Sunday 2 August 2009

Remembrance of Honest and Best Friends


ရိုးသားတဲ့ သူငယ်ချင်းများအတွက်အမှတ်တရ

ဒီလကိုရောက်တိုင်း ကျွန်တော်မောင်မင်းတစ်ယောက် မစားဖူးတာတွေ ဗိုက်ကားအောင် စားရတာ ဘယ်တော့မှ မမေ့ပါဘူး ၊၊ ဘာလို့လည်း ဆိုတော့ ကျွန်တော်ရဲ့ ချစ်လှစွာသော သူငယ်ချင်း တစ်ဖွဲ့လုံးက ဒီလမှာ မွေးလို့ပါပဲ ၊၊ သူတို့ အမေတွေက တိုက်ညှိုများ ထား သလား ထင်ရလောက်အောင်ကို တကယ်ကို ဒီတစ်လတည်းမှာ မွေးနိုင် ကြပါရဲ့ ၊၊ တကယ် ကို တစ်ဖွဲ့လုံးက ဒီ ၈ လပိုင်း မှာပဲ မွေးကြတာဗျ ၊၊ အဲဒီတော့ သူတို့ရဲ့ မွေးနေ့ အထိမ်းအမှတ် စားပွဲလေးကတွေလည်း ဒီလမှာ တစ်ပတ်ပြီးတစ်ပတ် မထပ်အောင်ကို စားရတော့ တာပေါ့ဗျာ ၊၊ အင်း ဟိုးလွန်လေပြီးသောအခါကပေါ့ ဗျာ ၊၊ ခုတော့လည်း သူလည်း သူ့ဘ၀သူ့နေရာနဲ့သူ ကိုယ်လည်းကိုယ့်ဘ၀ကိုယ့်လမ်းကြောင်းတွေ နဲ့ပေါ့ဗျာ ၊၊ တကယ်ကို ဝေးလွန်းတဲ့နေရာတွေမှာပေါ့ဗျာ ၊၊ တစ်ယောက်နဲ့တစ်ယောက် ခုများတော့ တစ်နှစ်နေလို့တောင်မှ တစ်ခါမတွေ့ကြရတော့ပါဘူး ၊၊ တစ်မြို့တည်းမှာရှိနေတယ်ဆိုရင် တောင်မှ အခုများတော့ တယ်လီဖုန်းလေး နဲ့ဆက်သွယ်သတင်းမေး နေကောင်းလား နှုတ်ဆက် တာကလွဲရင် သူလည်း သူ့အကြောင်း ကိုယ်လည်း ကိုယ့်အကြောင်းနဲ့ကိုပေါ့ ၊၊ ဒါပေမယ့်လည်း ဒီလို သူငယ်ချင်းတွေရဲ့ မွေးနေ့လေးတွေ ရောက်လာတော့ သတိတော့ရ မိပါရဲ့ ၊၊

အမှန်တိုင်းပြောရရင် ကျွန်တော်တို့ တက်ချင်ခဲ့တာက ရန်ကုန်စက်မှုတက္ကသိုလ် ဆိုတဲ့ အင်းစိန်က ကျောင်းကြီး ၊၊ ( ကျွန်တော့် အတွက်တော့ တက်ခွင့်ရလို့ သာ တက်ချင် ခဲ့တဲ့ကျောင်း လို့ ပဲဆိုရပေမပေါ့ ၊၊ ဒါပေမယ့် လည်း ကျွန်တော် ကျောင်းကြီးကို ချစ်ပါတယ်) အင်းဒီလိုသူငယ်ချင်းတွေ နဲ့ တွေ့ဆုံဖြစ်ဖို့ တက်ဖြစ်ခဲ့တဲ့ ကျောင်းကြီး ပေလား ၊၊ ဒီလိုနဲ့ ဒီလိုနဲ့ မြင်သာမြင် မကြင်ရရှာတဲ့ ကျောင်းတော် ကြီးကို အလွမ်းပြေ ကင်တင်းမှာ ထမင်းသွားစား ၊ ဘွဲယူတဲ့အခါ ဓါတ်ပုံတွေ သွားရိုက်တာက လွဲရင် ဘယ်တော့ မှ မနမ်းခဲ့ရတဲ့ ပန်းတစ်ပွင့်ပေါ့ …. ကျွန်တော်တို့ မကြင် ခဲ့ရတဲ့ ကျောင်းကြီးကိုတော့ ဘွဲ့ယူတဲ့နေ့က အမှတ်တရဓါတ်ပုံရိုက်ဖြစ်ခဲ့ပါသေးတယ် ၊၊

အမှန်တကယ် ကျွန်တော်တို့တက်ခဲ့ရတာတဲ့ ကျောင်းကတော့ အင်း လေတဟူးဟူး ၊ ဗွက်တလူးလူး နဲ့ ကိုကိုသောင်း ထားတဲ့ ဟိုးလယ်ပြင်ကကျောင်းပေါ့ဗျာ ၊၊ မြွေလည်းပေါသလို မြက်လည်းပေါတဲ့ကျောင်းပါ ၊၊ ကွင်းလယ်ခေါင်ခေါင်မှာ လက်ခုပ်ပင် ထောင်ထောင်ကြီးလည်း တစ်ပင်ရှိရဲ့ ၊၊ သူတစ်ပင်တည်းလေ ၊၊ ကျွန်တော်တို့ သူငယ်ချင်းတွေ စုပြီးထိုင်နေကြ နောက် Correction Pen ( ဒီမှာတော့ Liquid ဆိုမှ နားလည်ကြပါတယ် ) တွေနဲ့ ကျွန်တော်တို့ ပေါက်တက်ကရတွေ ရေးနေကြပေါ့၊၊ နောက်ထပ် အမြဲတမ်း သတိရနေမိတဲ့ အပင်တွေက စွယ်တော်ပင်တွေပါ ပဲ ၊၊ အဲနောက် ပင်လယ် ကဗီးပင်တွေ လည်းရှိပါသေးတယ် ၊၊ နောက် မလေးရှားစကားဆိုတဲ့ အပွင့်ဝါ၀ါလေးတွေ ထိန်နေအောင် ပွင့်တဲ့ အပင်တွေ လည်းရှိပါသေးတယ် ၊၊ နောက် စာကြည့်တိုက်က စားရေးမ ချောချောလေးလည်း ရှိတယ် ၊၊ မှတ်မှတ်၇၇ ရှေစီနီယာ တန်းက အစ်မကြီး နှစ်ယောက် ချောတာလည်း မှတ်မိတယ် ၊၊ ထားပါတော့ ၊၊

ကျွန်တော်နဲ့ အတူတူ တက္ကသိုလ်မြေမှာ အတူတကွ ခြေလှမ်းချင်းတွေထပ်အောင်လျှောက် လှမ်း ခဲ့ကြဖူးတဲ့ သူငယ်ချင်းတွေကို သတိရခြင်းများစွာနဲ့ပေါ့ဗျာ ၊၊ ခုများတော့ ကျောင်း သင်ရိုး မှာ မပါတဲ့ လက်တွေ့ ဘ၀တွေ အတွက် တစ်နေရာစီမှာ ကျင်လည် လှုပ်ရှား ရုန်းကန် လုပ်ကိုင်နေကြရပေမယ့် ကျွန်တော်တို့သူငယ်ချင်းတွေ ရဲ့ ရိုးသားတဲ့ ရင်နှီးမှု ခြင်း က တော့ နီးစပ်နေဆဲပါလို့ ကျွန်တော် ယုံမှတ်နေပါတယ် ၊၊


မျိုးကြီးဆိုတဲ့ သူငယ်ချင်း
မျက်နှာဝိုင်းဝိုင်း အရပ်ခပ်ပုပုနဲ့ ၀တုတ်တုတ် သူငယ်ချင်းတစ်ယောက်ကို စတွေ့တာက ပထမနှစ်ကတည်းကပါ ၊၊ ဒါပေမယ့် မပေါင်းဖြစ်ခဲ့ဘူး ၊၊ နောက်ပိုင်းပိုပေါင်းဖြစ်လာတာက တတိယနှစ်ရောက်မှ ၊၊ မေဂျာတူချင်းမို့ ပိုပေါင်းဖြစ်လာတယ် ၊၊ ပိုလည်း ခင်ဖြစ်လာတယ် ဆိုရပေမပေါ့ ၊၊ ကျောင်းပြီးရင် အစိုးရအလုပ်ပဲ ၀င်လုပ်မယ် ဆိုတဲ့ သူငယ်ချင်းပေါ့ ၊၊ ၀န်ထမ်းမိသားစုကလာတဲ့ သူမို့ အေးအေးလူလူ ၀န်ထမ်းပဲ် လုပ်မယ်ဆိုတဲ့ သူငယ်ချင်း အခုတော့ ကျွန်တော်တို့ အဖွဲ့ထဲမှာ အမေ့အိမ်နဲ့ အဝေဆုံး မှာ ဖြစ်မယ်ထင်တယ်၊၊ ဟိုး ပြင်သစ်နားက အယ်ဂျီးနီးယားမှာတဲ့ ၊၊ သွားပါပြီ သူ့ဘ၀ ၊၊ မိဘတွေမှ မကူရင် မိန်းမ ရဖို့ လမ်း မမြင်တော့ဘူး ၊၊ မြန်မာဆိုလို့ သူနဲ့ အတူတူ သွားတဲ့ သူ့အကိုပဲ ရှိတာလေ ၊၊ အဲဒီသူငယ်ချင်းက လည်း ဒီလ မှာမွေးတာတဲ့ဗျာ ၊၊

တက်ဖိန်ဆိုတဲ့သူငယ်ချင်း
နောက်တစ်ယောက်က မြန်မာပြည်မှာ ပဲ ရှိနေတုန်းပဲ ၊၊ နေချင်လွန်းလို့ရယ်တော့ မဟုတ် ရှာပါဘူး ၊၊ မြန်မာပြည်မှာ ငွေရှာရလွယ်လို့ နေနေတဲ့ သူငယ်ချင်း ၊၊ ငွေကလွဲရင် ဘာကိုမှ စိတ်မ၀င်စားဘူး ၊၊ ဒီကနေလက်ဆောင်ဝယ်ပေးလိုက်တာတောင် မင်းပေးတာက ဘယ်လောက်တန် ၊ သူပေးတာက ဘယ်လောက်တန်ဆိုပြီး ကွန်ပလိန်းတက်တဲ့ကောင် ၊၊ တော်ပါသေးရဲ့ ဒီကောင်ဒီမှာသာနေရင် ပိုပြီး ကွန်ပလိန်းတက်မယ့်ကောင် ပေါ့ ၊၊ သူဌေးဗျ ၊၊ ကင်မရာ ဘယ်လိုဝယ်တယ်ထင်သလဲ ၊၊ သူ့တပည့်ကောင်လေးတစ်ယောက်ကို ShowRoom ကို လွှတ်ပြီး အကောင်းဆုံး နောက်ဆုံးပေါ် ဈေးအကြီးဆုံး ၀ယ်ခဲ့ဆိုပြီး ၀ယ်ခိုင်းတာလေ ၊၊ မှတ်ကရော ၊၊ ကျွန်တော်ပြန်တော့ ဗဟိုလမ်းက စားသောက်ဆိုင်တစ် ဆိုင်မှာ လိုက်ကျွေး ရှာတယ် ၊၊ သူ့ကင်မရာကြီးထုတ်ပြီး ဓါတ်ပုံရိုက်မယ်လုပ်ပြီးတော့ ဘယ်လို ရိုက်ရမလဲတဲ့ဗျာ ၊၊ သူလည်း ဒီလမှာ မွေးတာပဲ ၊၊ အော်သူကတော့ ဆောက်လုပ်ရေး က အရာရှိပေါ့ဗျာ ၊၊ အခုမှဖွင့်ကာစ အမြန် လမ်းကြီး မကောင်းတော့ရင် သူ့ကို ကွန်ပလိန်း တက်ရမယ် ၊၊

ယပက်လက် ဆိုတဲ့သူငယ်ချင်း
နောက်တစ်ယောက်ကတော့ ရန်ကုန်မှာ ၊၊ အေးအေးဆေးဆေး စားနေရတဲ့ ဘ၀ကို မကျေနပ်လို့ စင်ကာပူမှာ လာပြီး သုတ်သုတ်ထမင်း သုတ်သုတ်ဟင်း စားချင်ရှာသတဲ့ ၊၊ နေရာချင်းသာ လဲလိုက်ချင်ရဲ့ ဆိုတဲ့ သီချင်းကို အဲဒီသူငယ်ချင်းကိုသတိယတိုင်း ဆိုဖြစ်တယ် ၊၊ တစ်ဦးတည်းသောသမီး ၊ ဘာမှ လုပ်စရာမလိုသလို မိဘတွေကလည်း သန်တုန်းမြန်တုန်း လုပ်နိုင်တုန်း ၊၊ သူ့အလုပ်က ညနေဆိုငွေသွားသိမ်း အင်း သွားသိမ်းမဟုတ်ပါဘူး လာပို့ ၊၊ ဒါကို ပျော်ရှာဖူးဆိုပြီး တွေ့တိုင်းညည်းရဲ့ ၊၊ ကျွန်တော် ရန်ကုန်မှာ ကျပ်ကျပ်တည်းတည်း နေရတုန်းက သူ့ အကြွေးမကင်းတော့လည်း သိပ် ပြန် မပြောရဲဘူး P;၊၊ အခုထိလည်း ဒီမှာသာနေတာ သူ့အကောင့်ထဲက လိုအပ်ရင် ယူသုံးနေရ တုန်း ၊၊ သူ့ကို လက်ဆောင် ၀ယ်ပေးရတာတန်တယ် ၊ ကိုယ်ပေးတာထက် ၂ ဆ ၊ ၃ ဆ အမြဲ ရတယ် လေ ၊၊ ဒီသူငယ်ချင်းလည်း ဒီလမှာမွေးတာပဲ ၊၊ အော်သူကတော့ မေဂျာ မတူဘူး လျှပ်စစ်အင်ဂျင်နီယာပေါ့ ၊၊

ဗိုလ်အောင်ကျော်ဆိုတဲ့ သူငယ်ချင်း( နာမည်ပြောင်ပါ ၊ ဟို ဗိုလ် မဟုတ်ပါဘူးဗျာ )
နောက်တစ်ယောက်ကတော့ နေပြည်တော်က အရာရှိကြီး ၊၊ မာစဒါဂျစ်ကို ဒရိုင်ဘာနဲ့ မောင်း နိုင်တဲ့ ဆည်မြောင်းက အရာရှိပေါ့ဗျာ ၊၊ အိတ်တောင်မှ တပည့်တွေက ဆွဲသတဲ့လေ ၊၊ ကျွန်တော်က တော့ ငါပြန်လာရင် မင်းမာစဒါ ဂျစ်နဲ့ လာကြိုစမ်းပါကွာလို့ စီးဖူးချင်လို့ပါလို့ တောင်းပန်ထားတယ် ၊၊ နောက် သင်္ကြန်တွေ့တုန်းကနောက်ဖြစ် သေးတယ် ၊၊ အတန်းထဲကပဲ သူငယ်ချင်းတစ်ယောက်က သူ့ထက်ရာထူးနိမ့်တယ် ၊၊ အဲဒီတော့ ကျွန်တော်က သူက မင်းအိတ်ကို ဆွဲလားကွဆိုတော့ ၊ အေးပေါ့ဆွဲရတာပေါ့တဲ့ ၊၊ သူကလည်း ခပ်ပျော်ပျော်သမားဆိုတော့ အချင်းချင်းနောက်တာပါ ၊၊ ကျွန်တော် ကပြောလိုက်တယ် ၊ ဒါဆိုငါမင်းဆီလာလည်ရင် ငါ့အိတ်ကိုလည်း သူက ဆွဲရမှာပေါ့ကွနော ငါက အရာရှိသူငယ်ချင်းပဲဆိုပြီး ပြောပြီးရယ်ဖြစ်ကြသေးရဲ့ ၊၊ အင်း သူလည်း ဒီလ မွေးတာပဲ ၊၊

ဟက်သီ ဆိုတဲ့ သူငယ်ချင်း
နောက်တစ်ယောက်ကျန်သေးတယ် ၊၊ သူကတော့ ဘ၀ကို ဖြတ်သန်းဖို့ လှေတစ်စီးရထား တာ လေ ၊၊ သူ့အတွက် အရာရာက အဆင်သင့်ပဲ ၊၊ အဲသူ လွယ်လွယ် မရသေးတာ တစ်ခု ပဲ ရှိတယ် ၊၊ ဒါတော့ လျှို့ဝှက်ချက်မို့ ပြောသေးဘူး ၊၊ နောက်မှ ဖောက်သည်ချမယ် ၊၊ သူကတော့ မြို့ပြအင်ဂျင်နီယာပဲ ၊၊ လခ နှစ်နေရာက စားနေတဲ့ သူငယ်ချင်း ၊၊ ခုတော့ မဟုတ်တော့ ပါဘူး ၊၊ မရတော့ဘူးလေ ၊၊ အခုလည်း ဂျပန်ကုမ္ပဏီတစ်ခုမျာ ဟိုက်ဟိုက် ဆိုပြီး ငိုက်ငိုက် နေလေရဲ့ ၊၊ အဲလို မဟုတ်ပါဘူးလို့ ပြောတာပါဗျာ၊၊ သူ့ကိုလည်း ကျွန်တော်က ကြောက်ရတယ် ၊၊ ငွေလိုတိုင်း သူ့ဆီကပဲ ယူနေရတာလေ ၊၊ ကျွန်တော့် ရဲ့ ဒုတိယ တတိယ အလုပ်ရှင်တွေပေါ့ဗျာ ၊၊ သူလည်း ဒီလမှာပဲ မွေးတာဗျ ၊၊ ကျွန်တော့် အပေါင်းအသင်း ဒီလဖွားတွေ တယ်များတာကိုးဗျ ၊၊

ကဲဒီသူငယ်ချင်းတွေ အားလုံး အခုကျရောက်တဲ့မွေးလကနေနောက်နှစ်ပေါင်းများစွာ တိုင်အောင် ပျော်ရွှင် အဆင်ပြေတဲ့ ဘ၀တွေကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်း ပေးပါတယ် ဗျာ ၊၊ လိုချင်တာတွေလည်း မိဘတွေ အကူအညီ မပါပဲ ခပ်မြန်မြန် လေး အဆင်ပြေ ဆွတ်ခူးနိုင်ကြပါစေဗျာ ၊၊ ဘလော့က သူငယ်ချင်းတွေကလည်း ၀င်ပြီး ဆုတောင်း ပေးကြပါအုံးဗျာ ၊၊ သူတို့တစ်ယောက်မှ မဘာနိုင်ကြသေးလို့ပါ P: ၊၊

ဟိုးတုန်းက ဘုန်းဘုန်းတစ်ပါးက မိန့်ဖူးတယ် ၊၊ ကျွန်တော့်ကိုပေါ့လေ ၊၊ ဟမောင်မင်းအိမ်ရ မင်းကွာ အသက်အစိတ်မှ ပါးခတ် မချိတ်ရင်တော့ အင်း မင်းဘ၀ တစ်သက်မနိပ်တော့ ဘူး ကွတဲ့ ၊၊
အင်း…… ကျွန်တော့်သူငယ်ချင်းတွေလည်း
အင်း…… ဒီတစ်သက်နိတ် ကြပါတော့မလား ရယ်တော့ ပူမိသား ……. D:
အင်း…..

မွေးနေ့မှာ သူငယ်ချင်းတွေအားလုံး ပျော်ရွှင်ကြည်နူးကြပါစေ၊၊

ခင်မင်ခြင်းများစွာဖြင့်

မင်းအိမ်ဖြူ

12 comments:

နဒီမိုးညို said...

သူငယ်ချင်းတွေ..နဲ့ နေရာတဲ့ဘဝက..
ပျော်စရာကောင်းပါတယ်..အလုပ်ကိုယ်စီ..
ဖြစ်ကုန်တော့လဲ..မတွေ့ ဖြစ်တော့ဖူးပေါ့
မွေးနေ့ တိုင်းပျော်ရွှင်ပါစေ..ရှင်

မယ့်ကိုး said...

ကိုမင်းအိမ်ရေ...

အစ်မအရင်းလို ချစ်တဲ့ အစ်မနှစ်ယောက်အကြောင်းဖတ်ရတာမို့  ... သဘောလည်းကျမိ။ ခံစားချက်တူလို့  ပြုံးရယ်မိပါတယ်။

အစ်မအရင်းအပါအဝင် သူတို့ သုံးယောက်လုံး ဘာလို့  သြဂုတ်လ မွေးရတာလဲလို့ ... အမြဲဂျီကျရတာလဲ ပျော်တယ်။ :D

HT said...

*** As we go on... we remember...all the times we had together...and as our lives change...come whatever...we will still be...FRIENDS FOREVER***

Thanks my fri. :)

မိုးခါး said...

:)
မှတ်မိနေတာလေးတွေ လာဖတ်သွားပါတယ် ..
အမှတ်တရလေးတွေပေါ့

ကိုလူထွေး said...

ဒီလိုဆိုတော့လဲ ပျော်စရာကြီးပဲ...

ရွယ်တူသူငယ်ချင်းတွေဆိုရင်တော့ မွေးသက္ကရာဇ်ပါ တူမယ်ထင်တယ်...

ဖွားဘက်တော်တွေလို့ ပြောရင်တောင်ရမယ်...

းဝ)

Lucifer said...

အော်..အမှတ်တရလေးတွေပေါ့နော်.. ပြန်တွေးမိတိုင်း တမ်းတစရာလေးတွေပါ.. မမီးမှာလည်း သူငယ်ချင်းတစ်ယောက်ရှိတယ်..သူနဲ့ မမီးနဲ့ တစ်ပတ် ပဲးကွာတယ်..

မင်းအိမ်ဖြူ Minn Eain Phyu said...

အော် ကိုလူထွေးရေ နောက်တစ်ယောက်လည်း ဒီလမွေး တာပဲ ၊၊
မယ်ကိုး အစ်မလေ ၊၊ သူက ကျွန်တော်တို့လို လည်တာ ပတ်တာ သိပ်မလုပ်ပဲ စာပဲ လုပ်တော့ သိပ် မတွဲဖြစ် သလိုဖြစ်နေတာ ..........

mae said...

သီချင်းကို ကြားတော့ ပြုံးမိသွားတယ်.. သူငယ်ချင်းတွေက ပျော်စရာနော်၊ ဒီလို ပြောမနာဆိုမနာ သူငယ်ချင်းတွေရှိတာ ကံကောင်းပါတယ်

ဓာတ်ပုံကို ပြင်ထားတာ သဘောကျတယ်၊ ပန်းချီလိုပဲ၊

အသက်အစိပ်ဆိုတာ တော်တော်ငယ်သေးတာပါ၊ ပုခက်မချိပ်လဲ တူတွေ တူမတွေ ထိန်းပေါ့ အဟတ်

မျိုးကြီး said...

ပြောရက်လိုက်တာနော့် ”မိဘတွေမှ မကူရင် မိန်းမ ရဖို့ လမ်း မမြင်တော့ဘူး” တဲ့၊ နောက်မှဖိတ်စာပို့လိုက်မယ် ”မိဘတွေ ကူညီ၍မဟုတ်ပါ”ဆိုတဲ့မှတ်ချက်နဲ့ :))
ကျေးဇူးတင်ပါတယ် သူငယ်ချင်း ၊ အခုလို အမှတ်တရနဲ့ရေးပေးတဲ့အတွက်။
အရင်းနှီးဆုံး သူငယ်ချင်းတွေရဲ့ သိပြီးသားဖြစ်ပေမယ့် ခင်စရာကောင်းတဲ့ character တွေကို ပြန်ဖတ်ပြီး ကျောင်းသားဘ၀သူငယ်ချင်းတွေနဲ့ပျော်စရာတွေကို ပြန်သတိရသွားတယ်။
ကျေးဇူးပဲ သူငယ်ချင်း
MKS

လသာည said...

သူငယ်ချင်းတွေအကုန်လုံးက တယောက်တမျိုး ခင်စရာလေးတွေနော်။ စရိုက်တစ်မျိုးစီရှိတဲ့ ကိုယ့်သူငယ်ချင်းတွေအကြောင်းကို “ခင်မင်ဖွယ်ရာသူငယ်ချင်းတွေအဖြစ်“ ပေါ်လွင်အောင် ရေးဖွဲ့နိုင်တာ တော်လိုက်တာ။ ဒီပို့ဖတ်ပြီး သူတို့ကိုတောင်ခင်သွားပြီ။ ခင်မင်စရာ သူငယ်ချင်းတွေနဲ့ မကြာခဏ.မွေးနေ့ပွဲကို အတူတူတကွ ဆင်နွဲနိုင်ပါစေ။

မသက်ဇင် said...

မင်းအိမ်ဖြူ
မွေးလတူကြတဲ့သူငယ်ချင်းတွေအကြောင်းဖတ်သွားတယ်
ခင်မင်လျက်

Htoo Aung Lwin said...

“ရိုးသားတဲ့ သူငယ်ချင်းများအတွက်အမှတ်တရ”
ရိုးသားတဲ့ သူငယ်ချင်တွေကိုပဲ သတိရချင်ပါတယ်ဗျာ..........။