Saturday, 19 September 2009

ဇာတ်လမ်းလေးတစ်ပုဒ်လား

အပြောင်းအလဲတိုင်းမှာ အကောင်းအဆိုးဆိုတာ ဒွန်တွဲရှိနေစမြဲပါ ၊၊ တချို့သောအပြောင်းအလဲများက တချို့တစ်လေ အတွက် ကောင်းသောပြောင်းလဲခြင်းကို ဖြစ်စေပေမယ့် တချို့တလေအတွက်ကိုတော့ အင်း ဆိုးဝါးခြင်းတွေကို သယ်ဆောင်လာတက်ပါတကား၊၊ ဘယ်လိုအပြောင်းအလဲတွေများလဲနော် ၊၊ ဒီပိုစ့်လေးကို ဖြစ်ခဲ့ဖူ်းတဲ့အတိုင်းတင်ပြတာသာဖြစ်ပြီး ခေတ်တစ်ခေတ်မှာ ဖြစ်သွားခဲ့ဖူးတဲ့ ဇာတ်လမ်းလေး တစ်ပုဒ်အဖြစ်မှတ်တမ်းတင်ခြင်းသာဖြစ်ပါတယ် ၊၊ ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်နစ်နာစေ လိုခြင်း မရှိပါ ကြောင်းကြိုတင် အသိပေး အပ်ပါသည် ၊၊


********************************

ဒီလိုနဲ့ ဘယ်နှစ်ကြိမ်မြောက်မှန်းမသိတဲ့ ကျောင်းပိတ်ခြင်းကြောင့် မနှင်း တစ်ယောက် အထုပ်ဆွဲလို့ ပြန်ရပြန်တာပေါ့ ၊၊ အမှန်အတိုင်းပြောရရင်တော့ စိတ်ထဲသိပ်လည်း မကြည်လင်တော့ပါ ၊၊ ဘယ်တစ်နှစ် ကိုမှ ပြီးဆုံးအောင် တက်လိုက်ရတယ်ဆိုတာ မရှိ ၊၊ အခုတက်လိုက်အခုပိတ်လိုက်နဲ့ ၊၊ ဘယ်စာ ကိုမှလည်း ကောင်းကောင်းသင်ကြားခွင့်မရခဲ့ ၊၊ ဘယ်တုန်းကမှ နောင်တမရခဲ့ဖူးပေမယ့် အခုတော့ နောင်တရချင်သလိုလို ၊၊ ဒီကျောင်းကြီးကိုတက်ခဲ့မိလေခြင်းရယ်လို့ နောင်တရခြင်းမဟုတ် ၊ ဒီခေတ်မှာ ဒီအစိုးရလက်ထက်မှာ လူဖြစ်ခဲ့ရခြင်းရယ်ပေါ့ ၊၊ အော်ဒီသောက တွေ ဘယ်တော့များမှ လွတ် ငြိမ်း နိုင် ပါ မလဲနော် ၊၊

မှတ်မှတ်ယယ အင်မတန်ကျော်ကြားခဲ့တဲ့ ၈၈ အရေးအခင်းကြီးပြီး တဲ့နောက် မကြာမတင်မှာပဲ ၁၀ တန်း အောင်ခဲ့ပါတယ် ၊၊ ငယ်စဉ်ကတည်းက ဖြစ်ချင်လှတဲ့ အင်ဂျင်နီယာဘ၀ကို ရောက်ဖို့ ခပ်လွယ်လွယ် ထမင်းစားရေသောက် ဖြစ်လာခဲ့တာတော့ မဟုတ် ၊၊ တက်ချင်လွန်းလှတဲ့ ဒီကျောင်းတော်ကြီး ၊ ဖြစ်ချင်လွန်း လှတဲ့ အင်ဂျင်နီယာကြီး ၊၊ အော် ဘယ်ဘ၀ အတိတ်ဆိုး ကြောင့်များ ကိုယ်မကျူးလွန်မိတဲ့ အပြစ်ဆိုးတွေ ကို ခံစားပေးဆပ်နေရပါလိမ့်နော် ၊၊ ဒီလိုနဲ့ ၉၀ ကျော်ကျော် ခုနှစ်တွေမှာ တကသိုလ်ကျောင်း သူကြီး စစ်စစ် ဖြစ်ခဲ့ပါရဲ့ ၊၊ သဇင်မှာ ကျောတစ်နေရာ ချလို့ ဂုဏ်ယူဝမ်းမြောက်ခြင်း တွေ မဆုံးခင်မှာပဲ ၊ ၂ နှစ်လားကြာတယ် ကျောင်းပိတ်ပြန်ရောလား ၊၊ အင်းဒီလိုနဲ့ ကြုံရာနေရာမှာလည်း စာမေးပွဲဖြေရမယ်တဲ့လေ ၊၊ ဘယ်ညာမောင်းတက်ရုံနဲ့ အပွင့်တက်လို့ရတဲ့ ပညာရပ်တွေများ ထင်နေသလား ကွယ် ၊၊ တခါတခါ စိတ်နာနာနဲ့ မျက်နှာကိုစေ့စေ့ကြည့်ပြီး မေးကြည့် လိုက်ချင်မိပါရဲ့ ၊၊

အော် ဟိုမရောက်ဒီမရောက် ၊ ဟိုမှာတက်ဒီမှာတက်နဲ့ ၆ နှစ်တာ သင်ရိုးကို စုစုပေါင်း ၁၀ နှစ်နီးပါး သင်ကြားပြီး ဘွဲ့ဓါတ်ပုံတစ်ခု မှတ်မှတ်ယယ ရိုက်ဖြစ်ခဲ့ပါတယ် ၊၊ ပြောင်းလိုက်ရတဲ့ စာသင်ခန်း ဟိုမြို့က ဒီမြို့ ၊၊ ရန်ကုန်မှာ ကျောင်းစတက်ခဲ့တာ ကျောင်းပြီးတော့ ခေတ္တရာ ပြည်မြို့ မြို့ပြင်တစ်နေရာက လွင်ထီးခေါင်ပြင် မှာ ၊၊ ကျေးဇူးလည်းတင်မိပါရဲ့ ၊၊ သူတို့ကျေးဇူးနဲ့ ကာလရှည်ကြာ ကျောင်းသားလုပ်ခွင့် ရခဲ့ပါရဲ့ ၊၊ ဒေသစုံလည်း ရောက်ခဲ့ပါရဲ့ ၊၊ မကြုံဖူးတာလည်း ကြုံခဲ့ပါရဲ့ ၊၊ ရာသက်ပန် စိတ်ကူယဉ်ခဲ့ဖူးတဲ့ ပညာတက် အင်ဂျင်နီယာကြီး ဘ၀ကိုလည်း ရာသက်ပန် စွန့်လွှတ်ခဲ့ဖြစ်ပါရဲ့ ၊၊ အိမ်သားလုပ်သူရဲ့ တိုက်တွန်းမှုကြောင့်သာ အ၀ါရောင်နှစ်လိုင်းပါတဲ့ ဘွဲ့ဓါတ်ပုံ မည်းမည်းကြီးကို အိမ်ခန်းမှာ ချိတ်ဖြစ်ပေမယ့် ဘာမှမတက်တဲ့ ကိုယ်ဘာသာကို လိပ်ပြာမလုံတာကြောင့် ရဲရဲတောင် မကြည့်ဝံ့ ၊၊ သူတကာမေးလို့လည်း အင်ဂျင်နီယာလို့ မဖြေချင်ခဲ့ ၊၊ အခုတော့လည်း ခလေးတွေ စာပြတဲ့ ကျုရှင် ဆရာမ ပါပဲကွယ် ၊၊

မှတ်မိပါသေးရဲ့ ၊၊ ကျောင်းပြီးတော့ သကရာဇ်က ၂၀၀၀ ကျော်ပြီလေး ၊၊ ၉၀ ခုနှစ်ကျောင်ကျော်မှာတက်ခဲ့ တဲ့ကျောင်းက ၂၀၀၀ ကျော်မှာပြီးခဲ့တယ် ၊၊ တကယ့်လုပ်ငန်းခွင်ထဲကို တိုးတဲ့အခါ ကိုယ်နဲ့ မယဉ်ပါးတဲ့ အသုံးအဆောင် အပြောအဆိုတွေနဲ့ ပါတ်ဝန်းကျန်တခွင်တပြင်လုံး စိမ်းလို့ပါလား ၊၊ အမေရိကန်ပြန် သံအမတ် ပေးအပ်တဲ့ အကြံဥာဏ် ၊ ငါဟဲ့ ၀န်ကြီး ငါ ဆိုရင်အကုန်ပြိးရမယ် ဆိုပြိးသကာလ ၊ စင်ကာပူ လူငါးသန်းမှာ အင်ဂျင်နီယာ ငါးသောင်းလို့ငါကြားတယ် ၊ မြန်မာပြည် လူသန်းငါးဆယ်ကျော် လှည်းနေ လှေအောင်း မြင်းစောင်းမကျန် အင်ဂျင်နီယာ စီမံကိန်းကို အကောင်အထည်ဖေါ် ရမယ် ၊၊ ဆိုက်ကားသမားနဲ့ မြင်းလှည်းသမားပါ အကုန် အင်ဂျင်နီယာ လက်မှတ်ပေးအပ်ရမယ် ၊၊ ဆိုပြိး သကာလ ထုတ်လိုက်တဲ့ အင်ဂျင်နီယာ ၊၊ သရေကွင်းစက်ရုံထက်တောင် ကုန်ထုတ်စွမ်းအားမြင့်သေးရဲ့ ၊၊ နောက်ပိုင်း အလုပ် ပေးနိုင်တာ မပေးနိုင်တာ ငါ့အလုပ်မဟုတ် ၊၊ ငါ့အလုပ်က ငါ့လက်ထပ်မှာ အဆင့်မြင့် အင်ဂျင်နီယာ ကျောင်း အဲလေယောင်လို့ တကသိုလ်က ဘယ်နှစ်ခု ၊ ကျောင်းသား ကဘယ်နှစ်သောင်း ၊ ဒေါက်တာ ဘယ်နှစ်ရာ ၊ မဟာဘွဲ့က ဘယ်နှစ်ထောင် ၊ စီမံကိန်းမီ ထုတ်လုပ်ရေးသာ အဓိက ၊၊ ဆိုတဲ့ အမေရိကန်ပြန်ကြီးရဲ့ မဟာအတွေးတွေများ အံချီးစရာ ၊၊

ဟိုးအရင်က ၁၀တန်းကို ခခွေးနဲ့အောင်လို့ အပျင်းပြေ ဂျီတီအိုင်တက်ထားတဲ့သူလည်း ပြန်ခေါ် ဘွဲ့တစ်ခု ပေး ၊၊ ဘာဖြစ်ဖြစ် ဘွဲ့သာ ပေးလိုက် ၊၊၂ နှစ်တက်ခဲ့တာ မြိုပြ ၊ နောက်ထပ်နှစ်နှစ်က ချည်မျှင် ၊ နောက်ဆုံးဘွဲ့ရတော့ အိုင်တီ ၊၊ အမယ် လာသေး မာစတာကတော့ အဏုမြူနဲ့ပေး ၊၊ ရု၇ှားလည်း ပို့ပေးအုံးမတဲ့ ၊၊ ဒီလိုနဲ့ ဒေါက်တာတွေ လည်း ပေါသလားမမေးနဲ့တော့ ၊၊ တစ်ကမ္ဘာလုံး ဘယ်နေရာမှာ မှ ရှာလို့မရတဲ့ ပညာရေး ၊၊ အားလုံးလည်း စာရိတ္တတွေ မြင့်တက် လို့ ၊၊ အမှတ်လိမ် ကျောင်းသွား တက်တဲ့သူတွေလည်း ဒုနဲ့ဒေး ၊၊

အင်းဒီလိုနဲ့ ကိုယ်ကျောင်းပြီးတဲ့ အချိန်မှာ ဟိုးငယ်စဉ်ကတည်းက အတန်းတူ ချောက်တိချောက်ချက် ကျောင်းတက်ခဲ့တဲ့ သူငယ်ချင်း လည်း ဒေါက်တာဖြစ်နေပြီ ၊၊ ဘောကန်မပျက်တဲ့ သူငယ်ချင်းလည်း ဗိုလ် ကြီး ဆိုလား ၊၊ ကိုယ်တွေ ခြေမချခဲ့ရတဲ့ ကျာင်းတော်ကြီးမှာ မဟာဘွဲ့အတွက် စာတန်း လုပ်နေ သတဲ့ လေ၊၊ တော်ပါပြီ ၊၊ နောင်ဘ၀အဆက်ဆက်သာ ရှိခဲ့ရင် ဒီပညာရပ်တွေလည်း ဆက်မသင်ချင် တော့ပါ ၊၊ ဒီကျောင်းလည်း ဆက်မတက်လိုတော့ ၊၊ အလုပ်ရှာတော့လည်း ကိုယ်ယူထားတဲ့ ဘွဲ့ ဘယ်အလုပ်ကမှ အဆင်ပြေပြေမရ ၊၊ ဆက်သွယ်ရေးကို ၀င်တော့ PCO စောင့်တဲ့ စာရေးမလေးတွေလောက်တောင်မှ ၀င်ငွေက မရ ၊၊ အင်း အိမ်ကပေးစားတဲ့ ယောင်္ကျားယူပြီး ကိုယ်တက်နိုင်တဲ့ ပိုက်ဆံယူပြီး စာပြတဲ့ အလုပ်ပဲ လိုက်လျောညီထွေ လုပ်စားလိုက်တော့တယ် ၊၊ အင်းဒါလည်း ကောင်းတာပါပဲလေ ၊၊

( အစ်မတစ်ယောက် အတွက် အမှတ်တယ )

12 comments:

Vigor said...

Hi..sorry, I wrote at the wrong post.
လွတ်လာပြီတဲ့, sorry for that..

နေဒေးသစ် said...

အရာရာတိုင်းမှာ အကောင်း အဆိုး ဒွန်တွဲနေတယ် ဆိုသလို အရာအားလုံးကို စိတ်ခံစားချက်ပေါ်လိုက်ပြီး ခံစားချက် အနိမ့်အမြင့်နဲ့ စကားလုံး ဖွင့်ချမယ်ဆိုရင် နဲနဲလေး စကားလုံးရွေးချယ်တတ်ဖို့တော့ လိုမယ် ကို မင်းအိမ် ..

ခေတ်တွေ စနစ်တွေ ဘယ်လိုပဲ ပြောင်းလဲ ပြောင်းလဲ .. အဲ့ဒီ ခေတ်စနစ်ကြီးက ကောင်းသည် ဖြစ်စေ ဆိုးသည် ဖြစ်စေ လူတစ်ချို့ကျတော့ အဲ့စနစ်ထဲမှာ ရှောင်လွှဲလို့ မရလို့ ခက်ခက်ခဲခဲ ရိုးကုပ်ကြိုးစားနေကြတဲ့ ပညာတတ်တချို့လည်း ရှိပါသေးတယ် ..

အဲ့ဒီ့လူတွေရဲ့ ပညာရေးဟာ နိုင်ငံခြားမှာ မိဘပေးတဲ့ ပိုက်ဆံနဲ့ ကျောင်းသွားတက်ပြီး တော်တတ်ထက်မြက်နေတဲ့ ပညာရှင် တစ်ယောက်ထက် စာရင် နိမ့်ပါးမှာ သေချာပေမယ့် သူတို့ရဲ့ မလွှဲမရှောင်သာတဲ့ အခြေအနေကြားမှာ ရုန်းကန်သင်ယူနေကြရတဲ့ ၊ ကြိုးစားကြရတဲ့ ဇွဲနဲ့ လုံ့လကိုတော့ ကျွန်တော်တို့ အသိအမှတ်ပြုရပါလိမ့်မယ် ..

ကိုမင်းအိမ်ရေးတဲ့ စာကို ဖတ်ကြည့်မိတော့ အဲလို လူတွေအတွက် နေရာတစ်နေရာ ပေးထားတာ ကျွန်တော် မတွေ့မိဘူး .. ခေတ်စနစ် အပြောင်းအလဲနဲ့ အဲ့ ခေတ်စနစ်တွေကြားမှာ ရှင်သန်နေတဲ့ သူတွေ အားလုံးလိုလို ဆိုးရွားပျက်စီးနေသလို ဖြစ်နေတယ် ..

လူကောင်းတစ်ချို့လည်း ကျန်ပါသေးတယ်လေ ..
ကျွန်တော် သူတို့အတွက် နေရာပေးကြည့်ချင်တယ် ..
သူတို့ရဲ့ စာရိတ္တတွေအတွက် အသိအမှတ်ပြုချင်တယ် ..
သူတို့ရဲ့ အားထုတ်မှုတွေအတွက် ဦးညွှတ်ချင်တယ် ..
ကိုမင်းအိမ် သဘောပေါက်မယ် ထင်ပါတယ် ..

နေဒေးသစ်။

မင်းအိမ်ဖြူ said...

မှန်ပါတယ် ကိုနေဒေးရေ ၊၊

ကျွန်တော်လက်ခံပါတယ် ၊၊ လူတိုင်းကို ပျက်ဆီး နေ တယ်လို့ မဆိုလိုပါဘူး ၊၊ ဒါပေမယ့် ခုနကိုနေဒေး ပြောတဲ့ ရှောင်လွဲလို့မရတဲ့ လူဆိုတာ တွေကလည်း ကျွန်တော့်ညီငယ်ညီမငယ် သူငယ်ချင်း တွေပါပဲ ၊၊

ကျွန်တော် စာအစမှာတင်ပြခဲ့ပါတယ် ၊၊ တချို့ တလေအတွက် ဆိုးဝါးစေပေမယ့် တချို့တလေ အတွက် ကောင်းစားစေပါတယ် လို့ ၊၊ ကျွန်တော်နဲ့ ဒိုးဒူ ပေါင်ဖက် အလုပ်လုပ်နေတဲ့ သူငယ်ချင်းတွေ လည်း အများကြီးပါ ၊၊ အမှန်တော့ လူတွေကို မဆိုလိုချင်ပါဘူး ၊၊ ကြုံရာ ဇာတ်ရုပ်မှာ ကနေကြရတာပါ ၊၊ ဒါပေမယ့် အမှန်တိုင်းပြောရရင် သူလုပ်လိုက်တဲ့ စီမံချက် တွေကြောင့် တကယ့် ကို တချို့ တွေ တ၀က် တပျက်နဲ့ ကျောခိုင်းခဲ့ရသူတွေ အများကြီး ပါ ၊၊

နားလည်ပေးပါ ၊၊

မင်းအိမ်ဖြူ

နေဒေးသစ် said...

ဟုတ်ပါတယ် ကိုမင်းအိမ်
ကျွန်တော်ကလည်း အဲလို စစ်မှန်စွာကြိုးစားခဲ့ရပြီး အသိအမှတ်ပြု အရာဝင်ခွင့် မခံရတဲ့ လူတစ်ချို့အတွက် စာနာမိလို့ ဒီစကားကို ပြောခဲ့မိတာပါ ..
ကိုမင်းအိမ်လည်း တစ်ချိန်က မြန်မာနိုင်ငံမှာ ကျောင်းတက်ခဲ့တဲ့ အင်ဂျင်နီယာတစ်ယောက်ပဲဗျာ ..
စီးပွားရေး အခက်အခဲ ၊ ပညာရေး အက်အခဲ ၊ လူမှုရေးအခက်အခဲ စသဖြင့် အဲလို အခက်အခဲပေါင်းမြောက်များစွာရဲ့ ကြားထဲမှာ အင်ဂျင်နီယာတစ်ယောက် ဖြစ်လာဖို့ ဘယ်လောက်ကြိုးစားရတယ်ဆိုတာ ကိုမင်းအိမ်လည်း ခံစားနားလည်မှာပါ ..
ကျွန်တော် ပြောခဲ့တာတွေအတွက် စိတ်မကွက်ပဲ ခုလို နားလည်ပေးတာကိုပဲ ကျေးဇူးတင်လှပါပြီ ..
ကျေးဇူးဗျာ

နေဒေးသစ်။

မင်းနေဝေး said...

စာလာဖတ်တယ် ကိုမင်းအိမ်ရေ ....
မရောက်တာကြာလို့ .... :D

မင်းအိမ်ဖြူ said...

ဒီပိုစ့်လေးကို တကယ်တော့ ဒီထက်ပိုပြီး စကားလုံး လှလှလေးတွေနဲ့တင်ပြချင်ခဲ့တာပါ ၊၊ ဒါပေမယ့် အပျင်း ကြီးသလိုဖြစ်သွားပြိး ဒီတိုင်းတင်ဖြစ်သွားပါတယ် ၊၊ အမှန်တိုင်းပြောရရင် အခုချိန်ထိ အဲဒီစနစ်ကို လက်မခံ နိုင်သေးပါဘူး ၊၊ ဘ၀တူ သူငယ်ချင်းတွေ တွေ့ဖြစ်ကြ တဲ့ အခါတိုင်း စိတ်မကောင်းစွာ ညည်းညူဖြစ်ကြပါ တယ် ၊၊ ကျေနပ်တာတော့ တကယ်ကို မကျေနပ်တာပါ ၊၊ အခြေအနေကို ရှောင်လွဲမရလို့ လက်ခံလိုက်ရတဲ့ အငယ် တွေကို လက်ခံပါတယ် ၊၊ နားလည်ပါတယ် ၊၊ လူတွေကို လေးစားပါတယ်၊၊ သူလုပ်လိုက်တဲ့ မူတစ်ခုကို သာ ကျွန်တော်တို့က မကျေနပ်တာပါ ၊၊ မကျေနပ်ပေမယ့် လည်း နောက်ဆုံးတော့ လက်ခံလိုက်ရတာပါပဲလေ၊၊ အမှန်တကယ်ကို ဖြစ်ပွားခဲ့တာပါ ၊၊ တကယ်တမ်း ဘ၀ တစ်လျှောက်လုံး ကြိုးစားရုန်းကန်လာရတဲ့ သူတစ်ယောက် သာမာန် ဘွဲတစ်ခုပဲ ရတဲ့ အချိန်မှာ နောက်တစ်ယောက်က PhD ဘွဲ့တစ်ခု ရထားပြီ ၊၊ သူရဲ့ ကြိုးစားအားထုတ်ခဲ့မှုကို လေးစားပါတယ် ၊၊ မညီမျှတဲ့ အခြေအနေတစ်ခုကိုပဲ တင်ပြတာပါ ၊၊ တကယ်အရည် အချင်းရှိတဲ့ သူတစ်ယောက် နောက်ဆုတ်သွားတယ် လို့ တွက်ရင် မနစ်နာဘူးလား ၊၊ စကားလုံးတချို သုံးနှုန်း ထားတာ လွဲနေရင်တော့ အင်း စိတ်မကောင်းပါဘူး ၊၊ ဒါပေမယ့်ဒါတွေက တကယ်ဖြစ်ခဲ့တာပါ ၊၊ ဂျီတီအိုင် ၂ နှစ်က မေဂျာတစ်ခု ၊ နောက်ထပ် ဘီတက်ခ်ျ ၂ နှစ်က နောက်ထပ် မေဂျာတစ်ခု ၊ နောက်ဆုံး ဘီအီးရတော့ နောက်တမျိုး ၊ သုံးမေဂျာလုံးက ဘယ်လိုမှ ဆက်စပ် လို့ မရ ၊၊ နောက် မဟာနဲ့ ဒေါက်တာ ဘယ်လိုယူသွားလဲ ၊၊ အင်း... ဒီလိုပါပဲဗျာ ၊၊

Anonymous said...

နားလည် ခံစားပေးနိုင်ပါတယ်
အဲဒီစနစ်ရဲ့ သားကောင်တစ်ယောက်ပါ

နေဒေးသစ် said...

အေးဗျာ ..
ဘယ်နခေါက်မှန်း မသိတော့ဘူး လာဖတ်နေမိတယ် ..
ကျွန်တော်လည်း တော်တော်လေး ထိထိရှရှ ခံစားနေရတယ် ..
ကိုမင်းအိမ်ပြောတာတွေကို ကျွန်တော်က ကန့်လန့်တိုက်ချင်လို့ ရေးတာ မဟုတ်ဘူးဆိုတာတော့ ကိုမင်းအိမ်လည်း နားလည်မှာပါ ..
ကျွန်တော်လည်း အဲ့လို အစွမ်းအစရှိပြီး အားထုတ်ခွင့် မရခဲ့ကြတဲ့ .. အားထုတ်ဖို့ အခွင့်မသာခဲ့ကြတဲ့ သူတွေအတွက် စိတ်မကောင်း ဖြစ်လွန်းအားကြီးသွားလို့ပါ ..

နေဒေးသစ်။

Yu Ya said...

ဒါတွေပြောရင် ဒေါတွေပါတယ်..များများပြောရင် အမှားများများပါတတ်တယ်..။

ဘယ်သူတွေ ဘာဘွဲ့ပဲ ယူသွားယူသွား မုဒိတာပွားပေးလိုက်ပါလား သူငယ်ချင်းရယ်...



ဆန္ဒမွန်ဖြင့်
yu ya

ဝက်ဝံလေး said...

ကိုမင်းအိမ်ဖြူ ညီမ သိပ်များများစားစားမပြောတော့ဘူးနော် ဖြစ်ပျက်နေတဲ့ ပညာရေး စနစ်ကြီးကိုပဲ ......

မေးလ် ပို့ထားတယ် သိလား ဘိုင် တာ့တာ

မင်းအိမ်ဖြူ said...

ကျေးဇူးတင်ပါတယ် ၀ံလေးရေ ၊၊ အီးမေးလည်း သိသိချင်း ချက်ချင်းဖတ်ဖြစ်ပါတယ် ၊၊ ထပ်ပြီး ကျေးဇူးတင်ရတယ်

မင်းအိမ်ဖြူ

kokomaung.uk said...

ပညာရေးစနစ်ကတော့ ဒီလိုဖြစ်နေတာ ကြာရောပေါ့။
မစဉ်းစားချင်တော့ပါဘူးဗျာ။