Tuesday 13 October 2009

တွေးမိတာလေးများ

အခုတလော စဉ်းစားနေဖြစ်တာက ဆယ်တန်းမြန်မာစာမှာ သင်ခဲ့ကျက်ခဲ့ရတဲ့ ဇာတ်တော် ကြီး ဆယ်ဘွဲ့ထဲက ဆဒ္ဒန်ဆင်မင်း အကြောင်းပါ ၊၊ ဘုရား သမိုင်းလည်းဖြစ် သလို တကယ့် ဂန္တ၀င်ဇာတ်လမ်းလည်း ဖြစ်တဲ့ ဇာတ်လမ်းလေး တစ်ပုဒ်ပါပဲ ၊၊

အချစ်ကြီးချစ်ခဲ့ဖူးတဲ့ မိဖုရားခေါင်ကြီး ၊ နောက်ဘ၀တွေ ခြားနေတာတောင်မှ ရန်ငြိုးတွေ မပြေ နိုင်သေးတဲ့ မိဖုရားခေါင်ကြီးအကြောင်းကို တွေးနေမိတာပါ ၊၊ အဲဒီတုန်းက စာသား လေးတွေလည်း ပြန်ရွတ်နေမိတယ် ၊၊ အကြိုက်ဆုံးကတော့ “ စိန်မရှား မြမရှား အလွန်ပင် များသည်ကို နားလေးလေဟန် ဆင်စွယ်ကိုမှ ပန်လိုသည် ဟု ” နောက် “ အစွယ်လိုသူ မိဖုရား အသွားစေခိုင်းသူ မင်းကေရာဇ် ၊ လေးပြစ်သူ ဘုရားကျွန်တော်” ဆိုတဲ့ စာသား လေး တွေ၊၊

အော် ဘ၀တွေ ခြားနေတာတောင် အမုန်းတွေပွားပြီး အာဃာတတွေ ပွားနေတုန်းပါလား မယ်မိဖုရားရယ်လို့ပဲ အံအားတကြီး ရေရွတ်နေမိပါတော့တယ် ၊၊ အော် သူလည်း တကယ် ချစ်ခဲ့ရှာပေမပေါ့လေ ၊၊ တခါတလေတော့လည်း အချစ်ကြီးလို့ အမျက်ကြီးတယ် ဆိုတယ် ဆိုတဲ့ စကားလေးကို သဘောကျသလို ဖြစ်မိပေမယ် နားမလည် သလိုလည်း ဖြစ်မိပါတယ် ၊၊ အချစ်ကြီးမှတော့ကွယ် အပြစ်ကြီးရယ်လို့ မမြင်တော့ပဲ ခွင့်လွှတ်ပေးလိုက် ပါတော့လား ၊၊ အင်း ဒီလိုတော့လည်း ဟုတ်ကြပြန်ဘူးရယ် ၊၊ ငါကောင်းသလောက် ဒင်းမ ကောင်းဘူး ၊ ငါသစ္စ္စာရှိသလောက်ဒင်း သစ္စ္စာမရှိဘူး ၊ ဆိုတဲ့ အမုန်းတရားတွေ ရဲ့ နောက်ကွယ်မှာ အာဃာတတွေ ပွားနေလိုက်တာများ တချိန်က အသဲပေါက်မတက် ချစ်ခဲ့ဘူးပါတယ် ဆိုတဲ့ လူတစ်ယောက် မဟုတ်သလိုပါလား ၊၊ အငြိုးတွေ အတေးတွေ အာဃာတတွေများ သာမာန်ရန်သူတစ်ယောက်ထက်တောင် ပိုပြင်းထန်နေပါလားနော် ၊၊

အော် ဒီဇာတ်လမ်းလေးဖတ်မိ စဉ်ကတည်းက မေးချင်မိပေမယ့် ဘယ်သူ့ကို မေးရမှန်းမသိခဲ့ ၊၊ အခုလို တိုက်ဆိုင်မှုရှိတဲ့ အခါတိုင်း စဉ်းစားမိတယ် ၊ စဉ်းစား မိတဲ့ အခါတိုင်းလည်း အချစ်ဆိုတာ ဘာလဲကွာ ဆိုပြီး ပြန်တွေးနေမိပြန်ရော ၊၊ အခုချိန်ထိတော့ ဝေ့လည်လည် စဉ်းစားနေမိဆဲ ၊၊ ဟိုးအရင်တခါက စာရေးတဲ့ညီမတစ်ယောက်ကို မေးဖူးတယ် ၊၊ ချစ်ခြင်းနဲ့ အပြစ်ကင်းတယ်ဆိုတာ တကယ်လားကွယ်လို့ ၊၊ အင်း ချစ်ခြင်းက အပြစ်ကင်းစေပါသတဲ့လား ၊၊ ကိုယ့်အတ္တတွေများလားကွယ် ၊၊ တခါတလေတော့လည်း အဲဒီ ချစ်ခြင်းနဲ့ အပြစ်ကင်းစေတဲ့ သူတွေ ကို တွေ့များတွေ့ချင်မိပါရဲ့ ၊၊ ထာဝရမဟုတ်ပါဘူး အမှတ်တရ တွေ့ဖူး ရုံလေးပါ ၊၊

ကျွန်တော်မှတ်မှတ်ထင်ထင် မြင်ဖူး သမျှကတော့ အချစ်ကြီးလို့ အမျက်ကြီးတယ် ဆိုတဲ့ သူတွေ ချည်းပါပဲ လား ၊၊ ချစ်ခြင်းနဲ့ အပြစ်ကင်းသူတွေ ရယ်လို့ မမြင်ဘူးသေး ၊၊ ဗဟုသုတ နည်းတာလည်း ဖြစ်နိုင်သလို သူတော်ချင်းချင်း သတင်းလွေ့လွေ့လို့လည်း ဆိုရမယ်ထင်ပ၊၊

အဲဒီဇာတ်ကြောင်းလေးပြန်ကောက်ရရင် တကယ်တမ်းသာတွေးကြည့်မယ်ဆိုရင် သူမအနေနဲ့ မိဖုရားခေါင်ကြီး လည်းဖြစ်နေပြီ ၊၊ တကယ်ကို စိန်မရှား မြမရှား လိုတရနေတဲ့ ဘ၀ ၊၊ သူအထက်သာတာ ဘာများ ရှိအုံးမလဲနော် ၊၊ တကယ်သာနှစ်နှစ်ကာကာ ချစ်ခဲ့တယ် ဆိုရင် အသာစီးရနေတဲ့ ဘ၀မှာ တစ်ဖက်လှည့်ပြီး ကြိုးစားမေ့လိုက် ပါတော့လား ကွယ် ၊၊ ဘာအတွက်များ ဘာမှ မဟုတ်တဲ့ ဆင်စွယ်ကို နားပန် လုပ်နေအုံးမလဲ ၊၊ ဆင်စွယ်ရဖို့ ဆင်မင်းသေရမယ်ဆိုတာ မင်းသိတာပဲလေ ၊၊ မင်း ချစ်တဲ့ အချစ်ဆိုတာ ဒါပဲလား ၊၊ အနိုင်ရနေတဲ့ အချိန်မှာ အပေါ်စီးက နေစိန်ခေါ်တာဟာ အချစ်ကြီးလို့ အမျက်ကြီးတာပါ ဆိုတဲ့ အလွှာပါးနဲ့ ဖုံးကွယ်ရမလား ဒါမှမဟုတ် အပြစ်မကင်း နိုင်တဲ့အတွက် ဒါဟာ ချစ်ခြင်းများမဟုတ်လေသလား ၊၊ အင်း စဉ်းစားစရာ….


အဲဒီလို ဖြစ်ရပ်တွေ တွေ့ရလေတိုင်း ချစ်ခြင်းနဲ့ အပြစ်ကင်းစေ ဆိုတာမျိုးတွေ ကြား ရလေတိုင်း ၊ အချစ်ကြီးလို့ အမျက်ကြီးရပါတယ် ဆိုတာတွေ ဆုံရလေတိုင်း လူတွေ ပြောတဲ့ ချစ်ခြင်းကို မယုံမရဲ ဖြစ်နေမိတာ ကိုယ့်မှာ အပြစ်ဖြစ်နေပြီလား ၊၊

ဆင်မင်းသည်လည်း အပြစ်တော့ လုပ်ခဲ့မှာပေါ့လေ ၊၊ ဆင်မင်းကပဲ ကျီစယ်လွန်လေသလား ၊၊ အမှန်တကယ်ပဲ အငြိုး တကြီး လုပ်ခဲ့လေသလား ၊၊ အငြိုးတကြီး အပြစ်ကြီး ဖြစ်ခဲ့တာက မယ်မိဖုရား ၊၊ နောင်ဘ၀တွေ ခြားသွားတာတောင်မှ မပြေနိုင်သေး ၊၊ အော် အင်း အချစ်ကြီးချစ်ခဲ့သူကို ဂရုတစိုက် မရှိခဲ့တာက ဆင်မင်း ရဲ့ ပေါ့လျော့မှုပေပေါ့ ၊၊ ဒီအတွက် အငြိုးတကြီး မုန်းခဲ့တာက မိဖုရားခေါင်ကြီး ၊၊

တကယ်လို့ ဆင်မင်းက ပျက်ကွက်ခဲ့မယ်ဆိုရင်တောင် မှ ဘ၀တွေ ခြားခဲ့ပြီပဲကွယ် ကြိုးစားမေ့ပျောက် ပေးလိုက် ပါတော့လား ၊၊ အငြိုးတွေ အမုန်းတွေ ကို မေ့ပျောက်လိုက်ပါတော့လား ၊၊ မတရားဘူးဆိုရင်တောင် ကိုယ်အသာရနေ ပြီမို့ ပြုံးပြုံးလေး မေ့လိုက်စမ်းပါ ၊၊ တကယ်ချစ်ခဲ့တယ် ဆိုရင်ပေါ့ ၊၊ နှုတ်က ဖွင့်ဟ ဆိုနေမယ့်အစား အမှန်တကယ် ရင်ထဲမှာ ချစ်ခဲ့တယ်ဆိုရင် ရှုံးနိမ့်နေတဲ့ ချစ်သူကို တိုက်ခိုက်နေမဲ့အစား တဖက်တလမ်းက မကူညီရင်တောင် ရန်ညိုး ဖွဲ့ အမုန်းအစား ပြုံးပြီး အားပေးလိုက်ပါလားကွယ် ၊၊

မင်းအိမ်ဖြူ

အဲဒီဇာတ်လမ်းလေးတွေးမိတိုင်း စဉ်းစားမိတာလေးတွေကို ရေးချမိပါသည် ၊၊ ချစ်ခြင်းနဲ့ အပြစ်ကင်းစေသတဲ့ အင်း ပြီးတော့ အချစ်ကြီးတော့ အမျက်ကြီးသတဲ့ လေ ၊၊

9 comments:

သူကြီးမင်း (တုံးဖလား) said...

ဟဲ ဟဲ။
အချစ်ကြီးခဲ့လို့ အမျက်ကြီးခံနေရပြီထင်ပါ့။
ဖြစ်တတ်တယ်။ အချစ်နှင့်စစ်ဟာ တစ်ခါတစ်ခါ ဒွန်တွဲနေတတ်တယ်။

အကြီးမားဆုံးရန်သူဟာ အကောင်းဆုံးမိတ်ဆွေ ဖြစ်သွားနိုင်သလို၊ အချစ်ရဆုံးချစ်သူဟာ အကြီးမားဆုံး ရန်သူတစ်ယောက်လဲ ဖြစ်သွားနိုင်တယ်။ ပုထုဇဉ်တွေကိုးဗျ။

အဆင်ပြေပါစေဗျာ။

ဝက်ဝံလေး said...

အယ် ကိုမင်းအိမ် အခုဟာက ဆင်မကို နားချ နေတာလား ဟီးးးးးး

အင်း အင်း လူကြီးနော် အချစ်အကြောင်းပဲ ရေးနေတယ် ဟွင်းးးးး

ဗီလိန် said...

မဟုတ်သေးဘူးလေ အစ်ကိုရဲ့။ ဆင်မက ပစ္စေကဗုဒ္ဓကို ဒေါသနဲ့ တောင်းတဲ့ဆု ဆုတောင်းမှားသွားလို့လေ။ အမုန်းတွေကိုမေ့ပျောက်ဖို့ ဆိုပေမယ့် ဆုတောင်းခဲ့ပြီးလို့ ဗုဒ္ဓက ပြည့်စေလို့ ပြောခဲ့ပြီးမှတော့ ရှောင်လွှဲလို့ မရတော့ဘူးလေ။

မယ့်ကိုး said...

ရင်တွင်းဖြစ်စကားလေးတွေ ထင်တယ်လို့ မနောက်တော့ပါဘူး။

အတည်ပဲ ပြောပါတော့မယ်။ အချစ်ကြီးလို့ အမျက်ကြီးတယ်ဆိုတာ လက်မခံနိုင်ပါဘူး။ တကယ်တော့ ဆန္ဒန်ဆင်မင်းက မှ တကယ်ချစ်တာ ထင်တယ်လေ။

အဲဒီအကြောင်းလေးတောင် စာရေးဖို့ စိတ်ကူးနေမိသေးတယ်။ အခုတလော ဇာတ်ကြီးဆယ်ဖွဲ့ ထဲကကော ငါးရာ့ငါးဆယ်ထဲကကော တစ်ချို့ဟာလေးတွေ အရမ်းပြန်ဖတ်ချင်နေတာ ရေးစရာတွေရှိလို့။ စာအုပ်ကလည်း ဘယ်မှာမှ မှာမရပါဘူး။

Lucifer said...

ကိုမင်းအိမ်.. ရင်ထဲးကခံစားချက်တွေ ချရေးတော့တာလား... မမီးကတော့ စိတ်လိုလက်ရစာဖတ်သွားပေမယ့်.. အကြံမပြုတတ်လို့ ဘာမှပြောတော့ဘူးနော်

ZT (TGO) said...

ချစ်ခြင်းနဲ့ အပြစ်ကင်းစေ

Yu Ya said...

တကယ်တော့ ဘုန်းဘုန်းဟောတာ ဒေါသတွေပါလေ.။

yu ya

နွေးနေခြည် said...

အချစ်ကြီးလို့ အမြက်ကြီးတယ်ဆိုတာ အားလုံးအတွက်တော့ မမှန်ဘူးထင်တယ်။
ချစ်လွန်းလို့ စွန့်လွှတ် အနစ်နာခံလိုက်တဲ့ လူတွေလည်းရှိပါတယ်လေ...း)

Unknown said...

ဗုဒ္ဒ္ဓဘာသာဝင်တစ်ယောက်ဆိုရင်တော့ ရေးသားတော့မယ်ကြံရင် သတိထားပေးပါ၊၊ဆဒ္ဒန်ဆင်မင်းဆိုတာ ဘုရားလောင်းပါ၊၊ဒီစာပိုဒ်လေးတစ်ချက် ပြင်ပါဦး၊၊
" ဆင်မင်းသည်လည်း အပြစ်တော့ လုပ်ခဲ့မှာပေါ့လေ ၊၊ ဆင်မင်းကပဲ ကျီစယ်လွန်လေသလား ၊၊ အမှန်တကယ်ပဲ အငြိုး တကြီး လုပ်ခဲ့လေသလား ၊၊ အော် အင်း အချစ်ကြီးချစ်ခဲ့သူကို ဂရုတစိုက် မရှိခဲ့တာက ဆင်မင်း ရဲ့ ပေါ့လျော့မှုပေပေါ့ " ဘုရားလောင်းတို့မည်သည် ပါရမီဖြည့်နေဆဲကာလမှာ ဘယ်တော့မှသူတစ်ပါးကို တမင်နာကျင်စေလိုအောင်မလုပ်ပါဘူး၊၊ကိုယ့်ရဲ့အသွေး၊အသား၊အသက်ကိုသာလှူကြတာပါ၊၊ပြီးတော့ သောနုတ္တရ်မုဆိုးကို မသတ်ခဲ့တာဟာလည်း နင်းမယ်ပြင်ပြီးမှ ဒေ၀ဒက်လောင်းမုဆိုးရဲ့လက်ပေါ်ကသက္ခင်္န်းစကို မြင်လို့ ပြန်လည်ဆင်ခြင်မိပြီး မသတ်ခဲ့တာပါ၊၊ အစွယ်ကိုကြည်ကြည်ဖြူဖြူနဲ့ပေးခဲ့တာဟာလည်း အမုန်းတရားကို ဒီမှာပဲအပြီးသတ်စေလိုလို့ ပေးခဲ့တာပါ၊၊ဒီဇာတ်တော်တွေဟာ အမှန်တော့ အချစ်ရေးရာတွေ၊အပြောင်အပျက်တွေမှာ ရေးစရာမဟုတ်ပါဘူး၊၊ဗုဒ္ဓရဲ့ သီးခံနိုင်တဲ့စွမ်းရည်၊မေတ္တာတရားတော်၊ခွင့်လွတ်တတ်မှုတွေ၊သမ္မာသမ္ဗောဓိဆုမှန်းတဲ့အနှိုင်းမဲ့လူသားရဲ့ အနှိုင်းမဲ့တဲ့ပါရမီဖြည့်မှုတွေကိုသိရှိနားလည်ပြီး ဗုဒ္ဓအပေါ်ပိုမိုကြည်ညိုစေရန်အတွက်ပါ၊၊ခုတလော ဆိုဒ်တွေပေါ်မှာ ဗုဒ္ဓဘာသာဝင်တွေဟာ ဒီဇာတ်ကို ပေါပေါဖေါဖေါရေးနေတာတွေရပါတယ်၊၊