Showing posts with label မျှဝေလိုသော ခံစားချက်များ. Show all posts
Showing posts with label မျှဝေလိုသော ခံစားချက်များ. Show all posts

Monday, 27 July 2009

ထိုညနေ


ရသေ့သူတော်တိုင်မှ ဥာဏ်မခိုင် ဈာန်ယိုင်လျောရတယ် ဆိုတဲ့ တပေါင်းလအကုန် တခူးအ၀င် ညနေခင်းလေးတစ်ခုပါ

နွေသီးနှံတွေ စိုက်ဖို့ ကွင်းရှင်းပြီး မီးရှို့နေတဲ့ မြင်ကွင်းပေါ့ ၊၊ ညနေဖက်ဆို တကွင်းလုံး မှိုင်းနေ ရောပဲ ၊၊ မြင်နေရတဲ့ တောင် တန်းစွယ်လေးက တော့ ရခိုင်ရိုးမရဲ့ အစွယ်အပွားလို့ ပြောရမလား ၊ ပဲခူးရိုးမရဲ့ အစလို့ဆိုရမလား မသိတဲ့ ကျွန်တော်တို့ ဒေသအခေါ်တော့ အနောက်တောပေါ့ ၊၊

ဒီပုံလေးတွေကို ညနေ စာပို့ရထားကြီးပေါ်ကနေရိုက်ခဲ့တာပါ ၊၊ ညနေ၀င်တဲ့ ရထားကို စာပို့ရထားတဲ့ ၊၊ စာတွေ သယ်လာလို့လေ ၊၊ စာတိုက်တွဲပါတယ် ၊၊ နောက် သတင်းစာလည်း အဲဒီရထားမှာပါတယ် ၊၊ သတင်းစာကို ညနေမှ ဖတ်ရတယ် ၊၊ ရထားနောက်ကျရင် နောက်တစ်နေ့မှ ဖတ်ရတယ် ၊၊ မသိသေးတော့လည်း အသစ်ပေါ့နော၊၊ ကျွန်တော် အဲဒီတုန်းက စီးလာတဲ့ ရထားတွဲကို မြင်သာအောင်ပြောရရင် ရထားတွဲတော့ ရထားတွဲပါပဲ ၊၊ ဒါပေမယ့် အမိုးလည်းမပါသလို ၊ အကာကလည်း အောက်ခြေ ၃ ပေသာသာ တစ်ဝက်လောက်ပဲ ပါပါတယ် ၊၊ ကျွန်တော်တို့ဘက်မှာတော့ ပက်လက်တွဲလို့ခေါ်ပါတယ် ၊၊ အများစုကတော့ ကုန်ပဲ တင်ပါတယ် ၊၊ နောက် သဲတွေ ၊ ကျောက်တွေ တင်ပါတယ် ၊၊ ကျွန်တော်ကတော့ အဲဒီပက်လက်တွဲရဲ့ ဘေးဘောင်လေး ပေါ်မှာ ထိုင်ပြီး တိုင်လေးကို ဖက်ပြီးစီးရတာ အင်မတန်မှ သဘောကျပါတယ် ၊၊ အဲဒီတစ်ခေါက် က အိမ်ကအပြန် ရထားပေါ်မှာ ရိုက်ထားတာပါ ၊၊ အခုချိန်ထိ အိမ်ကနေ ပြန်ထွက်ရလေတိုင်း ဘယ်အရာက စွဲထားမှန်းမသိလေးလံပြီး အားတွေ ပျက်နေတက်ဆဲ ၊၊ အိမ်ကိုဒီလောက်ခင်တွယ်တက်လို့လည်း သိတက်စကတည်းက အိမ်နဲ့မနေရတာထင် ပါတယ် ၊၊ အကိုတစ်ယောက်ရှိတယ် သူက ဖိနပ်စီးလိုက်တာနဲ့ ပျော်တယ်တဲ့ အိမ်မှာ မနေရတော့ ဘူးဆိုပြီးတော့တဲ့ ဒါပေမယ့် သူအိမ်ကနေ ခွာရတာ ၁၀ ရက်က အကြာဆုံး ဖြစ်မယ်ထင်ပ ၊၊ ရန်ကုန်သားဆိုတော့ ကျောင်းတက်တော့လည်း ကျွန်တော်တို့လို ဘယ်မှ သွားစရာမလိုဘဲ အိမ်ကပဲ တက် ၊ အခုမိန်းမရပြီးတော့လည်း အိမ်မှာပဲ ၊၊ ဘ၀တွေက တကယ်ကို ရယ်စရာကောင်းတယ်နော် ၊၊

Thursday, 9 July 2009

လွမ်းပါသေးတဲ့ စကားလေးတစ်ခွန်း


"ကြီးသူကို ရိုသေ
ရွယ်တူကိုလေးစား
ငယ်သူကိုသနား " ဆိုတဲ့ အတိုင်း ကျွန်တော်တို့ မြန်မာလူမျိုးများ ဟာ အင်မတန်မှ လိမ္မာယဉ်ကျေး ပြီး ၊ ကျေးဇူးတရားကို နားလည်သိတက်သူများ အဖြစ် မိမိကိုယ်ကို ဂုဏ်ယူတက်သော လူမျိုး ဖြစ်ပါသည် ၊၊ မိမိထက် အသက်အားဖြင့် ငယ်ရွယ်သူ ၊ ဂုဏ်အားဖြင့် ငယ်ရွယ်သူ ၊ ဥစာအားဖြင့် အားနည်းသူများကိုလည်း မိမိတို့၏ မွေး ရာပါ ဗီဇသိဖြင့် သနားညှာတာ ကူညီထောက်ပံ့ တက်သူများပါ ၊၊ အခြားသူတစ်ဦးတစ်ယောက် ၏ အားပေး ထောက်ပင့်စရာ မလိုပဲ ကူညီတက်သူများ ဖြစ်ပါသည် ၊၊


ထိုမျှမက မိမိနှင့် အဆင့်အတန်း ၊ ဂုဏ်ဓန ၊ ပညာ ၊ အသက်အရွယ် အားဖြင့် တန်းတူ သူများအားလည်း လေးလေး စားစား တန်ဖိုးထားပြီး ဆက်ဆံပေါင်းသင်း တက်သူများအဖြစ် ဂုဏ်ယူရပါသည် ၊၊ ထိုမျှမက တစ်ဦး နှင့်တစ်ဦး ကူညီထောက်ပံ့တက်သူများ ဖြစ်ပါသည် ၊၊ နှူတ်၏စောင်မခြင်း ၊ လက်၏စောင်မခြင်း များဖြင့်လည်း မိမိတက်စွမ်းသမျှ ကူညီပေးတက်သူများ ဖြစ်ပါသည် ၊၊ ထိုသို့သော မွေးရာပါ ဗီဇ အရည်အသွေးများ အရ ရောက်ရှိ အခြေချ ၊ နေထိုင် လုပ်ကိုင် ရာ နေရာတိုင်းတွင် မြန်မာလူမျိုး အဖြစ် ၊ ကြင်နာသနားတက်သူ ၊ ကိုယ်ချင်းစာ တရားလက်ကိုင်ထားတက်သူ ၊ ကူညီထောက်ပံ့တက်သူ များအဖြစ် မျက်နှာပွင့်လန်း ရပါသည် ၊၊


အရှက် ၊ အကြောက် ၊ သိက္ခာ တရားတို့ဖြင့် ယဉ်ပါးကြီးပြင်းလာရပါသော ကျွန်တော်တို့ မြန်မာလူမျိုးများသည် မိမိထက် ဂုဏ်အားဖြင့် ၊ အသက်အားဖြင့် ၊ သိက္ခာအားဖြင့် ၊ ၀ါအားဖြင့် ၊ ပညာအားဖြင့် ၊ ကြီးမြတ်သူများ ကိုလည်း ရိုသေလေးစားစွာ ဆက်ဆံ ပြုမူတက်ကြခြင်းမှာ သင်ကြားရန် မလိုသော နဂိုအသိ ပင်ကိုယ် အတွေး ချစ်စရာ အမူအကျင့်လေးများ ပင် မဟုတ်ပါတကား ၊၊ မြန်မာပြည်တွင် နေထိုင်ရှင်သန်ကြီးပြင်း ခဲ့သူတို့ အတွက် သင်ကြား လမ်းပြ သွန်သင် ဆုံးမ ရန်မလိုပဲ အလိုလို တက်မြောက်ပြီးဖြစ်သော ကောင်းမွန် လိမ္မာသော ဓလေ့ များပင် ဖြစ်ပါသည် ၊၊


ဒီလိုဝန်းကျင်အသိုင်းအ၀ိုင်းတွင် ရှင်သန်ကြီးပြင်းလာသူတို့ အတွက် အခါကြီး ရက်ကြီး ၊ နေ့ထူးနေ့မြတ်များ ၊ မွေးနေ့ စသည်ဖြင့် အထိမ်းအမှတ် နေ့များ ၊ သာမက ခရီးတို ခရီးရှည် ထွက် ခွာနီးတိုင်း မိမိထက် အကြီး အကဲ များ ၊ မိဘဘိုးဘွားများ ၊ ဦးကြီးဦးလေး ၊ အဒေါ်အစ်မများ အား ကန်တော့ နှူုတ်ဆက်တက်သည်မှာလည်း မွေးရာ ပါအမူအကျင့် တစ်ခုအဖြစ် အရိုးစွဲ နေဆဲပေါ့ ၊၊ အပြစ်ရှိရင် ကျေသတဲ့ ၊ သွားလမ်းလာလမ်း ဖြောင့်တန်း သတဲ့ ၊ တစ်ဦးစေတနာ တစ်ဦးမေတ္တာ ကို အပြန်အလှန် အသိအမှတ်ပြု သော ချစ်စရာ ဓလေ့ အဖြစ် မှတ်သား လက်ခံ နာယူ ကျင့်သုံးမိပါတယ် ၊၊ အရိုးစွဲနေတဲ့ အမူအကျင့်လေး တစ်ခု ပေပေါ့ ၊၊


အဲဒီလို ကန်တော့ လေတိုင်း လူကြီးမိဘ ၊ အကန်တော့ခံ ပုဂ္ဂိုလ်များမှ ပြန်လည်ရ်ျ ဆုမွန်ချွေပေးတက်ကြမြဲ ၊၊ မိမိတို့ ၏ တူ သား တပည့်လေးများ ဘေးမသီရန်မခ စေဖို့ မိမိ ရင်တွင်းမှ မေတ္တာ စေတနာကို နှူတ်မှ ဖွင့်ဟ ရေရွတ် ဆုချွေပေးတက်ကြမြဲ ၊၊ အဲဒီလို ဆုချွေစကားလေးများနဲ့ အတူ ဆုတောင်းဆုံးမစကားလေးလည်း အမြဲလိုလို ကပ်ရ်ျပါမြဲ ၊၊ အမြဲလိုလို ကြားနေကျ ဆုပေးစကားလေးကတော့ " ဘုန်းကြီးပါစေ ၊ အသက်ရှည်ပါစေ ၊ သွားလမ်းသာလို့ လာလမ်းဖြောင့်တန်းကြပါစေ ၊ ရေလိုအေးလို့ ပန်းလိုမွှေးကြပါစေ " ရယ်လို့ ဆုပေးစကား ဆိုတက် ကြမြဲ ၊၊ အဲဒီနောက်မှာတော့ ထပ်မံမှာကြား တက်တဲ့ ဆုံးမစကားလေးကတော့ " ဘယ်သူတရား ပျက်ပျက် ကိုယ်မပျက်စေကြနဲ့ကွာ " ဆိုတဲ့ မှာကြားချက်လေး ကန်တော့တဲ့ အမှုကို အဆုံးသတ်ကြစမြဲ ၊၊


အခုများတော့ ခေတ်တွေလည်း ၊ ပြောင်းသလို ၊ စနစ်တွေလည်းပြောင်းလို့ အခြေအနေတွေလည်း ပြောင်းလာ လိုက်တာ ကန်တော့တဲ့အခါ ဆုပေးတဲ့ ပုံစံလေးတွေလည်း ပြောင်းလာပါတော့တယ် ၊၊ ခေတ်မှီတိုးတက် လာကြ လေသလား ၊၊ ဒါမှမဟုတ် ခေတ်ရေစီးကြောင်းကို မလွန်ဆန်နိုင်ကြလေသလား ၊၊ ရှေ့ပိုင်းက ဆုးပေး စကားလေး ဖြစ်တဲ့ " ဘုန်းကြီးပါစေ ၊ အသက်ရှည်ပါစေ ၊ သွားလမ်းသာလို့ လာလမ်းဖြောင့်တန်းကြပါစေ ၊ ရေလိုအေးလို့ ပန်းလိုမွှေးကြပါစေ " ဆိုတဲ့ ဆုပေးစကားလေး ကတော့ မပြောင်း လဲပေမယ့် နောက်ပိုင်းက မှာကြားချက်လေးဖြစ်တဲ့ " ဘယ်သူတရား ပျက်ပျက် ကိုယ်မပျက်စေကြနဲ့ကွာ " ဆိုတဲ့ စကားလေးကတော့ မသိမသာ ပြုတ်ကျန်ခဲ့လေတာ သတိထားမိလာပါတယ် ၊၊ ဆုပေးတဲ့သူတွေ က ဒီစကားလေးကို မေ့သွားကြလေသလား ၊၊ လွမ်းတော့ အလွမ်းသား ၊၊


သူတို့မမေ့ပါဘူး ၊၊ အဲဒီစကားလေးနေရာမှာ အစားထိုးဝင်ရောက်လာခဲ့တာက တော့ " ဘယ်လိုလဲ ၊ လုပ်ငန်းကိုင် ငန်း အဆင်ပြေကြရဲ့လား ၊ ညောင်သီးလည်းစား လေးသံလည်းနားထောင်ကြပေါ့ကွာ " ဆိုတဲ့ စကားလေးပါပဲ ၊၊ ဘယ်လိုပဲ ပုံစံပြောင်းသွားပေမယ့် ခလုတ်မထိ ဆူးမငြိ စေချင်တဲ့ စေတနာကတော့ အထင်း သား တွေ မြင်နိုင်ပါတယ် ၊၊ ဒီထက်ပိုပြီး စကားဆိုတက်သူတွေ ဆိုရင်တော့ " အရမ်းကြီးလည်း လမ်းရိုး ကြီး လိုက်မနေနဲ့နော် ၊ ဟိုဖက် အိမ်က မောင် ဘယ်သူဆို ခဏလေးပဲ အဆင်ပြေနေပြီ ၊ မီးစင်ကြည့်ကပေါ့ကွာ ၊၊ ရိုးရိုးကြီးလုပ်မနေနဲ့ " လို့ နောက်ဆက်တွဲ မှာကြားတက်ကြပါတယ် ၊၊ ကိုယ့်တူ ကိုယ့်သား ကိုယ့်တပည့် သား ကို ကြီးပွားတိုးတက်စေလိုသော စေတနာသပ်သပ်ရယ်ပါ ၊၊


အင်း ....... ဟိုးတုန်းက ဆုံးမစကားလေးကိုတော့ လွမ်းမိသေးတာ အမှန်ပါ ၊၊ လူတိုင်းကိုလည်း သတိယစေချင် ပါတယ်လေ ၊၊ သို့သော် ခေတ်ကာလ ရဲ့ တောင်းဆိုမှုဆိုတော့လည်း အတင်းအကျပ်တော့ ပြောသာဘူးပေါ့ ၊၊
ဘာပဲဖြစ်ဖြစ် အခုအချိန်မှာ " ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်စေကြနဲ့ ကွာ " ဆိုတဲ့ စကားလေး ဘယ်ချောင်မှာများ ကပ်နေမလဲနော် ၊၊


မေတ္တာရင်းဖြင့်
မင်းအိမ်ဖြူ

.

.
မှတ်ချက် ၊၊ လူတိုင်း အတွက် မဆိုလိုပါဘူးဗျာ ၊၊ နောက်တစ်ခု က ဒီလိုပြောလို့လည်း စိတ်မဆိုးလိုပါဘူး ၊၊ အူမ မတောင့်ရင် သီလမစောင့်နိုင်တာကိုတော့ ကိုယ်တိုင် ခံစားဖူးသူမို့ ကိုယ်ချင်းစာပါတယ် ၊၊ မြန်မာပြည်မှာ လုပ်နေ ကြတဲ့ သူငယ်ချင်းတွေကို သတိယမိလို့ ဒီပိုစ့်လေးကို တင်မိပါတယ် ၊၊ လွန်တာရှိရင် ၀န္ဒာမိပါလို့ ၊၊

Tuesday, 23 June 2009

ငှက်စာ

ဟိုးတပတ်ကျော် တစ်ခုသော တနင်္ဂနွေကပေါ့ Bird Park ကို သွားဖြစ်ခဲ့သေးတယ် ၊၊ အကြောင်းကြောင်း ကြောင့် မရောက်ဖြစ်ခဲ့သေးတဲ့ နေရာလေးကို လက်မှတ်ဝင်ကြေး မပေးရပဲ ရောက် ခွင့်ရ ခဲ့ တယ် လေ၊၊ အသိအစ်မကြီးတစ်ယောက် ကသူတို့ ကုမ္မဏီက ရတဲ့ လက်မှတ်ကို ပေးလို့ပါ ၊၊ ၄ ယောက် အလကား ၀င် ခွင့်ရတယ် ၊၊ ပုံမှန်ဆိုရင်တော့ ၁၆ ကျပ်လားမသိဘူး ၊၊ ကိုယ်မပေးရတော့ ဈေးလည်း မေးခဲ့မိတော့ဘူး D:


ပထမတစ်ကြိမ်လည်း သွားဖို့ စီစဉ်ဖူးတယ် ၊၊ အိမ်မှာ အတူနေတဲ့ သူငယ်ချင်းတွေ နဲ့ ၊ ချိန်းထားပြီးတော့မှ ကိုယ့် ကိုမခေါ်ပဲ သူတို့ဘာသာ ထွက်သွားတော့ လိုက်ခွင့်မရခဲ့ဘူး ၊၊ အခုတော့ သွားဖြစ်ဖို့ဖန်လာလို့ ရောက် ခွင့်ရတာပေါ့လေ ၊၊




စင်ကာပူထုံးစံ အားလုံးက တော့ပြုပြင်ဖန်တီးထားတာတွေ ချည်းပါပဲလေ ၊၊ တောင်ဆိုလည်းအတု ၊ ရေတံခွန်ဆိုလည်း အတု ၊ မြစ်ဆိုလည်းအတု ၊ အပင်တွေကလည်း အရွက် တွေ က မာ ဆတ်ဆတ်နဲ့ အတု တွေ လားတောင် ထင်ရရဲ့ ၊၊ ဒါပေမယ့် ဘယ်အရာမဆို သေသေချာချာ စည်းစနစ်တကျ လုပ်ထားတာ တော့ အတော်ကိုသဘောကျပါတယ် ၊၊ အရာအားလုံးကို စည်းကမ်းဆိုတဲ့ ဘောင်တစ်ခုတည်းကနေ ထိန်းချုပ်ထားတာ တော့ နမူနာယူဖို့ကောင်းပါတယ် ၊၊ ဒီလိုမှ မလုပ်ရင်လည်း လူမျိုးပေါင်းစုံ လာရောက်နေထိုင်တဲ့ ကျွန်းနိုင်ငံလေး စည်းမဲ့ကမ်းမဲ့ ပရမ်းမတာတွေ ဖြစ်ကုန်မှာပေါ့လေ ၊၊

အဲဒီရေတံခွန်ကလည်း အတုလုပ်ထားတာပါလေ



အဲဒီထဲမှာ သဘော အကျဆုံးကတော့ ငှက်ကလေးတွေကို ပြပေးတဲ့ ငှက်ရှိုးလို့ ခေါ်မလား အဲဒီ Bird Show ကို သဘော အကျဆုံးပါပဲ ၊၊ ဆင်လိမ္မာ ပြပွဲဆိုတာလည်း ကိုယ်နဲ့ သိပ်မစိမ်းပါဘူး ၊၊ နောက် မြွေတွေကို သင်ကြား ပြသတဲ့ပွဲတွေ ၊ နောက် မျောက်ပွဲတွေ ဆိုတာက မြင်တွေ့နေကျမို့ ထူးပြီးမဆန်းပေမယ့် ငှက်တွေ ကို သင်ကြား ပြီး ပွဲတစ်ခု လိုပြသတာကတော့ ကျွန်တော့်အတွက် တကယ်ကို ထူးဆန်းပါတယ်ဗျာ ၊၊ အဲဒီ ငှက်တွေ ကို ကြိုးတွေနဲ့လည်းချည်မထားပါဘူး ၊၊ မိုးလုံလေလုံ ပြပွဲရုံထဲမှာ ပြတာလည်း မဟုတ်ပါဘူး ၊၊ အလွတ်တမ်း ပါ ပဲ ၊၊ တကယ်လို. အဲဒီ ငှက်ကလေးတွေ ပျံပြေးမယ်ဆိုရင် ပျံပြေးလို့ ရပါတယ် ၊၊ လေဟာပြင် ဇာတ်ရုံထဲမှာ ပေါ့၊၊

ပထမဆုံး ပြကွက်က ငှက်တွေ ရေငန်းတွေ အများကြီးထွက်လာပြီး ပြတာ ၊၊ ယိမ်းကသလိုပဲဗျာ ၊၊ တကယ် သူ့အပေါက်နဲ့သူ အ၀င်အထွက်မမှားဘူး ၊၊ နော်က ငှက်နှစ်ကောင်က ဂေါ်လီလုံးလေးတွေကို အပြိုင်ထည့်တဲ့ ပြကွက် ၊ သူတို့နာမည်တွေ ခေါ်ပြီး ပရိတ်သတ်က အားပေးရတယ် ၊၊ တကယ်ကို ၇င်သပ်ရှုမောလို့ ဆိုချင်တယ် ၊၊ နောက် သတ်မှတ်ထားတဲ့ နေရာတွေကို သွားပြ ပျံပြ ၊ သီချင်းတွေ ဆိုပြ ၊ တကယ်ကို အံသြမိပါရဲ့ အဲဒီမှာ ကျွန်တော့်ခေါင်းထဲကို အတွေးလေးတစ်ခု ဖျတ်ကနဲဆို ၀င်လာခဲ့တယ် ၊၊ ထုံးစံအတိုင်း အူအူကြောင်ကြောင် မို. အူကြောင်ကြောင် အတွေးလေးပေါ့ ၊၊


အနားမှာရှိတဲ့သူငယ်ချင်းကို "မင်းစဉ်းစားကြည့်စမ်းပါ ၊ လူတွေ မပြော နဲ့ ငှက်တွေကိုတောင် ဒီလိုခိုင်းထားတာဆိုတော့ လူတွေ စိတ်ညစ်တယ် ၊ မပျော်ဘူး မပြောနဲ့တော့ကွာ " ဆိုတော့ သူငယ် ချင်းက ကျွန်တော့်ကို ဒီလို ပြန်ပြောပါ တယ် ၊ " သူတို့ တစ်ခုခု တော့ လုပ်ထားလိမ့်မယ်ကွ ၊ ဘာ့ကြောင့်လဲဆိုတော့ လွတ်လပ်ခြင်းကို မြတ်နိုးပါတယ် ဆိုတဲ့ ငှက်ကလေးတွေက ပျံသန်းလွတ်မြောက်ခွင့် ရပါလျက် မပျံသွားဘူးဆိုတော့ "လို့ပြောပြီး စကားဖြတ်ပြီး စဉ်းစား ဟန်ပြု တော့မှ ကျွန်တော်ဖြတ် ကနဲတွေးမိ သွား တာ က ပွဲစဉ် တစ်လျှောက် လုံးမှာ ငှက်ထိန်း တွေ ကို အစာတမျိုးကို မရပ်မနား ကျွေး နေ တာကို သတိပြုမိသွားပြီး " မှန်တယ် မင်းပြောတာဖြစ်နိုင်တယ် သူတို့ကျွေးနေတဲ့ အစာထဲမှာ စွဲလန်းစေတက်တဲ့ အရာတစ်ခုခု ပါလိမ့်မယ် ၊ အပြင်ပတစ်နေရာမှာ မရနိုင်တဲ့ အစာတမျိုးကြောင့်သာ ဒီငှက်ကလေးတွေ အဝေးကို မပျံပြေးတာ ဖြစ်နိုင်တယ် လို့ အဖြေလေးတစ်ခုရမှ ပဲ နေသာ ထိုင်သာ ရှိပြီး ဆက်တွေးဖြစ်တာကတော့

အစာတလုတ်အတွက် ကိုယ့်ဌာနေကိုစွန့်ပြီး သူများအလိုကျ သရုပ် ဆောင်ပြနေရတဲ့ ငှက်ကလေးတွေ သူတို့ ရော ဟိုးတစ်နေရာ က အ မျိုး တွေ ရှိရာ မွေးရပ်မြေကို ပျံချင် နေကြမလား ၊၊ တကယ် လို.ပြန်သွားတဲ့အခါ ဒီမှာ စား ရတဲ့ အစာမျိုးမရတဲ့ အတွက် ပျော် နိုင်ပါ့ မလား ၊၊ ပျံသွားပြီး မနေနိုင်လို့များ ပြန်လာကြတာလား ၊၊ အော် တ ကယ် လို့ သူတို့ကြိုက်တဲ့ အစာတွေ အဲဒီ မွေးရပ်မြေမှာ ရရင် တော့ ပြန်သွား ကြမလား ၊၊ လားပေါင်းများစွာ နဲ့ပေါ့ ၊၊ ဒီလိုမြိုပြ ရဲ့ ပြပွဲမှာ ပါဝင်ခွင့် ရဖို့အတွက် ကိုယ့်ကိုကိုယ် လေ့ကျင့်ကျိုးစားပြီး ၊ သူများတွေ ခိုင်း သလို လုပ်ပြဖို့ ဒီနေရာကိုရောက်လာသူတွေအတွက် မ ထောင်း တာ ပေမယ့် အဲဒီ အစာလေးတလုတ်အတွက် စိတ်မပျော်ပဲ သရုပ်ဆောင် ပြနေရတဲ့ အဝေးရောက် ငှက်ငယ်လေးတွေ အတွက် ရင်နာမိတာ အမှန်ပါ ၊၊ သူတို့ပျော်တဲ့ အရပ်မှာ သူတို့စွဲလန်းသွားမိတဲ့ ငှက်စာလေးတွေ ပေါများပါစေဗျာ လို့ လေလွင့်ငှက်ငယ်လေး တွေ အတွက် ဆုတောင်းမိနေဆဲ ၊၊


လေးစားစွာဖြင့်
မင်းအိမ်ဖြူ

(စာတွေ အများကြီးမရေးဖို့ ထိန်းချုပ်နေရင်း မနည်းဖြတ်လိုက်ရပါတယ် ၊၊ မပြည့်စုံမှာလည်းဆိုးတော့ ဖြတ်ရင်း စာကနည်းနည်းတော့ ရှည်သွားတယ်ဗျာ ၊ ဒီထိရောက်အောင်ဖတ်ပေးတာကျေးဇူးတင်ပါတယ်ဗျာ)

Friday, 5 June 2009

ကျွန်တော်လွမ်းတဲ့ လူထုအော်သံ

လွမ်းတယ် ဆွေးတယ် သတိယတယ် ဆိုတာဟာ နှလုံးသား ကို အခြေပြု စီးဆင်းလာတာ မို. အလွန်အကျွံ မဖြစ်ဘူးဆိုရင် ခံစားသင့်တဲ့ အရာအဖြစ် ကျွန်တော် သတ်မှတ် လက်ခံထား ပါတယ် ၊၊ ကျွန်တော် လွမ်းတက်ပါတယ် ၊၊ ဘာ့ကြောင့်မှန်းမသိပေမယ့် တကယ် လွမ်းတက်တာပါ ၊၊ တခါတခါ မိဘတွေကိုလွမ်းတယ် ၊၊ မောင်နှမ တွေကို လွမ်းတယ် ၊၊ သူငယ်ချင်းတွေကို လွမ်းတယ် ၊၊ လွမ်းတယ်ဆိုတာ ဘယ်လို အတိအကျ အဓိပါယ် ရှိလဲ မသိပေမယ့် ကျွန်တော့် အတွက်တော့ လွမ်းတယ် ဆိုတာ တမ်းတမ်းတတ သတိယခြင်း တစ်မျိုးပါပဲ ၊၊


ငယ်စဉ်ကတည်းက အလွမ်းတွေ နဲ. ရစ်ပတ်ကြီးပြင်းခဲ့သူမို. ခုချိန်ထိလည်း လွမ်းလို.နေ ဆဲပါ ၊၊ သက်ရှိတွေ ကိုလည်း လွမ်းပါတယ် ၊၊ သက်မဲ့တွေ ကိုလည်းလွမ်းပါတယ် ၊၊ ချစ်တဲ့သူတွေကိုလည်း လွမ်းပါတယ် ၊၊ မုန်းတဲ့ သူတွေကိုလည်း လွမ်းပါတယ် ၊၊ ကိုယ့်အ ပေါ် ကောင်းတဲ့သူတွေကိုလည်း လွမ်းပါတယ် ၊၊ ကိုယ့်အပေါ် ဆိုးတဲ့ သူတွေကိုလည်း လွမ်း ပါတယ် ၊၊ အိမ်မွေးတိရစ္ဆာန်တွေကိုလည်း လွမ်းတက်ပါတယ် ၊၊ တကယ် အားလုံးကို လွမ်း ပါတယ် ၊၊

အခုဒီကိုရောက်တော့ ဘာပဲဖြစ်ဖြစ် ပိုလွမ်းမိနေတာက မြန်မာတစ်နိုင်ငံလုံးကို ပါပဲ ၊၊
တိုက်ဆိုင်မှုရှိတိုင်း လွမ်းပါသည်ပေါ့ ၊၊

ဟိုးငယ်ငယ်တည်းက စာစဖတ်တက်စ အရွယ်မှာ သတင်းစာ ဆိုတာကို စပြီး မိတ်ဆက် ခွင့် ရခဲ့ပါတယ် ၊၊ အိမ်မှာက ကြေးမုံ ရော ၊ ဗိုလ်တစ်ထောင်ရော ယူပါတယ် ၊၊ ကျွန်တော်တို. မြို.က ရန်ကုန်နဲ. မိုင်၂၀၀ နီးပါးဝေးပါတယ် ၊၊ အဲဒီတော့ သတင်းစာကို ထွက် တဲ့ မနက်ပိုင်းမှာ ဖတ်ခွင့်မရပါဘူး ၊၊ ညနေ စာပို.ရထား ဆိုက်တဲ့ အချိန်မှ ဖတ်ခွင့် ရပါတယ် ၊၊ ဘာ့ကြောင့်စာပို.ရထား လို. ခေါ်လဲဆိုတော့ အဲဒီရထား မှာ စာတိုက်တွဲဆိုတာ ပါပါတယ် ၊၊ စာတွေကို အပို.အယူလုပ်တာပေါ့ ၊၊ စာတိုက်ရှိတဲ့ ဘူတာတိုင်းမှာ အဲဒီ ရထားက ရပ်ပါတယ် ၊၊


အဲဒီလိုနဲ့ သတင်းစာနဲ့ ရင်းနှီးလာတဲ့ အနှီကလေးလေး ကျွန်တော် ဟာ သတင်းစာ ၂ စောင် လုံးကို အမြဲတမ်း စောင့်ပြီး ဖတ်ပါတယ် ၊၊ ဘူတာမှာ သွားယူပါတယ် ၊၊ သူတို.အိမ်ကိုလာ ဝေရင် ကြာလို.ပါ ၊၊ အဲဒီလို ဘူတာက ပြန်ရင်း လမ်းလျှောက်ဖတ် ရတဲ့ အရသာဟာ တကယ်ကောင်းပါတယ် ၊၊ အခုတောင် အဲဒီလိုလေး ဘောင်းဘီတို အကွက်လေး ၀တ်ပြီး ပြန်သွားပြီး ဖတ်လိုက်ချင်ရဲ့ ၊၊ ဘာတွေ များဖတ်တုန်း ၊၊ ကာတွန်းပါ ၊၊ နောက်ကာတွန်း ပြီးရင်ဖတ်တာက တော့ လူထုအော်သံ ပါ ၊၊ အရမ်းကြိုက်ပါတယ် ၊၊ အဲဒီကာလ တုန်းက ခုလို ဂျာနယ်တို. ဘာတို.ကလည်းမရှိ ၊၊ အင်တာနက်တို. ဘာတို.ကလည်း မရှိ ၊၊ ဆိုတော့ အဲဒီသတင်းစာ ဟာ ကျွန်တော်တို. အတွက်တော့ တံခါးပေါက်ပါပဲ (ကိုဒီပ ၇ဲ့ ပြတင်းပေါက်တော့ မဟုတ်ပါ ) ၊၊


တကယ်ကို အဲဒီတုန်းက ကာတွန်းလေးတွေဆို အရမ်းကောင်းပါတယ် ၊၊ ဖြစ်နေတဲ့ ခေတ် အမြင်လေးတွေကို တင်ပြတာပါ ၊၊ နောက်လူထု အော်သံ ဆိုလည်း တကယ် အော်လို. ရပါတယ် ၊၊ မုန်.ဟင်းခါးဖို အပုပ်နံ. ဘေးအိမ်မခံနိုင် ၊ တို. ရပ်ကွက်တွင်းမှ ဟိုအိမ်တွေ ဖယ်ရှားပေးစေချင် တို. ဘော်ဒီရုံမှ အသံ လမ်းတွင်း နေသူများ အိပ်မရ တို. ပဲလှော်ဖိုမှ မီးဘေးစိုးရိမ်ရ တို. ညဖက်သန်းခေါ်င် သုံးဘီးကားသံ နားမခံသာ တို. စသည် ဖြင့်ပေါ့ ၊၊ တကယ်ဖတ်လို.ကောင်းပါတယ် ၊၊ ဘာဖြစ်ဖြစ် ကိုယ် မသွားနိုင် မမြင်နိုင်တဲ့ ဆီက အသံတွေကို ကြားနေရပါတယ် ၊၊ ( အခုတော့ တစ်ပြည်လုံးသာယာပြီဆိုတော့ ဒါတွေ လိုတော့ ပါဘူးနော် ၊ လမ်းဖောက် ၊ တံတားဆောက် ၊ ရေအားလျှပ်စစ်ထုတ် တဲ့ သတင်းတွေ တောင် မှ ဖေါ်ပြဖို. စာမျက်နှာမဆံ့လို. နောက် အချပ်ပို ထုတ်နေရတာလေ နော် )


အခုတော့ မမြင်ရတော့တဲ့ အဲဒီ လူထုအော်သံ လေး လွမ်းတယ်ကွယ် ၊၊
ဦးဦးအယ်ဒီတာကြီးခင်ဗျား .........................
ဆို အစပြုပြီး ရေး လိုက်ချင်မိပါရဲ့ ၊၊


(ဒီက Straits Times သတင်းစာမှာ ကျွန်တော် ငယ်ငယ်တုန်းက အမြဲစောင့်ဖတ် ရတဲ့ ကျွန်တော် လွမ်းနေတဲ့ ကာတွန်းနဲ့ လူထုအော်သံ ဆိုတာလေးပါလို. ပိုလွမ်းမိသွားတာ ပါဗျာ : အခုဟာက အင်္ဂလိပ် လိုဆိုတော့ ဖတ်တက်ဘူး P: )

လက်ဆောင်

အဒေါ်တစ်ယောက်နဲ. အတူ ကျွန်တော်တို. ညပိုင်း ရုပ်မြင်သံကြား ကလာတဲ့ ပေါင်ချိန်ကား ထိုင်ကြည့် နေတဲ့ အချိန် ပေါ့ ၊၊ အဲဒီမှာ တစ်ယောက်က ပေါင်ချိန်ရုံးထိပ်က စည်ကြီး ရှိရင်ကောင်း မယ်ပေါ့ ၊၊ မကျေနပ်ရင် သွားအော် လို.ရတယ် ပေါ့ ၊၊ အဲဒီတော့ အဒေါ် လုပ်သူက ၀င်ပြောပါတယ် ၊၊ မရှိတာကောင်းပါတယ်ဟယ်တဲ့၊၊
ဘာလို.လည်း အဒေါ်ရပေါ့ ၊ အားလုံးက ၀ိုင်းမေးတဲ့ အခါ
ဟဲ့ အဲဒါကြီးရှိတော့ ဘယ်သူမှ အလုပ်လုပ်ရမှာ မဟုတ်ဘူး ၊ အော်ဖို.တန်းစီနေရတာနဲ့ အော်စရာတွေ က အများကြီး ဘယ်လိုလုပ်မတုန်းတဲ့ ၊၊ဒီတိုင်းလေးပဲကောင်းပါတယ် ဟယ် တဲ့ ၊၊
အင်း သူဟာနဲ့သူတော့ နေသားကျလို.ပါပဲလေ ....……..လို.သာစဉ်းစားရင်း

Thursday, 4 June 2009

ပျော်ရွှင်စရာမွေးနေ.လေးဖြစ်ပါစေ

..................... .......................
စေတီတော်၏ညချမ်းကြည်ညိုဖွယ်.................ဒီအရုပ်လေးရင်းနှီးခဲ့တာကြာပေါ့.........................ပန်းလှူဖြစ်ခဲ့ပါ၏

ကျောင်းတွေ ဖွင့်တဲ့ လ ……..
မိုးတွေရွာတဲ့လ ……
ဝါဆိုတော့မယ့်လ………..
သြော် ဇွန်လ ရောက်ပြန်ပြီ…………….

ရာသီစက်ဝန်းတွေ အလီလီပြောင်းခဲ့သလို
နှစ်တွေလည်း အခါခါ ဟောင်းခဲ့ပြီ ………..
ပြန်မရနိုင်တော့တဲ့ ပျိုမြစ်နုနယ်ခြင်းတွေ လည်း ကုန်ဆုံးခဲ့ပြီ…..
အစားထိုးဝင်ရောက်လာတဲ့ တည်ငြီမ်ရင့်ကျက်ခြင်းတွေကို ကြိုဆိုရင်း …………

အမှတ်ယစရာလေးတွေ
ဒီလိုနေ. ဇွန်လ ၄ ရက်ရောက်တိုင်း ကောင်းမှုကုသိုလ်လေးတစ်ခုခုတော့ ပြုဖြစ်မြဲ
ဒီနေ.လည်းပြုဖြစ်ပါအုံးမည်၊၊

၂၀၀၄ခုနှစ် တုန်းက စစ်ကိုင်တိုင်း အနောက်မြောက်ပိုင်းက ကလေးဝမြို.မှာ ၊ ဘုရား ဘွဲ.တော် က ရွှေစည်းခုံ စေတီတော် ဘွဲ.အမည်ရတဲ့ တစ်ဆူလုံးရွှေအပြည့်နဲ.ဟိုး တောင်ပေါ်ထိပ်က စေတီမှာ
၂၀၀၅ခုနှစ် တုန်းက ရန်ကုန်မှာ
၂၀၀၆ခုနှစ် တုန်းက လည်းရန်ကုန်မှာပဲ ရှိနေခဲ့
၂၀၀၇ခုနှစ် တုန်းက ဒီနေ.ဒီရက်မှာ မုံရွာမှာ ရှိနေခဲ့တယ်
အဲဒီတော့ မုံရွာ ရွှေစည်းခုံ ဘုရားမှာ မွေးနေ.ကို ရည်စူးပြီး ငွေလှုခဲ့သည် ၊၊
၂၀၀၈ခုနှစ် မနှစ်ကတော့ နာဂစ် ဖြစ်ပြီးကာစ ကာလဆိုတော့ ကျောင်းကသူတွေ အားကြိုး မာန်တက် ကောက်ခံဒါနပြုနေတာတွေနဲ.လည်းကြုံဖြစ်တော့ အဲဒီအတွက် ရည်စူးပြီး ငွေလှူ ဖြစ်ခဲ့တယ် ….
၂၀၀၉ခုနှစ် ဒီနှစ်လည်း ဒီနေ.မှာ ဒါနတစ်ခုခု ပြုဖြစ်အုံးမှာပါ ၊၊ ဒီညနေ ဘုရားသွားမယ် ၊၊ ပန်း ၊ ရေချမ်း လည်းကပ်မယ် ၊၊မွေးနေ.ကို ရည်မှန်းလို. ဒါနပြု အမျှပေးဝေပါအုံးမယ် ၊၊
၂၀၁၀ခုနှစ် ................


နောင်လာမည့် နှစ်တွေတိုင်းမှာလည်း ပြုခွင့်ရသမျှ အခွင့်ရသမျှ အမှတ်တယ ဒါနလေးတွေ ဒီနေ.ဒီရက်မှာ ပြုဖြစ်ပါအုံးမည်၊၊

ဒီမွေးနေ.မှသည် နိဗာန် မရောက်မီဆက်ကြား ဘ၀ဆက်တိုင်း ပျော်ရွှင်ချမ်းသာ စွာဖြင့် ကောင်းမွန်စွာ အသက်မွေးနိုင်ပါစေ ၊၊
ဘ၀များစွာ သံသရာစက်ဝန်းအတွင်း ကျင်လည်နေရအုံးမည် ဆိုလျှင်လည်း သစာမဲ့သူ သူတစ်ထူးနဲ. မတွေ.မဆုံ ၊ မကြုံမသိ ပါစေနဲ. ၊၊
သာယာပျော်ရွှင် ချမ်းမြေ့သော ဘ၀တစ်ခု ၊ ပြည့်စုံချမ်းသာသော မိသားစုဘ၀တစ်ခုကို ပိုင်ဆိုင်ပါစေလို. ဆုမွန်တောင်းပါ၏ ၊၊

မေတ္တာရင်းဖြင့်
မင်းအိမ်ဖြူ

Tuesday, 2 June 2009

စိတ်မလုံဘူး

သူများဒေသ သူများနိုင်ငံ သူများတိုင်းပြည် မှာ လာရောက်လုပ်ကိုင် နေရသည့် အတွက် မည်သူ တစ်ဦးတစ်ယောက် ရယ်မှ စိတ်လွတ်ကိုယ်လွတ် မနေထိုင်ရတာကိုတော့ ကိုယ်တိုင် ခံစားဖူး သူများ သာလျှင်ကိုယ်ချင်း စာ ခံစား နိုင်ပေလိမ့်မည် ၊၊ သွားနေပေသည့် မလွတ်လပ် ၊ စားနေပေသည့် ခံတွင်းမတွေ. ၊ အိပ်နေပေသည့် မနှစ်ခြိုက် ၊၊ ကြုံဖူး ခံစားဖူးမည်လားမသိ ၊ အိပ်ရတာခြင်းတူပေသည့် မိဘတွေ ရှိသည့် အိမ်တွင်အိပ်သည့် အခါ ပိုရ်ျ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်၏၊၊ စားဝင်၏၊၊ ထို.အတူ ပေ ၊၊


ပိုရ်ျ ကောင်းကောင်း နေရပါ၏ ၊၊ ပိုရ်ျ ကောင်းကောင်း စားရပါ၏ ၊၊ ပိုရ်ျ ကောင်းကောင်း ၀တ်ရပါ၏ ၊၊ သက်တောင့်သက်သာ သွားရလာရ ပါ၏ ၊၊ အင်တာနက်သုံး ရ်ျ အဆင်ပြေ၏ ၊၊ မီး အတွက် ၂၄ နာရီပူစရာမလို ၊၊ ၁ နာရီလောက်ဖြတ်ချင်လျှင်တောင် တစ်ပတ်လောက် ကြိုတင်ရ်ျ သတိပေးအကြောင်းကြား၏ ၊၊ (ကျွန်တော်တို.ဆီမှာတော့ တစ်နှစ်စာ ကြိုတင် အကြောင်းကြားထားမှ အဆင်ပြေမည် ) တယ်လီဖုန်းဆက်သွယ်ရေး အဆင်ပြေ၏ ၊၊ (ကိုယ် မပြောလျှင် ပေးစရာမလိုပါ ၊၊ ) ကိုယ်ပိုင်ကားမရှိတဲ့ လူတန်းစားလည်း ပူစရာမလို ၊၊ တယ်လီဖုန်း ကိုင်နိုင်တဲ့ လူတန်းစား ရယ်လို.လည်း သတ်သတ်မှတ်မှတ် မတွေ.ဘူး ( Handset ကောင်းကောင်းကိုင်နိုင်သူများကိုမရည်၇ွယ်ပါ )


လိုအပ်ရ်ျ နေမကောင်းဖြစ်ပါက ဆေးခန်းသွား ၊ သာမာန် ရိုးရိုး ဖျားနာခြင်းအတွက် ကိုယ်ငွေ တစ်ပြားမှ ကုန်စရာမလိုပါ ၊၊ ဘောင်ချာလေးတင်လိုက် တစ်ရက် လည်း နားရ သည် ၊၊ ဆေးခန်းဖိုးလည်း ပြန်ရပါသည် ၊၊ စားစရာ ဆိုတာလည်း ဆိုင်တွေဆိုတာ တပုံတပင် ဘယ်နေရာမဆို အဝေးဆုံးဆိုတာက လမ်းတစ်လျှောက်သာသာ ၊ တစ်မှတ် တိုင်ပေါ့ ၊၊ ၂၄ နာရီဆိုတဲ့ ဆိုင်တွေက ရှိသေး ၊၊ ဘာဝယ်ချင်လည်း ရတယ် ၊၊ နေရာတကာ ၊ ကံကောင်းရင် အင်္ဂလိပ်လိုတောင် ပြောဖို.မလို ( 7 – 11 ဆိုင်တွေမှာက ညပိုင်းဆို ရွှေတွေ တွေရတက်ပါတယ် )အစားအသောက်လည်း သိပ်ထူးထူးခြားခြား ကွာလှတယ်မဟုတ်၊ စားလို.ရပါသည် ၊၊

သို.သော်
သို.သော်
ကျွန်တော်တို.မပျော်
ကိုယ်မြေ ၊ ကိုယ့်ရေ ၊ ကိုယ့်ဒေသရယ်မှ မဟုတ်တာနော် ၊၊
နောက်တစ်ခုက
ကျွန်တော်တို. စိတ်တွေ မလုံခြုံဘူးလေ………


စိတ်မလုံဘူးဆိုတဲ့ ခံစားချက်ကို ဘယ်လို နားလည် အဓိပါယ် ဖွင့်ကြမယ် မသိပေမယ့်
ကျွန်တော်အတွက်တော့ တကယ်စိတ်မလုံခြုံဘူးလို. ခံစားရပါတယ် ……….

ကိုယ်ကိုတိုင် အတွက်ရော ၊ အားလုံးအတွက်ရယ်ကော……………


စပ်မိစပ်ရာ ဘာဘာညာညာ

ဒီနေ.ဖတ်ဖြစ်တဲ့ The Straits Times သတင်းစာလေးထဲက သတင်း ဆောင်းပါး လေးမှာ ပါတဲ့ စာပိုဒ်လေး တစ်ခု ကို မျှဝေ လို. မုဒိတာ ပွားစေချင်လို.ပါ ၊၊ ဖြစ်ပုံလေးကတော့ Singapore နိုင်ငံ Orchard Road ပေါ်မှာ ရှိတဲ့ အခန်း ၁၄၀ ပါရှိတဲ့ Condominium တစ်ခုမှာ ဖြစ်တဲ့ အကြောင်းအရာလေးပါ ၊၊ ကျွန်တော် High Light လုပ်ချင်တာက အကြောင်းအရာ မဟုတ်ပါဘူး ၊၊ ဗြိတိန်နိုင်ငံသား Hotel Designer တစ်ယောက်ရဲ့ ပြောစကား
လေးကို ဝေမျှချင်တာပါ ၊၊သူတို.ကို အာဏာပိုင်တွေက လက်ရှိနေတဲ့ နေရာ Condominium ကနေ ရွှေပေးဖို. Sunday Night မှာ အသိပေးပါတယ် ၊၊ Monday ပြောင်းပေးရမယ်ပေါ့ ၊၊ အကြောင်းအရာကတော့ သူတို.အကြောင်း ဆိုတော့ ထားလိုက်ပါတော့ ၊၊

အဲဒီမှာ အဲဒီဗြိတိန် နိုင်ငံသားက ပြောသွားတာလေးက ဒီလိုဗျ ၊၊ မူရင်းအတိုင်း ရေးပေးလိုက်ပါမယ် ၊၊ သူကဒီလိုဆိုတယ်ဗျ ..
" I didnt know that what was happening . No notices pasted in the lobby , nothing . If I had not found out from friends , would my belongings have been rudely thrown out ? " asked the hotel Designer , who is looking for temporary accommodation and has contacted his embassy for Help .
ကျွန်တော်ခံစား လိုက်ရတာက အထက်မှာ ကျွန်တော် အနီရောင်နဲ. High Light လုပ်ထားတာလေးပါ ၊၊..
ကျွန်တော်တို.ဆို ဒီလိုစိတ်ကူးမျိုး ၀င်မိမလား ၊၊ No ၊၊ ကျွန်တော်တို. ဘယ်တော့မှ မျှော်လင့်မိမယ်မထင်ဘူး ၊၊ ကျွန်တော်တို.နဲ. သံရုံးကြားက ဆက်သွယ်ရေးက အခွန်ဆောင်ဖို.နဲ. ပိုက်ဆံ ၃၀၀ ပေးပြီး ပတ်စပိုစ့် သက်တမ်း တိုးရေးက လွဲရင် အခြားမရှိပါ ၊၊ တခါမှလည်း အကူအညီတောင်းမကြည့် ခဲ့ဘူးသလို ၊ စိတ်ကူးလည်း မရှိကြ ၊၊ ကူညီမယ်လို.လည်း မမျှော်လင့်ကြ ၊၊ လူတိုင်းဒီလို ခံစားရမယ်ထင်ပါတယ် ၊၊ ဘာကြောင့်များပါလိမ့် ?
အလုပ်ထဲမှာ အတူတူလုပ်ကြတော့ အခြားနိုင်းငံ ( အိမ်နီးနားခြင်း ) ဖိလစ်ပိုင် ၊ ယိုးဒယား ၊ အိန္ဒီယ ၊ ဘင်္ဂလား၊ တရုတ် စတဲ့နိုင်ငံက အလုပ်လုပ်သူတွေကတော့ ဘာအခွန်မှ ဆောင်ရန်မလိုပါတဲ့ ၊၊ ဒါကတော့ တစ်နိုင်ငံ မူတစ် မျိုး ဆိုတော့ ထားပါတော့ ၊၊ အမှန်တော့ ကျွန်တော်တို.ဆို ပတ်စပိုစ့် ဆိုတာလုပ်ကတည်းက ပညာရေးကင်းရှင်း ကြောင်းဆိုပြီး အခွန်ငွေ ဆောင်ခဲ့ပြီးသားပါ ၊၊ ထားပါတော့ ၊၊ အခြားနိုင်ငံသားတွေ အဆင်မပြေတဲ့အခါ သံရုံးကို အကြောင်းကြား အကူအညီတောင်းလို.ရတယ်ဆိုတာ သိရတော့ .......... အင်း ......
အကူအညီတောင်းဖူးသူများ ရှိရင်လည်း ပြောပြပေးပါဗျာ ...............
အခြားသူတွေလည်း သိရတာပေါ့ ..............
နောက်ထပ်တွေးမိတာလေးက ကျွန်တော်တို. ရွှေတွေ အခြားလူမျိုးထက် ပိုတော်တယ်လို. ၊ ဟုတ်တယ်လေ ဗျာနော် ၊ ဘယ်သူ.မှ အကူအညီမတောင်း ဘူး ၊၊ အချင်းချင်းလှည်ပတ် ကူညီပြီး ကိုယ်ပြသနာ ကိုယ်ရှင်း သွား ကြ တာ ၊၊ တကယ်တော် ပါတယ်ဆို..... အဟုတ် ..

Friday, 29 May 2009

ဝမ်းမြောက်ပါတယ် စင်ကာပူ

ကျွန်တော့်တို.နိုင်ငံမှာ အရှူပ်အထွေးတွေနဲ. ပူဆွေးနေတဲ့ အချိန်မှာ စင်ကာပူကတော့ သူတို.ရဲ့ Circle MRT လိုင်းသစ်ကို ဒီနေ့မှာပဲ အောင်မြင်စွာ စတင် ဖွင့်လှစ်ပြေးဆွဲပါတယ် ၊၊
တို.နိုင်ငံနဲ. သိပ်မဝေးပဲ ဘာတွေများ ကွာခြားနေ ပါသလဲ ကွယ် .............တကယ်ကို ခံစားရပါတယ်

ရထားစီးရင်း ခံစားခဲ့ရတယ် ၊ မှတ်မှတ်ယယ ဒီနေ့မှ အလုပ်ထဲက Singaporean တစ်ယောက်က နေ.လည် Coffee သောက်ရင်း ပြောဖြစ်ကြတယ် ၊၊ မင်းတို.မြန်မာတွေ သိပ် Smart ဖြစ်တယ် ဒါပေမယ့် ဘာ့ကြောင့် မင်းတို. နိုင်ငံက အဆင်မပြေတာလဲတဲ့ ၊၊ ဘာပြန်ပြောရမလဲ ၊၊ သူတို.နဲ. ယှဉ်ပြီးစကားတွေ ပြောဖြစ်ခဲ့တယ် ၊၊ မြန်မာပြည်ကိုပိုလွမ်းတယ်........................

အမှတ်တယ Bishan Interchange ပထမဆုံးနေ.

Sunday, 10 May 2009

ပန်းပျိုးသောလက် မြတ်စေချင်သည်


ကျွန်တော့်တွင် ဧကများစွာ ကျယ်ဝန်းရ်ျ် လိုအပ်သလို ၊ ချဲ.ထွင်ခုတ်ထွင် ရှင်းလင်း အသုံးပြု နိုင်သော ဥယျာဉ် ကြီးတစ်ခုရှိပါသည် ၊၊ ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ကတည်းက ပိုင်ဆိုင်ခဲ့သော ၊ မွေးလာကတည်းက မိမိနှင့်အတူ ပါလာသော မိဘနှစ်ပါး ၏ အမွေအနှစ် ဖြစ်ပါသည် ၊၊ နှစ်ပေါင်းများစွာ တည်ရှိခဲ့သော ထိုဥယျာဉ်ကြီး ထဲတွင် ကျွန်တော် ပြုစု ယုယ ပျိုးထောင်ခဲ့သော ပန်းမန်သစ်ပင် ပေါင်းများစွာ ဝေေ၀ဆာဆာ ပွင့်ဖူးသာယာ လျက်ရှိပါသည် ၊၊

အချို.လည်း သေရ်ျ အချို.လည်းဝေနေဆဲ ၊၊ အချို.လည်း မြိုင်မြိုင်ဆိုင်ဆိုင် နှင့် အချို.လည်း ညှိုးညိုးငယ်ငယ် ၊၊ အချို.လည်း အခက်အလက်တွေ ဝေဖြာလို. အချို.လည်း အားအင်တွေ ကုန်ခန်းလို. ၊၊ အချို.လည်း ပွင့်ဆဲ မွှေးဆဲ ၊ အချို.လည်း နွမ်းလို. ကြွေမြဲ ၊၊ မတူညီတဲ့ သဘာဝတရားရဲ့ ဖောက်ပြန်ပြောင်းလဲ မှူတွေ အောက်မှာ မတူညီတဲ့ ရလာဒ်ပေါင်း များစွာနှင့် ၊၊ ရယူခြင်းများစွာနှင့် ခရီးနှင်ရင်း ၊ ပေးဆပ်ခြင်းများစွာ နှင့် ခရီးဆန်ရင်းပေါ့ ၊၊

ကျွန်တော်ကိုယ်တိုင် သစ်ပင်စိုက်တာကို ၀ါသနာပါပေသည့် ၊ ထိုသစ်ပင်လေးများ၏ သဘာဝ နှင့် လိုအပ်ချက်ကို လေ့လာသင်ယူ ဖို. မေ့လျော့နေဆဲ ၊၊ ဝေဆာနေတဲ့ ပန်းပင်လေးတွေ ရဲ့ မွှေးရနံ. တွေ ကို ရှုရိုက်ရင်း နွမ်းလျနေတဲ့ ပန်းပင်လေးတွေကို မေ့လျော့နေခဲ့မိသူ ၊၊ မြေဆီကျွေးရ်ျ ၊ ရေလောင်း ပေါင်းသင် လို. ပြန်လည် ပြုပြင်လို. မရတော့တဲ့ အချိန်မှ နောင်တတွေ နှင့် ကြွေလွင့်သွား ခဲ့တဲ့ ပန်းပင်လေးတွေ ကျွန်တော့် ပန်းဥယျာဉ်လေး ထဲမှာ များလှပြီ ၊၊ တိတ် တိတ်လေး ကြိတ်ရှိုက်လို. ငိုကျွေးခဲ့ရတဲ့ ညတွေ ၊ ပန်းပင်လေး တွေ လွင့်သွားတဲ့ အခါတိုင်း တဆက်ဆက်နာ ကျင်ခဲ့ရတဲ့ နှလုံးနာ ကို ကိုယ်သာလျှင် အသိဆုံး ၊၊ ဘယ်သူ တစ်ဦး တစ်ယောက် မှ အစားထိုး လာရောက် ခံစား မပေးနိုင်တဲ့ နာကျင်တဲ့ ခံစားမှူ ၊၊ ကိုယ်ရဲ့ မေ့လျော့ စွာ လျစ်လျူ ရှူ ခဲ့မှူရဲ့ ရလာဒ် အဖြစ် ကိုယ်သာ လျှင် နာကျင်စွာဖြင့် ခံယူသင့် သည် မဟုတ်ပေလား ၊၊

အေးမြတဲ့ ဒေသက ပန်းပင်လေးကို အေးမြမှူတွေ နဲ. ပြုစုမှသာ တာရှည် ခံပေလိမ့်မည် ၊၊ အပူပိုင်း ဒေသက ပေါက်ပင်တွေ ကို အပူဓါတ်တွေ ပေးမှ ရှင်သန်နိုင်လိမ့်မည် ၊၊ အချို. အပင် က ရာသီဥတု ဒဏ်ခံနိုင်ပေသည့် ၊ အချို.အပင်က တော်ရုံနှင့် နွမ်းချင်ပြီ ၊၊ အချို.အပင် က ရှင်သန်ဖို. ကြိုးစား ရ်ျ အချို.အပင်က အချိန်တိုတွင်း နွမ်းလျချင်လိမ့်မည် ၊၊ မတူညီတဲ့ ပန်းခြံကြီး အတွင်းက မြောက်မြားလှစွာသော ပန်မန်များ အတွက် အချိန်ပေး ရမည် ၊၊ ပြုစု ယုယ ရမည် ၊၊ သိုမှသာ တာရှည် ခံလိမ့်မည် ၊၊ မိမိကိုယ်ကို ဂရုတစိုက် ရှိသကဲ့ သို . ကိုယ်ကိုတိုင် စိုက်ပျိုး ပြုစုထားသော သစ်ပင်ပန်းမန်များကို မြတ်နိုး စွာ အလေး ထား ဂရုစိုက် ရမည် ၊၊

မိမိခြံတွင် စိုက်ပျိုးထားသော သစ်ပင်ပန်မန်လေး များ၏ စိမ်းလန်းစွာ ပွင့်ဖူးဝေဆာနိုင် စွမ်းက ကျွန်တော်တို. ၏တာဝန် ပင် ၊၊ ကျွန်တော်တို. ၏ အစွမ်းပင် ၊၊ ခါတရံ စိမ်းလန်း စွာ ပွင့်ဖူးနေသော ပန်းဥယျာဉ်ကြီး များကို တွေ. ရသည့် အခါ တွင် အားကျမိသည် ၊၊ ထိုဥယျာဉ် ပိုင်ရှင်၏ အစွမ်း အစကို အထင်တကြီး လေးစားမိသည် ၊၊ အားကျမိသည် ၊၊ အတု ယူ ချင်သည် ၊၊ ကိုယ်ပတ်ဝန်းကျင်ကို ပြန်လှည့် ကြည့်မိတော့ ၊ ကိုယ့်ရဲ့ ခြံအတွင်းမှာက နထ္ထိ ၊၊ ဒါဟာလည်း ကိုယ့် ရဲ့ ပြုစုပျိုးထောင် ၊ ယုယနိုင်မှူ လစ်ဟင်းခဲ့ မှူပင် ၊၊ အချိန်သင့် ရေလောင်း ပေါင်းသင် ၊ ဆေးလောင်း ၊ ပြုပြင် မှူ မပြုခဲ့ မှူပင် မဟုတ်ပေလား ၊၊ လူသားတိုင်းအတွက် တူညီသော စိုက်ပျိုးခွင့် ၊ အခွင့်အရေး ရကြပါသည် ၊၊ သို.သော် .. တူညီစွာသော ကြီးမားခံ့ထည်သော ပန်းဥယျာဉ်ကြီး များ လူတိုင်း ပိုင်ဆိုင်ခွင့် မရကြပါ ၊၊ မိမိ၏ ကြိုးစားအားထုတ်မူ အရသာ သင့်တင့်သော ဥယျာဉ်ငယ် များကို သာ ပိုင်ဆိုင်ခွင့် ရကြပါသည် ၊၊

မည်သို.ဆိုစေ တပိုင်တနိုင်ပန်းဥယျာဉ်လေး များဖြင့် မိမိပတ်ဝန်း ကျင် တွင် လှပတင့်တယ် ဝေဆာ နိုင်ပါစေ ၊၊ ပန်းတိုင်း ပွင့်ရ်ျ ပွင့်သော ပန်းတိုင်း တင့်လန်းစွာ ပွင့်လန်း နိုင်ပါစေ ၊၊ အချိန်ကုန်ခံ ၊ အလုပ် ပျက်ခံရ်ျ စိုက်ပျိုးထား သော ပန်းပင်လေးများ အား ဥယျာဉ် အတွင်းတွင် အမြဲ ထာဝစဉ် လှပနေစေ ချင်သည်မှာ ပန်းပျိုးသော လက် ပိုင်ရှင်တိုင်း၏ လိုအင်ပါ ၊၊ ထို.အတူ မိမိ ဥယျာဉ် တွင်းမှ ပန်းကလေးများ ထာဝရ ရှင်သန် ပွင့်လန်းဖို. ရာလည်း ပန်းပျိုးလက် ပိုင်ရှင်တိုင်း၏ တာဝန်ပါ ၊၊ ထို.ကြောင့် ဥယျာဉ်တွင်းမှာ ရှိနှင့်ပြီးသော ပန်းကလေးများလည်း မွှေး ပါစေ ၊ နောက်ထပ် နောက်ထပ်သော ပန်းကလေးများလည်း ဝေပါစေ လို.သာ ဆုတောင်း ပေး ရင်း

လောကတွင် ပန်းပင်လေးများ နှင့်တူသော မိတ်ဆွေ အပေါင်းအသင်းများအား ဂရုထား စောင့် ရှောက်နိုင်ကြပါစေ ၊၊ မကြွေမလွင့် မနွမ်းခင်မှာ ရေလောင်းပါ ၊ ပေါင်းသင်ပါ ၊ လိုအပ် လျှင် ဆေးလောင်းပါ ၊၊ အမြစ်ပုပ်မှ နောင်တရလို. လည်း ထိုသစ်ပင်လေး ပြန်မရှင် နိုင်တော့ ပါ ၊၊ အခြား အမျိုးတူ အပင် တမျိုး စိုက်နိုင်ကောင်းပါ ရဲ့
သို့သော် …............

ထို.ကြောင့် ပန်းပျိုးသော လက်အပေါင်း အတွက် ……..
အပေါင်းအသင်းများဟောင်းများ ၊ အပေါင်းအသင်းသစ်များ နှင့် ပျော်ရွှင်ဖွယ်ရာ သာယာ သော တင်တယ့် လှပေသော ပန်းဥယျာဉ် ကြီး တစ်ခုကဲ့သို. ဝေဆာပွင့်လန်း မွှေးကြိုင်ခြင်း များစွာ နှင့် ကောင်းမြတ်သော ဘ၀ တစ်ခု ကို အပေးအယူ မျှတစွာ ဖြင့် တည်ဆောက်နိုင် ကြပါစေ လို. ………..