Tuesday 23 June 2009

ငှက်စာ

ဟိုးတပတ်ကျော် တစ်ခုသော တနင်္ဂနွေကပေါ့ Bird Park ကို သွားဖြစ်ခဲ့သေးတယ် ၊၊ အကြောင်းကြောင်း ကြောင့် မရောက်ဖြစ်ခဲ့သေးတဲ့ နေရာလေးကို လက်မှတ်ဝင်ကြေး မပေးရပဲ ရောက် ခွင့်ရ ခဲ့ တယ် လေ၊၊ အသိအစ်မကြီးတစ်ယောက် ကသူတို့ ကုမ္မဏီက ရတဲ့ လက်မှတ်ကို ပေးလို့ပါ ၊၊ ၄ ယောက် အလကား ၀င် ခွင့်ရတယ် ၊၊ ပုံမှန်ဆိုရင်တော့ ၁၆ ကျပ်လားမသိဘူး ၊၊ ကိုယ်မပေးရတော့ ဈေးလည်း မေးခဲ့မိတော့ဘူး D:


ပထမတစ်ကြိမ်လည်း သွားဖို့ စီစဉ်ဖူးတယ် ၊၊ အိမ်မှာ အတူနေတဲ့ သူငယ်ချင်းတွေ နဲ့ ၊ ချိန်းထားပြီးတော့မှ ကိုယ့် ကိုမခေါ်ပဲ သူတို့ဘာသာ ထွက်သွားတော့ လိုက်ခွင့်မရခဲ့ဘူး ၊၊ အခုတော့ သွားဖြစ်ဖို့ဖန်လာလို့ ရောက် ခွင့်ရတာပေါ့လေ ၊၊




စင်ကာပူထုံးစံ အားလုံးက တော့ပြုပြင်ဖန်တီးထားတာတွေ ချည်းပါပဲလေ ၊၊ တောင်ဆိုလည်းအတု ၊ ရေတံခွန်ဆိုလည်း အတု ၊ မြစ်ဆိုလည်းအတု ၊ အပင်တွေကလည်း အရွက် တွေ က မာ ဆတ်ဆတ်နဲ့ အတု တွေ လားတောင် ထင်ရရဲ့ ၊၊ ဒါပေမယ့် ဘယ်အရာမဆို သေသေချာချာ စည်းစနစ်တကျ လုပ်ထားတာ တော့ အတော်ကိုသဘောကျပါတယ် ၊၊ အရာအားလုံးကို စည်းကမ်းဆိုတဲ့ ဘောင်တစ်ခုတည်းကနေ ထိန်းချုပ်ထားတာ တော့ နမူနာယူဖို့ကောင်းပါတယ် ၊၊ ဒီလိုမှ မလုပ်ရင်လည်း လူမျိုးပေါင်းစုံ လာရောက်နေထိုင်တဲ့ ကျွန်းနိုင်ငံလေး စည်းမဲ့ကမ်းမဲ့ ပရမ်းမတာတွေ ဖြစ်ကုန်မှာပေါ့လေ ၊၊

အဲဒီရေတံခွန်ကလည်း အတုလုပ်ထားတာပါလေ



အဲဒီထဲမှာ သဘော အကျဆုံးကတော့ ငှက်ကလေးတွေကို ပြပေးတဲ့ ငှက်ရှိုးလို့ ခေါ်မလား အဲဒီ Bird Show ကို သဘော အကျဆုံးပါပဲ ၊၊ ဆင်လိမ္မာ ပြပွဲဆိုတာလည်း ကိုယ်နဲ့ သိပ်မစိမ်းပါဘူး ၊၊ နောက် မြွေတွေကို သင်ကြား ပြသတဲ့ပွဲတွေ ၊ နောက် မျောက်ပွဲတွေ ဆိုတာက မြင်တွေ့နေကျမို့ ထူးပြီးမဆန်းပေမယ့် ငှက်တွေ ကို သင်ကြား ပြီး ပွဲတစ်ခု လိုပြသတာကတော့ ကျွန်တော့်အတွက် တကယ်ကို ထူးဆန်းပါတယ်ဗျာ ၊၊ အဲဒီ ငှက်တွေ ကို ကြိုးတွေနဲ့လည်းချည်မထားပါဘူး ၊၊ မိုးလုံလေလုံ ပြပွဲရုံထဲမှာ ပြတာလည်း မဟုတ်ပါဘူး ၊၊ အလွတ်တမ်း ပါ ပဲ ၊၊ တကယ်လို. အဲဒီ ငှက်ကလေးတွေ ပျံပြေးမယ်ဆိုရင် ပျံပြေးလို့ ရပါတယ် ၊၊ လေဟာပြင် ဇာတ်ရုံထဲမှာ ပေါ့၊၊

ပထမဆုံး ပြကွက်က ငှက်တွေ ရေငန်းတွေ အများကြီးထွက်လာပြီး ပြတာ ၊၊ ယိမ်းကသလိုပဲဗျာ ၊၊ တကယ် သူ့အပေါက်နဲ့သူ အ၀င်အထွက်မမှားဘူး ၊၊ နော်က ငှက်နှစ်ကောင်က ဂေါ်လီလုံးလေးတွေကို အပြိုင်ထည့်တဲ့ ပြကွက် ၊ သူတို့နာမည်တွေ ခေါ်ပြီး ပရိတ်သတ်က အားပေးရတယ် ၊၊ တကယ်ကို ၇င်သပ်ရှုမောလို့ ဆိုချင်တယ် ၊၊ နောက် သတ်မှတ်ထားတဲ့ နေရာတွေကို သွားပြ ပျံပြ ၊ သီချင်းတွေ ဆိုပြ ၊ တကယ်ကို အံသြမိပါရဲ့ အဲဒီမှာ ကျွန်တော့်ခေါင်းထဲကို အတွေးလေးတစ်ခု ဖျတ်ကနဲဆို ၀င်လာခဲ့တယ် ၊၊ ထုံးစံအတိုင်း အူအူကြောင်ကြောင် မို. အူကြောင်ကြောင် အတွေးလေးပေါ့ ၊၊


အနားမှာရှိတဲ့သူငယ်ချင်းကို "မင်းစဉ်းစားကြည့်စမ်းပါ ၊ လူတွေ မပြော နဲ့ ငှက်တွေကိုတောင် ဒီလိုခိုင်းထားတာဆိုတော့ လူတွေ စိတ်ညစ်တယ် ၊ မပျော်ဘူး မပြောနဲ့တော့ကွာ " ဆိုတော့ သူငယ် ချင်းက ကျွန်တော့်ကို ဒီလို ပြန်ပြောပါ တယ် ၊ " သူတို့ တစ်ခုခု တော့ လုပ်ထားလိမ့်မယ်ကွ ၊ ဘာ့ကြောင့်လဲဆိုတော့ လွတ်လပ်ခြင်းကို မြတ်နိုးပါတယ် ဆိုတဲ့ ငှက်ကလေးတွေက ပျံသန်းလွတ်မြောက်ခွင့် ရပါလျက် မပျံသွားဘူးဆိုတော့ "လို့ပြောပြီး စကားဖြတ်ပြီး စဉ်းစား ဟန်ပြု တော့မှ ကျွန်တော်ဖြတ် ကနဲတွေးမိ သွား တာ က ပွဲစဉ် တစ်လျှောက် လုံးမှာ ငှက်ထိန်း တွေ ကို အစာတမျိုးကို မရပ်မနား ကျွေး နေ တာကို သတိပြုမိသွားပြီး " မှန်တယ် မင်းပြောတာဖြစ်နိုင်တယ် သူတို့ကျွေးနေတဲ့ အစာထဲမှာ စွဲလန်းစေတက်တဲ့ အရာတစ်ခုခု ပါလိမ့်မယ် ၊ အပြင်ပတစ်နေရာမှာ မရနိုင်တဲ့ အစာတမျိုးကြောင့်သာ ဒီငှက်ကလေးတွေ အဝေးကို မပျံပြေးတာ ဖြစ်နိုင်တယ် လို့ အဖြေလေးတစ်ခုရမှ ပဲ နေသာ ထိုင်သာ ရှိပြီး ဆက်တွေးဖြစ်တာကတော့

အစာတလုတ်အတွက် ကိုယ့်ဌာနေကိုစွန့်ပြီး သူများအလိုကျ သရုပ် ဆောင်ပြနေရတဲ့ ငှက်ကလေးတွေ သူတို့ ရော ဟိုးတစ်နေရာ က အ မျိုး တွေ ရှိရာ မွေးရပ်မြေကို ပျံချင် နေကြမလား ၊၊ တကယ် လို.ပြန်သွားတဲ့အခါ ဒီမှာ စား ရတဲ့ အစာမျိုးမရတဲ့ အတွက် ပျော် နိုင်ပါ့ မလား ၊၊ ပျံသွားပြီး မနေနိုင်လို့များ ပြန်လာကြတာလား ၊၊ အော် တ ကယ် လို့ သူတို့ကြိုက်တဲ့ အစာတွေ အဲဒီ မွေးရပ်မြေမှာ ရရင် တော့ ပြန်သွား ကြမလား ၊၊ လားပေါင်းများစွာ နဲ့ပေါ့ ၊၊ ဒီလိုမြိုပြ ရဲ့ ပြပွဲမှာ ပါဝင်ခွင့် ရဖို့အတွက် ကိုယ့်ကိုကိုယ် လေ့ကျင့်ကျိုးစားပြီး ၊ သူများတွေ ခိုင်း သလို လုပ်ပြဖို့ ဒီနေရာကိုရောက်လာသူတွေအတွက် မ ထောင်း တာ ပေမယ့် အဲဒီ အစာလေးတလုတ်အတွက် စိတ်မပျော်ပဲ သရုပ်ဆောင် ပြနေရတဲ့ အဝေးရောက် ငှက်ငယ်လေးတွေ အတွက် ရင်နာမိတာ အမှန်ပါ ၊၊ သူတို့ပျော်တဲ့ အရပ်မှာ သူတို့စွဲလန်းသွားမိတဲ့ ငှက်စာလေးတွေ ပေါများပါစေဗျာ လို့ လေလွင့်ငှက်ငယ်လေး တွေ အတွက် ဆုတောင်းမိနေဆဲ ၊၊


လေးစားစွာဖြင့်
မင်းအိမ်ဖြူ

(စာတွေ အများကြီးမရေးဖို့ ထိန်းချုပ်နေရင်း မနည်းဖြတ်လိုက်ရပါတယ် ၊၊ မပြည့်စုံမှာလည်းဆိုးတော့ ဖြတ်ရင်း စာကနည်းနည်းတော့ ရှည်သွားတယ်ဗျာ ၊ ဒီထိရောက်အောင်ဖတ်ပေးတာကျေးဇူးတင်ပါတယ်ဗျာ)

18 comments:

Anonymous said...

၁ ယူလိုက်ဦးမယ်နော် ကိုမင်းအိမ် .. ပြီးမှ အေးဆေးဖတ်မယ် ... တစ်နေကုန် အသစ်ထိုင်စောင့်နေတာ .. အဟောင်းဖတ်ရင်းနဲ့ :D
နေဒေးသစ်။

Anonymous said...

ဌက်အကြောင်းလေး ထင်ပြီး ပေါ့ပေါ့ပါးပါးလေး ဖတ်ခဲ့တယ် .. တကယ်တော့ ပေါ့ပေါ့ပါးပါးလေးမှ မဟုတ်တာ ... ပြောပြချင်တဲ့ အကြောင်းအရာတစ်ခုကို သွယ်ဝိုက်ထားတဲ့ စကားလုံးတွေနဲ့ သရုပ်ပေါ်အောင် တင်ပြသွားတယ် ... ကောင်းတယ်ဗျာ ကိုမင်းအိမ် .. အဲလိုတွေးပြီး ဖတ်ရတာမျိုးကို သဘောကျတယ် ... ကျွန်တော်လည်း အစာလေးတလုတ်အတွက် စိတ်မပျော်ပဲ သရုပ်ဆောင်ပြနေရတဲ့ အဝေးရောက် ငှက်ငယ်လေးတွေ အတွက် ရင်နာမိပါတယ် ... သူတို့လေးတွေ ပျော်တဲ့ အရပ်မှာ သူတို့စွဲလန်းတဲ့ အစာရေစာတွေ ပေါများပါစေလို့ ကျွန်တော်လည်း ဆုတောင်းခဲ့ပါတယ် ..
နေဒေးသစ်။

Dream said...

ငှက်ကလေးတွေလဲ သူတို့ငှာနေကို ပြန်ချင်ရှာမှာပေါ့
လကုန်ကြရင် ဘတ်ဒ်ပတ်တ်သွားမယ်...

ဦးဦးသွားတာ အားကျသွားလို့ ဟတ်ဟတ်

သီဟသစ် said...

ကိုမင်းအိမ်ဖြူကလဲ
ဘယ့်နှယ် စာအများကြီးမရေးဖို့ ထိန်းချုပ်ရတာတုန်း။ စိတ်ထဲရှိသလောက်ရေးပါဗျ.

ငှက်လေးနဲ့ ဆက်စပ်အတွေးကတော့ ကောင်းပါ့ဗျာ
အမြင့်ပျံငှက်များ လှောင်အိမ်ထဲက ငှက်များလား .. အင်း..

ခင်မင်စွာဖြင့်
သီဟသစ်

Mae said...

[အရာအားလုံးကို စည်းကမ်းဆိုတဲ့ ဘောင်တစ်ခုတည်းကနေ ထိန်းချုပ်ထားတာ တော့ နမူနာယူဖို့ကောင်းပါတယ် ၊၊]

နမူနာယူဖို့ ကောင်းသလို အစိုးရက အဲ့လို လိုက်မလုပ်ပဲနဲ့ ကိုယ့်ဘာသာ အသိစိတ်ဓာတ်နဲ့ စည်းကမ်းရှိကြရင် ပိုကောင်းမယ်လို့ ကျမကတော့ တွေးမိတယ်၊ နိုင်ငံကြီးသား ပီသစေချင်တာပါ၊ ကျမ စင်္ကာပူကို အဲ့ဒီတစ်ခု အားမရဘူး၊ We are a complete nanny state.

ငှက်ကလေးတွေကရော စွဲစေမယ့် အစာကျွေးထားတာမဟုတ်ပဲနဲ့ သူတို့အတွက် အိမ်ရာနဲ့မခြား နေရာကောင်းတစ်ခုရလို့ .. ပြီးတော့ မပူမပင် မကြောင့်မကျနေရလို့ .. အစားအသောက်အတွက် မပူရလို့ .. လိုလိုချင်ချင် လုပ်ပေးတယ်လို့ရော ဖြစ်နိုင်ချေမရှိဘူးလား? ရေကြည်ရာ မြက်နုရာဆိုသလိုပေါ့၊

ငှက်ကလေးတွေထဲမှာလဲ မွေးရပ်မှာပဲ ပျော်တဲ့ ငှက်ကလေးတွေ ရှိသလို စူးစမ်းချင်တဲ့ အတွေ့အကြုံသစ်ရှာလိုတဲ့ ငှက်ကလေးတွေ ရှိကောင်းရှိနိုင်ပါတယ်၊ ဒီလို မတူတဲ့ ငှက်ကလေးတွေ ရှိမှလဲ မွေးရပ်က တိုးတက်လာသလို ဗဟုသုတလဲ စုံလာမှာလို့ ထင်တယ်၊

ကန့်လန့်တိုက်တာ မဟုတ်ပါဘူး၊ အရင်တည်းက စိတ်ထဲမှာ ရှိတာ တိုက်ဆိုင်လို့ ပြောမိတာပါ၊

မယ့်ကိုး said...

ဒီအတွေးလေးကို ရေးချင်ရင် စာအရှည်ရေးပါဦး...
စာကောင်းလေးမို့  ပိုလှစေချင်လို့ ပါ။
ဖတ်ရတာတော့ စိတ်မကောင်းဘူး။

သူတို့ပျော်တဲ့ အရပ်မှာ သူတို့စွဲလန်းသွားမိတဲ့ ငှက်စာလေးတွေ ပေါများပါစေဗျာ တဲ့လား။

ဝက်ဝံလေး said...

အံမလေး တငှက်တည်း ငှက်နေတာ ကျောတောင် ချမ်းလာပြီ ဟွန်းနော် လူကြီးး ငှက်အကြောင်းရေးတာ ဘာလို့ များကို ခွင့်မတောင်းတုံးးးး ဟွန်းးး တရားစွဲမယ် ဘာမှတ်လဲ

နွေးနေခြည် said...

ကိုမင်းအိမ် အမြဲတမ်း မွေးရပ်မြေကို အမြဲတမ်းလွမ်းနေပုံရတယ်။

အစာလေးတလုတ်အတွက် စိတ်မပျော်ပဲ သရုပ်ဆောင် ပြနေရတဲ့ အဝေးရောက် ငှက်ငယ်လေးတွေ အတွက် ရင်နာမိတာ အမှန်ပါ

ပုံ
အဝေးရောက်ငှက်

မင်းအိမ်ဖြူ said...

အဝေးရောက် ငှက်ငယ်လေးတွေကို စောင်းပေးပြီး ဖေါ်ပြသလို ဖြစ်သွားရင် တောင်းပန်ပါတယ် ၊၊ အမြင့်ပျံ ငှက်ငယ်လေးတွေ ကိုလည်း ထာဝရလေးစားလျက်ပါ ၊၊ ဆောင်းပါးလေးထဲမှာလည်း ၂ ဖက်စလုံးမျှထားပေမယ့် အရေးအသားညံ့ဖျင်းမှူကြောင့် လိုအပ်သလိုဖြစ်ခဲ့ရင် ခွင့် လွှတ်ပါလို့ တောင်းပန်အပ်ပါသည် ၊၊

ကျွန်တော်ကိုယ်တိုင်သည်လည်း အဝေးရောက် ၊ အမြင့်ပျံ ငှက်ငယ်တစ်ကောင်သာဖြစ်ပါကြောင်း ၊၊
အမြင့်ပျံဖို့ ကြိုးစားရင်း အဝေးရောက် ခဲ့ရပါကြောင်း အားလုံးလည်း ဘ၀တူတွေမို့ ခံစားမိကြမှာပါလေ ၊၊
လေးစားစွာဖြင့်
မင်းအိမ်ဖြူ

မေဇင် said...

အမြင့်ပျံ ရင်း နဲ့ အဝေးရောက်လာ ရတာတဲ့လား..။ အရမ်း ကောင်းပါတယ် ရှင်...ပျော်တဲ့ နေရာမှာရှိနေတဲ့ ချစ်တဲ့သူတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဖို့ မပျော်တဲ့ နေရာမှာ ရောက်နေရတဲ့ သူတွေ အတွက်...တော့ ၀မ်းနည်းစရာကောင်းတဲ့ စာတပုဒ်ပါပဲ...။ အားပေးပါတယ်။

မင်းနေဝေး said...

လိုရင်းကို ရှင်းရှင်းလင်းလင်းရောက်တယ်ဗျာ ....
ကောင်းတယ် ....

တလနွန် said...

ငှက်လေးတွေနှင့် ယှဉ်ပြီး တွေးထားတာလေးကို သဘောကျတယ်။ ပုံလေးတွေကို ကြည့်သွားပါတယ်။

ခင်မင်ခြင်းနှင့်
တလနွန်

မသက်ဇင် said...

မင်းအိမ်ဖြူရေ
မရောက်ဘူးတဲ့နေရာတွေကို ပုံနဲ့တကွ ဗဟုသုတတွေ
ရေးသားဝေငှသည့်အတွက် ကျေးဇူးပါ
ရောက်သွားသကဲ့သို့ခံစားရပါတယ်
ခင်မင်လျက်

Mogok Thar said...

ညီမင်းအိမ်..
စိတ်ထဲ ရှိသမျှ ပြောပြပါဗျ။ စာရှည်လဲ ဖတ်မှာပေါ့။
ကော်ဖီသောက်ဖို့ လာခေါ်ပီး ညီက ငှက်စာကျွေးနေတယ်။ ဘယ်လို ညီလဲ။
သွားတာတောင် မခေါ်လို့ တော်တော် တင်းသွားဘီ။ ကော်ဖီမသောက်ပဲ ပြန်တယ်။ ဒါပဲ။

မင်းအိမ်ဖြူ Minn Eain Phyu said...

လာရောက် ဖတ်ရှုရုံမက ၀င်ရောက် ဆွေးနွေးပေးပါ သူငယ်ချင်းများအား ကျေးဇူးအထူးတင်ပါတယ်ဗျာ ၊၊

လင်းဒီပ said...

ှုငှက်ကလေးတွေက အစာအတွက် အပြန်ခက်(အပျံခက်)နေတယ်ဆိုတဲ့ အတွေးလေး သဘောကျမိပါတယ်။

Lucifer said...

မမီးတို့နဲ့ တူနေပြီ.. ငှက်ကလေးတွေက .. အစာတစ်လုတ်အတွက် ကိုယ်ဌာနေကို မပြန်ဘဲး သူများအလိုကျ သရုပ်ဆောင်နေကြသလို. မမီးတို့လဲး. ကိုယ့်ဌာနေကို စွန်ပြီးလာကြတာဘဲး....
အချိန်တန်ရင်တော့ အိမ်ပြန်မယ်..

lynn lynn said...

"အမြင့်ပျံဖို့ ကြိုးစားရင်း အဝေးရောက် ခဲ့ရတယ်တဲ့..."
အရမ်းမှန်တာပဲ ....
ကိုယ်တိုင်လည်းလေလွင့်ငှက်ကလေးဘ၀ကနေ မိဘတွေရဲ့ အသိုက်အမြုံလေးဆီကို အမြန်ဆုံးပြန်ရောက်ချင်သလိုပဲ....သူငယ်ချင်းအားလုံးလည်း ဘ၀ နဲ့ ဆန္ဒ တစ်ထပ်တည်းကျနိုင်ကြပါစေ...