Saturday 31 October 2009

နှစ်ဖက်မြင်

ကျွန်တော် မှန် မကြည့်ဖြစ်ခဲ့တာ ကြာပါပြီ ၊၊ တော်တော်ကို ကြာခဲ့ပြီ ၊၊ ကိုယ့်မျက်နှာကိုယ် မျက်နှာချင်းမဆိုင် ချင်တော့ပြီ ၊၊ ကိုယ်မျက်နှာကိုယ် ပြန်မြင်တိုင်းလည်း လိပ်ပြာမလုံဖြစ်မိသည် ၊၊ တကယ်တော့ ကျွန်တော် ဒီလိုခံစားနေခဲ့ရတာ ကြာခဲ့ပြီ ၊၊ ဒါ ပေမယ့် ဘယ်သူ့ကိုမှ ဖွင့်မပြောဖြစ်ခဲ့ ၊၊ သူတို့သိလို့လည်း စိတ်မကောင်းရုံမှတစ်ပါး အခြားမရှိတော့ပြီကိုး ၊၊ အမေ့ကိုလည်း မသိစေချင်တော့ ၊၊ ဘာမဆို ဖွင့်ဟတိုင်ပင်တက်ပေမယ့် ဒီခံစားချက်ကို အမေမသိစေချင်တော့ ၊၊ ရှိစေတော့ ၊၊ အဖေ့ကိုရော ၊၊ ဟင့်အင်း မပြောချင်တော့ဘူး ၊၊ အသက်ကြီးမှ ကိုယ့်အတွက်မခံစားစေလိုတော့ ၊၊ သို့သော်သိသိသာသာ စကားနည်းသွား တဲ့ မိသားစုဆက်ဆံရေးကိုတော့ သတိထားမိသည် ၊၊

ဘုရားတော့ ၀တ်ပြုတက်ပေမယ့် ကျွန်တော် မရွတ်ဖြစ်တဲ့ ဘုရားစာလေးတွေ များလာပြီ ၊၊ မျက်နှာပြောင်တိုက်ပြီး ဆက်ရွတ် ရမလား ၊၊ တော်ပါပြီ ၊၊ ဘုရားကိုတော့ မလိမ်လိုတော့ ၊၊ အင်း ကိုယ့်အရောင်အ၀ါတွေ ညိုးမှိန်လာတာ ဘယ်သူတွေ သတိထား မိမယ် မသိပေမယ့် ဘာသာသိနေခဲ့တာ ကြာခဲ့ပြီ ၊၊ ငြင်းဆန်လို့ မရတဲ့ ဘ၀မို့ ခွင့်လွှတ်ပါဘုရားဆိုတဲ့ ဆုတောင်း စကားလေးကို လွဲရင် အခြားဘုရားစာတွေ မရွတ်ဖြစ်ခဲ့တော့ ၊၊ အလုပ်သွားခါနီးတိုင်း ၀တ်မပျက် ပေမယ့် ဘာတွေ ဆိုရမယ် ဆိုတာ မသိတော့ ၊၊ ရုံးပိတ်ရက်တိုင်း ရွှေတိဂုံတက်ဖြစ်ပေမယ့် ရီဝေတဲ့ မျက်ဝန်းတွေက ဘာကိုမှ သဲသဲကွဲကွဲ မမြင်ရ ၊၊ အားလုံး လည်း မှုန်ဝါးဝါး ဖြစ်နေပြီ ၊၊ မျက်ဝန်းတွေက ဘာကိုမှ မမြင်တော့ပြီ ၊၊ဘာကိုမှ ပြတ်ပြတ်သားသား သဲသဲကွဲကွဲ မရှိ တော့ ၊၊

ညီအငယ်ကို ကျောင်းမြန်မြန်ပြီးစေချင်လှပြီ ၊၊ အငယ်မကိုလည်း ကျောင်းပြီးစေချင်ပြီ ၊၊ သူတို့ မြန်မြန် ကြီးပြင်း လူလား မြောက် စေလိုသည် ၊၊ သူတို့ အလုပ်လေးတွေနဲ့ သူတို့ အခြေကျစေလိုသည် ၊၊ ဘာပဲဖြစ်ဖြစ် သူတို့တာဝန်တွေ မရှိတော့ရင် ၊ ဘာပဲဖြစ်ဖြစ် ကိုယ့်တာဝန်တွေ ပေါ့သွားလိမ့်မည် ၊၊ မိဘနှစ်ပါး အတွက်နဲ့ ကိုယ့်အတွက်က ဘာမှ ပူပန်စရာမလို ၊၊ အဖေ့မှာက ပင်စင်လခလေး ၁ ထောင်ကျော် ရှိသည် ၊၊ အမေ့မှာက လက်ဝတ်လက်စားလေး ရှိသေးသည် ၊၊ အငယ်နှစ်ယောက် ကျောင်းပြိးရင်တော့ ဒီဘ၀ကို မြန်မြန်ကျောခိုင်းလို လှပြီ ၊၊ သူတစ်ပါး ကိုမျှော်ကိုးနေရတဲ့အလုပ်ကိုလည်း မလုပ်လိုတော့ ၊၊ ကိုယ့်ထမင်းကို ကိုယ်သာသာ လိပ်ပြာလုံလုံ စားလိုလှပြီ ၊၊

မှတ်မှတ်ရရ တစ်ရက်ပေါ့ ၊၊ ကျောင်းနေဖက်သူငယ်ချင်း တစ်ယောက် နိုင်ငံခြားကပြန်လာတဲ့ အတွက် ဆုံဖြစ်ခဲ့ကြသည် ၊၊ ကိုယ်ကိုလည်း တွေ့ချင်တယ်ဆိုတော့ သွားဖြစ်ခဲ့ကြသည် ၊၊ အမှန်တော့ လူတွေ ဆုံတဲ့ပွဲဆို ရှောင်နေခဲ့တာကြာပေါ့လေ ၊၊ လူတောလည်း မတိုးလိုတော့ ၊၊ ကိုယ့်အကြောင်းနဲ့ကိုယ်ပါ ၊၊ သူကတော့ ငယ်စဉ်ကတည်းက သူငယ်ချင်းမို့ လိုက်သွားဖြစ် ခဲ့သည် ၊၊ နိုင်ငံခြားပြန်သူငယ်ချင်းတွေ ဆိုတော့ နိုင်ငံခြားပြန် သူငယ်ချင်းတွေလည်း ပါသည် ၊၊ သူကကိုယ့်ကို မိတ်ဆက်ပေး လိုက်တဲ့အခါ အားလုံးရဲ့ မျက်ဝန်းတွေက အရောင်တစ်မျိုး တောက်ပသွားကြသည် ၊၊ ကိုယ်ပဲ စိတ်ထင်တာလား ၊၊ ပညာတက်တွေ ပီပီ သူတို့လည်း ဘာမှ ထွေထွေထူးထူ ဆက်မပြောကြပဲ ၀ိုင်းစဖြစ်ကြသည်ပေါ့ ၊၊

အချိန်လေးရလာတာနဲ့ အမျှ အရှိန်လေးလည်း ရလာကြသည် ၊၊ အပြောလေးတွေလည်း ကြမ်းလာတဲ့အခါ ၊၊ ကျွန်တော် ထပြန်ဖို့ ကြိုးစားပေမယ် ၊၊ ကိုသီဟ ခင်းဗျားသူငယ်ချင်းကိုတော့ အားနာတယ်ဗျာ ၊၊ ကိုအောင် ခင်ဗျားကိုတော့ အားနာပါတယ် ဗျာ ၊၊ လို့ စကားခံပြီး ပြောလိုက်ကြတာ ၊၊ မရိုးနိုင်တဲ့ ဇာတ်လမ်းတွေ ၊၊ ကျွန်တော်တို့ ကိုယ်တိုင် ပါဝင် အသုံး တော်ခံ ၊၊ တခါတလေ ကိုယ်တိုင်ဇာတ်ညွှန်းခွဲထားတဲ့ ဇာတ်လမ်းတွေ ၊၊ သူတို့မှာလည်း သူတို့ မကျေနပ်ချက်တွေနဲ့ ၊၊ ကိုယ်တွေမှာလည်း ကိုယ်တွေ ၀မ်းဗိုက်တွေ အတွက် ၊၊ သူတို့ပြောတဲ့ စကားနားထဲကမထွက်ဘူးဗျာ ၊၊ သူတို့ ပေးတဲ့ ၅ ကျပ် ၁၀ ဆိုတာ တမင်ပေးခဲ့တာပါတဲ့ ၊၊ သူတို့အတွက် ဒီငွေလေးဟာ ဘာမှ မဖြစ်လောက်ပါဘူးတဲ့ဗျာ ၊၊ တခါတလေ တောင်းစား တဲ့သူတွေ တွေ့ရင်တောင်ပေးရသေးတာပဲဗျာ ၊၊ ဘာဖြစ်လဲ ဗျာ ၊၊ ပေးလိုက်ပါတယ် ဆိုပြီး အချင်းချင်းပြော ရီနေသံတွေ ၊၊ စားထားတဲ့ အစာတွေ အန်ထွက်ချင်ရဲ့ ၊၊ ကျွန်တော်တင်မဟုတ်ပါဘူး ၊၊ ကျွန်တော်ရှာသမျှ စောင့်စား နေရတဲ့ အဖေနဲ့ အမေရော နောက် မောင်နှမတွေရော ၊၊ သူတို့ ပြောတဲ့စကားတွေ ကြားရတာ တစ်မိသားစုလုံး ရွှေတိဂုံ ခြေတော်ရင်း ရောက် သွားသလိုပါလားဗျာ ၊၊

ကျွန်တော့်မှာတော့ ဒီနေရာလေး ရောက်ဖို့ ရင်နှီးပေးဆပ်လိုက်ရတာ ၊၊ ခင်ဗျားတို့ ဆိုသလိုဆိုရင်ဖြင့် ကျုပ်ဘ၀က တောင်းစား ဖို့ လိုင်စင်ဝယ်ထား ရသလိုပါလားဗျာ ၊၊ သို့သော် သို့သော် …………………………………………
ကျုပ်တို့ဘ၀တွေကို နားလည်ပြီး မြှင့်တင်ပေးပါလားဗျာ ၊၊ ကျုပ် ညီတွေ ညီမတွေ ကျောင်းမပြီးသေးသရွေ့တော့ တောင်းစား လိုက်ပါအုံးမယ်ဗျာ ၊၊ သူတို့လည်း လက်လွတ်လို့ ခွက်ကိုင်နိုင်တဲ့အခါ ကျုပ်လွတ်မြှောက် ရမှာပေါ့……………………………..

မင်းအိမ်ဖြူ

ဝန်ခံချက် ၊၊ ၊၊ အတွေးလေးဖြစ်တည်နေတာကြာခဲ့ပါပြီ ၊၊ မရေးဖြစ်ခဲ့ဘူး ၊၊ ဘာရယ်မဟုတ်ပါဘူး ၊၊ ခံစားမိတာလေး တင်ပြတာပါ ၊၊ ကိုညီညီ (သံလွင်) ရဲ့ အရင်လို မဟုတ်တော့တဲ့ ရန်ကုန်ကို ဖတ်ပြီး တင်ပြဖို့ ဖြစ်သွားတယ် ၊၊ ဘယ်သူ့ကိုမှ မထိခိုက်စေလိုပေမယ့် ၊၊ ဖြစ်တည်နေရတဲ့ ဆူးကြားက ဗူးခါး တွေ ရဲ့ဘ၀ကို သိစေချင်လို့ပါ ၊၊

7 comments:

မယ့်ကိုး said...

စာလေးက ကောင်းပါတယ်။
လူအမျိုးမျိုး ရပ်တည်ရာအထွေထွေပေါ့လေ။
ပြန်တုန်းက ၅ ကျပ်၁၀ ကို ဘယ်လိုရစ်ရစ် မပေးခဲ့ဘူး။
သူတို့က ဘယ်လို မသိပေမယ့် ကိုယ်တိုင်က သူတို့သိက္ခာအတွက် ပေးရမှာ အားနာနေတာ တကယ်။

သိင်္ဂါကျော် said...

ကိုယ့်အမြင်နဲ့ကိုယ်တော့ မှန်နေကြတာ ချည်းပါပဲ...။ ဒီလိုပါပဲလေ ဘဝတွေ ဆိုတာ..။

Yu Ya said...

သူငယ်ချင်းရေ.. အခုက သုံးဖက်မြင်ကိုတောင် ကျော်လွန်လို့ လေးဖက်မြင် ခေတ်ကိုတောင် ရောက်နေပါပြီလေ..

နှစ်ဖက်မြင်ဆိုရင် ဘယ်လိုမှ ကြည့်လို့အားရမှာမဟုတ်တာ အမှန်ပဲ...အဟီး။

yu ya

~ဏီလင်းညို~ said...

ဘယ်တော့မှ ပျောက်မလည်းမသိဘူနော်ဗျာ....
စိတ်မောသွားမိတယ်...
လူတိုင်းက ကိုယ့်ဒုက္ခနဲ့ ကိုယ်ဆိုတော့လည်း...

လသာည said...

နှစ်ဖက်မြင်..တဲ့။ ဖတ်လို့ကောင်းတယ်။
ဟုတ်တယ်.ကွာ။ လူဆိုတော့ ကိုယ့်ဘက်ကိုယ်ပဲ အရင်မြင်ကြတာကိုး။ နှစ်ဖက်မြင်သည့်တိုင် လိုက်နာဖို့ခက်တယ်လေ..
သံဝေဂလေးရသွားတယ်။

သူကြီးမင်း (တုံးဖလား) said...

အေးဗျာ။ လူ့လောကကြီးကလဲ အခက်သားကလား။
ကျားကလဲ ကျားအမြင်ကြည့်ပြီး သမင်ကလဲ သမင်အမြင်ရှိနေကြတာကိုး။ အားလုံးရဲ့  ရုန်းကန်လှုပ်ရှားမှုတွေကို အားလုံးက နားလည်ပေးနိုင်ရင်ကတော့ အကောင်းဆုံးပေါ့ဗျာ။
အခုပို့စ်ရဲ့  ဇာတ်လိုက်နေရာမှာ ကျနော်သာဆိုရင် ဒီဘ၀တစ်လျောက်လုံး အဲဒီစကားလုံးတွေ ခေါင်းထဲက ထွက်တော့မှာ မဟုတ်ပါဘူး။
ဒါပေမဲ့
ဘယ်သူ့ကိုမှတော့ အပြစ်တင်နေမှာလဲ မဟုတ်ပါဘူး။
အခြေအနေနှင့်အချိန်အခါကိုဘဲ နာကျည်းနေမိမှာပါ။

ပျော်ရွှင်ပါစေဗျာ။

နွေးနေခြည် said...

အားလုံးကို အဆင်ပြေစေချင်တာတော့ အမှန်ပဲ