Thursday 3 June 2010

မအေးသာ

ငယ်ငယ်တုန်းကတော့ မအေးသာ တစ်ယောက်လှခဲ့တာပေါ့လေ …… အခုများတော့လည်း ပါးရေနားရေ တွေ အတွန့်တွန့်နဲ့ အသက် ၈၀ ကျော် အဖွားကြီး ဖြစ်နေပါ့ပေါလား …………………

ရွယ်တူတွေလည်း တစ်ချို့တော့ သွားနှင့်ကြပြီ ၊၊ ကိုယ်မှာသာ အသက်ရှည်လို့ ကိုယ်မချမ်းသာပဲ ဒီအတိုင်း အသက်ရှင်နေရတာ ၊၊ ဘုရားတရားရယ်လို့လည်း ၀ါတွင်းကာလလေးတောင်မှ …. ဘုန်းကြီးကျောင်းဆိုတာ ပုံမှန် မရောက်ဖြစ်ခဲ့ ၊၊ ကိုယ့်ဝမ်းစာ ကိုယ်ရှာစားရတဲ့ဘ၀ … ဘယ်မှာများအေးချမ်းပါ့မလဲလေ ၊၊ ဒီနေ့လည်း နေ့မမြင့်ခင် အစောထလို့ နောက်နေ့စာလေးရအောင် သွားအုံးမှ ၊၊ လူတွေက တောတွေ ရှင်းတော့ အရင်လို အင်ဖက်ကလည်း တောစပ်တင် ခပ်လွယ်လွယ်မရတော့ ၊၊ တော်တော်လေး တောဝင်နိုင်ပါမှ တစ်နေ့စာ လေး အဆင် ပြေတာ ၊၊

သားလုပ်တဲ့သူကလည်း သူကိုယ်တိုင်တောင် မှ မွေးထားတဲ့ တစ်ကျိပ်ကိုးယောက် အပေါက်လောက် အောင် မဖို့နိုင်ရှာတော့ ကိုယ်လည်း ဘာမှ မမျှော်ကိုးပါဘူးလေ ၊၊ သမီးကလည်း လင်သည် ယောင်္ကျား အရက်သမား ကစော်ဖိုးတောင် မလောက်တော့ ခက်သားလား ၊၊

မှတ်မှတ်ယယ သူတို့အဖေ ကိုလူလှနဲ့ မရခင် အပျိုဘ၀ကတည်းက ဖက်ခူးရောင်းလာတာ အခုအသက် ၈၀ ကျော်တော့လည်း ဒီဖက်တွေ နဲ့ ကျင်လည်နေရတုန်း ၊၊ ကိုယ်ခူးခဲ့တဲ့အင်ဖက်ပင်သာ ကြီးလို့ ထင်းဖြစ်သွား တယ် ကိုယ့်မှာတော့ ဒီတောထဲမှာပဲ ဖက်ခူးလိုက် မှိုနှုတ်လိုက် အင်အုလေး ယက်လိုက်နဲ့ ရာသီစက်ဝန်းလို လည်ပတ်လို့ပါလား ……………..အင်း ငါဘာတွေ တွေးနေမိပါလို့ လုပ်စရာ ရှိတာလေး မြန်မြန်လုပ်မှ … မနက်ဖန်စာ မရှိရင် အခက်လား ……………..

မင်းအိမ်ဖြူ

ဒီနေ့မေးလေးတစ်ခုကနေ နိုင်ငံခြားမှာ အသက်ကြီးတဲ့ သူတွေ ဘ၀မလှ ကြပါကြောင်း စာလေးတွေ့လို့ပါ ၊၊ အမှန်တော့ ရေးချင်တာ ကြာခဲ့ပါပြီ ၊၊ ဒါတကယ့် အဖြစ်ပါ ၊၊ ဒေါ်အေးသာဆိုတဲ့  ဖက်ရွက်ရောင်းရတဲ့ အဖွား ကြီး အကြောင်းပါ ၊၊ ရွာက အဖွားကြီး တစ်ယောက် အကြောင်းပါ ၊၊ တကယ့်အဖြစ်ပါ ၊၊ ဘာလို့ ရေးဖြစ်သွား လည်းဆိုတော့ အင်း …. သူဌေးသင်္ဘောမှောက်တာကို ငိုနေတဲ့ သူတွေ ကို သနားလို့ပါ ၊၊ သူတောင်းစား ခွက် ပျောက် တာ ပိုအရေးကြီးတယ်ထင်ပါတယ် ……. ကန့်လန့်ကျွန်တော် ကျွန်တော် ကန့်လန့် ပါ ဗျာ …

4 comments:

ကာရံဆူး said...

လောကကြီးမှာ အမှန်ပြေ အမှန်လုပ်တဲ့သူတွေက ဘုကန့် လန့်  သမားတွေလို့ အပြောခံရတတ်တယ် ကိုမင်းအိမ်ရေ...ဘာပဲဖြစ်ဖြစ် မှန်ရာပြော ဟုတ်တာလုပ်တာ ကောင်းပါသည်... အဖွားအိုလို လူမျိုးတွေ အများကြီး ရှိနေဦးမှာပါ...စာနာမှုသာ ထားနိုင်ခဲ့ရင်..အင်းးးးးး

မေဇင် said...

မှန်တာပေါ့...ရွာမှာလဲ အဲ့လို သက်ကြီးရွယ်အိုတွေ ရှိတယ်။ ဒါပေမယ့်.....ဟိုလူက ဟိုဟာလေးပေး ဒီဟာလေးကျွေး နဲ့တော့ ရှိတတ်တာပေါ့ ရွာ ဆိုတော့လေ။

သူကြီးမင်း (တုံးဖလား) said...

ကန့်လန့် မဟုတ်ပါဘူးဗျာ။ တကယ့်အတည့်ကြီးပါ။ ကြည့်တဲ့သူတွေက ကန့်လန့်ကြည့်ရင်တော့ သူတို့အမြင်မှာ ကန့်လန့်ပေါ့ဗျာ။

လူဆိုတာလဲ အတ္တနှင့်မကင်းနိုင်ကြလေတော့.. အခက်သားကလား။

ပျော်ရွှင်ပါစေဗျာ။

mae said...

မကန့်လန့်ပါဘူး၊ ဒီတခါတော့ မငြင်းနေတော့ဘူး၊ ဖတ်ပြီး ခံစားသွားတယ်၊ ကမ္ဘာတဝှမ်းမှာ ဒီလို အဖွားကြီးတွေ အများကြီးပါပဲ..

In an ideal world, I'd like to help all of them. But I can only help a handful.