Friday 16 October 2009

ဆက်သွယ်ရာမှာ

လူတွေ တစ်ယောက်နဲ့ တစ်ယောက် ဆက်ဆံ ကြတဲ့အခါ မရှိမဖြစ် လိုအပ်တာက နှစ်ဦးနှစ်ဖက် နားလည်တဲ့ ဆက်သွယ်မှုစနစ်တစ်ခု ၊၊ တနည်းအားဖြင့် ဘာသာစကား ၊၊ ပြောမယ် ၊ နားထောင်မယ် ၊ နောက်ရေးသားဆက်သွယ်မယ် ၊ သူရေးသားထားတာကို ဖတ်ပြီး အဓိပါယ်ဖေါ်မယ် ဆိုတဲ့ ကျွန်တော်တို့ အတွက် အင်မတန်အရေးပါတဲ့ ဆက်သွယ် ရေးစနစ်မှာ တစ်ဦးနားလည်တဲ့ ဘာသာစကားကို အခြားသူတစ်ဦးနားလည်ဖို့ အရေးကြီးပါတယ် ၊၊

ဟိုးတစ်နေ့က ကြုံတွေ့ခဲ့ရတာလေး တစ်ခုကို တင်ပြပါရစေ ၊၊ မှတ်မှတ်ရရ လွန်ခဲ့တဲ့အပတ် သောကြာနေ့ ညနေကပါ ၊၊ ကျွန်တော်ရုံးက အပြန်မှာ ရုံးဖုံးနံပါတ် တစ်ခုနဲ့ ဖုန်းဝင်လာပါတယ် ၊၊ ရုံးချိန်ပြင်ပဆိုရင် သူငယ်ချင်းတွေပဲ ခေါ်တော့တာ မို့ ဘယ်သူများလည်းပေါ့ ၊၊ ဟိုးအရင် ကုမဏီက တရုတ်တစ်ယောက်ပါ ၊၊ ပြည်မကြီးက လာတဲ့တရုတ် သူငယ်ချင်း ၊၊ အရင် တုန်းက လုပ်ဖေါ်ကိုင်ဖက်တစ်ယောက်ပေါ့ ၊၊ ကိုယ်ဆီမှာ သူ့ဖုန်းနံပါတ်တောင်မှ မရှိတော့ပါဘူး ၊၊ ဒီလိုနဲ့ ပြောကြတာပေါ့ ၊၊ သူက How R U ? ဆိုတော့ ကိုယ်ကလည်း Ni Hou ? ပေါ့ ၊၊ ပထမပိုင်းတော့ အဆင်ပြေပါတယ် ၊၊ သူကလည်း ကိုယ့်ကို ဖုန်းဆက်မယ်ဆိုတော့ ကိုယ့်ကိုပြောမယ့် စကားနဲ့ ကိုယ်ပြန်မေးရင် ဖြေမယ့် စကားကိုတော့ နည်းနည်းစဉ်းစားထားတော့ အဆင်ပြေပါတယ် ၊၊ နောက်ပြောရင်းပြောရင်း ကြာလာတဲ့အခါ ကျွန်တော်လည်း သူပြောတာ နားမလည်တော့ပါဘူး ၊၊ သူလည်းကိုယ်ပြောတာ နားမလည်တော့ပါဘူး ၊၊ နှစ်ဦးစလုံး စိမ်းတဲ့ လူမျိုးနာမည်တွေ မေးကြပြောကြတာ ပိုဆိုးလာပါတော့တယ် ၊၊ ဘယ်လိုမှ အဆင်မပြေတဲ့အခါ ကိုယ့်ဖက်ကလည်း သူဘာများ ပြောချင်အုံးမလဲပေါ့ ဟဲလို ဟဲလိုတွေ များလာပါတယ် ၊၊ သူကလည်း ဘာပြောရမှန်း မသိတော့ဘူး ပေါ့ ၊၊ ကံကောင်းတယ်ပဲပြောရမယ် သူ့ဖက်က တယ်လီဖုန်းမြည်လာပါတယ် ၊၊ အဲဒီတော့မှသူကလည်း My Phone is calling ဆိုပြီးပြောပါတယ် ၊၊ ကျွန်တော်ကလည်း Ok Ok ပေါ့ ၊၊ နောက်မှ တွေ့ကြတာပေါ့ ဘာညာဘာညာ ပေါ့ ၊၊

ပြန်စဉ်းစားကြည့်ပါတယ် ၊၊ သူကသတိရလို့ ခေါ်တယ် ၊၊ စကားတွေ ပြောချင်တယ် ၊၊ ကိုယ့်အလုပ်အကြောင်းတွေ မေးချင်တယ် ၊၊ နောက်ဆုံး ကိုယ် ဘာတွေ လုပ်နေရလဲ ဘာညာသိချင်လို့ မေးတယ် ၊၊ ဒီလိုပဲ ကိုယ်ကလည်း မေးချင်တာ တွေရှိတယ် ၊၊ ဒီက Local အန်ကယ်ကြီး တွေလည်း တခါတလေ ဖုန်းလှမ်းခေါ်ပါတယ် ၊၊ ဘာတွေ လုပ်နေ လဲ အဆင်ပြေလား ဘာညာသာ၇ကာပေါ့ ၊၊ အဆင်ပြေပါတယ် ၊၊ ဒီလိုပဲ အလုပ်အကြောင်းမေးကြဘာညာပေါ့ ၊၊ အခုသူလည်း ဒီလိုပဲ လှမ်းဆက်တာပါ ၊၊ သို့သော် ကျွန်တော်တို့ လိုရင်းမရောက်ကြပဲ စိတ်ကသိကအောက်နဲ့ တစ်ခန်း ရပ်လိုက်ရပါတယ် ၊၊ ဘယ်လိုပြောရမှန်းတောင်မသိတော့ပါဘူး ၊၊ အဲဒီတရုတ်နဲ့က ရွယ်တူပါပဲ ၊၊ အလုပ်လုပ်စဉ်ကတည်းက စကားပြန်ပါမှ ပြောလို့ရတယ် ၊၊ ကျွန်တော်က သူ့ကိုပြောဖူးပါတယ် ဒီလိုပဲ လေ့ကျင့်ပြောရ အောင်ပေါ့ ၊၊ သူက ပြန်ပြောပါတယ် ၊၊ အင်္ဂလိပ်စာတက်မှ ဒီအလုပ်လုပ်ရမယ်ဆို လုပ်မစားဖူးတဲ့ ၊၊ စင်ကာပူ တစ်နိုင်ငံလုံး တရုတ်လို ပြောလို့ရတယ်တဲ့ ဗျာ ၊၊ အင်း ကျွန်တော်လည်း ဘာမှ မပြောတော့ပါဘူး ၊၊ ကိုယ်တရုတ်စာ မသင်ခဲ့မိတာပဲ ကိုယ့်ကိုကိုယ် အားမရဖြစ်မိတယ် ၊၊ တကယ်ပါ ၊၊

ဒီလိုနဲ့ ညနေဖက် ရေကူးကန်ရောက်တော့ ကျွန်တော်တို့ နားကို တရုတ်တစ်ယောက် ရောက်လာပြီး ကျွန်တော့် သူငယ်ချင်းကို လိပ်ပြာကူး ပြပေးဖို့ပြောပါလေရော၊၊ တရုတ်ဆိုတော့ သိတဲ့အတိုင်း သူလည်းပြောပေါ့ ၊၊ ဒါပေမယ့် အဆင်ပြေပါတယ် ၊၊ လူချင်းမျက်နှာချင်းဆိုင်ပြောတဲ့အခါ သိပ် မခဲယဉ်းပါဘူး ၊၊ နောက်ပြီးသွားတော့ တစ်ယောက် အကြောင်းတစ်ယောက်မေးတော့ ကျွန်တော့်သူငယ်ချင်းက တရုတ်လိုပြောတက်တော့ ပိုပြီးအဆင်ပြေသွားပါတယ် ၊၊ သူငယ်ချင်းတွေတောင်ဖြစ်ပြီး နာမည်တွေ မေးကြ ပြောကြ ရန် ကွမ်းတို့ မြန်တျန့်တို့နဲ့ အဆင်ကိုပြေလို့ပါ ၊၊

ကျွန်တော် ခံစားရတာလေးက အရင်တုန်းက သူငယ်ချင်းလုပ်ဖေါ်ကိုင်ဖက်ချင်း သတိရလို့ ဖုန်းလှမ်းခေါ်ပေမယ့် စကားပြောရတာ အဆင်မပြေတော့ နောက်တစ်ကြိမ် ထပ်ခေါ်ဖြစ်ကြဖို့ဆိုတာ မသေချာတော့ဘူး ၊၊ မိတ်ပျက်ရမယ့် သဘော ၊၊၊ ကျွန်တော့်သူငယ်ချင်းက သူတို့ဘာသာစကားကို နားလည်တော့ သူငယ်ချင်းတစ်ယောက်တောင် မှ ရလိုက်ရဲ့ ၊၊ ဒီလိုပါပဲ ၊၊ ကိုယ်တက်တဲ့တဲ့ ပညာရပ်တစ်ခုဟာ တစ်နေရာရာ တစ်ချိန်ချိန်မှာတော့ အသုံးဝင်တယ် ဆိုတာ လေး တွေးလိုက်မိပါတယ် ၊၊ ကျွန်တော်လည်း အင်မတန်မှ သင်ယူဖို့ ပျင်းခဲ့မိတယ် ၊၊ မလိုဘူးလို့လည်း ထင်ခဲ့ မိပါတယ် ၊၊ တကယ်တော့ ကျွန်တော့်တို့ ဒေါ်ဝါ၀ါမှာ တူတူ ၄ ၊ ၅ ရက် သင်တန်း အတူတက်ခဲ့ဖူးပါတယ် ၊၊ သူအလုပ်က ရန်ကုန်ဖြစ်ပြီး ၊ ကျွန်တော်က နယ်ပြောင်းရတော့ သင်တန်းနဲ့ အဆက်ပြတ်သွားရာကနေ အခုတော့ လုံးဝကို မတက်တော့တာပါ ၊၊ နောက် သူလုပ်ရတဲ့ အလုပ်ကလည်း လိုအပ်သလို ကျွန်တော့်အတွက်ကလည်း မလိုအပ် ခဲ့လေတော့ ကြိုးစားအားထုတ်ဖို့ မေ့လျော့ခဲ့ပါတယ် ၊၊ ခုများမှသာ ဒီလိုအတွေးလေး ၀င်လာခဲ့ပါတယ်၊၊ အင်း နောက်ပိုင်းတရုတ်ကြီး သာ ပိုပြီး ချမ်းသာလာရင် ကျွန်တော်တို့ တရုတ်ပြည် မပြောင်းရဘူးလို့ ဘယ်သူပြောမလဲနော် ၊၊

ပျော်ရွှင်ပါစေ
မင်းအိမ်ဖြူ

6 comments:

mae said...

အင်းး.. စကားနားလည်လဲ တခါတလေ စကားရှာမရတာမျိုးရှိတတ်ပါတယ်၊ (ထုံးစံအတိုင်း ကန့်လန့်တိုက်တာပေါ့ အဟတ်)

lee kuan yew က တော့ တရုတ်စကား ကျွမ်းကျင်အောင် ပြောပါလို့ တိုက်တွန်းဆဲပါပဲ

p.s. အိပ်ချင်မူးတူးနဲ့ လိပ်ပြာကူးသင်ပေးပါဆိုတာ ကို ဖတ်လိုက်တာ သရဲ ခေါ်ခိုင်းတာများလား လို့....

Yu Ya said...

ဘာသာစကား သုံးလေးငါးမျိုးလောက်များ တတ်ရင် ဘယ်လောက်ကောင်းမလဲနော်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်ဆိုရင် ဘာသာစကား ၆ မျိုးကို ကျွမ်းကျွမ်းကျင်ကျင် ပြောနိုင်တယ်လို့ ဖတ်ဖူးတယ်ဗျ.။

ဘာသာစကားဟာ ဆက်သွယ်ရေးဆိုတာထက် နောက်ပိုင်းမှာ ပိုပြီးသိမ်မွေ့နူးညံ့တဲ့ လူမျိုးတစ်မျိုးရဲ့ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ ဥပဒေ အစရှိတဲ့အရာများဆီကို ဦးတည်သွားနေတယ်လို့ နားလည်ထားတယ်ဗျ။

ကျွန်တော်တို့အသက် အခုမှ ၃၀ဆိုတော့ ဘ၀တောင် မစသေးဘူးလို့ ပြောလို့ရတယ်ဗျ.. အဟဲ.။ ၄၀ မှ ဘ၀စတယ်လို့ ပြောကြတာကိုးဗျ..။ ကျွန်တော်တို့ ကြိုးစားဖို့ အချိန်တွေ အများကြီး ရှိပါသေးတယ်ဗျာ။ အားမလျော့နဲ့ သူငယ်ချင်းရေ... တရုတ်ကြီးပိုချမ်းသာလာရင် မြန်မာကြီးလည်း နောက်ကပါလာမယ်ထင်ပါတယ် သူငယ်ချင်းရေ...အဟီး။

yu ya

ဝက်ဝံလေး said...

ဟုတ်တယ် ကိုမင်းအိမ်ဖြူရေ မြန်မာနိုင်ငံမှာ တရုတ်စာ သင်မလာရကောင်းလားဆိုပြီး ဒေါသထွက်မိတယ် ဒီမှာလဲ မှုတ်လိုက်တာ တရုတ်တွေ ဘွတ် ဘွတ် ရွှတ် ရွှတ် ပဲ ဟားဟားးးးးး

ကိုလူထွေး said...

ဘာသာစကားတခုကို တတ်မြောက်ထားတာ အရာရာမှာ အားသာချက်ပါပဲ...

အမြှော်အမြင်ရှိတဲ့ မိသားစုက အမေရိကန်ကလေးတွေတောင် တရုတ်လို စသင်နေကြပြီတဲ့...

ဗမာမိဘတချို့က ကိုယ့်သားသမီးကို ဗမာလိုမပြောခိုင်းတာ ကြားရင်တော့ အားမလိုအားမရဖြစ်မိတယ်...

ကလေးအရွယ်ဆိုတာ ဘာသာစကား ၂ မျိုး ၃ မျိုးလောက်ကို တပြိုင်ထဲ အခက်အခဲမရှိ သင်နိုင်လို့လေ...

ကိုလူထွေး said...

ကမ္ဘာပေါ်မှာ အသုံးအများဆုံး ဘာသာစကားကလည်း တရုတ်စကားလေဗျာ...

လသာည said...

တရုပ်လူမျိုးတော်တော်များများက ကမ္ဘာနိုင်ငံတော်တော်များများမှာ ရှိနေကြတော့ တရုတ်စကားကဏ္ဍဟာ ပိုပိုပြီးကျယ်ပြန်ပြီး အရေးပါလာပြီ။ ကိုမင်းအိမ်လည်း သင်ထားတော့ အကျိုးမယုတ်ဘူးပေါ့။

အစစအဆင်ပြေပါစေ...