Friday 9 October 2009

အရိပ်စစ်

အော် နှစ်ပေါင်းနှစ်ဆယ်တောင် ကျော်ပြီတဲ့လား ၊၊ အချိန်တွေ အကုန်မြန်လိုက်တာနော် ၊၊ ဘယ်တုန်းကမှ စိတ်ကူး မယဉ်ဖူးတဲ့ တစ်ယောက်တည်း ဘ၀နဲ့ ဖြတ်သန်းလာခဲ့တာ နှစ်ပေါင်း ၂၀ ကျော်ပြီတဲ့လား ၊၊


အားလုံးကို မေ့ပစ်ဖို့ကြိုးစားရင်း ၊ မေ့နိုင်ဖို့ကြိုးစားရင်း တစ်ယောက်တည်း နေသားကျနေတက်အောင် လေ့ကျင့် နေထိုင်ရင်း ဘ၀ကို ဖြတ်သန်းခဲ့တာ နွေမိုး တွေ အလီလီပြောင်း ခဲ့ပြီကော ၊၊ ဘာမှ မကြာသေးပါလား လို့ဘာသာ ထင်မှတ်မိပေမယ့် ဒီနေ့မနက် ရုံးခန်းကိုရောက်မှပဲ အတိတ်မှုန်ဝါးဝါးကို ပြန်သတိရမိပါစေပါတယ် ၊၊ အတွင်းရေးမှုးမလေး တင်ထားပေးတဲ့ ကိုယ့် အလုပ်စားပွဲပေါ်က ဖိတ်စာလေးတစ်စောင် ၊ နောက် Starbuck ကော်ဖီတစ်ခွက်နဲ့ ကိတ်မုန့် လေးတစ်ခုကို စားရင်း မှန်ချပ်ကိုလာမှန်နေတဲ့ မိုးစက်တွေကို ငေးကြည့်နေမိတယ် ၊၊ “ စပါယ်ဖြူ ဒီနေ့ မနက် လုပ်စရာတွေ အားလုံးကို Postpone လုပ်လိုက်တော့ ၊ ဦး ဒီနေ့ မနက် ဘယ်သူနဲ့မှ မတွေ့ချင်ဘူး ၊ ” ဆိုတဲ့ ကျွန်တော့် စကားကို နားလည်မှုအပြည့်နဲ့ နာခံလေတဲ့ အတွင်းရေးမှူးမလေးကို ကျေးဇူးတင်မိပါတယ် ၊၊ တကယ်ကို တခါတလေ ဘယ်သူနဲ့မှ စကားမပြောချင် ဖြစ်မိတဲ့အခါ ဒီလိုပဲ အထူးသဖြင့်တော့ အခုလို မိုးတွေ မိုးစက်တွေကို မြင်မိတဲ့အခါ မှာတော့ ကိုယ့်ရဲ့ ကမ္ဘာ ရုံး ခန်း လေးထဲမှာ တိတ်တိတ် ဆိတ်ဆိတ် လေး ထိုင်နေမိတက်တယ် ၊၊


လေးဆယ်ကျော် ငါးနှစ်ပိုင်းရုံမက ငါးဆယ်နားနီးနေတဲ့ လူတစ်ယောက်ကို အိမ်ထောင်ပြုဖို့တိုက်တွန်း နေဆဲဖြစ်တဲ့ မောင်နှမတွေလည်း အခုတော့ သိပ်မပြောကြတော့ ၊၊ အော် တူတွေ တူမတွေတောင်မှ သူတို့ အိမ် ထောင်တွေ နဲ့သူတို့ ဖြစ်နေကြပြီပဲ ၊၊ အခုတော့ ဥိးလေး ဆိုတာထက် ဘကြီးတောင် ဖြစ်နေပြီပေါ့ ၊၊သူတို့လည်း အခုတော့ ထပ်ပြီးမတိုက်တွန်းကြတော့ ၊၊ ဒါလည်းကောင်းတာပါပဲလေ ၊၊ ကိုယ်လည်း နားအေးသလို သူတို့ ပြောရသက်သာတာပါပဲ ၊၊ အော် ဒါမျိုးကလည်း ခက်သားလား ၊၊ တိုက်တွန်းလို့မရသလို ၊ ဖျက်ဆီးလို့လည်း မရတာမျိုး ဆိုတော့လေ ၊၊ တခါတခါတော့ သိုက်သိုက်ဝန်းဝန်း မိသားစုတွေ မြင်ရတဲ့အခါ စိတ်ထဲမှာတော့ အရင်း တိုင်း ပြောရရင်တော့ လိုချင်မိသားလား ၊၊ သို့သော် သို့သော် ……..


အော် မယ်မဒီ ကမွေးတဲ့ သမီးလေးတောင်မှ အသက် ၂၀ ပြည့်ပြီတဲ့လေ ၊၊ မွေးနေ့ဖိတ်စာ မွှေးမွှေးလေးကို ကြည့်ရင်း ဟိုးအတိတ် အနှစ် ၂၀ ကျော် ကာလလေးကို ပြန်ပြီး သတိရနေမိတယ် ၊၊ သမီးလေး သွယ်မဒီ ကရော သူ့အမေလိုပဲ လား ၊၊ အော် မတွေ့ဖြစ်တဲ့ကာလတွေ မှာ အရင်လို စွဲမက်စရာကောင်းနေတုန်းပဲ လား မဒီ ၊၊ သမီးလေးကရော အမေတူလား ၊ အဖေတူလား ၊၊ အော် အဖေတူဆိုရင်တောင်မှ ကိုယ်မှ ကောင်းကောင်း မမြင်ဖူးခဲ့တဲ့ သူ့အဖေကို ကိုယ်ဘယ်သိပါ့မလဲ ၊၊ တစ်ကျောင်းတည်း ဆင်းတွေ ဆိုပေမယ့် ကိုယ် မဒီ့အမျိုးသား ကို သေချာ မမြင်ဖူးခဲ့ ၊၊ ကိုယ့်ထက်တော်တယ်လို့တော့ မဒီက ပြောခဲ့ဖူးတာပဲလေ ၊၊ ဟုတ်ပါတယ်လေ ၊၊ ကိုယ်ထက် တော်ပါတယ် ၊၊ ကိုယ့်ထက်လည်း မဒီအပေါ်ချစ်တက်သလို ကိုယ်ထက်လည်း လူကြီးလူကောင်း ပီသပါသတဲ့လေ ၊၊ အင်းဟုတ်မှာပါ ၊၊ ဒါ့ကြောင့်လည်း မယ်မဒီတစ်ယောက် ဘ၀လက်တွဲဖေါ်အဖြစ် ရွေးချယ်ခဲ့ တာပေါ့ ၊၊ ရွေးချယ်ခဲ့တာ မဟုတ်ပါဘူးလေ လက်တွဲဖေါ်အဖြစ်လက်ခံခဲ့တာပေါ့ ၊၊

နင်နဲ့တော့ တခြားစီပဲ ဆိုတဲ့ သူငယ်ချင်းတွေ ရဲ့ စကားလုံးတွေ အောက်မှာ ကိုယ့်ကိုကိုယ် ကျမပျောက်အောင် မနည်းကို ရပ်တည်ခဲ့ရပါတယ် ၊၊ အော်အဲဒီကာလတွေတုန်းက အင်မတန်မှ ၀င်ငွေကောင်းသလို မယ်မဒီကို အင်မတန်မှ ချစ်ခဲ့တယ် ဆိုတဲ့ စကားလုံးတွေကြားတော့ ၀မ်းသာမိတာ အမှန်ပါ ၊၊ ကိုယ်ဆီက မယ်မဒီမရ ခဲ့တာ တွေကို ပေးခဲ့တဲ့ မောငိသီလွန်းကို လည်း ကျေးဇူးတင်မိပါတယ် ၊၊ သို့သော် တိတ်တိတ်လေးပေါ့ ၊၊ ကိုယ့်ဖက်က ရပ်တည်ပေးခဲ့ကြတဲ့ သူငယ်ချင်းတွေကိုတောင် ကိုယ်တိုင် နားချခဲ့ပါတယ် ၊၊ တက်နိုင်သမျှ ကိုယ့်အတွက် နောက်တစ် ကြိမ် ခဲမမှန်ဖို့ ကာကွယ်ပေးခဲ့ပါတယ် ၊၊ မောင်သီလွန်းတစ်ယောက် အမြင်မမှားရလေအောင် ၊ သံသယတောင် မ၀င်မိစေအောင် ထိန်းသိမ်းခဲ့ပါတယ် ၊၊ သူ့အတွက် ဘာမှ မဆောင်ကြဉ်းပေးနိုင်ခဲ့တဲ့ ကိုယ်အတွက်တော့ ဒါလေးတွေကို သူ့အတွက် ဆင်ခြင်ပေးရမှာပေါ့လေ ၊၊

အောင်မြင်တဲ့ အိမ်ထောင် စုလေးတစ်ခုကို တည်ဆောက်သွားနိုင်တဲ့ မယ်မဒီကို တကယ်ကို ချီးကျူးမိပါတယ်၊၊ ကိုယ်ကတော့ ခုချိန်ထိ နားခိုစရာ ကိုင်းမရှိတဲ့ ငှက်တစ်ကောင်လို လွင့်မျောနေဆဲ ၊၊ ဒီအသက်အရွယ်ရောက်မှ လည်း ကိုင်းတစ်ခုလည်း မရှာလိုတော့ ၊၊ ပန်းတစ်ပွင့်လည်း မရှာလိုတော့ ပြီ ၊၊ အော် ဒီလိုနဲ့ မကြာတော့ တဲ့ကာလေးတစ်ခု ဖြတ်သန်း ပြီးတဲ့အခါမှာတော့ ကိုယ်လည်း နားခိုစရာလေးတစ်ခုတော့ ရှာရမှာပေါ့လေ ၊၊ ဒါပေမယ့် အဲဒီနေရာလေးက ဘယ်နေရာလေးများ ဖြစ်လေမလဲနော် ……

“ စံပါယ်ဖြူ ကျွန်တော့်အတွက် နေ့လည်ပိုင်း အစီအစဉ်တွေ အားလုံးလည်း ဖျက်လိုက်ပါတော့ ၊ နောက် ရှေ့နေကြီး ဥိးမင်းဒင် ကို တွေ့ဖို့ စီစဉ်ပေးပါ ၊ နောက် မောင်တိုးကိုလည်း ခရီးထွက်ဖို့ ကားစီစဉ် ထားလိုက်ပါလို့ပြောလိုက်ပါ ၊ နောက်တစ်ခုက ဒီည Company က၀န်ထမ်းအားလုံးကို ဟော်တယ်တစ်ခုမှာ ဒင်နာစီစဉ်ပေးပါ ၊ HR အဖွဲ့ကိုပြောလိုက်ပါ ၀န်ထမ်းအားလုံးအတွက် ငွေသွားထုတ်ထားပါလို့ ငွေသားနဲ့ ချီးမြှင့်ချင်ပါတယ်လို့ ဟုတ်ပြီနော် ”

ကျွန်တော်မှာသမျှကို လိုက်မှတ်နေတဲ့ အတွင်းရေးမှူးမလေးကို မှာစရာရှိတာတွေ မှာကြားပြီး မကျန်တော့တဲ့ အချိန်တိုလေးအတွင်းမှာ ကျွန်တော့်ရဲ့ နောက်ဆုံး အချိန်လေးကို တိတ်တိတ်ဆိတ်ဆိတ်လေးပဲ ကျော်ဖြတ် ချင်ပါတော့တယ် ၊၊ ကိုယ်အနှစ်နှစ် အလလ ကြိုးစားတည်ဆောက်ခဲ့ရတဲ့ ဘ၀ကို နောက်ဆုံး နှုတ်ဆက်ရပြီပေါ့ ၊၊ ၅၅ ထပ် ရှိတဲ့ကိုယ့် ရဲ့ ရုံး ကို အထပ်စေ့အောင် လိုက်မကြည့်နိုင်ပေမယ့် နောက်ဆုံးအနေနဲ့တော့ တစ်ပတ် လောက်တော့ ပတ်ကြည့်လိုက်ချင်မိရဲ့ ၊၊ အော် ဒီ အဆောက်အအုံကြီးဆောက်တော့ သူငယ်ချင်းတွေက ဘာလို့ ၅၅ ထပ်ဆောက်တာလဲဆိုတဲ့ မေးခွန်းတွေ မေးကြသေးရဲ့ ၊၊ ဒါဟာကိုယ်တို့ နှစ်ယောက်သာ သိတဲ့ ငါး ငါး ပေါ့ ၊၊ အင်း အခုတော့လည်း အားလုံးကို စိတ်ထဲမှာ မေ့နိုင်ခဲ့ပါပြီလေ ၊၊ ဒီဘ၀ ဒီမျှသာပေါ့လေ ၊၊ နောက်ဘ၀ဘ၀ တွေ သာရှိခဲ့သေးရင်တော့ တစ်ယောက်တည်းဘ၀ကို ဖြတ်သန်းရတာမျိုး မဖြစ်ပါစေနဲ့တော့လား ၊၊ အထီးကျန် ဖြတ်သန်း ရတဲ့ ဘ၀ကို ခါးသည်းလှပါပြီ ၊၊ အင်းရှေ့ဆက်လို့လည်း အသက်ရှူနေသမျှတော့ တစ်ယောက်တည်း ပေါ့ ၊၊ သို့သော် ဘာသံယောဇဉ် မှထားဖို့ မသင့်တော်တော့တဲ့ ဘုရားရိပ်မှာ တရားရိပ်မှာပဲ ဘ၀ကို အေးချမ်းစွာ ဖြတ်သန်းဖြစ်ပါတော့မယ်လေ ၊၊ ဒါဟာ သံသရာအတွက် အကောင်းဆုံးပေါ့ ၊၊

မေတ္တာရင်းဖြင့်
မင်းအိမ်ဖြူ

6 comments:

ကာရံဆူး said...

ဟုတ်တယ်နော် ကိုမင်းအိမ်..ဘုရားရိပ် တရားရိပ်သာ အေးငြိမ်းရာ အစစ်ပါပဲ..စာလေး ကောင်းပါတယ်..

မဆုမွန် said...

ကိုယ့်ကိုကိုယ်လည်း တစ်ခါတစ်လေ ဘ၀ကို ဘယ်လိုအဆုံးသတ်မလဲဆိုတာ တွေးမိတယ်.. ပို့စ်လေးကို ဖတ်ပြီး စဉ်းစားစရာလေးတွေ ပါသွားတယ်...

မယ့်ကိုး said...

ရှေ့ရေးမျှော်တွေးကာ ရေးထားတဲ့စာလေးပေါ့ ....
အဲဒီလို အေးအေးချမ်းချမ်းဖြတ်သန်းနိုင်ခွင့် ရချင်တယ်။

ဝက်ဝံလေး said...

လူကြီးရယ် မသိပါဘူး စ ဖတ်တော့ သူ့အကြောင်းများ ရေးထားသလားလို့ပေါ့ ဟွင်းးးး
ဧကန္တ လူကြီး တယောက်တည်း အထီးကျန်ဖြစ်နေတယ်နဲ့ တူတယ် စာကိုဖတ်ရတာ မိသားစုလေးတွေ ကလေးတွေကို မြင်ရင် ဘာကိုမှန်းမသိ စိတ်ထဲမှာ ဖြစ်သလား အဲဒါ ပျော်ရွှင်တဲ့ မိသားစု ဘဝလေးးကို တောင့်တ နေတာ လူကြီးရဲ့ ဘာလို့ ဝံလေး ဒီလိုပြောသွားလဲ ဆိုရင် ဝံလေး လဲ ကလေးလေးတွေ မိသားစုလေးတွေကို တွေ့ရင် ရင်ထဲမှာ တမျိုးလေးးပဲ ခံစားရတယ် ဘာလဲတော့မသိဘူး ဒါကြောင့် မေးကြည့်တာပါ လူကြီးရေ ကြိုးစား ကြိုးစား နောက်ကြီးလာရင် တယောက်တည်းက မကောင်းဘူး ဆေးပေးမီးယူ လေးနဲ့မှကောင်းတာ သိလား ဟီးးးးးးးး ဆရာလုပ်သွားတယ်နော် ဘိုင် တာ့တာ

လသာည said...

“ဘုရားရိပ်မှာ တရားရိပ်မှာပဲ ဘ၀ကို အေးချမ်းစွာ ဖြတ်သန်းဖြစ်ပါတော့မယ်လေ ၊၊”

တရားရိပ်ခိုမယ်ဆိုတာ ဘုန်းကြီးဝတ်မယ်လို့ ပြောချင်တာလား ဘုန်းကြီးဝတ်ရင် ဘယ်မှာဝတ်မှာလဲ။ စလုံးမှာလား မြန်မာပြည်လား။ သင်္ကန်းလှူရအောင်လို့လေ :P ...

နောက်တာနော်.. ၀တ္တူလေး ဖတ်ကောင်းတယ်

သူကြီးမင်း (တုံးဖလား) said...

တကယ်ဘဲ တရားရိပ်ခိုတော့မှာလား။
ဟဲ ဟဲ။