Monday 27 July 2009

ထိုညနေ


ရသေ့သူတော်တိုင်မှ ဥာဏ်မခိုင် ဈာန်ယိုင်လျောရတယ် ဆိုတဲ့ တပေါင်းလအကုန် တခူးအ၀င် ညနေခင်းလေးတစ်ခုပါ

နွေသီးနှံတွေ စိုက်ဖို့ ကွင်းရှင်းပြီး မီးရှို့နေတဲ့ မြင်ကွင်းပေါ့ ၊၊ ညနေဖက်ဆို တကွင်းလုံး မှိုင်းနေ ရောပဲ ၊၊ မြင်နေရတဲ့ တောင် တန်းစွယ်လေးက တော့ ရခိုင်ရိုးမရဲ့ အစွယ်အပွားလို့ ပြောရမလား ၊ ပဲခူးရိုးမရဲ့ အစလို့ဆိုရမလား မသိတဲ့ ကျွန်တော်တို့ ဒေသအခေါ်တော့ အနောက်တောပေါ့ ၊၊

ဒီပုံလေးတွေကို ညနေ စာပို့ရထားကြီးပေါ်ကနေရိုက်ခဲ့တာပါ ၊၊ ညနေ၀င်တဲ့ ရထားကို စာပို့ရထားတဲ့ ၊၊ စာတွေ သယ်လာလို့လေ ၊၊ စာတိုက်တွဲပါတယ် ၊၊ နောက် သတင်းစာလည်း အဲဒီရထားမှာပါတယ် ၊၊ သတင်းစာကို ညနေမှ ဖတ်ရတယ် ၊၊ ရထားနောက်ကျရင် နောက်တစ်နေ့မှ ဖတ်ရတယ် ၊၊ မသိသေးတော့လည်း အသစ်ပေါ့နော၊၊ ကျွန်တော် အဲဒီတုန်းက စီးလာတဲ့ ရထားတွဲကို မြင်သာအောင်ပြောရရင် ရထားတွဲတော့ ရထားတွဲပါပဲ ၊၊ ဒါပေမယ့် အမိုးလည်းမပါသလို ၊ အကာကလည်း အောက်ခြေ ၃ ပေသာသာ တစ်ဝက်လောက်ပဲ ပါပါတယ် ၊၊ ကျွန်တော်တို့ဘက်မှာတော့ ပက်လက်တွဲလို့ခေါ်ပါတယ် ၊၊ အများစုကတော့ ကုန်ပဲ တင်ပါတယ် ၊၊ နောက် သဲတွေ ၊ ကျောက်တွေ တင်ပါတယ် ၊၊ ကျွန်တော်ကတော့ အဲဒီပက်လက်တွဲရဲ့ ဘေးဘောင်လေး ပေါ်မှာ ထိုင်ပြီး တိုင်လေးကို ဖက်ပြီးစီးရတာ အင်မတန်မှ သဘောကျပါတယ် ၊၊ အဲဒီတစ်ခေါက် က အိမ်ကအပြန် ရထားပေါ်မှာ ရိုက်ထားတာပါ ၊၊ အခုချိန်ထိ အိမ်ကနေ ပြန်ထွက်ရလေတိုင်း ဘယ်အရာက စွဲထားမှန်းမသိလေးလံပြီး အားတွေ ပျက်နေတက်ဆဲ ၊၊ အိမ်ကိုဒီလောက်ခင်တွယ်တက်လို့လည်း သိတက်စကတည်းက အိမ်နဲ့မနေရတာထင် ပါတယ် ၊၊ အကိုတစ်ယောက်ရှိတယ် သူက ဖိနပ်စီးလိုက်တာနဲ့ ပျော်တယ်တဲ့ အိမ်မှာ မနေရတော့ ဘူးဆိုပြီးတော့တဲ့ ဒါပေမယ့် သူအိမ်ကနေ ခွာရတာ ၁၀ ရက်က အကြာဆုံး ဖြစ်မယ်ထင်ပ ၊၊ ရန်ကုန်သားဆိုတော့ ကျောင်းတက်တော့လည်း ကျွန်တော်တို့လို ဘယ်မှ သွားစရာမလိုဘဲ အိမ်ကပဲ တက် ၊ အခုမိန်းမရပြီးတော့လည်း အိမ်မှာပဲ ၊၊ ဘ၀တွေက တကယ်ကို ရယ်စရာကောင်းတယ်နော် ၊၊

7 comments:

လူရိုင်းလေး said...

ရှားရှားပါးပါးရတဲ့ ၁ ကွ
တကယ်ကို လှပတဲ့ ညနေခင်းလေးပါပဲနော် ကောင်းကင်အရောင်လေးက အဓိက သရုပ်ဖော်သွားတာပဲ

နဒီမိုးညို said...

လှလိုက်တဲ့..ဓါတ်ပုံလေးပဲနော်..

မယ့်ကိုး said...

အိမ်လွမ်းသူရဲ့  အိမ်အပြန်က ရီဝေမှောင်လဲ့ ကြေကြေကွဲကွဲ....
ဘယ်တော့အိမ်ပြန်ရမှာလဲ။ သက်ပြင်းချမိပါတယ်။

mae said...

အဲ့ရထား စီးချင်တယ်၊

ကျမကတော့ .. ခရီးသွားရတာ ပျော်တယ်၊ ပြီးရင် အိမ်ပြန်ရောက်ရင်လဲ ရင်ထဲအေးသွားပြီး ပျော်တယ်၊ တမျိုးဆီပါပဲ

သီချင်းတွေ ကြိုက်တယ်၊ ခေါင်းစဉ်နဲ့ အဆိုတော်ထည့်ပေးပါလား? ခိုးချင်လို့ပါ .. အဟတ်

မေဇင် said...

ဟုတ်တယ်... နောင့်လဲ အဲ့လိုပဲ... အိမ်ကနေ ပြန်လာရပြီဆိုရင်.... မြင်မြင်သမျှလွမ်းစရာတွေကြီးပဲ... နောင့် တို့အိမ်ရှေ့က သူငယ်ချင်းကကြတော့ ... သွားချင်လိုက်တာ အပြင်ကို...အိမ်နဲ့ဝေး ပြီးရောဆိုတဲ့သူ... ဒါပေမယ့်...သူက ကျောင်းဆရာမလုပ်ပြီး ရွာကျောင်းမှာပဲ တာဝန်ကျတယ်...။ ရီရတယ်နော်....

Lucifer said...

ကိုမင်းအိမ်ရဲ့ အိမ်အပြန်လမ်းကလေးတွေ့မှ ငယ်ငယ်ကတည်းက သိပ်သွားချင်ခဲ့တဲ့ မန္တလေး - ပြင်ဦးလွင် ကို ရထားနဲ့ပြန်ချင်ခဲ့တယ်.. ခုထိတော့ မသွားရသေးဘူး.. သွားဖြစ်အောင်တော့သွားမယ်ကြံထားတယ်..

Mogok Thar said...

ညီမင်းအိမ်..

ရီဝေစေတဲ့
မှုန်လဲ့လဲ့ ဆည်းဆာမှာ
ငှက်တကာ အိပ်တန်းပြန်နေချိန်
ဟောဒီ အိမ်လွမ်းသူရင်ခွင်အတွက်
မှေးစက်မဲ့ မေတ္တာရိပ်မြုံလေး
ဟိုးးးး.....
အဝေးကြီးးးးးးးးးမှာ...။

(အိမ်ကို ခင်တွယ်တတ်သူချင်းမို့ အကိုလဲ အိမ်ကို လွန်းသွားပြီ။ အိမ်ပြန်ချင်တယ် ဟူးးးးးးးးးးးးး.....)

မေတ္တာဖြင့်