Tuesday 4 August 2009

Job Vacancy for Ministry of Construction


ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးဝန်ကြီးဌာန
http://csstb.imis.com.mm/

ဆောက်လုပ်ရေးဝန်ကြီးဌာန
http://www.myanmar.gov.mm/ministry/Construction/publicwork/organization_chart.html


July 27 , 2009
Abstract -Job Vacancy for Ministry of Construction Advertisement Number = 9/2009 Staff Officer / Assistant Engineer (54) Posts
Details - Job Advertisement Number = 9/2009 Title of Post = Staff Officer / Assistant Engineer for Ministry of Construction
Selection department (adv_9/2009)

မနေ့က မြန်မာပြည်မှာ ကျန်နေခဲ့တဲ့ သူငယ်ချင်းက လှမ်းပြီး အကြောင်းကြားလာပါတယ် ၊၊ PSC လို့ကျွန်တော်တို့ ခေါ်တဲ့ ၀န်ထမ်းရွေးချယ်လေ့ကျင့်ရေး ဌာနကနေပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန အတွက် Assistant Engineer ရာထူးအတွက် အလုပ်ခေါ်စာတွေ့လို့ဆိုပြီး သတင်းပေးတာပါ ၊၊ အော် သံယောဇဉ် မပြတ်ဘူး ဆိုသလိုပဲ သူတို့ကလည်း ကျွန်တော် ဘယ်လောက် သံယောဇဉ် ကြီးခဲ့တယ်ဆိုတာ သိတဲ့အတွက် လှမ်းပြီး သတင်းပေးရင်း လာဖြေမလားလို့ မေးနေလေရဲ့ ၊ သူငယ်ချင်းတွေနဲ့ စီမံကိန်းကလူတွေကတော့ အခု ဗန်းမော်မှာ တံတားအသစ်တစ်စင်းကို အားကြိုးမာန်တက် ဆက်လက်တည်ဆောက်နေလေရဲ့ ၊၊ အခုလည်း သံယော ဇဉ်က မကုန်သေးသမို့ မသိတဲ့သူတွေလည်း သိရအောင် ရေးလိုက်ပါအုံးမယ် ဗျာ ၊၊ သည်းခံ ဖတ်ရှု တော် မူကြပါအုံး ၊၊

စုစုပေါင်း ခေါင်းစဉ် ၉ ခုအတွက် လူဦးရေ ၅၄ ယောက်တောင်ခေါ်တာပါ ၊၊ တကယ့်ကို မဟာ အခွင့်အရေးပါပဲ ၊၊ ကျွန်တော်တို့ သိတက်စကတည်းကဒီလို ၀န်ထမ်းရွေးချယ်ရေးကတဆင့် မခေါ်တော့တဲ့ ရာထူးလို့ပဲ ဆိုရလေမလား ၊၊ ၁၀ စုနှစ် နီးပါးရှိပြီထင်ပါတယ် ၊၊ အခြားဌာနတွေအတွက် ဒီရာထူးနေရာကို ၀န် ထမ်းရွေးချယ်လေ့ကျင့်ရေး က ခေါ်ပေမယ့် ၊ ဆောက်လုပ်ရေးဝန်ကြီးဌာနအတွက်တော့ ဒိလိုခေါ်တယ်ဆိုတာ အစဉ်အလာမရှိတော့ပါဘူး ၊၊ ဌာနတွင်းကပဲ တစ်ဆင့်ချင်း သွားရ တာပါ ၊၊ ပထမဆုံး အငယ်တန်းအင်ဂျင်နီယာ ၊ အဲဒီမှာမှ အငယ်တန်းအင်ဂျင်နီယာ ၁ ၊ ၂ ၊ ၃ ၊ ၄ ဆိုပြီး ရှိပါတယ် ၊၊ အဆင့်ဆင့်ပဲ နံပါတ် ၄ ကနေသွားရ တာပါ ၊၊ ဆောက်လုပ်ရေး ဌာနတွေမှာ လုပ်နေတာ ၁၀ စုနှစ်ကျော်ပေမယ့် အမြဲတမ်းဝန်ထမ်း မဖြစ်ပဲ နေ့စားလို့ခေါ်တဲ့ လုပ်ငန်းပြ နဲ့လုပ်နေရသူတွေ ( အများစု GTI ဆင်းတွေ ) အများကြီး ရှိပါတယ် ၊၊ အမြဲတမ်း ၀န် ထမ်း က အငယ်တန်းအင်ဂျင်နီယာ ၄ ကစတာပါ ၊၊ နောက်မှ လုပ်သက်ရလာမှ အငယ်တန်း အင်ဂျင်နီယာ ၃ ဖြစ်ပါတယ် ၊၊ နောက် အငယ်တန်းအင်ဂျင်နီယာ ၂ ပြီးမှ ၁ ဖြစ်ပြီး Assistant Engineer ဆိုတဲ့ ပြန်ထမ်းဝန်အရာ၇ှိဖြစ် တာပါ ၊၊ GTI ဆင်းတွေအတွက်တော့ အငယ်တန်း အင်ဂျင်နီယာ ၂ မှာပဲ ရပ်သွားပြီး ၊ နောက် အတော်ရှားရှားပါးပါး လောက်သာ ဒီထက် ရာထူးဆက်တက်တာပါ ၊၊

ဒါလေးကတော့ ဆောက်လုပ်ရေးမှာ ကျင့်သုံးခဲ့တဲ့ ၀န်ထမ်းဆိုင်ရာ ရာထူးပေးပုံလေး အကြမ်းဖျင်းပေါ့ဗျာ ၊၊ ဟိုးအရင်တုန်းကတော့ ၊ ရန်ကုန်စက်မှုတကသိုလ် ကြီး ကောင်းစားစဉ်တုန်းကတော့ ပညာတက်ဘွဲ့ရ ကလည်းပါးရှား ၊ လုပ်ငန်းကိုင်ငန်းကလည်း အထိုက်လျောက် ပေါများလေတော့ ကျောင်းပြီးတဲ့သူတွေ အတွက် အလုပ်ဆိုတာ သိပ်မခဲယဉ်းဘူးလို့ အထက်လူကြီးတွေ ပြောပြတာ နားထောင်ခဲ့ဘူးပါတယ် ၊၊ မလုပ်ချင်လို့ ဟိုနေရာမှ ၊ ဒီနေရာမှ ဆိုတာမျိုး ရွေးချယ်ခွင့်တွေ ရခဲ့တယ်လို့ဆိုပါတယ် ၊၊ ဒါတောင်မှ ပြန်ထမ်းဝန် အရာရှိလို့ဆိုတဲ့ အရာရှိအဖြစ် စတင်တာဝန်ထမ်းဆောင်ရတာပါ ၊၊ ဘွဲ့ရတဲ့သူအများစု ကတော့ အလုပ်ရကြပါတယ် ၊၊ မလုပ်လိုတဲ့သူတွေ လောက်သာ ကိုယ်ပိုင်စီးပွားရေးလုပ်သူ ၊ ဌာနမှာပဲ သင်ကြားရေးဘက်ပြောင်းသူ ဆိုပြီး ရှိတာပါ ၊၊ ဒီလို ကျောင်းကြီးဆင်းတွေ သာမက GTI ဆင်းတွေ အတွက် လည်း အထိုက်အလျောက်တော့ နေရာ ရခဲ့တယ်လို့ဆိုပါတယ် ၊၊

နောက်ပိုင်းမှာတော့ အလုပ်အကိုင်တွေလည်း ပါးရှားလာသလို ၊ ပညာတက်ဘွဲ့ရတွေလည်း ပေါများလာတဲ့ အခါ မှာတော့ လုပ်ရကိုင်ရ ၊ ရှာရဖွေရတာ ခက်ခဲလာပါတော့တယ် ၊၊ BE ဆင်းပေမယ့်လည်း သာမာန် အလုပ် တစ်ခုတောင် လွယ်လွယ် ရှာဖို့ခက်ခဲလာပါတောတယ် ၊၊ ဟိုးအရင်ကတော့ စနစ် ဟောင်းပေါ့ ဆရာဝန်ဆို ရန်ကုန်ရော မန္တလးရော ပေါင်းမှ လူ ၁၀၀၀ ၊ အင်ဂျင်နီယာဆိုတာ တစ်နိုင်ငံလုံးမှ လူ ၁၅၀၀ သာ လက်ခံပြီး တကယ်ကို တော်တဲ့ ထိပ်ပိုင်းလောက်သာ တက်ခွင့်ရခဲ့တာပါ ၊၊ နောက်ပိုင်း အင်ဂျင်နီယာတွေ လုံလောက်မှု မရှိဘူးထင်လို့ နေမယ် ၊ လှည်းနေ လှေအောင်း မြင်းစောင်း မကျန် အင်ဂျင်နီယာ ဖြစ်စေရမယ် ( စာရေးသူ ကိုယ်တိုင် ထင်မြင်ချက်နော် ) ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မြန်မာ အင်ဂျင်နီယာ စက်ရုံတွေ တည်ပြီး အင်ဂျင် နီယာ တွေကို စက်ကရိုက်ထုတ်သလိုကို ထုတ်လာပါတယ် ၊၊ အခုဆိုရင် အင်ဂျင်နီယာ တကသိုလ်ပေါင်း ၄၄ တကသိုလ် ရှိတယ်လို့သိရပါတယ် ၊၊ တစ်ကျောင်း ကို အင်ဂျင်နီယာ ၁၀၀၀ ထုတ်မယ်ဆိုရင် တစ်နှစ်ကို အင်ဂျင်နီယာ ၄၀၀၀၀ ကျော်ထုတ်လို့ရပါတယ် ၊၊ အခုလို တစ်နိုင်ငံလုံး ဘွဲ့လက်မှတ် တွေ ကိုင်ဆောင်ခွင့်ရတာ ၊ ဓါတ်ပုံရိုက်ခွင့်ရတာဟာ နည်းတဲ့ ကုသိုလ်တော့ မဟုတ်ပါဘူး ၊၊ နိုင်ငံတကာမှာ ဘွဲ့ရဖို့ တော်တော် ခဲယဉ်းပေမယ့် ကျွန်တော်တို့ဆီမှာတော့ အင်ဂျင်နီယာ ဘွဲ့ရဖို့ သိပ်မခဲယဉ်းပါဘူး ၊၊

ဟိုးအရင်က Assistant Enginner ရာထူးတန်းရတာကို အင်တင်တင် လုပ်ခွင့်ရခဲ့ပေမယ် ၊ ၂၀၀၀ ကျော်နောက်ပိုင်းမှာတော့ အငယ်တန်းအင်ဂျင်နီယာ ရာထူးကို BE ဘွဲ့ရ အင်ဂျင်နီယာတွေ မနည်းကို လိုက်ကုပ်ကတ် ဒူးတုပ်တောင်းဆိုနေရပါတယ် ၊၊ နောက်ပိုင်းမှာ ဘယ်လောက်တောင် ပညာတက်တွေ များလာသလဲဆိုရင် အငယ်တန်းအင်ဂျင်နီယာ ၄ ကနေစပြီးအလုပ်ဝင်ရတာကိုတောင် လူတိုင်းလုပ်ခွင့်မရတော့ပါဘူး ၊၊ မှတ်မှတ်ရရ ၂၀၀၄ လောက်မှာ လူ ၅၀၀ ကျော် ၆၀၀ နီးပါး ၀င် ရောက်ဖြေဆိုတဲ့ အငယ်တန်းအင်ဂျင်နီယာ ၃ / ၄ ရာထူးကို လူ ၂၀ တစ်သုတ် ၊ လူ ၃၀ တစ်သုတ်နဲ့ နောက် လူ ၄၀ တစ်သုတ် ပဲ တက်ခွင့်ရပါတယ် ၊၊ သင်တန်းတခုနဲ့ တစ်ခုကြား ၁ နှစ်ကျော် ၂ နှစ်နီးပါး ကြာပါတယ် ၊၊ ပြောရရင် ၂၀ % လောက်သာ အောင်မြင်ပြီး စောင့်စားရချိန်ကလည်း ၃ နှစ်နီးပါးကြာပါတယ် ၊၊ တကယ်ကို ရတောင့်ရခဲ့ ဒုလ္လဘတရားပါပဲ ၊၊ ဆိုလိုချင်တာကတော့ ဘွဲ့ရတဲ့သူတွေလည်း ကြုံရာ ရာထူးကို ၀င် တိုး ရတော့တာပါပဲ ၊၊ အရင်နောင်တော် ကြီးများလို အိုက်တင်ခံလို့မရပါဘူး ၊၊ တချို့ကတော့ ဒီရာထူးနဲ့ မင်းတို့ဘွဲနဲ့ မတန်ဘူးလို့ ဆိုပေမယ့် ကိုယ့်ခေတ်နဲ့ကိုယ် ဒီနေရာတောင် လွယ်လွယ်ရတာမဟုတ်တော့လည်း ဘာတွေပဲ ဖြစ်နေနေ လက်ခံရတာပါပဲ ၊၊ ဒါ့ကြောင့် ဆောက်လုပ်ရေးမှာ အမြဲတမ်း ၀န်ထမ်းတစ်ယောက် ဖြစ်ရတာ ဟာ တော်ရုံ ကုသိုလ်တော့ မဟုတ်ပါဘူး လို့ဆိုချင်ပါတယ် ၊၊ တော်တော် နပ်တဲ့သူတွေ လောက်သာ ဖြစ်နိုင်တာပါ ၊၊

အင်းအခု ဒီလို သတင်းလေးကြားတော့ အလုပ်ရဖို့ ကြိုးစားရုန်းကန်ခဲ့ရတဲ့ ဘ၀တွေ ကို သတိရသွားလို့ ရေးဖြစ်သွားတာပါ ၊၊ အင်းသာမာန် အငယ်တန်း အင်ဂျင်နီယာ ရာထူးလေးအတွက်တောင် မလွယ်ကူတာဆိုတော့ အင်း ဒီရာထူးအတွက်တော့ အားလုံး တော်တော်ကို စိတ်လှုပ်ရှားနေကြမှာပေါ့ ၊၊ ဌာနမှာ လက်ရှိလုပ်ကိုင်နေဆဲ ရွယ်တူ သူငယ်ချင်းတွေကို ပြောတာပါ ၊၊ ဘာပဲဖြစ်ဖြစ် တကယ်တော်တဲ့ သူတွေ ၊ ရသင့်တဲ့သူတွေ ၊ နိုင်ငံတော်အတွက် တကယ်အလုပ်လုပ်တဲ့သူတွေ ရပါစေလို့ သူငယ်ချင်းတွေ အတွက် ဆုတောင်းမိ ပါတယ် ၊၊

ခင်မင်ရင်းဖြင့်
မင်းအိမ်ဖြူ
အသက် ၃၅ နှစ်မပြည့်ခင်မှာ ဒီကနေ မဟာဘွဲ့တစ်ခု ရပြီးလို့ အိမ်ထောင်လည်း မပြုဖြစ်တော့ဘူး ဆိုရင်တော့ ကျွန်တော် မြန်မာပြည်ကို တကယ်ပြန်ဖြစ်ပါပြီ ၊၊ တစ်ယောက်တည်း ဖြတ်သန်းရတော့မယ့် ဘ၀မှာ ဘာမှ မကျန်တော့တဲ့ အနှစ် အစိတ်လောက်ကို ကိုယ့်ဒေသမှာ လိုအပ်မယ်ထင်တာလေးတွေ ဖြည့်ဆည်းပေးရင်း ဘ၀ ကို အေးအေးချမ်းချမ်းပဲ ဖြတ်သန်းချင်တော့တယ် ၊၊ အရင် ၂ လလောက်ကတည်းက ဒီစိတ်ကူးလေး ၀င်နေတာ အခုဒီအလုပ်ခေါ်စာလေးတွေ့တော့ ပိုပြီး သေချာသလိုဖြစ်လာတယ် ၊၊ လက်ချည်းသက်သက်တော့ မပြန်လို ပါဘူး ၊၊ ဘွဲ့လေးတစ်ခုတော့ ယူသွားချင်ပါသေးတယ် ၊၊ ဒါမှလည်း ကိုယ်လုပ်ချင်တာလေးတွေကို ကိုယ့်ဆီမှာ ပြန်လုပ်ပေးလို့ရမှာပါ ၊၊ ကျောင်းအဆင်ပြေပါစေလို့လည်း ဆုတောင်းမိပါရဲ့ ၊၊ အိမ်ထောင်မပြုဖြစ်ရင်လို့ ဆိုတာကတော့ ကိုယ်က တကယ်လို့ အိမ်ထောင်ပြုဖြစ်ခဲ့ရင်တော့ အဲဒီတာဝန်တွေ ကျေပွန်အောင် ထမ်းဆောင် ရပြန်အုံးမှာလေ ၊၊ မိသားစုဟောင်းအလှည့်ပြီးတော့ မိသားစု အသစ် အလှည့်ပြန်ရောက်လာတာနဲ့ အခြားသူတွေ အတွက်ဆိုတာ ဆောင်ရွက်ဖြစ်မှာမဟုတ်တော့ဘူး ၊၊ နောက်သူတို့ပျော်ရာမှာကိုက အခြေချရမှာ

6 comments:

mae said...

ပညာရော ကြင်ယာပါ မြန်မြန်စုံပါစေ.. ၃၅ ပြည့်လဲ ဘာဖြစ်လဲ? ငယ်ငယ်လေးရှာပေါ့

;)

မြန်မာပြည်မှာ ခုခေတ်မှာ အင်ဂျီနီယာ ဖြစ်ရတာ မလွယ်ပါလား၊ ဗဟုသုတရပါတယ်၊ အကုန်လုံးလဲ နားမလည်ဘူး၊

လသာည said...

ဟုတ်ပါတယ်။ ပညာရော ကြင်ယာပါမြန်မြန်စုံပြီး မြန်မာပြည်အတွက် ဖြည့်စည်းပေးချင်တဲ့ ဆန္ဒလေးလည်း ပြည့်စေချင်ပါတယ်။

လသာညလည်း အင်ဂျင်နီယာအလုပ်ကို ၀ါသနာပါတယ်။ (ငယ်ငယ်က ကိုယ်ကြိတ်ကြိုက်ရတဲ့ အကိုကြီးက အင်ဂျင်နီယာကျောင်းသား :P)။ စိတ်ကူးအများကြီးယဉ်ခဲ့ဘူးတယ်။ သြော်.. အင်ဂျင်နီယာတက်ဖို့ ပြောတာပါ။ :D

ဆယ်တန်းအောင်လို့ လျှောက်ခါနီးတော့ အကြောင်း အမျိုးမျိုးကြောင့်မတက်ခဲ့ရဘူး။

ဒီပို့စ်လေးဖတ်ပြီး တစ်ခုတွေးဖြစ်သွားတယ်။
ဘာကြောင့် အရင်က အင်ဂျင်နီယာဘွဲ့ရတွေနည်းပြီး အခုဘာကြောင့်များလာရတာလဲ။ ခေတ်ရဲ့လိုအပ်ချက်ကလည်း အင်ဂျင်နီယာ ပိုလိုအပ်လာလို့ ဖြစ်မှာပါ။

အခုပြဿနာက အချိန်တိုတိုမှာ အများကြီးထုတ်လုပ်လို့ အရည်အချင်းမပြည့်ဝတဲ့ ၀က်အူချောင်းလို့ (ဥပမာနော် အဟိ)ဘွဲ့ရသူကများ၊ အလုပ်အကိုင် အခွင့်အလမ်းက နည်းဖြစ်နေလို့ စိတ်ညစ်နေရတာပါ။

အဲဒါ အင်ဂျင်နီယာလိုင်းတစ်ခုတည်းတင် မဟုတ်ပါဘူး။ ကျန်တဲ့နေရာတွေလည်း ဖြစ်နေပါတယ်။ နောက်ကြုံတော့မှ discuss ကြတာပေါ့။

နောက်တစ်ခု စဉ်းစားမိတာက မြန်မာပြည်မှာက အမှတ်အနိမ့်အမြင့်အလိုက် မေဂျာကိုခွဲတယ်နော်။ အဲဒီအခါကျတော့ ဆရာဝန်၊ အင်ဂျင်နီယာတက်ခွင့်ရဖို့် အမှတ်ကောင်းမှ ဖြစ်တာဆိုတော့ အဲဒီဘွဲ့ရသူတွေက မှတ်ဥာဏ်တော်တော်ကောင်းသူတွေပေါ့။ တချို့က ၀ါသနာထက် အဆင့်မြင့်မြင့်ဘွဲ့ရချင်လို့ အဲဒီဘွဲ့ကိုလျှောက်ဖြစ်သူတွေလည်း ပါတယ်။

ဆန့်ကျင်ဖက်ပြန်စဉ်းစားလိုက်ရင် အမှတ်မကောင်းသူ၊ မှတ်ဥာဏ်မကောင်းသူတွေက တခြားလိုင်းကိုဝင်ရတယ်လို့ အဓိပ၌ါယ်ထွက်သွားတယ်။

တို့ကျ အဲလို ဘာသာရပ်နဲံခွဲတာမျိုးထက် တက္ကသိုလ်နဲ့ ခွဲတာလေးတွေကို ပိုသဘောကျမိတယ်။ ပညာရပ်တွေထဲမှာ အလွယ်ဆုံး ဘာသာရပ်မရှိသလို အခက်ဆုံးဘာသာရပ်လည်းမရှိပါဘူး၊ (လသာညရဲ့ အမြင်ပါ။) နက်နက်ရှိုင်းရှိုင်းလေ့လာရင် ဘာသာရပ်တိုင်းဟာ ခက်ခဲပါတယ်။ မှတ်ဥာဏ်ကောင်းသူ၊ ထက်မြက်သူတွေ လိုအပ်တာပါပဲ။

ဒါကြောင့် တက္ကသိုလ်တိုင်းမှာ ဘာသာရပ်အစုံရှိပြီး တက္ကသိုလ်ကို အဆင့်ခွဲသတ်မှတ်တဲ့ ပုံစံလေးကို ပိုသဘောကျမိတယ်။ ဒါဆိုရင် ကိုယ်ဝါသနာပါတဲ့ ဘာသာရပ်ကိုပဲ အမှတ်ကောင်းသူက တနိုင်ငံလုံးရဲံ အဆင့်၁ တက္ကသိုလ်မှာတက်နေချိန်မှာ သိပ်မတော်ပေမဲ့ ၀ီ၇ိယကောင်းကောင်း ကြိုးစားချင်သူတွေက တခြားတက္ကသိုလ်တွေမှာ သင်ခွင့်ရမယ်ဆိုရင် ဘာသာရပ်တိုင်းမှာ လူတော်လူညံ့ ညီမျှသွားတာပေါ့။

ကိုမင်းအိမ်ရေ.. ကွန့်မန့်ခေါင်းစဉ်လေးကတဆင့် တွေးမိတာလေးပါ။ (ကွန်မန့်အရှည်ကြီး ရေးဖြစ်တာ ပထမဆုံးပဲ၊။ ကိုမင်းအိမ်ရဲ့ ရေးသားချက်ကို ကွန့်မန့်ပေးတာမဟုတ်ဘူး၊ ကိုယ့်အတွေးကို တင်ပြတာ။ ဟဲဟဲ ဘာမှတော့မထူးဘူးနော။ အမှားပါရင်ခွင့်လွှတ်)

နွေးနေခြည် said...

အကို့ရဲ့ နောက်ဆုံး ဆန္ဒကို အရမ်းသဘောကျတယ်။ ခုတလော နေခြည်လည်း ပြန်ဖို့စဉ်းစားဖြစ်နေတယ်။ လက်ချည်းသက်သက် မပြန်ချင်ဘူးဆိုတဲ့ စကားကြောင့် အတွေးတခုလည်း ရသွားပါတယ်။ ကျေးဇူးပါအကို

naylin said...

အလာကောင်းပေမယ့် အခါနှောင်းခဲ့ပါပြီ၊ ၃၅ နှစ်ကျော်သွားလို့ လျှောက်ချင်ရင်တောင်လျှောက်လို့ မရတော့ဘူး ကိုမင်းအိမ်ဖြူရေ။ ဘွဲ့ရပြီးပြီးချင်း၂၀၀၀ လောက်တုန်းကတော့ လုပ်အားပေး ၆လလောက် ဝင်လုပ်ခဲ့ဘူးတယ်။ အခုမှတော့ မလွမ်းတော့ပါဘူးဗျာ။ ဝန်ထမ်းဝင်လုပ်လည်း လစာက မလောက်လို့ ၊ ဆောက်လုပ်ရေး ရဲ့ ထုံးစံ ကော်မရှင် (ACE=?%, AE=?%, SAE=?%)စားပြီး အကုသိုလ် မယူတော့ပါဘူး။

မင်းအိမ်ဖြူ Minn Eain Phyu said...

မမေရေ စိတ်ညစ်သွားရင် Sorry ! ဗဟုသုတ ရသွားပါတယ် ဆိုရင်တော့ ကျေးဇူးပါ

အစ်မလသာညရေ ...... တကယ်ကို ကောင်းတယ်
ဒီလို ပိုစ့်တစ်ခုစာလောက် ကော့မန့်ရေးသွားတာ ကျေးဇူးတင်တယ် .... ဒီလိုဖြစ်သင့်ပါတယ်....

နေခြည် ရေ တွေးပြီး ဆက်ပြီး ဖြစ်အောင် လုပ်ကြတာပေါ့

ကိုနေလင်းရေ ... ကျွန်တော်က အဲဒါကြီးကို မလိုချင်တာ အစ်ကို .. မှတ်မှတ်ယယ တစ်နေ့ပေါ့ အဲ တစ်ညနေမှာပေါ့ အဲဒီတုန်းက ကျွန်တော့်ဆရာ ACE ပေါ့ သူရယ် နောက် အခြားသူတွေရော ကျွန်တော်တို့ မြစ်သာတံတား ဆောက်နေတဲ့ကာလ မှာ သူကမေးတယ် အားလုံးကို ပေါ့ ၊၊ မေးပြောလေးပေါ့ဗျာ
တကယ်လို့ အင်ဂျင်နီယာတွေကို လောက်ငှအောင် လခပေး ထားမယ်ဆိုရင် ဒီလခနဲ့ လုပ်နိုင်မလားပေါ့ အဲဒီတုန်းက ကျွန်တော်တို့ နိုင်ငံခြားသား ပညာရှင် ၂ ယောက်ကို ငှားထားတာလေ ၊၊ အဲဒီလို သူတို့လို တို့လည်း ရရင် အပိုဝင်ငွေဆိုတာ ဘယ်ရှာမှာလဲနောတဲ့ ၊၊ အဲဒီထဲမှာ အသက်အငယ်ဆုံး ဖြစ်တဲ့ ကျွန်တော်ကို မေးပြီး ပြောတာပေါ့ဗျာ ၊၊ သူ့ရင်ထဲမှာလည်း တကယ် မကောင်းလို့ ဖြစ်မှာပေါ့ သူလည်း ဘယ်လုပ်ချင်ပါ့မလဲ ဒါပေမယ့် ဒီလိုမှ မလုပ်ရင်လည်း သူ့ကိုမှီခိုနေတဲ့ လက်အောက် ငယ်သားတွေက အများကြီး ရှိနေသေးတယ်လေ ၊၊ ဘယ်လိုလုပ်မလဲ...........
ဆောက်လုပ်ရေးမှာ လုပ်ခဲ့တဲ့ကာလမှာ ပျော်တာက ဆက်ပြီး သံယောဇဉ် ရှိနေသေးတာက အဲဒီ % တွေ ကြောင့် မဟုတ်ပါဘူး ၊ ကျွန်တော်တို့ စီမံကိန်းတွေမှာ ဆိုရင် အင်ဂျင်နီယာဆိုတာ ကိုယ်ပိုင်ဆုံးဖြတ်ပြီးလုပ်ပိုင် ခွင့် ရှိတယ် ၊၊ နည်းပညာကိုပြောတာပါ ၊၊ နောက် မိသားစု လုပ်ငန်းလို ပျော်စရာလည်းကောင်းတယ် ၊၊ ကိုယ့်အထက်လူကြီးကောင်းတာလည်းပါမှာပါလေ ၊၊ ကျွန်တော့်ဆရာက တော်တယ်ဗျ ၊၊ လူမှုဆက်ဆံရေး လည်း အရမ်းကောင်းတယ် ၊၊ စက်မှုတကသိုလ်မှာ လည်း အဆင့်ကောင်းသလို ၊ ဆောက်လုပ်ရေးကို PSC ကနေ၀င်လာတာ နောက် ဒုဝန်ကြီးရဲ့ PA လုပ်ခဲ့သေး တယ် ၊၊ နောက် ဂျာမဏီကနေ ဘွဲ့တစ်ခုလည်း ယူထားသေးတယ်လေ ၊၊ နည်းပညာနဲ့ပတ်သပ်ရင် လည်း ဘယ်တော့မှ လက်လွတ်စပါယ် မလုပ်ဘူး ၊၊ ကျွန်တော့်ကိုတောင် စာတွေ ပြန်ပြန်မေးတက်တယ် ၊၊ တကယ်တော်တဲ့လူတွေ ပါ ၊၊ အဲဒီလိုလူတွေ အများကြီး ပါ ၊၊ ဘယ်လိုပြောမလဲ .. ကြာလာတော့ လောဘကို မထိန်းနိုင်ဘူး ဖြစ်လာလို့သာ ပါ .....

Zar Yee Pwint said...

ဒီတစ်ခါ PSC က ခေါ်ခဲ့ရင် နင်တကယ် ပြန်လာဖြေပါလားဟာ..
ဆောက်လုပ်ရေးအပေါ်ထားတဲ့ သံယောဇဉ်တွေကြောင့် ရေစက်ရှိသေးရင်
နိုင်ငံအတွက် နင့်စိတ်ကူးလေးတွေကို နင်ဖြစ်ချင်တဲ့ နိုင်ငံ့ဝန်ထမ်းဘ၀နဲ့ အကောင်အထည်ဖော်နိုင်မယ်ထင်တာပဲလေ..