတင်းတတ်တော့တယ်။
လူတွေမှာ တခါတခါ ကိုယ်ထင်တာနဲ့ တန်ဖိုး က ကွာဟတတ်တယ်လေ။
သူ့ဘ၀ သူ့အကြောင်းနဲ့ သူတော့ ၇ှိကြတာပါပဲ။
ညီမင်းအိမ်လဲ အလုပ်တွေ ပင်ပန်းနေ ထင်ရဲ့။
ပျော်ရွှင် ချမ်းမြေံ့ပါစေဗျာ။

ဇော် said...

သြော် ရွေးချယ်မှုတွေ ....
ဖတ်ပြီးတွေးသွားမိတယ်ဗျာ။ အရေးကောင်းကိုး။ =)

မငုံ said...

ကိုမိုးကုတ်သား ပြောသလိုပဲ သူ့ဘ၀သူ့အကြောင်းရှိပါတယ်လေ။ ရှေ့ဆက် အဆင်ပြေပါစေလို့ပဲ ဆုတောင်းပေးပါတယ်။

Yu Ya said...

မီမီဘ၀က ကံကောင်းတယ်၊ ကံဆိုးတယ်၊ နောင်တရနိုင်တယ်၊ နောင်တ မရနိုင်ဘူးအစရှိတာတွေဟာ ဦးမိုးမြင့်ရဲ့ မီမီအပေါ် ထားရှိတဲ့ သဘောထားအပေါ် ၁၀၀% မူတည်သွားပါပြီ။

ဘာဖြစ်လို့ မီမီကိုပဲ သနားသလိုလိုနဲ့ ခေါင်းစဉ်တွေ အမျိုးမျိုး ၀ိုင်းတပ်နေကြရတာလဲဗျာ။ ကျွန်တော်တို့ မေ့နေတဲ့ တစ်ခြား ရှုထောင့်တစ်ခုကနေပြီး သေသေချာချာ စဉ်းစားပေးနိုင်မယ်ဆိုရင် လက်တလော ကောက်ချက်ချမှုတွေဟာ အရမ်းနဲ့ မြန်မနေဘူးလား။

နောက်ပြီး “အချစ်ဆိုတာ ဒီတစ်ယောက်တည်းနဲ့ ပြီးသင့်သလား...ငါလည်းငါ့အနာဟောင်းနဲ့...” စတဲ့ စိုင်းထီဆိုင် သီချင်းထဲကလိုပါပဲလေ။ ဦးမိုးမြင့်ရဲ့ စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာတွေအောက်မှာ မီမီဘ၀လေး သာယာစိုပြေလာမှာကိုကော ထည့်မစဉ်းစားပေးကြတော့ဘူးလားဗျာ...။ တစ်ခါတစ်ခါ ဗီလိန်ဆိုတာ အမြင်မတတ်သူတွေကြောင့် ဗီလိန်ဖြစ်သွားရတာတွေ အများကြီးပါပဲ။ ကိုဗီလိန် (ဘလော့ဂါ) ကို ပြောတာမဟုတ်ပါဘူးနော်.. အဟီး။

ကိုမင်းအိမ်ဖြူပြောသလို... နောင် ဆယ်စုနှစ် နှစ်ခုလောက်ပြန်တွေ့ရင်လည်း မေးစရာမလိုတော့လောက်အောင်ကို ပြယုဒ်တစ်ခုက ထင်ထင်ရှားရှားရှိနေတော့မှာပါ။

လူတစ်ယောက် ကံဆိုးတယ်၊ ကံကောင်းတယ် ဆိုတာ အဲဒီလူကို တန်ဖိုးထားတဲ့ ကျွန်တော်တို့ မမြင်ရတဲ့ တစ်ခြားတစ်ဖက်ပေါ်မှာ ၁၀၀% မူတည်နေတယ်ဆိုတာ ကျွန်တော်ရဲ့ နှလုံးသားအသိတစ်ခု အဖြစ်ဝေမျှပေးလိုက်ရပါတယ်။

ကျေးဇူးတင်စွာဖြင့်
yu ya

မင်းအိမ်ဖြူ said...

မီမီကတကယ်ကို သနားစရာကောင်းနေလို့လား
ကျွန်တော်ရေးတာ တော်တော်ညံ့လို့ဖြစ်မယ် ဒါမှမဟုတ် ရင်လည်း သေချာမဖတ်လို့ဖြစ်မယ် အဟ

တကယ်တော့ မီမီကို ဗီလိန်လို့မြင်မှာစိုးလို့ နည်းနည်းလေး ဘက်လိုက်ရေးပေးလိုက်တာပဲ ရှိပါတယ်

ကိုယုယရေ ကိုယုယပြောတာလက်ခံပါတယ်
ကျွန်တော်ပြောချင်တာက အဆင်ပြေချောမွေ့သော ဘ၀ တစ်ခု ဆိုတာ မဟုတ်ဘူး ဗျ ၊ မေးကိုမေးရမှာ ကျွန်တော် က မီမီကို မေးရမယ့် အကြောင်းကို ရှိတယ်
ကျွန်တော်လိုချင်တဲ့ အဖြေက အဆင်ပြေခြင်း မပြေခြင်းး မဟုတ်ဘူးဗျ ရင်ထဲကလာတဲ့ ချစ်ခြင်းပါ...

Yu Ya said...

Option 1 -
ဘ၀တစ်ခုကို နှစ်ကာလ အတော်အတန်ကြာ ကောင်းကောင်း လက်တွဲ တည်ဆောက်လာခဲ့ပြီ ဆိုရင် အဲဒီဘ၀ထဲမှာ အချစ်ဆိုတာ အပြည့်အ၀ ၁၀၀% မဟုတ်ရင်တောင် လိုအပ်တဲ့ အတိုင်းအတာတစ်ခုထိ ပါရှိနေပါပြီ။ ဘာဖြစ်လို့လဲဆိုရင် အချစ်ဆိုတာ ဘ၀ရဲ့ တစ်စိတ်တဒေသလေး တစ်ခုမဟုတ်လားဗျာ။ နောက်ပြီး မီမီကကော ဦးမိုးမြင့်ရဲ့ စစ်မှန်တဲ့ မေတ္တာကြောင့် ဦးမိုးမြင့်အပေါ် တန်ပြန်မေတ္တာ သက်ဝင်မလာနိုင်ဘူးလား။

Option 2 -
အကယ်၍များ ဦးမိုးမြင့်ဟာ မီမီအပေါ်မှာ မစစ်မှန်ဘူး၊ တစ်နည်းအားဖြင့် နောက်ဆုံးအဆင့်ဖြစ်တဲ့ အိမ်ထောင်ကွဲနေပါပြီ ဆိုရင် ကိုမင်းအိမ်ဖြူ မီမီကို ပြန်တွေ့တဲ့အခါမှာ ရင်ထဲကအချစ်ဆိုတဲ့ မေးခွန်းကို အဘယ်သို့သော ရည်ရွယ်ချက်မျိုးနဲ့ မေးစရာလိုသေးလို့ လားဗျာ။ မီမီဟာ အဲဒီအချိန်မှာ “အချစ်” ဆိုတာထက် “ဘ၀” ဆိုတာကို ပိုလို့ မက်မောနေပါ လိမ်မယ်ဆိုတာကို ကျွန်တော် ရဲရဲကြီး ပြောရဲပါတယ်။

ဘ၀တွေဆိုတာ မေတ္တာနဲ့ တည်ဆောက်မှ ခိုင်မြဲမှာပါ။ အချစ်သက်သက်နဲ့ တည်ဆောက်ရင် ခိုင်မြဲတာရှိသလို လုံးဝပျက်သုဉ်းသွားတာတွေက ပိုများပါတယ်။ အကယ်၍များ အကြောင်းကြောင်းကြောင့် ပေါင်းသင်းနေရင်တောင်မှ ဆီသည်မရဲ့ လက်နှီးစုတ်လိုပဲ ဖြစ်နေမှာပါ။

ကျေးဇူးတင်စွာဖြင့်
yu ya

ဗီလိန် said...

ကျနော့ ခံယူချက်တစ်ခုတော့ ရှိတယ်။ ငွေနောက်ကို မလိုက်ပဲ။ ကိုယ်နောက်ကို ငွေကို ပါအောင် ခေါ်ရမယ်။

ကောင်းကင်ပြာ said...

တခါတလေ ကိုယ့်နောက်ကို ငွေပါအောင်ခေါ်ရင်း ငွေနောက်ရောက်သွားတာတယ် အများကြီးပါပဲ၊ လူအမျိုးမျိုး စိတ်အမျိုးမျိုး ပါ