Thursday 9 July 2009

လွမ်းပါသေးတဲ့ စကားလေးတစ်ခွန်း


"ကြီးသူကို ရိုသေ
ရွယ်တူကိုလေးစား
ငယ်သူကိုသနား " ဆိုတဲ့ အတိုင်း ကျွန်တော်တို့ မြန်မာလူမျိုးများ ဟာ အင်မတန်မှ လိမ္မာယဉ်ကျေး ပြီး ၊ ကျေးဇူးတရားကို နားလည်သိတက်သူများ အဖြစ် မိမိကိုယ်ကို ဂုဏ်ယူတက်သော လူမျိုး ဖြစ်ပါသည် ၊၊ မိမိထက် အသက်အားဖြင့် ငယ်ရွယ်သူ ၊ ဂုဏ်အားဖြင့် ငယ်ရွယ်သူ ၊ ဥစာအားဖြင့် အားနည်းသူများကိုလည်း မိမိတို့၏ မွေး ရာပါ ဗီဇသိဖြင့် သနားညှာတာ ကူညီထောက်ပံ့ တက်သူများပါ ၊၊ အခြားသူတစ်ဦးတစ်ယောက် ၏ အားပေး ထောက်ပင့်စရာ မလိုပဲ ကူညီတက်သူများ ဖြစ်ပါသည် ၊၊


ထိုမျှမက မိမိနှင့် အဆင့်အတန်း ၊ ဂုဏ်ဓန ၊ ပညာ ၊ အသက်အရွယ် အားဖြင့် တန်းတူ သူများအားလည်း လေးလေး စားစား တန်ဖိုးထားပြီး ဆက်ဆံပေါင်းသင်း တက်သူများအဖြစ် ဂုဏ်ယူရပါသည် ၊၊ ထိုမျှမက တစ်ဦး နှင့်တစ်ဦး ကူညီထောက်ပံ့တက်သူများ ဖြစ်ပါသည် ၊၊ နှူတ်၏စောင်မခြင်း ၊ လက်၏စောင်မခြင်း များဖြင့်လည်း မိမိတက်စွမ်းသမျှ ကူညီပေးတက်သူများ ဖြစ်ပါသည် ၊၊ ထိုသို့သော မွေးရာပါ ဗီဇ အရည်အသွေးများ အရ ရောက်ရှိ အခြေချ ၊ နေထိုင် လုပ်ကိုင် ရာ နေရာတိုင်းတွင် မြန်မာလူမျိုး အဖြစ် ၊ ကြင်နာသနားတက်သူ ၊ ကိုယ်ချင်းစာ တရားလက်ကိုင်ထားတက်သူ ၊ ကူညီထောက်ပံ့တက်သူ များအဖြစ် မျက်နှာပွင့်လန်း ရပါသည် ၊၊


အရှက် ၊ အကြောက် ၊ သိက္ခာ တရားတို့ဖြင့် ယဉ်ပါးကြီးပြင်းလာရပါသော ကျွန်တော်တို့ မြန်မာလူမျိုးများသည် မိမိထက် ဂုဏ်အားဖြင့် ၊ အသက်အားဖြင့် ၊ သိက္ခာအားဖြင့် ၊ ၀ါအားဖြင့် ၊ ပညာအားဖြင့် ၊ ကြီးမြတ်သူများ ကိုလည်း ရိုသေလေးစားစွာ ဆက်ဆံ ပြုမူတက်ကြခြင်းမှာ သင်ကြားရန် မလိုသော နဂိုအသိ ပင်ကိုယ် အတွေး ချစ်စရာ အမူအကျင့်လေးများ ပင် မဟုတ်ပါတကား ၊၊ မြန်မာပြည်တွင် နေထိုင်ရှင်သန်ကြီးပြင်း ခဲ့သူတို့ အတွက် သင်ကြား လမ်းပြ သွန်သင် ဆုံးမ ရန်မလိုပဲ အလိုလို တက်မြောက်ပြီးဖြစ်သော ကောင်းမွန် လိမ္မာသော ဓလေ့ များပင် ဖြစ်ပါသည် ၊၊


ဒီလိုဝန်းကျင်အသိုင်းအ၀ိုင်းတွင် ရှင်သန်ကြီးပြင်းလာသူတို့ အတွက် အခါကြီး ရက်ကြီး ၊ နေ့ထူးနေ့မြတ်များ ၊ မွေးနေ့ စသည်ဖြင့် အထိမ်းအမှတ် နေ့များ ၊ သာမက ခရီးတို ခရီးရှည် ထွက် ခွာနီးတိုင်း မိမိထက် အကြီး အကဲ များ ၊ မိဘဘိုးဘွားများ ၊ ဦးကြီးဦးလေး ၊ အဒေါ်အစ်မများ အား ကန်တော့ နှူုတ်ဆက်တက်သည်မှာလည်း မွေးရာ ပါအမူအကျင့် တစ်ခုအဖြစ် အရိုးစွဲ နေဆဲပေါ့ ၊၊ အပြစ်ရှိရင် ကျေသတဲ့ ၊ သွားလမ်းလာလမ်း ဖြောင့်တန်း သတဲ့ ၊ တစ်ဦးစေတနာ တစ်ဦးမေတ္တာ ကို အပြန်အလှန် အသိအမှတ်ပြု သော ချစ်စရာ ဓလေ့ အဖြစ် မှတ်သား လက်ခံ နာယူ ကျင့်သုံးမိပါတယ် ၊၊ အရိုးစွဲနေတဲ့ အမူအကျင့်လေး တစ်ခု ပေပေါ့ ၊၊


အဲဒီလို ကန်တော့ လေတိုင်း လူကြီးမိဘ ၊ အကန်တော့ခံ ပုဂ္ဂိုလ်များမှ ပြန်လည်ရ်ျ ဆုမွန်ချွေပေးတက်ကြမြဲ ၊၊ မိမိတို့ ၏ တူ သား တပည့်လေးများ ဘေးမသီရန်မခ စေဖို့ မိမိ ရင်တွင်းမှ မေတ္တာ စေတနာကို နှူတ်မှ ဖွင့်ဟ ရေရွတ် ဆုချွေပေးတက်ကြမြဲ ၊၊ အဲဒီလို ဆုချွေစကားလေးများနဲ့ အတူ ဆုတောင်းဆုံးမစကားလေးလည်း အမြဲလိုလို ကပ်ရ်ျပါမြဲ ၊၊ အမြဲလိုလို ကြားနေကျ ဆုပေးစကားလေးကတော့ " ဘုန်းကြီးပါစေ ၊ အသက်ရှည်ပါစေ ၊ သွားလမ်းသာလို့ လာလမ်းဖြောင့်တန်းကြပါစေ ၊ ရေလိုအေးလို့ ပန်းလိုမွှေးကြပါစေ " ရယ်လို့ ဆုပေးစကား ဆိုတက် ကြမြဲ ၊၊ အဲဒီနောက်မှာတော့ ထပ်မံမှာကြား တက်တဲ့ ဆုံးမစကားလေးကတော့ " ဘယ်သူတရား ပျက်ပျက် ကိုယ်မပျက်စေကြနဲ့ကွာ " ဆိုတဲ့ မှာကြားချက်လေး ကန်တော့တဲ့ အမှုကို အဆုံးသတ်ကြစမြဲ ၊၊


အခုများတော့ ခေတ်တွေလည်း ၊ ပြောင်းသလို ၊ စနစ်တွေလည်းပြောင်းလို့ အခြေအနေတွေလည်း ပြောင်းလာ လိုက်တာ ကန်တော့တဲ့အခါ ဆုပေးတဲ့ ပုံစံလေးတွေလည်း ပြောင်းလာပါတော့တယ် ၊၊ ခေတ်မှီတိုးတက် လာကြ လေသလား ၊၊ ဒါမှမဟုတ် ခေတ်ရေစီးကြောင်းကို မလွန်ဆန်နိုင်ကြလေသလား ၊၊ ရှေ့ပိုင်းက ဆုးပေး စကားလေး ဖြစ်တဲ့ " ဘုန်းကြီးပါစေ ၊ အသက်ရှည်ပါစေ ၊ သွားလမ်းသာလို့ လာလမ်းဖြောင့်တန်းကြပါစေ ၊ ရေလိုအေးလို့ ပန်းလိုမွှေးကြပါစေ " ဆိုတဲ့ ဆုပေးစကားလေး ကတော့ မပြောင်း လဲပေမယ့် နောက်ပိုင်းက မှာကြားချက်လေးဖြစ်တဲ့ " ဘယ်သူတရား ပျက်ပျက် ကိုယ်မပျက်စေကြနဲ့ကွာ " ဆိုတဲ့ စကားလေးကတော့ မသိမသာ ပြုတ်ကျန်ခဲ့လေတာ သတိထားမိလာပါတယ် ၊၊ ဆုပေးတဲ့သူတွေ က ဒီစကားလေးကို မေ့သွားကြလေသလား ၊၊ လွမ်းတော့ အလွမ်းသား ၊၊


သူတို့မမေ့ပါဘူး ၊၊ အဲဒီစကားလေးနေရာမှာ အစားထိုးဝင်ရောက်လာခဲ့တာက တော့ " ဘယ်လိုလဲ ၊ လုပ်ငန်းကိုင် ငန်း အဆင်ပြေကြရဲ့လား ၊ ညောင်သီးလည်းစား လေးသံလည်းနားထောင်ကြပေါ့ကွာ " ဆိုတဲ့ စကားလေးပါပဲ ၊၊ ဘယ်လိုပဲ ပုံစံပြောင်းသွားပေမယ့် ခလုတ်မထိ ဆူးမငြိ စေချင်တဲ့ စေတနာကတော့ အထင်း သား တွေ မြင်နိုင်ပါတယ် ၊၊ ဒီထက်ပိုပြီး စကားဆိုတက်သူတွေ ဆိုရင်တော့ " အရမ်းကြီးလည်း လမ်းရိုး ကြီး လိုက်မနေနဲ့နော် ၊ ဟိုဖက် အိမ်က မောင် ဘယ်သူဆို ခဏလေးပဲ အဆင်ပြေနေပြီ ၊ မီးစင်ကြည့်ကပေါ့ကွာ ၊၊ ရိုးရိုးကြီးလုပ်မနေနဲ့ " လို့ နောက်ဆက်တွဲ မှာကြားတက်ကြပါတယ် ၊၊ ကိုယ့်တူ ကိုယ့်သား ကိုယ့်တပည့် သား ကို ကြီးပွားတိုးတက်စေလိုသော စေတနာသပ်သပ်ရယ်ပါ ၊၊


အင်း ....... ဟိုးတုန်းက ဆုံးမစကားလေးကိုတော့ လွမ်းမိသေးတာ အမှန်ပါ ၊၊ လူတိုင်းကိုလည်း သတိယစေချင် ပါတယ်လေ ၊၊ သို့သော် ခေတ်ကာလ ရဲ့ တောင်းဆိုမှုဆိုတော့လည်း အတင်းအကျပ်တော့ ပြောသာဘူးပေါ့ ၊၊
ဘာပဲဖြစ်ဖြစ် အခုအချိန်မှာ " ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်စေကြနဲ့ ကွာ " ဆိုတဲ့ စကားလေး ဘယ်ချောင်မှာများ ကပ်နေမလဲနော် ၊၊


မေတ္တာရင်းဖြင့်
မင်းအိမ်ဖြူ

.

.
မှတ်ချက် ၊၊ လူတိုင်း အတွက် မဆိုလိုပါဘူးဗျာ ၊၊ နောက်တစ်ခု က ဒီလိုပြောလို့လည်း စိတ်မဆိုးလိုပါဘူး ၊၊ အူမ မတောင့်ရင် သီလမစောင့်နိုင်တာကိုတော့ ကိုယ်တိုင် ခံစားဖူးသူမို့ ကိုယ်ချင်းစာပါတယ် ၊၊ မြန်မာပြည်မှာ လုပ်နေ ကြတဲ့ သူငယ်ချင်းတွေကို သတိယမိလို့ ဒီပိုစ့်လေးကို တင်မိပါတယ် ၊၊ လွန်တာရှိရင် ၀န္ဒာမိပါလို့ ၊၊

17 comments:

မေဇင် said...

ဘယ်သူတရား ပျက်ပျက် နောင့် မပျက်ပါဘူးနော်...း)။ အမှတ်ရစေတာ ကျေးဇူးပါ..။

မင်းအိမ်ဖြူ Minn Eain Phyu said...

သိပါတယ်ဗျာ ၊၊ ဒီကလူတွေ အတွက်တော့ မဖြစ်နိုင်ပါဘူး လို့

ဒီလိုဆို ရွာကလူတွေ လည်း မဟုတ်ပါဘူးနော ...

ခေတ်ပါဗျာ ၊၊ခေတ်ကာလကြောင့်ပါ ၊၊

ငှက်ကလေး said...

ကိုမင်းအိမ်ဖြူ ဆုံးမ တာလေးတွေ လာဖတ်သွားတယ်နော် ခိခိ
တာ့တာ ဘိုင် ပျော်ရွှင်ပါစေ နော်

မင်းအိမ်ဖြူ said...

မဆုံးမပါဘူး ငှက်ကလေးရယ်
မျှဝေတာပါဗျာ .....

မင်းအိမ်ဖြူ Minn Eain Phyu said...

9 Jul 09, 14:26
kom: ကြိုးစားကြတာပေါ့
9 Jul 09, 14:26
kom: လာဖတ်သည်။

အစ်မ ခင်ဦးမေ
လာဖတ်တာကျေးဇူးတင်ပါတယ် ၊၊ ဟုတ်ကဲ့ အားလုံးကို ကြိုးစားကြည့်စေချင်ပါတယ် ဗျာ

Lucifer said...

(ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်စေကြနဲ့ ကွာ ) ဟုတ်ကဲ့..
တရားမပျက်အောင်နေပါ့မယ်နော်..

Mogok Thar said...

တရားမပျက်
တရားဖက်ကာ
တရားသောလမ်း
လျှောက်လှမ်းနိုင်စေ
ညီလေးရေ။

ပျော်ရွှင်ချမ်းမြေ့ပါစေ ညီမင်းအိမ်....

မင်းအိမ်ဖြူ said...

lucifer >

ဒီလိုတော့ဟုတ်ဘူးလေ ၊ မျှဝေတာပါဆိုဗျာ ဟဟ
ဒီကလူတွေက တော်ပြီးသား ၊ ပြောရဲပါဘူးဗျာ P:

ကိုကြီးမိုးကုတ်သား >

ညီက တရားသောလမ်းပဲ လျှောက်ပါတယ်ဗျာ ... P:

mmtn (kalay) said...

ကိုမင်းအိမ်ဖြူရေ ကိုမင်းအိမ်ဖြူ ရေးပြမှပဲ အဲဒီဆုံးမ စကားလေးကို ပြန်အမှတ်ရမိတယ်။ ဟုတ်တယ် မကြားရတာ ကြာပေါ့။

ငုဝါ said...

ရင်ထဲမှာတမျိုလေး ခံစားသွားရတယ် ပထမဆုံးလာတာပါ

မယ့်ကိုး said...

ဆုံးမစကားကို မှတ်သားသွားပါတယ်။ ကျွန်မလည်း ဒီစကားလေး ကြိုက်တယ်။

မငုံ said...

ကျေးဇူးပါ။ သိပ်မှတ်သားဖို့ ကောင်းတဲ့ ပိုစ့်လေးပါ။

JulyDream said...

ဘယ်သူတရား ပျက်ပျက် ကိုယ်မပျက်စေကြနဲ့ကွာ... ဆိုတာက အိမ်က မာမားကတော့ ပြောတုန်းပဲ ခင်ဗျ။

အဲဒါကြောင့်လည်း အခုချိန်ထိ အိုးပိုင် အိမ်ပိုင် ဘ၀မရောက်ကြသေးတာ။ ဒါပေမယ့် ကိစ္စတော့ မရှိပါဘူး။ ဘ၀မှာ ပျော်နေကြတာပဲလေ။

Anonymous said...

ိုပိုစ့်လေးကို လာဖတ် မှတ်သွားတယ်။ မျှဝေတယ်ဆိုလို့ ကျေးဇူး။ ပိုသတိရသွားစေတဲ့အတွက်လည်း ကျေးဇူး။ တကယ်ကောင်းတဲ့ စကားတွေပါ။ ပျော်ရွှင်ပါစေ
maylay

Yu Ya said...

ကိုမင်းအိမ်ဖြူရေ... အဲဒီစကားလေးက ဘယ်ချောင်မှ ကပ်မနေပါဘူးဗျာ... ကျွန်တော်တို့နောက်က ကပ်ပါနေပါတယ်။ ဒါပေသည့် ကျွန်တော်တို့က ရှေ့ ကို အတင်းသွား၊ အတင်းကျော်တက်ဖို့ပဲ အားသွန်နေတော့ နောက်က ကပ်ပါလာတာကို သတိမထားမိဘူး၊ သတိမမူမိဘူး ဖြစ်နေတာဗျ... အဟီး...။ အခုလို ကိုမင်းအိမ်ဖြူက နောက်ကနေ ဟွန်းတီးပြီး သတိပေးတော့ နောက်မှာ ကပ်ပါနေမှန်း သိသွားပြီ။ ကျေးဇူးပဲဗျာ... တကယ်ပါ။

ကျေးဇူးတင်စွာဖြင့်
yu ya

YoungGun said...

ဆုပေးတာမှာ ပြုတ်ကျကျန်ခဲ့ပေမယ့် ရင်ထဲမှာရှိနေကြဖို့ လိုမယ်ထင်ပါတယ်။ အစ်ကို သတိပေးတာလေး ကောင်းတယ်။ အဲဒါ လူတွေ အမှတ်မဲ့နေတာကြာပေါ့။

မီးတောင် said...

အယ် အဲဒီလိုမျိုးဆုပေးတာ မကြားဖူးဘူး သိလား ....
မှတ်သားသွားပါတယ် ..