Tuesday, 7 July 2009

ပြန်မတွေးချင်ဘူး

အဲဒီညတုန်းက အမေရယ် ၊ ကျွန်တော်ရယ် နှစ်ယောက်တည်း စကားတွေ ပြောဖြစ်ခဲ့ကြတယ် ၊၊ အမေဘုရား ရှိခိုး ပြီးချိန် ထိထိုင်စောင့်နေရင်း ရှေ့ဆက်ရမယ့် ဘ၀ကို မရေရာမှုတွေနဲ့ အတူ မှုန်ဝါးဝါး စဉ်းစားရင်းပေါ့ ၊၊ ကျွန်တော်လေ တကယ်ကို စိတ်နုတယ် ၊၊ ဒီအိမ်ကြီးကနေ ထွက်ခွာရတော့မယ်လို့ စဉ်းစားမိချိန်တိုင်း မျက်ရည်တွေ က အမြဲတမ်း တွေတွေ စီးကျလာမြဲ ၊၊ ဒီလိုထွက်ခွာခဲ့တာလည်း ဒါဟာ ပထမအကြိမ်မဟုတ်တာ ဘာသာအသိဆုံး ၊၊ ဟိုးလွန်ခဲ့တဲ့ ၄ ၊ ၅ နှစ်ကျော် ၁၅ နှစ်သားအရွယ်ကတည်းက ခွဲခွာခဲ့ရတဲ့ မိသားစု အေးရိပ် ကို တမ်းတနေဆဲ ၊၊ ခုချိန်မှာ မလွမ်းသင့်တောပါဘူးလေ ၊၊ ဒါပေမယ့် မေ၇ရာတဲ့ မနက်ဖြန်တွေကို တွေးမိတိုင်း ခါခါ သက်ပြင်းချမိဆဲ ၊၊ ကိုယ်ဘ၀ရှေ့ရေးကလည်း ဘာရယ်လို့ မသေချာသေး ၊၊ အမေ့ရှေ့မှာလည်း မျက်၇ည် မကျချင်တော့ ၊၊

" သားလုပ်ချင်တာကို အမေမတားပါဘူးသားရယ် ၊၊ ဒါပေမယ့် အမေ့သဘောကတော့ သားကို ဒီဘွဲ့လေးတော့ ရအောင် ယူစေချင်တယ် ၊ အမေ့သားသမီးတွေ အားလုံးထဲမှာ မင်းတစ်ယောက်တည်း ဘွဲ့မရဘူး ဆိုရင် အမေ စိတ်ကောင်းမှာ မဟုတ်ဘူးသား " တလုံးချင်း ထွက်လာတဲ့ အမေ့အသံက ငိုချင်ရဲ့ လက်တို့ဖြစ်နေတဲ့ ကျွန်တော့်ကို ဘာမှန်းမသိဘဲ ၀မ်းပန်းတနည်း ငိုကြွေးစေခဲ့တယ် ၊၊ အမေလည်း ငိုလို့ပေါ့ ၊၊ သားတစ်ယောက် အနေနဲ့ အမေ့စေတနာကို သဘောပေါက်ပါတယ် ၊၊ အမေက ကျွန်တော့်ဘ၀ပျက်သွားမှာကို မလိုလားဘူး ၊၊ ကျွန်တော်သိပါတယ်လေ၊၊ ကျွန်တော် လျှောက်လှမ်းနေတဲ့ လမ်းကြောင်းက ကျွန်တော်တို့ နဲ့ ဘယ်တုန်းကမှ မပတ်သပ်ဘူးတဲ့ လမ်းကြောင်းတစ်ခု ၊၊ လူတစ်သန်းမှာ တစ်ယောက်တောင် ဖြစ်မြောက်ဖို့ မလွယ်ကူတဲ့ အသက်မွေးဝမ်းကြောင်းတစ်ခု ၊၊

မရေရာတဲ့ ခရီးထက် ၊ ကိုယ့်သားသမီးကို ရေရာသေချာတဲ့ လမ်းကိုလျှောက်လှမ်းစေချင်တာ မိဘတိုင်းရဲ့ စေတနာပါ ၊၊ နားလည်ပါတယ်လေ ၊၊ ကျွန်တော့်ခေါင်းကို ပွတ်ရင်း အမေလည်း မျက်ရည် တွေ သွင်သွင်စီးလို့ပေါ့ ၊၊ " မင်းပစည်းတွေ ရော အားလုံးထည့်ပြီးလား ၊ မင်းအစ်ကို ကို သွားပြောလိုက်အုံး ၊ နှုတ်ဆက်လိုက်အုံး " ဆိုပြီး စက်ဖက်မှာနေတဲ့ အစ်ကို့ဆီကို သွားရအုံးမယ်ဆိုတာ သတိပေးတယ် ၊၊ အော် ဒီလို အချိန်တွေ ကို မဆုံချင်ပါဘူးလေ၊၊ ကိုယ်သွားချင်တဲ့ နေရာတစ်ခုဟာ အနတရယ်တွေ များနေသတဲ့ ၊၊ ကိုယ်တွေ နဲ့လည်း အလှမ်းကွာလွန်းသတဲ့လေ၊၊ သီချင်းတောင်မှ ခပ်ကျယ်ကျယ် ဖွင့်နားမထောင်တက်တဲ့ မိသားစုအတွက် ဒီအသက်မွှေးဝမ်းကြောင်းက အံအားသင့်စရာပ ၊၊

" မင်းလည်းသိတာပဲလေ ၊၊ မင်းလည်းအရွယ်ရောက်ပြီ ၊၊ ငါ့အနေနဲ့တော့ ဘာမှ မပြောလိုဘူး ၊၊ မင်းဘာလိုလဲ ၊၊ မင်းငွေလိုရင် ငါတက်နိုင်သလောက် ထောက်ပံ့မယ် ၊၊ မင်းအဖေနဲ့ အမေအတွက် ဘာမှ မပူနဲ့ ၊၊ ငါနဲ့ မိငယ်လေး တို့မောင်နှမ နှစ်ယောက် ရှိတယ် ၊၊ မင်းလုပ်ချင်ရာလုပ် ၊၊ ဒါပေမယ့် လုပ်မယ်ဆိုရင်တော့ အောင်မြင် အောင် လုပ် ၊ ဒီလောက ထုံးစံလည်း မင်းသိတာပဲ " ဆိုတဲ့ အကိုလုပ်သူစကားကြားတော့လည်း သူတို့ရဲ့ ပူပန်စိုးရိမ်မှု ကို နားလည်မိပါတယ်လေ ၊၊ ဘာမှန်းမရေရာတဲ့ လမ်းကြောင်းကို စွတ်တိုးချင်တဲ့ ညီအတွက် ပူပန်ရုံမှတစ်ပါး သူလည်း ဘာတက်နိုင်ပါ့မတုံး ၊၊ " အေး အထက်မရောက် ၊ အောက်မရောက်ဆိုရင်တော့ မင်း ဘ၀ပျက်လိမ့် မယ် ၊ ဒါလေးတစ်ခုတော့ သတိထားကွာ ၊ သွားတော့ ရထား ကို ငါလိုက်ပို့မယ် " ဆိုတဲ့ အစ်ကိုစကားကို လက်ခံလို့ အိမ်ပြန်ခဲ့ပေမယ့် စိတ်တွေ ဘယ်ဆီရောက်နေမှန်းမသိပါဘူးလေ ၊၊

" ပင်လယ်ဆို တာ ဖြစ်လာဖို. အတွက် အနားသတ်ပေး ရတဲ့ ကမ်းနားဆိုတာ ရှိရတယ် ၊၊ အောင်မြင်တဲ. သူ တစ်ယောက် ဖြစ်လာဖို.အတွက် မအောင်မြင်တဲ. သူတွေဆိုတာ အနားမှာ ၀န်းရံ ဇာတ်ပို.ပေးရတယ် ၊ အနု ပညာ အလုပ်ဆို တာ ဟာ ပိုပြီးခက်ခဲ နက်နဲတယ် ၊ ကြောက်စရာလည်း ကောင်းတယ် ၊ နင်အောင်မြင်ရင် ထိပ်ကိုရောက်မယ် ၊ မအောင်မြင်ရင် အနားမှာ ၀န်းရံနေရတဲ့ ဘ၀ ခံနိုင်ရမယ် " ဆိုတဲ့ အစ်မလတ်လုပ်သူ ရဲ့ နောက်ဆုံး ဆုံးမစကားကတော့ ဘ၀တသက်တာ အတွက် ဘယ်တော့မှ မေ့မှာ မဟုတ်တော့တဲ့ အဖိုးတန် လက်ဆောင်ပါပဲ ၊၊ တားမရတဲ့ မောင်ငယ်ကို စိုးရိမ်တကြီး တက်သလောက်မှတ်သလောက် ဆုံးမရှာတာ ပေမယ့် သူ့စကားဟာ တကယ်ကို ကျွန်တော့်အတွက်တော့ ထာဝရလက်ဆောင်ပါ ၊၊ တကယ်လို့ ဒီမရေရာတဲ့ လမ်းကို လမ်းလျှောက်ဖြစ်ခဲ့မယ်ဆိုရင်တောင် ဒီစကားလေးဟာ ထာဝရ မှတ်သားရမယ့် စကားပဲ ၊၊ အခုလည်း သူ့စကားဟာ ကျွန်တော့်အတွက် အသုံးဝင်နေဆဲပါ ၊၊

ရန်ကုန်မြို့က လူတွေ ကလွဲရင် အားလုံး နယ်ကျောင်းမှာ ပြောင်းတက်ရတော့မယ်တဲ့ ၊၊ နယ်မှာဆိုရင် ကျွန်တော့် အလုပ်တွေကို ဘယ်လို ဆက်လုပ်ရပါ့မလဲ ၊၊ တကယ်ကို ဘ၀ရဲ့ လမ်းဆုံ ၊ လမ်းခွပါပဲ ၊၊ ကျွန်တော် ဘယ်လမ်းကို ရွေးချယ် ပြီး လျှောက်လှမ်းရမလဲ ၊၊ အားလုံးက အားမပေးတဲ့ မရေရာတဲ့ လမ်းကို ဆက်လျှောက် ရမလား ၊၊ အနှစ်နှစ်အလလ ကကြိုးစား အရင်းတည်ခဲ့ရတဲ့ ပညာရေးကို ကျွန်တော် စွန့်လွှတ်လိုက်ရမလား ၊၊ အိပမက်ဆိုးတွေ ရှည်လွန်းပါတယ်လေ ၊၊ အဲဒီအချိန်မှာ ဘယ်သူတစ်ဦးတစ်ယောက်ဆီကမှ ဘယ်လိုအကြံ မျိုးကိုမှ မရခဲ့ဘူး ၊၊ ငါ့ဘ၀ကို ဘယ်လိုဆက်လျှောက်ရမလဲရယ်လို့ တွေးရင်း တစ်ယောက်တည်း ချာချာတွေ လည်ခဲ့ရတယ် ၊၊ အရိုးသားဆုံး ၀န်ခံရရင် အဲဒီအချိန်မှာ လက်ခုပ်သံလေး ဖျောက်တိဖျောက်ကြားကို ရင်ခုန်စွာ စွဲလန်းမိနေပြီ ၊၊ ဒီအထဲက ဘယ်လိုရုန်းထွက်ရပါ့မလဲ ၊၊ အိပ်ပျက်တဲ့ ညတွေကို တမ်းတနေမိပြီ ၊၊ မီးရောင် အောက်မှာ ပြုံးရတဲ့ အသက်မပါတဲ့ လေ့ကျင့်ထားတဲ့ အပြုံးတွေကို ကျွမ်းကျွမ်းကျင်ကျင် တက်မြောက်နေ ပြီလား ၊၊ ခုံမင်နေမိပြီလား ၊၊

မီးရောင် ၊ မှန်ရောင်အောက်က ဖြိုးဖြိုးဖျောက်ဖျောက် လက်ခုပ်သံလေးကို နားဆင်ဖို့ ၊ အဲဒီခဏတာလေးကို ခံစားဖို့ ပေးဆပ်ရတဲ့ လူတွေမသိတဲ့ ကန်လန်ကာနောက်ကွယ်က ငရဲခန်းတွေကို ကိုယ်ကိုတိုင်သာ အသိဆုံး ၊၊ ဒီလို ခရီးကို ဆက်လျှောက်ဖို့ ၊ ကိုယ်ခံစွမ်းအားတွေ ရှိ့ပါ့မလား ၊၊ အားပေးကူညီသူမရှိတဲ့ ၊ တစ်ယောက်တည်း သမားအတွက် ဘယ်လောက်ကြာကြာ ရပ်တည်နိုင်ပါ့မလဲ ၊၊ ဆန်ပေးမှ ဆီရတဲ့ ဒီလောက ငရဲက ၊ ရင်ရှုပ်စရာ ဇာတ်လမ်းတွေ မှာ ကိုယ်တိုင်ပါဝင် အသုံးတော်ခံဖို့ ဇာတ်စာထောက်သူ မရှိတာမို့ ၊ လက်မြှောက်ကာ အရှုံးပေး အမေပြောတဲ့ အေးဆေးတဲ့ ဘ၀ထဲကိုပဲ ပြန်ဝင် ရလေမလား ၊၊ ပူပန်မှုတွေ အကြားမှာ ရုန်းရင်းကန်ရင်း ပြေးရင်း လွှားရင်း ၊ လိုချင်တာတစ်ခုအတွက် ပေးဆပ်ရမယ့် အရာတွေ ကဘ၀ဆိုတာဖြစ်လာတဲ့ အခါမှာတော့ ......

ဒီလိုနဲ့ လူတွေပြောကြ ဆို ကြတဲ့ မရေရာ ပါဘူး ဆိုတဲ့ ဘ၀လေး တစ်ပိုင်း တခန်းရပ်ခဲ့ပေါ့ ................
လက်တွေ့ဘ၀က လှန့်နိုး လိုက်လို့ ကိုယ်တိုင်မက်ခွင့်မရှိတော့တဲ့ အိပ်မက်လေးပေမယ့် ၊ အဲဒီအိပ်မက် လေးက တစ်ခန်းရပ်သွားတာတော့မဟုတ်ခဲ့ပါဘူး ၊၊ အဆင်ပြေလို့ အခွင့်သာအုံးမယ်ဆိုရင်ဖြင့် အဲဒီ အိပ်မက်တွေကို ကိုယ်တိုင် မက်ခွင့် မရပေမယ့် ၊ အိပ်မက်ရှင်လေးတွေ အတွက် အိပ်မက်လေးတွေ ဖန်တီးပေးဖို့ ကြိုးစားသွား ဖြစ်ဦးမှာပါ ၊၊ တစ်နေ့နေ့ပေါ့ ဗျာ ၊၊
မေတ္တာရင်းဖြင့်
မင်းအိမ်ဖြူ
.
.
.
ကိုကြီးမိုးကုတ်သား ရေ အိပ်မက်လေးကို ပြန် အမှတ်ယခွင့်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ် ဗျာ ၊၊

11 comments:

Mogok Thar said...

ဟားး။ နာ့ ညီမင်းအိမ် ပြဇာတ်မင်းသားမှန်း ခုမှ သိတယ်ကွာ။
တွေ့ရင် သီချင်းဆိုပြ။ ကပြ။
အသက်မပါတဲ့ အပြုံးတော့ ပြုံးမပြရဘူးဗျ ဏော။
ချစ် ညီ မင်းအိမ် ပျော်ရွှင် ချမ်းမြေ့ပါစေဗျာ။

မင်းအိမ်ဖြူ said...

သေပါပြီဗျာ ဘယ်သူပြောတုန်း အဲဒီလို ........ အားးးး

တော်ပြီ နောက်တစ်ခါ တပ်ရင်ရေးတော့ဘူး

မေဇင် said...

ဖတ်လို့ ကောင်းတယ် သိလား...၊ အစ်ကို၊ အစ်မ ၊ အမေ တွေရဲ့ စိုးရိမ်မှုတွေကို မြင်ရတော့ ဒီကိုလာခါနီး မိသားစု ရဲ့ စိုးရိမ် ပူပင်နေတဲ့ ပုံရိပ်တွေ ကိုပြန်မြင်မိတယ်..။

cockroach said...

အိမ်မက်တကယ်ဖြစ်လာပါစေလို့ ဆုတောင်းပေးတယ်နော်

ငှက်ကလေး said...

အယ် ကိုမင်းအိမ်ဖြူ များအကြံတခုပေးမယ်စာရေးဆရာ လုပ်စားပါလား ငင် များကို အဆုံးထိရောက်အောင် ဆွဲခေါ်သွားတယ် များက ဖတ်ပြီး အော် သနားလိုက်တာ ဆိုပြီး မျက်ရည်လေး ဝဲနေတာ ပြန်လျှော်ပေး လူးဆိုးကြီး အီးးးဟီးးးးးးးးးး

နဒီမိုးညို said...

လူတစ်ယောက်ပြောတာ..မှတ်သားဖူးတယ်..
မျော်လင့်ချက်ကို..သေးသေးထားပြီး..
ရည်မှန်းချက်ကို..ကြီးကြီး..ထားရမယ်တဲ့
ကိုမင်းအိမ်ဖြူလဲ.အိမ်မက်ကို.တစ်ကယ်
ဖန်တီးနိုင်ပါစေနော်..

မယ်ကိုး said...

အစ်ကို မိုးကုတ်သားကို ထောက်ခံတယ်။ :P
စတာနော်။
အတွေးတွေကော၊ အရေးတွေကော ဖတ်လို့ ကောင်းတယ်။

မင်းအိမ်ဖြူ said...

မယ်ကိုး နော် .............P:

Mogok Thar said...

ညီမင်းအိမ်.. ချစ်လို့ ခင်လို့ စတာပါဗျာ။
ညီ သီချင်း အဆိုကောင်းတာတော့ သိတယ်လေ။
ဂစတ်တာတီးပြီး သီချင်းဆိုပြပါ။
နာ့ညီက ဇာတ်မင်းသား ဟုတ်ပါဘူး။ မော်ဒယ်လ် မင်းသားပါဗျ။
:-D

Mogok Thar said...

ညီမင်းအိမ်
အပ်မက်လေးတွေတိုင်း တကယ်ဖြစ်လာပါစေဗျာ။
ချစ်ခင်လျက်

Mogok Thar said...

ပြန်မတွေးချင်တဲ့ အိပ်မက်လေးတွေ ရှိကောင်း ၇ှိနေတတ်ကြမယ်လေ။
မေ့လျော့ ခံထားရတဲ့ အိပ်မက်လေးတွေထက်ောတ့ သူတို့က ပို လင်းလက်နိုင်ကြပါတယ်။
အိပ်မက်ရှင်လေးတွေ အတွက် အိပ်မက်လေးတွေ ဖန်တီးပေးဖို့ ကြိုးစားနိုင်သူ ဖြစ်ပါစေ။
(ခြေလှမ်းတွေ သိနေသလိုပဲ.. ဟေဟေ့)

ညီ့ကိုလဲ ကျေးဇူးတင်တယ်။ စာရေးပေးတဲ့အတွက်.....