Wednesday 22 July 2009

အဖြေမတူခြင်း၏ နောက်ဆက်တွဲ


ကျွန်တော် ဒီပိုစ့်လေးကို မီမီအတွက်ရယ် နောက် စာဖတ်ပြီး ခံစားပေးတဲ့သူငယ်ချင်းတွေ အတွက်ရယ် ကျွန်တော် ရဲ့ ဆိုလိုရင်းလေးလည်း မပျောက်စေချင် တာ ရယ် ကြောင့်ရေးဖြစ်ခဲ့ပါတယ် ၊၊

ကျွန်တော့်ရဲ့ ဇာတ်ကောင် မီမီဟာ တံလျပ်ကိုရေထင် ရွှေသမင် အလိုက်မှားတဲ့ မိန်းမတစ်ယောက် မဟုတ်ဘူး ဆိုတာ ကို ပထမဆုံး အသိပေးပါရစေ ၊၊ အသိဥာဏ်ရှိတဲ့ ပညာတက်မိန်းမတစ်ယောက်ပါ ၊၊ သာမာန်ယောင်္ကျား တစ်ယောက် ထက် ပိုတော် ပါတယ် ၊၊ ဘာလို့ ဒီလို ဆိုရ သလဲ ဆိုတော့ အကြောင်း ရင်းတွေ အများကြီး ရှိပါတယ် ၊၊ ကျွန်တော့်ပိုစ့် မှာလည်း ရေးခဲ့ ပါတယ် ၊၊ မီမီဟာ ခပ်ညံ့ညံ့ မိန်းမ တစ်ယောက် မဟုတ်ပါဘူးလို့ ၊၊

ကျွန်တော်နဲ့ မတွေ့ခင်တုန်းကမီမီ

မီမီ ၁၀ တန်းလောက်မှာ မီမီတို့ မိသားစု အသိုက်အမြုံလေး ရှင်ကွဲကွဲခဲ့ရပါတယ် ၊၊ ပတ်ဝန်းကျင်ရဲ့ အမျိုးမျိုး ပြောဆို နှိမ့်ချမှုအောက်မှာ မီမီဟာ ဒူးမထောက် အရှုံးမပေးပဲ အမေနဲ့ လူမမယ် မောင်ငယ် တို့ကို ဦးဆောင်ပြီး ဘ၀ကို မားမားမတ်မတ် ရင်ဆိုင်ခဲ့ပါတယ် ၊၊ နေစရာ အတွက်တောင် အတည်တကျအဆင်မပြေတဲ့ဘ၀မှာ မီမီ ရဲ့ ကြိုးစားအားထုတ်မှု ၊ နောက်ကံတရားက မျက်နှာသာပေးလေတော့ ၁၀ တန်းကလေးတွေကို စာပြတဲ့ အလုပ်က အဆင်ပြေလို့ သာမန်နေလို့ရတဲ့ တန်ဖိုးနည်းတိုက်ခန်းလေး တစ်ခုတောင် ပိုင်ဆိုင်ခဲ့ပါတယ် ၊၊ မီမီ အားတက်ခဲ့ပါတယ်၊၊ ရန်ကုန်မြေမှာ ကျောချစရာ တစ်နေရာရရင် စားစရာ ပူဖို့မလို ရှာလို့ရပြီမို့ ပိုပြီးကြိုးစား ရုန်းကန်ခဲ့ပါတယ် ၊၊ လမ်းခုလတ်က စပွန်ဆာတွေ ၊ အော်ဖာတွေကို လျစ်လျူရှုပြိး ကိုယ်လမ်းကို ကိုယ် ဆက်လျှောက်ခဲ့ပါတယ် ၊၊ ဒီလိုနဲ့ စက်မှုတကသိုလ်ကနေ မြို့ပြအင်ဂျင်နီယာ ဆိုတဲ့ သာမန်လူတွေ မရနိုင်တဲ့ အတောင်၂၀ ၀တ် မင်းယောင်္ကျားတွေ တောင် မလွယ်ကူတဲ့ ဘွဲ့တစ်ခုကို အမေတစ်ခုလပ် ၊ လူမမယ် မောင် ငယ် တို့အတွက် ရုန်းကန် ရှာဖွေရင်း ထိုက်ထိုက်တန်တန် ရခဲ့ပါတယ် ၊၊

ကျွန်တော်နဲ့ တွေ့တဲ့မီမီ

တိုက်တိုက်ဆိုင်ဆိုင် ကျွန်တော်နဲ့ တစ်နေ့တည်း အလုပ်ဝင်တဲ့ ၀န်ထမ်းအသစ်ကလည်း ကျောင်းကပဲ ဆိုတဲ့ စကား ကြားတာနဲ့တင် စိတ်ထဲမှာ အလိုလို ရင်းနှိးသွားမိတာ ကျောင်းကြီးရဲ့ ကျေးဇူးတရားပါပဲ ၊၊ တခါဘူးမှ အပြင်မှာ မမြင်ဘူးပေမယ့် တယ်လီဖုန်းပြောရင်း သူငယ်ချင်းတွေ ဖြစ်လို့ပေါ့ ၊၊ မှတ်မှတ်၇၇ ကျွန်တော့် တို့ MD ဦးနေစိုးအောင် Site Visit လာတဲ့နေ့မှာမှ တွေ့ဖူးကြပါတယ် ၊၊ ဒါပေမယ့် ပိုပြီး ရင်းနှီးဖို့အကြောင်းဖန်လာတာက ကျွန်တော် ရုံးချုပ်ကို ပြန်ဝင်ရတာနဲ့ အတူတူ အလုပ်လုပ်ခွင့်ရပါတယ် ၊၊ အင်မတန်တော်တဲ့ မိန်မဆိုတာ အလုပ် လုပ်ကြည့်ရင်းသိလာ ပါတယ် ၊၊ အင်မတန်မှ သင်ယူလိုစိတ်များသလို မခိုမကပ်လည်း အလုပ်ကြိုးစား နိုင်ပါ တယ် ၊၊ ကျွန်တော့်ကိုတောင် မှ တခါတခါ ပြိုင်ဖိုက်ချင်သေးရဲ့ ၊၊ ကျွန်တော်တို့တော်တော် ကို အတွဲညီခဲ့ပါတယ် ၊၊ ကုမ္မဏီအတွက်လည်း အလုပ်တွေ အတူတွဲပြီး တော်တော်ကို လုပ်ပေးဖြစ်ခဲ့ပါတယ် ၊၊ အဲဒီအချိန်မှာ သူက တပြိုင်နက် ထဲ MSc မဟာဘွဲ့တက်နေသလို ၊ ခလေးတွေကိုလည်း တဖက်က စာသင်နေပါသေးတယ် ၊၊ သူက ကျွန်တော့် ထက် လခနည်းတာကိုလည်း နည်းနည်းမှ မခံနိုင်တဲ့အတွက် အလုပ်ကိုလည်းအင်မတန်မှ ကြိုးစားပါတယ် ၊၊ ဒါဟာ မနာလိုတာ မဟုတ်ဘူးဆိုတာ ကျွန်တော်သိပါတယ် ၊၊ Civil Department က Director ဆိုကျွန်တော်တို့ကို အင်မတန်မှ သဘောကျပြီး အလုပ်ပြီးတဲ့အခါ သူငယ်ချင်းလိုပေါင်းဖြစ်ခဲ့ပါတယ် ၊၊ ဒါဟာ ကျွန်တော်သိတဲ့ မီမီ ပေါ့ ၊၊

အဲဒီအချိန်မှာ သူ့ရဲ့ ရည်းစားနဲ့ တရားဝင် လမ်းခွဲလိုက်ပါပြီ ၊၊လူတွေကတော့ မသိဘူးပေါ့ ၊၊ ဒါ့ကြောင့်လည်း အရေး ပေါ်လာတဲ့အခါ အခုမှ ပဲ နန္ဒကို လမ်းခွဲသလို ပြောခဲ့ကြတာပေါ့ ၊၊ အမှန်တော့ အရင်လမ်းခွဲတာပါ ၊၊ အေ ကြောင်းကလည်းရှင်းပါတယ် ၊၊ နန္ဒက လန်ဒန်ကို ခေါ်မယ် ၊၊ ဒါပေမယ့်မီမီကမလိုက်နိုင်ဘူး ၊၊လိုအပ်တဲ့သင်တန်း တွေ တက်ခိုင်းတယ် ၊၊ အင်္ဂလိပ်စာပေါ့ ၊၊ ကျွန်တော်တို့ Civil Engineer အတွက် ဘာသာစကားကောင်းဖို့ထက် AutoCad တက်ဖို့က ပိုအရေးကြီးပါတယ် ၊၊ ကျွန်တော်ကိုယ်တိုင်လည်း E ကောင်းဖို့ထက် လိုအပ်တဲ့ ဘာသာရပ် ဆိုင်ရာ သင်တန်းတွေသာ တက်နေမိပါတယ် ၊၊ ဒါကတော့ ကျွန်တော်တို့ရဲ့ ခံယူချက်နဲ့ အမြင်ပေါ့ ၊၊ အဲဒီမှာ သူတို့ နှစ်ယောက် အဆင်မပြေတော့ပါဘူး ၊၊ ဟုတ်ပါတယ် မီမီ သွားရင် ဘယ်သူ က ဒီသားအမိကို တာဝန်ယူမလဲ၊၊ နန္ဒက မီမီတစ်ယောက်ကိုသာ တာဝန်ယူနိုင်မှာပေါ့ ၊၊ ဒီအတွက်နဲ့ပဲ ညှိုနှိုင်းလို့မရတဲ့ အဆုံး သူတို့ နှစ်ယောက် ညောင်ညိုပင်စခန်းမှာ နေမညိုခင်လမ်းခွဲလိုက်ကြပါတော့တယ် ၊၊

နောက်ကုမ္မဏီက ကျွန်တော်တို့ လုပ်ဖေါ်ကိုင်ဖက်တစ်ယောက်က ကြိုးစားပါသေးတယ်၊၊ ဒါပေမယ့် အဲဒီအချိန် မှာ မီမီ တကယ်ကို လူတွေကိုစိတ်နာနေပါပြီ ၊၊ သူ့မှာ အချစ်ဆိုတာ တကယ်ကို မရှိတော့ပါဘူး ၊၊ သူဆီက စကား တွေကို ကျွန် တော် အကုန်ပြန်ကြားနေ၇တဲ့အတွက် သူ့အကြောင်းတွေကို ပိုသိနေပါတယ် ၊၊ သူ နန္ဒကို တကယ် နှစ်နှစ်ကာကာ ချစ်ခဲ့ပါတယ် ၊၊ ငယ်ချစ်ကိုး ၊၊ ဒါပေမယ့် သူ့ဘ၀က သူ့ကို အလိုမလိုက်ဘူး ၊၊ အဲဒီ အချိန်မှာ သူရဲ့ အတ္တတွေ ၊ လောဘတွေ ၊ မနာလိုမှုတွေဟာ ပိုပြီးကြီးထွားလာခဲ့ပါတယ် ၊၊ ခုနပြောတဲ့ သူက GTI ဆင်းအစ်ကိုတစ်ယောက်ပါ ၊၊ အသက်ကတော့ မတိမ်မယိမ်းပေါ့ ၊၊ ပြည့်စုံပါတယ် ၊၊ မှီခိုနိုင်တဲ့လူတစ် ယောက်ပါ ၊၊ တကယ်ချစ်တဲ့သူကို စွန့်လွှတ်လိုက်ရတဲ့ မီမီဟာ တော်တန်ရုံ လူတစ်ယောက်ကို အစားထိုးမှာ မဟုတ် တော့ပါဘူး ၊၊ ကျွန်တော်သိပါတယ် ၊၊ ထင်တဲ့အတိုင်းပါပဲ ၊၊ သူငြင်းလိုက်ပါတယ်၊၊ ကျွန်တော့်ကို မှတ်မှတ် ရရတစ်ရက်မှာ မီမီကမေးပါတယ် ၊၊ အချစ်ဆိုတာဘာလဲ ကိုမင်းအိမ်တဲ့လေ ၊၊ သူဘာခံစား နေရတယ် ဆိုတာ ကျွန်တော် နားလည် ကိုယ်ချင်းစာနိုင်ပါတယ် ၊၊ အဲဒီအချိန်တွေမှာ ကျွန်တော်သူ့ကို သူငယ်ချင်းကောင်း တစ်ယောက်အနေနဲ့ အကောင်းဆုံး ဆက်ဆံခဲ့ပါတယ် ၊၊ သူရင်ဖွင့်လာသမျှကို ကျွန်တော် လက်ခံနား ထောင်ပေး ခဲ့ပါတယ် ၊၊ မသိတဲ့သူတွေ ဆို ကျွန်တော်တို့နှစ်ယောက်ကို တောင် သမုတ်ကြသေးရဲ့ ၊၊ လူတွေကို မုန်းတီးနေတဲ့မီမီ နဲ့ မဟုတ်တာကို ပုံကြီးချဲ့တက်သူတွေကို အရွဲ့တိုက်ချင်တဲ့ ကျွန်တော်တို့အတွက် ဟာသ တစ်ပုဒ် ပါပဲ ၊၊ အဲဒီအချိန်မှာ ကျွန်တော့် ရည်းစားလည်း နိုင်ငံခြားမှာ ကျောင်းတက်နေဆဲကာလတွေပေါ့ ၊၊ ကျွန်တော်တို့မှာ သူတို့ပြောသလို ဖောက်ပြန်ဖို့ စိတ်တောင် မကူးမိကြပါဘူး ၊၊ တစ်ယောက် သောက တစ်ယောက် နားထောင်ဖြေရှင်း ပေးကြရုံမှ အပ ဘာမှမဖြစ်ကြတာ ကိုယ်တွေ ဘာသာ အသိဆုံးပါ ၊၊

တဖြည်းဖြည်းကျပ်တည်းလာတဲ့ မြန်မာနိုင်ငံနဲ့အတူ အားလုံးက နိုင်ငံခြားသွားနေကြတဲ့ အချိန်မှာ မီမီအတွက် လည်း စိတ်ကူးတစ်ခုပေါ်လာပြီး အဲဒီစိတ်ကူးကို အကောင်အထည်ဖေါ်ဖြစ်စေဖို့ မီမီရဲ့ ဘ၀ဇာတ်ခုံပေါ်ကို အလိုလို ရောက်လာခဲ့တာကတော့ ဦးမိုးမြင့်ယံ ဆိုတဲ့ ကျွန်တော်တို့ရဲ့ ကုမ္မဏီ ဒါရိုက်တာ လူပျိုကြီးပါပဲ ၊၊ ကျွန်တော် တို့ နှစ်ယောက်ရဲ့ တီးတိုးဝေဖန်စရာ ၊ တိုင်ပင်စရာ ခေါင်းစဉ်တစ်ခုအဖြစ် ဦးမိုးမြင့်ယံက ၀င်ရောက် လာခဲ့ပါတယ် ၊၊ နောက်ဆုံးမှာတော့ အလုပ်တွေ မလုပ်နိုင်တော့လောက်အောင် အမူအရာတွေ ပျက်လာတဲ့ သူဌေး အတွက် အခြားလုပ်ဖေါ်ကိုင်ဖက်တွေကပါ သတိပြုမိလာပါတော့တယ် ၊၊ အစွယ်လိုသူ မိဖုရား ၊ အသွား စေခိုင်းသူ မင်းဧကရာစ် ၊ မြှောက်ပေးသူ ကျွန်တော်မျိုး မဖြစ်အောင် တော့ ဖုံးဖုံးဖိဖိ နေထိုင်ခဲ့ရပါတယ် ၊၊ တကယ် ကို ညီမျှတဲ့ ကစားပွဲပဲ ၊၊ ဒီပွဲမှာ လောင်းကြေးထပ်တာ မလွန်ပါဘူးနော် ၊၊ မီမီလိုအပ်တာက ငွေကြေးနဲ့ ဂုဏ်သိကာ ၊ ဦးမိုးမြင့်ယံလိုအပ်တာ က မီမီ ရဲ့ ပညာအရည်အချင်းနဲ့ ငယ်ရွယ်နုပျိုမှု ၊၊ မီမီပြောတဲ့ အလဲအထပ် ပါ ၊၊ ညီမျှပါတယ်နော် ၊၊ အဲဒီအတွက် ကျွန်တော့်သူငယ်ချင်းဘက်က လိပ်ပြာလုံတဲ့အတွက် ကျွန်တော် မီမီကို လိုအပ်သလို အကြံဥာဏ်ပေး ခဲ့ပါတယ် ၊၊

ကျွန်တော် မတွေ့ဖြစ်တော့တဲ့ မီမီ

အဲဒီကာလမှာ ပဲ မရှေးမနှောင်းမှာ ကျွန်တော်လည်း အလုပ်ပြောင်းဖြစ်သွားတဲ့အတွက် မဆုံဖြစ်ကြတော့ပါဘူး ၊၊ သတင်းတွေတော့ ကြားနေရပါတယ် ၊၊ မီမီဘက်က ကြားရတဲ့ သတင်းရယ် ၊၊ တဖက်က ကျန်တဲ့ သူငယ်ချင်း တွေ ဖက်ကကြားရတဲ့ သတင်းရယ်ပေါ့ ၊၊ မကြာပါဘူး မီမီလည်း စင်ကာပူကို ကျောင်းသွားတက်တယ် ဆိုတာ ပဲ ကြားလိုက်ရပါတယ် ၊၊ နောက် သူ ဦးမိုးမြင့်ယံနဲ့ တရားဝင် လက်ထပ် လိုက်တယ် ကြားပါတယ် ၊၊ သူကျောင်းပြီး သွားပြီ လို့သိရပါတယ် ၊၊ နောက် ဦးမိုးမြင့်ယံလည်း သူရှိတဲ့ စင်ကာပူမှာပဲ ကုမ္မဏီ အလုပ်ကို ဆက်လုပ်တယ် ကြားရပါတယ် ၊၊ သူလည်း တစ်ဘ၀လုံး ရုန်းကန်ခဲ့ရပေမယ့် ခုတော့ ကံကောင်းတယ် ပြောရမှာပေါ့လေ ၊၊ ခုချိန် ထိပေါ့ ၊၊ နောက်တစ်ကြိမ် လူချင်းတွေ့ကြရင်တော့ သှူ့ရင်တွင်းက စကားတွေကို ကျွန်တော် ကြားခွင့်ရအုံးမှာပါ၊၊

ကျွန်တော်မီမီနဲ့ပါတ်သပ်ပြီးပေးချင်တဲ့ မှတ်ချက်ကတော့

မီမီဟာ သနားစရာ မိန်းမတစ်ယောက်မဟုတ်ပါဘူး

တကယ်လို့ အတုယူမယ်ဆိုရင် နမူနာယူလောက်တဲ့ မိန်းမတစ်ယောက်ပါ ၊၊ ဒါကတော့ သူငယ်ချင်းဘက်ကပေါ့ လိုက်ပြောရတာပေါ့လေ ၊၊

နောက် မီမီဟာငွေနောက်ကို လိုက်သွားတဲ့ မိန်းမ မဟုတ်ပါဘူး ၊၊ ငွေတစ်ခုတည်းသာ ကြည့်ရင် မီမီ အိမ်ထောင်ကျ ပြီး ချမ်းသာနေတာ ကြာပေါ့ ၊၊

သူ့ရဲ့ ရွေးချယ်မှုအတွက် အမှန်ကန်ဆုံး လုပ်ခဲ့တဲ့ အတွက် နောင်တလည်း ရမှာ မဟုတ်ပါဘူး ၊၊ အဲဒီအချိန်မှာ အဲဒီ အဖြေထက်မှန်ကန်တာ ဘာ မှ မရှိတော့ပါဘူး ၊၊ အဖြေတစ်ခုဟာ အချိန်တစ်ခုနဲ့လည်း တိုက်ရိုက် သက်ဆိုင် ပါတယ် ၊၊

ကျွန်တော် သူ့အတွက် စိတ်မကောင်းတာလေးတစ်ခုပဲ ၊ ဘာလဲဆိုတော့

သူ့လို တကယ်တော်တဲ့ ၊ ကြိုးစားအားထုတ်တဲ့ ၊ မိသားစုအပေါ် အရမ်းကောင်းတဲ့ မိန်မတစ်ယောက်ဟာ တစ်ဘ၀လုံး ၊ ရုန်းကန်လာပြီးတဲ့နောက်မှာ သူရလာတဲ့ ရလဒ်က ပြည့်စုံခြင်းဖြစ်မယ်ဆိုရင်တောင် ၊ သူ့မှာ နှလုံး သား ဆိုတာ မရှိတော့ဘူး ၊၊ သူလည်း၇ီနေပေမယ့် မပျော်တော့ဘူး ၊၊ သူကိုယ်တိုင်လည်း ကျွန်တော့်ကို အဲဒီလိုပြောပြီး ရွေးချယ်သွားတဲ့ လမ်းခရီး ၊ ဘ၀လမ်းကြောင်းဖြစ်တဲ့အတွက် သူ့အတွက် မတရားတဲ့ ကံတ၇ား ကိုပဲ အပြစ်မြင်မိတယ် ၊၊ ဒါလေးပါပဲ ၊၊ တကယ်ကို ဒါလေးပါပဲ ၊၊ တကယ်လို့သာ ဆုတောင်းပေးလို့ ရရင် နောင် ဘ၀တွေ မှာ ဒီလိုဘ၀မျိုး မကြုံတွေ့ပါစေနဲ့တော့ ၊ နှလုံးသားပါတဲ့ နှစ်နှစ်ကာကာ ပျော်ရွှင်ရတဲ့ ဘ၀တစ်ခုကိုသာ တည်ဆောက်နိုင်ပါစေလို့ ဆု တောင်းပေးနေမိမှာပါ ၊၊

ဆန္ဒ နဲ့ ဘ၀တစ်ထပ်တည်းကျကြပါစေ ၊၊

မင်းအိမ်ဖြူ

12 comments:

kyalkalay said...

စာလာဖတ်တယ်ဗျို.

11111111111111111

မင်းအိမ်ဖြူ said...

စာလာဖတ်တာကျေးဇူးတင်ပါတယ်

ကျွန်တော့်ဆီမှာ ၁ ဦးဖို့ မလိုပါဘူးဗျ နောက်ရက်မှ လာလည်း တစ်ရနိုင်တယ် ဟာဟ

ဘယ်သူမှ မရှိပါဘူး

နဒီမိုးညို said...

မီမီ..ပျော်ရွှင်တဲ့ဘဝလေး.ကို.
ပိုင်ဆိုင်ပါစေလို့ ..ဆုတောင်းပေးပါတယ်

Yu Ya said...

ဟူး...တော်သေးတာပေါ့ကိုမင်းအိမ်ရယ်... ငွေနောက်လိုက်တယ်ဆိုတဲ့ အမြင်လွဲမှုတွေ၊ အထင်လွဲမှုတွေကို ဒီပို့စ်လေးက ဖယ်ရှားပေးလိုက်နိုင်တာကို ကျေးဇူးတင်ပါတယ်ဗျာ...။

yu ya

မေဇင် said...

နောင့် ကတော့ မီမီ့ ကိုထောက်ခံတယ်.... သူမိသားစု အတွက် အကောင်းဆုံးကို လုပ်သွားနိုင်တာပဲ။ ဒါပေမယ့်...ပထမ အချက်... သူ ဦးမိုးမြင့်ယံနဲ့လက်ထပ်ပြီးတာတောင် စင်္ကာပူလိုက်နေသေးတာပဲ... ဘာလို့ နဒ္ဒနဲ့ လက်ထပ်ပြီး လန်ဒန်မလိုက်တာလဲ.... မိသားစုနဲ့ ခွှဲနေရမှာချင်းတူတူလေ.... လန်ဒန် ကထောက်ပံ့တာနဲ့ စင်္ကာပူက ထောက်ပံ့တာ တူတူပါပဲ....။ ဒါပေမယ့် လန်ဒန် မှာ နေပြီး ထောက်ပံ့လို့မရဘူး ဆိုရင်တော့ (ဦးမိုးမြင့်ယံက ပိုချမ်းသာ) လို့လဲ ဖြစ်ကောင်းဖြစ်မှာပေါ့..။

mae said...

အရင်တစ်ပုဒ်လဲ ဖတ်ပါတယ်.. မရေးဖြစ်ခဲ့ဘူး

ကျမကတော့ လူတွေ တော်တော်များများက ကိုယ့်အကြောင်းကိုယ်စီနဲ့လို့ပဲ ယူဆတယ်၊ အဲ့ဒါကြောင့် ဘာမှ ဝင်မရေးခဲ့တာပါ၊

မီမီ မှားတယ်လို့ မမြင်ပါဘူး၊ မှန်လားဆိုတာတော့ ... တစ်ယောက်ချင်းမှ မတူတာနော်၊ သူလိုချင်တာကို သူရွေးခွင့်ရခဲ့ရင် သူ့အတွက် လမ်းမှန်လို့ပဲ ပြောရမှာပေါ့၊

သူ စိတ်ချမ်းသာပါစေလို့ ဆုတောင်းပါတယ်

mmtn (kalay) said...

ကိုမင်းအိမ်ဖြူ ရေ ပထမပို့စ်မှာ တံလျှပ်ကို ရေထင်မိတယ် ဆိုပြီး သုံးလိုက်မိတာ တကယ်တော့ မီမီ ကို အပြစ်တင်တဲ့ သဘောမျိုးနဲ့ သုံးချင်တာ မဟုတ်ပါဘူး။ အသုံး မတတ်လို့ ကိုမင်းအိမ်ဖြူ ရဲ့ ရည်ရွယ်ချက် နဲ့ ကွာသွားပုံပဲ။ ကျွန်မ အနေနဲ့ မီမီလုပ်တာ မှားတယ် မှန်တယ်လို့ ပထမပို့စ် ကတည်းက မတွေးမိပါဘူး။ လူတွေ ဟာ ဖြစ်လာတဲ့ အခြေအနေနဲ့ လိုက်လျော်ညီထွေ အောင် နေပြီး ကိုယ့်ကိုကိုယ် အကောင်းဆုံး ဖြစ်အောင်တော့ အတတ်နိုင်ဆုံး လုပ်နေကြတာပါပဲ။ ကိုမင်းအိမ်ဖြူရဲ့ ဆိုလိုရင်းလေးကို ဖျက်ဆီးမိသလို ဖြစ်သွားလို့ စိတ်မကောင်းပါဘူး။

မယ့်ကိုး said...

အစတည်းက သူ့ ရွေးချယ်မှုကို အထင်မမှားခဲ့လည်း အခုလို ဖတ်ရတော့လည်း စိတ်မကောင်းဘူး။

Lucifer said...

သူ့ဘဝလေးက ဗေဒါပန်းလေးလိုပေါ့..
"ညိုပြာပြာ လတာပြင့် ခြေရင်း။
လှိုင်းတက်ရ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။"
နောက်ဆုံးမှာတော့ မဗေဒါက အပြုံးမပျက်ပန်းပန်လျှက်ပါ.

မင်းအိမ်ဖြူ said...

လာရောက်ဖတ်ရှုပေးသူအားလုံးကို ကျေးဇူးအထူး တင်ပါတယ် ၊၊
ကျွန်တော့်အနေနဲ့လည်း မှားတယ်မှန်တယ်၇ယ်လို့ ဘယ်လို မှတ်ချက်မျိုးမှ မပေးချင်ပါဘူး
ဒါ့ကြောင့်လည်း ကံတရားကိုပဲ အပြစ်ဆိုမိပါတယ်

နောက်အထူးအနေနဲ့ မေးခွန်းလေးထပ်ထွက်လာတဲ့ မမေဇင်အတွက် ကျေးဇူးပြုပြီး သေချာစွာပြန်ဖတ်ပေး ပါလို့ပဲ ဆိုပါရစေ ၊၊ နန္ဒတာဝန်ယူနိုင်တာက မီမီတစ် ယောက်တည်းပါ ၊၊ ဦးမိုးမြင့်ယံကတော့ မြန်မာပြည် မှာတည်းက တစ်မိသားစုလုံးကိုတာဝန်ယူနိုင်သလို မီမီ ဆန္ဒတွေကိုလည်း လိုက်လျောဖြည့်ဆည်းပေးနိုင်လို့ပါ ငွေကြောင့်လည်းမဟုတ်ပါဘူး ၊ အကြင်နာတရားလည်း ပါပါတယ် ၊၊ လူကြီးလည်းဆန်တာကိုး ၊၊

၇ွှင်လန်းချမ်းမြေ့ကြပါစေ
မင်းအိမ်ဖြူ

Unknown said...

Hi Bro!!
i don't know what to say!!!
but i sure one thing!!
she is very clever!!!

twz said...

Hi,
i dont wanna say she s wrong but money cant create everything ...especially ...u cant buy true love with moeny.That s what i believe but ko min ein u can write very well.Its very impressive..wanna read more..
thanks,
twz