Sunday 29 November 2009

နောက်တစ်နေရာ


ဒီနိုင်ငံလေး ဒီ ကျွန်းလေးကို ရောက်တာ သိပ်ကာလ မကြာသေးပေမယ့် ပြောင်းရွှေ့နေထိုင်ရတဲ့ အိပ်ခန်း လေးတွေ တော်တော်များခဲ့ပြီ ၊၊ အင်း .....တော်တော်များပြီဆိုတာက ကိုယ့်စံနဲ့ကိုယ်ပေါ့လေ ၊၊ ဟိုမှသည်မှ ဟိုနေရာ ကသည်နေရာ ၊၊ ကိုယ်အဆင်ပြေမယ်ထင်တာလေးတွေ ၊ အဆင်ပြေမယ်ထင်ရတဲ့ နေရာလေးတွေမှာ ပြောင်းရွှေ့နေထိုင်ရတာပါပဲလေ ၊၊ အလုပ်တစ်ခုပြောင်းဖြစ်တိုင်း အလုပ်သွားရမှာ ပျင်းတဲ့ ကျွန်တော့်အတွက် တော့ နီစပ်ရာနေရာလေးတွေ ပြောင်းရွှေ့နေဖြစ်ခဲ့တယ် ၊၊ ဒီအကျင့်က မြန်မာပြည်က ပါလာတဲ့ အကျင့်လို့ပဲ ဆိုရမယ် ၊၊ ဘာလို့လည်းဆိုတော့ ကိုယ်လုပ်ခဲ့တဲ့ မြန်မာပြည်က အလုပ်တွေက အစိုးရစီမံကိန်းတွေ ဆိုတော့ မြို့မနီး ရွာမနီး ကိုယ့်အစုအဖွဲ့လေးနဲ့ကို နေထိုင်လုပ်ကိုင်ရတဲ့ ရွာလေးတစ်ခုလို ၊၊ အလုပ်ဆိုတာလည်း အိမ် ၊ အိမ်ဆိုတာလည်း အလုပ် ၊၊ မနက်အိမ်ယာထလို့ မျက်နှာ ကပျာကယာ သစ်ပြီးတာနဲ့ ဆိုက်ထဲရောက်နေပြီ ၊၊ ညနေလည်း အလုပ်သိမ်းတာနဲ့ အိမ်ပေါ် ရောက်နေပြီ ၊၊ ဘာအ၀တ်အစားမှ လဲစရာ မလိုသလို ၊ ဘာမှလည်း ပြန်ဆင်ဖို့ မလို ၊၊ မီးပူလည်း မလို သလို ရေမွှေးတွေလည်း မလိုတဲ့ ဘ၀ ကောင်းလိုက်တာ အော် လွမ်းလိုက် တာ ၊၊ ဒီလိုနဲ့ ဒီမှာနေဖြစ်တော့လည်း အလုပ်သွားတဲ့ အချိန်ကို တော်တော် အပျင်းကြီးခဲ့သည် ၊၊ ဒီလိုနဲ့ အလုပ်နဲ့ အဆင်ပြေတဲ့ နေရာလေးတွေ ပြောင်းရွှေ့ နေထိုင်ဖြစ်ခဲ့သည် ၊၊ အင်းအခုလည်း နောက်တစ်နေရာ ပြောင်းရ ပြန် ပြီ ၊၊ ရောက်တဲ့နေရာ ပျော်တက်တဲ့ ကျွန်တော် ၊ ပေါင်းမိတဲ့ သူကို ခင်တက်တဲ့ ကျွန်တော် အိမ်ရှင် တွေကို သံယောဇဉ် ဖြစ်နေမိပြန်သည် ၊၊ ဒီလိုပါပဲလေ ကြာတော့လည်း မေ့သွားမှာပါ ၊၊ ဒီလိုနဲ့ ချီတက်လာခဲ့တာ ကြာခဲ့ ပြီပဲ ၊၊ ကိုယ်ချစ်တဲ့ သူတွေကိုကျောခိုင်းခဲ့သလို ကိုယ်ခင်တဲ့သူတွေကို နှုတ်ဆက်ခဲ့ တာလည်း များခဲ့ပြီ ၊၊ ဒီလို ပြောင်းရရွှေ့ရ နေရာသစ်ကို သွားရတဲ့ အခါတိုင်း နေရာဟောင်းကိုတော့ တသလွမ်းဆွတ်နေမိပြန်ရော လေ ၊၊ ဒါကြောင့် အသစ်အသစ်တွေကို မခင်ချင် မကြင်လိုတော့ပြီ ၊၊

ပထမဆုံး အိမ်လေးက Yishun ဆိုတဲ့ အိမ်လေး ၊၊ ဧည့်ခန်းမှာ ၁၀ ရက်လောက် အိပ်ခဲ့ရဖူးတယ် ၊၊ စိတ်လည်း ညစ်ခဲ့ရတယ် ၊၊ ပျော်လည်းပျော်ခဲ့ရပါတယ် ၊၊ နောက်တော့ တစ်နေရာပြောင်းဖြစ်ပြန်ရော ၊၊ နောက် ထပ်ပြောင်းပြန်ရော ၊၊ နောက် နောက် နောက် ၊၊ အတူနေခဲ့ဖူတဲ့ သူငယ်ချင်းတွေနဲ့လည်း တခါတလေ ကလွဲလို့ တမင်တကာ မတွေ့ဖြစ်ခဲ့ကြ ၊၊ တခါတလေ ဖုန်းဆက်ဖြစ်တာကလွဲရင် ဆုံဖြစ်ဖို့ ဘယ်လို မှ မလွယ်တော့ ၊၊

ကိုယ့်ရဲ့ ဘ၀မှာ မှတ်မှတ် ထင်ထင် ပါဝင် ပတ်သပ်ခဲ့ဖူးသူတွေကို တစ်နေ့နေ့မှာ တစ်နေရာရာ မှာတော့ အားလုံးနဲ့ ဆုံဖြစ်ခဲ့ ဖူးချင်သေးတယ် ၊၊ နောက်ဆုံး ဆိုတဲ့ ကာလလေးမတိုင်ခင်မှာပေါ့ ၊၊ အားလုံးကို လွမ်းနေဆဲ ပါ ၊၊ သတိယမိနေဆဲပါ ဆိုတာလည်း သူတို့ သိစေချင်မိတယ် ၊၊ အခြေအနေအရ အတူခရီးမဆက်ရပေမယ့် အတူ ရှိခဲ့တဲ့ ကာလလေးမှာ တစ်ဦးနဲ့ တစ်ဦး ကူညီဖေးမ ခဲ့ဖူးတာလေးတွေကို ကျေးဇူးတင် အမှတ်ထင် နေဆဲ ပါဆိုတာလေးလည်း ပြောပြချင်မိပါတယ် ၊၊ သူတို့လည်း အဆင်ပြေပါစေလေ ၊၊ ဆက်လက်ပျော်ရွှင်ကြပါစေလို့


မင်းအိမ်ဖြူ

ပထမဆုံး နေခဲ့ဖူးတဲ့ အိမ်ခန်းလေးပါ ၊၊

Saturday 21 November 2009

အလုပ်နှင့် ကျွန်တော်

တကယ်ကို မအားမလပ်နဲ့ ဘလော့အိမ်လေးဖက် မ၀င်ဖြစ်အောင်ကို အလုပ်တွေ ရှုပ်နေတယ် ၊၊ ဘာတွေမှန်း ကို မသိတာ ၊၊ အားခဲထားတယ် အသစ်လည်း တင်ချင်တယ် ၊၊ သူငယ်ချင်းတွေ ဆီလည် လည်လည် သွားချင် တယ် ၊၊ မရောက်တာလည်း ကြာပြီ ၊၊ အလုပ်ကို တော်တော် ချစ်တဲ့ လုပ်ဖေါ်ကိုင်ဖက်တွေကို တော်တော် လေးစား နေမိတယ် ၊၊ အရင်တုန်းက တခါမှ အဲဒီလို မဖြစ်ဖူးဘူး ၊၊ ပြီးခဲ့တဲ့ အလုပ်မှာ အချိန်ဘယ်လို အသုံး ချရမယ် ဆိုတာ စလုံးတွေ သင်ပေးလိုက်တာ အခုစိတ်က လုပ်ချင်စိတ်ထက် ပြန်ချင်စိတ်က များနေပြီ ၊၊ မဖြစ်သေးဘူး ၊၊ ပြင်အုံးမှ ၊၊ တန်ဖိုးရှိတဲ့ ပိတ်ရက်လေးမှာ သူငယ်ချင်းတွေ ဆီ လည်လည် သွားပါအုံးမယ်ဗျာ ၊၊
မင်းအိမ်ဖြူ

Saturday 14 November 2009

တွေ့ဆုံခွင့် နဲ့ အလွမ်းဖေါ်

နောက်ကြောင်း ကိုပြန်ငဲ့ကြည့်လိုက်တဲ့ အခါတိုင်း မပီဝိုးတ၀ါး အရိပ်တွေက ခေတ်ဟောင်းရုပ်ရှင်ကား တစ်ခုလို ဖြူလိုက်မည်းလိုက် တခါတခါတော့ စိမ်းလိုက်ဝါလိုက် ၊၊ အော် အတိတ်ရဲ့ အရိပ်တွေက ကိုယ့်နောက်မှာ ထပ်ချပ် မကွာဘူးနော် ၊၊ နေပူပူမှာ အတူလျှောက်ခဲ့ရတဲ့ ကာလလေးတွေမှာ တစ်ယောက်ကို တစ်ယောက် ကယုကယင် ဖေးမခဲ့ဖူးတဲ့ ကာလလေးတွေကို သတိရတယ် ၊၊ နေပူပူ ခရီးကြမ်းတစ်ထောက်မှာ တစ်ယောက် လက်ကို တစ်ယောက် တွဲပြီး လျှောက်လှမ်းခဲ့ဖူးတာကို လွမ်းတယ် ၊၊ ဟိုအခါ နေပူစဉ်က မင်းလှမ်းခဲ့တဲ့ ရေပူ ခွက် လည်း ဘယ်ဆီမှာလည်းကွယ် ၊၊ ခုနေခါမတော့ မင်းကမ်းမယ့် ခွက်က ကိုယ့်အတွက် မဟုတ်သလို ကိုယ် ကြိုက်တဲ့ ရေနွေးကြမ်းလည်း မဟုတ်နိုင်တော့ဘူး ၊၊ မင်းကိုလှမ်းမယ့် လက်ကလည်း ကိုယ်မှ မဟုတ်တော့တာပဲ ၊၊ မင်းသွား တဲ့လမ်း ပန်းပွင့်တွေ ခင်းထားပေမယ့် ကိုယ်လျှောက်နေရတဲ့ လမ်း ဆက်လက် အထီးကျန် နေဆဲပါလား ၊၊ ဘယ်အချိန်ဘယ်ကာလမှာများ နားခိုရာကိုင်းလေးတစ်ခု ၊ သောက်သုံးစရာ ကမ်းလင့်လာမယ့် ရေအေးလေး တစ်ခွက် ရနိုင်ပါ့မလဲ ရယ်လို့ တမ်းတမ်းတတ ငံ့လင့်နေမိဆဲ ၊၊
ဝိုင်ဝိုင်းကတော့ ကမ္ဘာမြေကြီးရဲ့ တစ်နေရာမှာတော့ ရှိမယ်တဲ့လေ တကယ်များလား ကိုယ့်အတွက်တော့ အတိတ်တွေ သာမက အနာဂတ်ဆိုတာက လည်း မပီဝိုးတ၀ါး ပါလားနော်

လူဆိုတာ အားနည်းနေသမျှ ပြည့်စုံခြင်းဆိုတဲ့ ကံတရား မျှော်လင့်ရင်းမောနေ တဲ့
အမှန်တကယ်ကို အဲဒီမပြည့်စုံခြင်းတွေ အတွက် မောနေရတာပါပဲ
ကမ္ဘာမြေရဲ့ တစ်နေရာမှာတော့ အားပေးမယ့်သူရှိအုံးမယ် တွေ့ချင်သေးတယ်
တကယ်ပါ ၊၊ တစ်နေ့နေ့ပေါ့ ၊၊ တွေ့ခွင့်ရရင် တွေ့ချင်ပါသေးတယ် .................

လွမ်းရယ် မပြေ

အလွမ်းရေ

ကျောင်းကြီးကိုလွမ်းတယ် ၊၊ လွမ်းတယ် ၊၊ သူငယ်ချင်းတွေကို လွမ်းတယ် ၊၊ ကျောင်းတက်ခဲ့တဲ့ နေ့ရက်တွေကို လွမ်းတယ် ၊၊ အားလုံးကိုလွမ်းတယ်ကွာ ၊၊ သူငယ်ချင်းတွေ ဘာတွေများလုပ်နေလဲ ၊၊ ကိုယ်တိုင်ရော ဘာတွေ များလုပ်နေလဲ ၊၊ လွမ်းရယ် မပြေတဲ့

Thursday 12 November 2009

သွားဖြစ်ခဲ့သော

အရင်တုန်းက တင်ခဲ့တဲ့ ပိုစ့်လေးကို ပြန်တင်တာပါဗျာ ၊၊ ပြန်တင်ဖြစ်တဲ့ အကြောင်းရင်းများစွာ ရှိပါတယ် ၊၊ မသိသေးတဲ့ သူတွေကို သိစေချင်တယ် ၊၊ သိပြီးသားသူတွေ သွားဖို့မေ့နေရင် ပြန်သတိရအောင် လမ်းညွှန်တာ ပါ ၊၊ အဲဒီလိုက်ပို့တဲ့ ဦးလေးကြီးကိုယ်တိုင်လည်း ကိုယ်တွေ့ပါ ၊၊ တခါတခါ စိတ်ဆိုတာ ဆန်းကျယ်ပါတယ် ၊၊ သက်သေ ပြစရာ အခိုင်အမာမရှိပေမယ့် ၊ ဗုဒ္ဒဘာသာဝင် မြန်မာလူမျိုးတွေ မို့ ဆုတောင်းဆုယူ အဓိဌာန် ကို ယုံကြည်သက်ဝင်သူတွေ မို့ ခံစားချက် ယုံကြည်ချက်တူသူချင်းမို့ မျှဝေပေးလိုက်ပါသည် ၊၊ ကာယကံရှင်တွေ ဘယ်လိုခံစားရတယ် မသိပေမယ့် ကိုယ်လိုက်ပို့လမ်းညွှန်ပေးလိုက်သူတွေ တော့ အဆင်ပြေသွားကြတာ တွေ့ရ ပါတယ် ၊၊ တကယ်ပါ ၊၊ ကျွန်တော်တော့ အားလပ်လို့ အချိန်ရတဲ့ အခါတိုင်း သွားရောက် ဒါနပြု ပူဇော်ပါတယ် ၊၊ ကိုယ့် ဘုန်းကြီးကျောင်းနဲ့လည်း နီး လမ်းလည်းသင့်တာမို့ တခါတစ်ခေါက်ဖြစ်ဖြစ် သွားဖြစ်အောင် သွားလိုက် စေချင်ပါတယ်ဗျာ ၊၊ ယုံယုံကြည်ကြည်လေး လှူဒါန်းပူဇော်ပါ ၊၊

ဒီနေ.သွားဖြစ်ခဲ.တဲ.နေရာလေးတစ်ခုကို ခေါ်သွားချင်လို.ပါ၊၊ ကျွန်တော် သွားချင်ခဲ.တာ စင်္ကာပူကို စရောက်တည်းကပဲ၊၊ ဒါပေမယ်.မသွားဖြစ်ခဲ.ဘူး၊၊ နောက်တော.မေ.သွားတာရယ် ၊ မကြုံဖြစ်တာရယ်နဲ. မရောက်ဖြစ်ခဲ.တာ၊၊တချို.လည်း သိလိမ်.မယ်ထင်ပါတယ်၊၊ စင်ကာပူ ကျွန်းစောင်.နတ်မင်းကြီး နတ်နန်း နဲ. နှစ်ပေါင်းသက်တမ်းကြာပြီဖြစ်တဲ. ညောင်မုတ်ဆိတ် ပင်ကြီးပါ၊၊

ဒီထက်ပိုပြီး Information ပေးချင်ပါတယ် ၊၊ ဒါပေမယ်. အဲဒီမှာ ရှိနေတဲ.ဦးလေးကြီး ပြောတဲ.ဘာသာစကားက ကျွန်တော်နားမလည်ဘူးဗျာ ၊၊ နောက်ထပ်ကြိုးစားပြီး စုံစမ်းပြီး ထပ်တင်ပေးပါအုံးမယ်၊၊ Edit နဲ.ပဲ Photo လည်း ထပ်တင်ပါအုံးမယ်၊၊ဘာပဲဖြစ်ဖြစ် တပေါင်းလပြည်.နေ. ကျွန်တော်.လက်ဆောင်လေး အဖြစ် ပေါ.ဗျာ၊၊

ဆုတောင်းပြည်.တယ်တဲ.၊၊ ဘာပဲဖြစ်ဖြစ် သွားချင်သူတွေ အတွက် နတ်လမ်းညွှန်ပါ ဗျာ၊၊
Toa Payoh Mrt မှာဆင်း နောက် Exit C ကနေထွက် လိုက် ၊ နည်းနည်းလေး ဆက်လျှောက် ရင် ရောက် ရောဗျာ၊၊


Toa Payoh Mall ဘက်မမြင်ရသော ညောင်ပင်ကြီး



ညောင်မုတ်ဆိတ် ပင်ကြီး နှင်.နတ်နန်း



ညောင်မုတ်ဆိတ် ပင်ကြီး



ညောင်မုတ်ဆိတ် ပင်ကြီး နှင်.နတ်နန်း



ံ့မြတ်စွာဘုရားရုပ်ထုနှင်. ကွမ်ရင်မယ်တော် ရုပ်ထု



ံ့မြတ်စွာဘုရားရုပ်ထုနှင်. ကွမ်ရင်မယ်တော် ရုပ်ထု



ကျွန်းစောင်.ဘိုးဘိုးနတ်မင်းကြီး ရုပ်ထု




လေးမျက်နှာ ဘုရား (Four Faces Pagoda )



ဆရာတော်၏ရုပ်ပုံတော်

ဒီနေ.တပေါင်း လပြည်.နေလေ ၊၊ မြန်မာပြည်မှာ ဆိုရင်တော. ရွှေတိဂုံဘုရား မှာ တပေါင်းပွဲတော်ကြီး စည်နေရော.ပေါ.၊၊ ဒီကနေပဲ မှန်းပြီး ဘုရားဝတ်ပြုလိုက် ကြတာ ပေါ.ဗျာ၊၊

Tuesday 10 November 2009

လက်ဦးဆရာ

ကျုပ် စိတ်ပျက်တယ်ဗျာ ၊၊ တကယ်ပါ ၊၊ ကိုယ့်နဲ့ ဘ၀တစ်လျှောက်လုံး လက်တွဲမယ်လို့ ရည်ရွယ်ပြီး လက်ထပ် ထားတဲ့ ကိုယ့်ရဲ့ကိုယ်ပွား ကိုယ့်မယားကို စိတ်ပျက်ရတာ လောက် စိတ်ပျက်စရာ ကောင်းတာ ရှိမယ် မထင်တော့ ပါဘူးဗျာ ၊၊ သူတကာ သူငယ်ချင်းတွေ ကိုလည်း ရင်ဖွင့်လို့ မရတဲ့ အဖြစ်ပါဗျာ ၊၊ ကိုယ် ရင်ဖွင့်တဲ့ သူကရော ဘယ်လို ပြန်ပြီး အကြံပေးရပါ့မလဲ ၊၊ ကိုယ်တိုင်ရော ဘယ်လို မျက်နှာမျိုးနဲ့ သူတကာ ကို ပြောပြလို့ ရပါမလဲဗျာ ၊၊ အဲဒီလိုဆိုရင်လေ ကျုပ်အမေ တောသူမကြီးကို သိပ်သတိရတာပဲ ၊၊ ကျုပ်အမေ ပညာမတက် ဘူးဗျ ၊၊ ဒါပေမယ့် သာသမီး တစ်ကျိပ်လောက်ကို ဒီဘ၀ရောက်လာအောင် ဘယ်လို သွန်သင်ခဲ့တယ် ဆိုတာ ကျုပ်လေ သိပ်ပြချင်တာပဲ ၊၊

ကျုပ်မိန်းမဗျာ ပညာတက်ပါပဲ ၊၊ ဧည့်ခန်းမှာ ဓါတ်ပုံ ချိတ်ထားလေရဲ့ ၊၊ သူမွေးထားတာ ၃ ယောက်တည်း ၊၊ သမီး ၂ ယောက် သား ၁ ယောက် ၊၊ အလုပ်ဆိုတာ ဘာမှ လုပ်စရာမလိုဘူး ၊၊ ပိုက်ဆံဆိုတာ သူ့ကဒ် ထဲကို လကုန်ရင် ၀င်ပြီးသား ၊၊ သူလိုရာသုံး ၊၊ သူလုပ်ချင်ရာလုပ် ၊၊ သူ့အဓိက တာဝန်က သားသမီး တွေ တာဝန်နဲ့ အိမ်ထောင် တာဝန်လေးပဲ ၊၊ ဒါတောင်မှ ကျုပ်က ရုံးပိတ်ရင် မီးပူတိုက်တာ ဈေးဝယ်ထွက်တာ လုပ်ပေးလိုက် သေးတာ ၊၊ ကျုပ် မတရားမပြောချင်ပါဘူးဗျာ ၊၊ ဒါပေမယ့် ကျုပ်အမေက စီးပွားလည်း ရှာ ရသေးတယ် ၊၊ အဖေက ၀န်ထမ်း ၊၊ သာသမီးက တစ်ကျိပ် ၊၊ အားလုံး ပညာတွေလည်း ကုန်အောင် အမေ့ စကားပြော ရရင်တော့ အတန်းကုန်အောင် သင်ပေးနိုင်တယ် ၊၊ အာလုံးလည်း လူလွန်မသားတွေ မဖြစ်ပါ ဘူးဗျာ ၊၊ တကယ်ပါ ၊၊

ခုတော့ဗျာ ၊၊ ပြောပြန်ရင်လည်း ကိုယ့်ပေါင်ကိုယ်လှန်ထောင်းတာ ဖြစ်အုံးမယ် ၊၊ ကျုပ်သမီး ၁၃ နှစ်သမီး ရည်းစားထားတယ် တယ်ဗျာ ၊၊ သူအမေ တစ်ယောက်လုံး ရှိနေတာဗျာ ၊၊ ဘာအလုပ်မှလည်း မလုပ်၇ဘူး ၊၊ ကျုပ် သေချင်တယ် ၊၊ တကယ်ပါ ၊၊ ကျုပ် နားလည်ပါတယ်ဗျာ ၊၊ ကျုပ်လည်း ပညာတက် ခေတ်လူ တစ်ယောက်ပါ ၊၊ ဒါပေမယ့်ဗျာ ၊ ၁၃ နှစ် သမီး ရည်းစားထားတာတော့ ဆိုးတယ်ဗျာ ၊၊ ကျန်တဲ့ သူတွေ ဖြစ်တာ ကြားပါတယ် ၊၊ ဒါပေမယ့်ဗျာ ကျုပ်သမီး ဖြစ်နေတာကို ကျုပ်တကယ် ရှက်မိတယ် ၊၊ သူအဘွား ကျုပ်အမေ သိရင် ကျုပ်ကို ဘယ်လိုပြောမလဲဗျာ ၊၊ တွေးကြည့်စမ်းပါ ၊၊ ဒီမိန်းမ ဗျာ ၊၊

ပြောလိုက်ရင်လည်း နိုင်ငံရပ်ခြား မှာ သားသမီးတွေ က ဖြစ်နေလို့ ဆိုတာမျိုး ၊၊ ဒီမှာ ဘယ်လိုမှ ပြောလို့ ဆိုလို့ မရဘူးဆိုတာမျိုး ၊၊ အပိုတွေပါဗျာ ၊၊ မြန်မာပြည်မှာ ကြီးပြင်းတဲ့ သားသမီး မဟုတ်တဲ့ အတွက် လေးစားမှု မရှိဘူး ဆိုတာမျိုး ၊၊ နားလည်မှုမရှိဘူးဆိုတာမျိုး ၊၊ ကျုပ် ရယ်ချင်တယ် ၊၊ ဒါဆို လီရှောင်လုံး က ဂေးလန်းမှာ ဟိုဟာ ထောင်စားနေရမယ့် ပုံမျိုး ၊၊ ဒီကလူတွေ အားလုံး လူကြီးတွေ ဘ၀ပျက်နေပုံမျိုး ၊၊ သားသမီးတွေက လှည့်မကြည့်ပဲ လူအိုရုံတွေ ပို့ထားပုံမျိုး ၊၊ ကျုပ်တို့ ရွာပြန်ကြည့်လိုက်စမ်းပါဗျာ ၊၊ ပေါလို့ ပါ ၊၊ လူပေါ်မှာ မူတည်ပါတယ် ၊၊ ဘယ်မှာနေနေပါ ၊၊ သူတို့ ဆိုသလိုဆို နိုင်ငံခြားဆိုတာ အရိုင်းအစိုင်း လူမယဉ်ကျေးတွေ ရဲ့ ဌာနေပေါ့ ၊၊ အားလုံးလူကောင်းကို မရှိတော့ဘူးပေါ့ ၊၊ ဒီနေရာမှာ မွေးသူတိုင်း အရိုင်းအစိုင်းတွေပေါ့ ၊၊

ကျုပ်လည်း အလုပ်ထဲမှာ မေးကြည့်ပါတယ် ၊၊ သူတို့ မိသားစု အုပ်ချုပ်ပုံတွေ ၊၊ အသက် ၂၀ ကျော်တဲ့အထိ မိဘအရိပ် မလွတ်သူတွေ ၊၊ မိဘမသိပဲ ဘာမှ မလုပ်၇ဲသူတွေ တပုံဗျ ၊၊ ရည်းစား မထားဘူး တဲ့ သူတွေလည်း တစ်ပုံတပင်ဗျ ၊၊ အဲ လူအတန်းအစားတော့ ကွာသပေါ့ဗျာ ၊၊ ကျုပ်မိန်းမ လို အမေမျိုးက မွေးလာတဲ့ သားသမီးတွေကတော့ ကျုပ်သားသမီးတွေ လို ဖြစ်မှာပေါ့ဗျာ ၊၊ ဒါတော့ ကွာတာပေါ့ဗျာ ၊၊ ဒီတစ်ခါတော့ ကျုပ်လည်း တော်တော် စိတ်ပျက်သွားမိတယ် ၊၊ ပြောလိုက်တယ်ဗျာ ၊၊ နင်လည်း ဒီလောက်တောင် အုပ်ချုပ်လို့ မရတာ ၊ ပျော်လည်းမပျော်တဲ့ ဌာနေ နေမနေနဲ့တော့ ၊၊ အာလုံး ပြန်သာပြန်တော့လို့ ၊၊ ငါဒီကနေ ငွေပို့ပေးမယ် လို့ ပဲ ပြောလိုက်တော့တယ် ၊၊ ဟုတ်တယ်လေဗျာ၊၊ သူပြောသလို ရွာမှာ ကြီးပြင်းရင် လူတော် လူကောင်း လေးတွေ ဖြစ်မှာကိုး ၊၊ ကြီးရင် သားသမီးတွေ ပြန်မကြည့်မှာ ကြောက်သတဲ့ လေ ၊၊ သူကိုယ်တိုင်ကတော့ အဖေအိုအမေအို ပစ်ပြီး ကျုပ်နောက် လိုက်လာတာ ၊၊ ကိုယ့်အလှည့်မှ ပစ်ထားမှာ ကြောက်နေသတဲ့လေ ၊၊ အဲတော့ ထူးဘူး ပြန်ခိုင်းလိုက်တော့တယ် ၊၊

သားသမီး ၃ ယောက်သား ပြန်လို့လည်း ပြောရော ၊၊ ငိုလိုက်ကြတာဗျာ ၊၊ ကျုပ်ဘာမှ တောင် မပြောရသေး ဘူး ၊၊ အကြီးမက ရည်းစားကိုလည်း ဖြတ်ပါမယ်တဲ့ ၊၊ မြန်မာပြည်တော့ မပြန်ပါရစေ နဲ့ တဲ့ လေ ၊၊ သမီးကြီးက ၁၃ နှစ် ၊ အငယ်မက ၁၀ နှစ် သားအငယ်ကတော့ ၇ နှစ်ပါဗျာ ၊၊ ပြီးရော ၊၊ နောက် တစ်ခုခုဖြစ်ရင် ပြန်ပို့မယ်လို့ ပြောလိုက်တယ် ၊၊ မှတ်ကရောဗျာ ၊၊

မင်းအိမ်ဖြူ

ဝန်ခံချက် ၊၊ သူငယ်ချင်းတစ်ယောက် ပြောပြတဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းလေးအား ခံစား ရေးဖွဲ့ပါသည် ၊၊

Friday 6 November 2009

မြန်မာပြည်ကို ချစ်ပါသည်

ကိုဖိုးချို ကြိး နိုင်ငံခြား သွားတော့မည် ဆိုတဲ့ စကားကို ကြားရတော့ အံ့သြမိတာ အမှန်ပါ။ ယုံလည်း မယုံနိုင်ပါ ။ မြန်မာပြည် ရန်ကုန်မြို.မှာ ၂၄-နာရီ မီးလာပြီ ဆိုတဲ့ စကားလို ဒီသတင်း စကားက ကျွန်တော်တို.ကြားမှာ ထူးခြားနေတာတော့ အမှန်ပါ ။ ဘာဖြစ်လို့ လည်းဆိုတော့ ကျွန်တော်တို့ အသိုင်းအ၀ိုင်း မှာ ကိုဖိုးချို လောက်မြန်မာပြည် ကိုချစ်တဲ့သူ မရှိပါဘူး ။ ကျောင်းကြီးပြီးသွားလို့ အားလုံး နိုင်ငံခြားသွား ကြတော့လည်း တုတ်တုတ် မျှမလှုပ်တဲ့ ကိုဖိုးချိုပါ ။ ဘယ်သူတွေ ဘယ်နိုင်ငံ သွားဖို့ လုပ်လုပ် ၊ ဘယ်သူတွေ ကတော့ ဘယ်နိုင် ငံ သွားပါပြီ ပဲ ပြောပြော ၊ ဘယ်လောက်တွေ ရနေပါတယ် ဆိုဆို တုတ်တုတ်မျှ မလှုပ်တဲ့ ကိုဖိုးချို ရယ်ပါ ၊၊ သွားတဲ့သူတွေ ကိုတောင် မသွားဖို.တရားပြ နားချခဲ့လို. ကွယ်ရာမှာ ကိုဖိုးချိုကို ကိုမြန်မာချစ် ရယ် လို. နာမည် ပြောင်ခေါ်ခဲ့ ကြတာပါ ။ မြန်မာပြည်မှာ ငါ့တို့ လုပ်စရာတွေ အများကြီး ကွ ဆိုတဲ့ ကိုဖိုးချို ၊၊
ကျောင်းပြီး ကတည်းက ဆောက်လုပ်ရေး ၀န်ကြီး ဌာနက တံတား စီမံကိန်း တစ်ခု ကိုနေ.စားဝန်ထမ်း အဖြစ် ၀င် သွားခဲ့တာပါ။ အဆင်ပြေတာ မပြေတာထက် အလုပ်လုပ် နေရရင်ပျော် နေတက်တဲ့ ကိုဖိုးချို ပါ။ ပိုက်ဆံမရလို. လည်း တ၀မ်းတခါး မလိုပါဘူးကွာ ဆိုပြီး နေခဲ့တဲ့ ကိုဖိုးချို ပါ ။ တကယ်ကိုမြန်မာပြည် ကိုချစ်တဲ့သူ ။ မြန်မာပြည်မှာ ပျော်တဲ.သူ ၊၊ မြန်မာအချင်းချင်း မြန်မာလိုပြောရတာ ဘယ်လောက်များ အားရ စရာကောင်းလဲ မြန်မာ လိုခိုင်းလို. ရတယ် မြန်မာလိုဆဲလို. ရတယ်ကွာ ရယ်လို့ သူ.ကိုသူ မြန်မာအင်ဂျင်နီယာ အဖြစ် အမြဲတမ်း ဂုဏ်ယူ တက်သူပါ။ သူကတော့ နေနိုင်တာပေါ့ မိဘကိုလည်း ပြန်ပေးစရာမလို သူ.အိမ်ကတောင် ထောက်ပံ့ နေသေးတာပဲ လို.ကွယ်ရာမှာ အတင်းဆိုလည်း သူကတော့ ပြုံးပြုံးလေး ပါပဲ။
မြန်မာပြည်မှာပဲ ရရာ အလုပ်ကို လုပ်ကြဖို.၊ မဖွံ.ဖြိုး မတိုးတက်သေး တဲ့နေရာတွေကို သွားရောက်လုပ်ကိုင် ပေးဖို. အမြဲ မဲဆွယ်နေတက် သူပါ ။ ရန်ကုန်မှာ ကားကျပ်တယ် ကွာ လို့ ညည်းရင် မင်းတို့ကွာ စစ်ကိုင်းတိုင်း အနောက်မြောက်ပိုင်းက ကလေး အထက် ချင်းတွင်းဖက် မရောက်ဖူးဘူးနော် ငါပြောပြမယ် သူငယ်ချင်း ဆိုပြီး သကာလ သူမြင်တွေ့  ခဲ့ရတဲ့ ဒေသခံတွေ ရဲ့ သွားရေးလားရေး အကြောင်းတွေ ၊၊ မီးမလာဖူးကွာ အမြဲပျက်နေတာပဲ ဆိုတိုင်းလည်း မင်းတို့ကွာ ပဲခူးဟိုဖက် မုပလင်ဘက် ထွက် ကြည့်လိုက်စမ်းပါ ၊၊ လျှပ်စစ်ကြီုး ကြီးတွေ အောက် မှာ နေပြီး လျှပ်စစ်မီးဆိုတာ ဘာမှန်းမသိတာ ဆိုတာမျိုးက စတက်တဲ့သူ ၊၊ ရန်ကုန်မှာ ခြင်တွေ ပေါတယ်ကွာ ၊ အမှိုက် တွေ လည်း မသိမ်းကျဘူးဆိုတိုင်း သူရောက်ဖူး ၊ တွေဖူးခဲ့တဲ့ မြန်မာပြည် တနံတလျားက မြန်မာပြည်ဖွား ညီအစ်ကိုတော်များ ရဲ့ တွေ့ကြုံနေရတဲ့ သုခ ဒုက အဖုံဖုံကို သူ့သွေးသားရင်း တွေ လို ပြောပြနေတက်တဲ့သူ ၊၊
တကယ်ပါပဲ အလုပ် လျှောက်ကြတော့ လည်း ကျန်တဲ့သူတွေက နီးစပ်ရာ နေရာ ပြန်တောင်း ကြပေမယ့် ကိုဖိုးချို ကတော့ ပထမ ဦးစားပေး ၊ ဒုတိယ ဦးစားပေး ၊ တတိယ ဦးစားပေး အားလုံး စေလိုရာစေ ဆိုတဲ.သူ၊၊ ဝေးစမ်းပါစေကွာ မြန်မာပြည်ထဲမှာ ပါ ဆိုတဲ.သူ၊။ ပထမအလုပ်က ကလေးဝဆိုတဲ. စစ်ကိုင်းတိုင်း ဟိုးအဖျားနား ၊၊ နောက် မွန်ပြည်နယ်ထဲက တံတား တစ်စင်းမှာ ၊၊ နောက် ချင်းပြည်နယ် ဟိုးအစွန်က ဟုမ္မလင်း ၊ ခန္တီး ၊၊ ဟိုးဘက် က လူသူ အရောက်နည်းတဲ့ နန်.စလိန်ဆိုတဲ. နာဂတွေ ရဲ.ဒေသ တွေ ၊၊ ၀န်ထမ်းတွေ ပြောနေ ကြ ဖြစ်တဲ့ သွားရော့ လဟယ် ဆိုတဲ့ နာဂတွေ ရဲ့ အစွန်အဖျား ဒေသ အခု နောက်ဆုံး မုံရွာ ဆိုတဲ.နေရာ က အိမ်နဲ. အနီးဆုံး ၊၊ ဒါတောင် သူအိမ်နဲ. မိုင် ၆၀၀ ကျော် ၊၊ ဒါပေသည့် အလုပ်လုပ်ရင်း ပျော်နေတဲ.သူ ၊၊ တကိုယ်ရေ တကာယ သွားလာနေရတာကိုက သူ့အတွက် ဗဟုသုတတွေ ရသတဲ့လေ ၊၊ ကိုယ်နဲ့ တစ်နိုင်ငံတွင်း မှာ မွေးဖွားလာတဲ့ သူ ချင်း ၊ သူတို့တွေရဲ့ နေ့စဉ် ဘ၀တွေ ကို စိတ်ဝင်စားသတဲ့ ၊၊ သူတို့ ရုန်းကန် လှူပ်ရှား နေတာတွေ မြင်ရတဲ့ အခါ ကိုယ့်ဘ၀ကို ကျေနပ်မိပါသတဲ့ သူတို့ ဘ၀ တွေ ကို မြှင့်တင်ပေးလို ပါ သတဲ့လေ ၊၊
ဒါပေမယ့် အခုနိုင်ငံခြား သွားတော့ မယ်တဲ့ ၊၊ တကယ်များလား ၊၊ မဟုတ်ဘူးထင်ပါတယ်လေ ၊၊ သူလိုလူတစ်ယောက်က နိုင်ငံခြားသွားမယ် ဆိုတော့က ၊၊ ကောလဟာလ များလား၊၊ သေချာအောင် တွေ.ပြီး မေးချင် သည်၊၊ သူအိမ်ကို ဖုန်းဆက်တော. မုံရွာမှာတဲ. ၊၊ မုံရွာရုံးကို ဆက်တော. နေပြည်တော် ကို ACE နှင်. လေးလပတ် ပါသွားပါတယ်တဲ.၊၊ လူကြီးအချစ်တော် လက်စွဲ၊ လူကြီးသွားရာ ပါနေတဲ့သူ တစ်ယောက် နိင်ငံခြား သွားမယ်ဆိုတာ မဖြစ်နိုင်ပါ လို့ ဘာသာ တွေးမိသည်၊၊ ရန်ကုန် ၃၈ လမ်းက ကိုဖိုးချို ရဲ. အရင်းနှီးဆုံး သူငယ်ချင်းကို ဖုန်းဆက်တော့ ကိုဖိုးချို တစ်ယောက် မကြာခင် ရန်ကုန် ဆင်းလာမည်တဲ. ၊၊ လာခဲ.ပါလား ဆုံရတာပေါ.တဲ. ၊၊ မေးကြည့် တော့ ထိုသူငယ်ချင်းက ရယ်နေသည်၊၊ '' I dont want to say anything " တဲ. ၊၊ ဒါဆို............
နှင်းမြူတွေစဝေနေပြီ ဖြစ်တဲ. နိုဝင်ဘာလရဲ. ညတညမှာ မြန်မာပြည်မှာ ကျန်နေသေးတဲ. လက်ကျန် သူငယ်ချင်း လေး အနည်းစု ဆုံဖြစ်ကြသည်၊၊ ဘီယာလေးသောက် ရင်းရင်တွင်းခံစား ချက်လေးတွေ ဖလှယ်ရင်း ပေါ.၊၊ အဲသည်ည က ကျွန်တော်တို. နောက်ဆုံး ဆုံဖြစ်ခဲ. ကြတာပေါ.၊၊ အမြဲတမ်း တက်ကြွပြီး စကားတွေ ဖောင်နေတက်တဲ. ကျွန်တော်.သူငယ်ချင်း ၊၊ အသံတွေ ဆွံအ တိတ်ဆိတ်လို.၊၊ တခွန်းမေး မှတခွန်းဖြေသည်၊၊ ဘီယာသေက်ရင်း ဝေနေတဲ. မျက်ဝန်းတွေ ၊၊ ဘီယာကြောင်.လား၊၊ မီးရောင် ကြောင်.ဖျတ်ခနဲ လက်သွားတဲ. မျက်ဝန်းအစုံ က ဝေ.သီနေတာ ဘာတွေများဘာလိမ်. ၊၊ အရင်လို တက်ကြွနေတဲ. မျက်ဝန်းအစုံ မဟုတ်တာ တော့ သေချာသည် ။ နာကျင်နေတာလား ၊ ကြေကွဲနေတာလား ၊ နာသာခံခက် အနေရကျပ်နေတာများလား ကိုဖိုးချိုရယ် ၊၊
လူစုခွဲပြီး အိမ်ပြန်ကာ နီးတော. ကျွန်တော် သိချင်နေတဲ. မေးခွန်းလေးကို ကိုဖိုးချိုကိုအားနာနာ နဲ.ပဲ မေးလိုက်မိသည် ၊၊ ကျွန်တော်. မျက်နှာကို ကြည်.ပြီး လက်ကလေးနှစ် ဖက်နောက်ပစ်လို. ပြောပြနေတဲ. ကိုဖိုးချို စကားတွေက... "ဘ၀မှာ လူတိုင်းကတော. ကိုယ်ရဲ.ရည်မှန်းချက်တွေ ၊ မျှော်လင်.ချက်တွေ ၊ အိပ်မက်တွေကို ပုံဖေါ်ချင် ကြတာပေါ.ဗျာ ၊၊ အဲဒီထဲ မှာမှ ကံကောင်းတဲ.လူ အနည်းစုက သူတို.ရဲ. အိပ်မက်တွေကို ပုံဖေါ်ခွင်. ရကြတယ်၊၊ တချို.ကတော. အိပ်မက်တွေကို ဒီအတိုင်းပဲ မေ.ထားလိုက် ကြတယ်၊၊ လူတချို.က အိပ်မက်တွေ ကို ပုံဖေါ်ဖို. ကြိုးစားရင်း ရုန်းကန်နေဆဲပဲ ............... တစ်နေ.တော. ကျွန်တော် အိပ်မက်တွေ ................ " လို.ပြောရင်း ဆူးလေလမ်းမကြီး တစ်လျှောက် ခေါင်းငုံ.လမ်းလျှောက် ပြန်သွားတဲ.ကိုဖိုးချိုရဲ. ကျောကိုကြည်. ရင်း တောက်ပတဲ. မျှော်လင်.ချက်တွေနဲ. တက်ကြွခဲ.တဲ. လူငယ်တစ်ယောက် အိပ်မက်တွေကို အကောင်အထည် ဖေါ်နိုင်ပါစေလို.သာ ဆုတောင်း ပေးရင်း............................
မင်းအိမ်ဖြူ
ကိုဖိုးချိုတွေ မြန်မာပြည် မှာ ရှည်ရှည်ကြာကြာ ရပ်တည်နိုင်ပါစေ လို့သာ ဆုတောင်းမိပါတယ် ၊၊ နိုဝင်ဘာလရဲ့ အေးမြတဲ့ ဆောင်းတွင်းကာလေး တစ်ခုမှာ မြန်မာပြည်ကို လက်ပြထွက်ခွာလာတဲ့ ကိုဖိုးချိုတစ်ယောက် ရဲ့ အမှတ်တရ လေးအဖြစ် ပြန်လည် ဆန်းသစ်တင်ဆက်ပေးလိုက်ပါသည် ၊၊ ၁၁ ရက် ၁၁ လ ဆိုရင် ကိုဖိုးချို တစ်ယောက် မြန်မာ ပြည်နဲ့ ခွဲခွာခဲ့တာ နှစ်တစ်ပတ် လည်ပြန်ပြီပေါ့လေ ၊၊ ကိုဖိုးချို ဘာလို့ ထွက်လာခဲ့လည်း ဆိုတဲ့ အဖြေကိုတော့ ကာယကံရှင် ကိုဖိုးချိုသာလျှင် အသိဆုံးဖြစ်ပေလိမ့်မည် ၊၊ မညီမျှတဲ့ ပြိုင်ဆိုင်မှုတွေ များလာတဲ့အခါ ၊ ဘက်လိုက်တက်တဲ့ ဒိုင်လူကြီးနဲ့ လက်ဝှေ့ထိုးရတဲ့ ပွဲမျိုးမှာ ကိုယ်ဘ၀ပျက်မသွား ဖို့ အားကစား စိတ်ဓါတ် မရှိဘူးပဲ ဆိုဆို ခဏထွက်နေတာ အကောင်းဆုံးပါပဲ ၊၊ ကိုဖိုးချိုတွေကို မထောက်ခံပေမယ့် လုပ်သင့်တာ လုပ်တယ် လို့ ပဲ ဖြေတွေး ရပါတယ် ၊၊ ကိုယ့်လက်ရည် ကျမသွား ဖို့ကတော့ ပွဲစဉ်ကြီးတွေ မထိုးပေမယ့် လေ့ကျင့်ခန်းတော့ မပျက်စေနဲ့ပေါ့ ၊၊ တိုးတက်တဲ့ အမြင်နဲ့ ဗဟုသုတတွေကို ရှာဖွေပြီး ရနိုင်သလောက် စုဆောင်းရမှာကတော့ ကိုဖိုးချိုတွေ ရဲ့ တာဝန်ပါ ၊၊ ခုလောလောဆယ် အစွန့်ပစ်ခံနေရပေမယ့် တချိန်ကျတဲ့ အခါ ကိုဖိုးချို တွေ ကအသုံးကျလာမှာပါ ၊၊ ကျွန်တော်တို့ ချစ်တဲ့ အမိမြန်မာပြည် အတွက် ကိုဖိုးချိုတွေ အများကြီး လိုအပ်ပါတယ် ၊၊ အဲဒီလို ကိုဖိုးချိုတွေ မြန်မာပြည်မှာ အများကြီး ရှင်သန်နိုင်ပါစေ ၊၊ အခုမဟုတ်ရင်တောင် နောင်တစ်ချိန်ချိန်မှာ ပေါ့

ဝမ်းသာမိတယ်

ကျွန်တော် ဒီနေ့ညလေး ကို တကယ်ဝမ်းသာမိတယ် ၊၊ ကျွန်တော် ဒီလို ၀မ်းမသာရတာ ကြာပါပြီ ၊၊ တကယ်ကြာခဲ့ပြီ ၊၊ ဒီခံစားချက်လေးကို ဟိုး လွန်ခဲ့တဲ့ စက်တင်ဘာလတုန်းက ပိုစ့်လေးတစ်ခုအဖြစ် တင်ခဲ့ဖူးတယ် ၊၊ နေရာလေးတစ်ခု ဆိုပြီးတော့လေ ၊၊ ကျွန်တော် စိတ်ညစ်နေတယ်ထင်လို့ ၀ိုင်းဝန်း အားပေးသွားတဲ့ ငှက်ကလေး တစ်ဖြစ်လဲ ၀က်ကလေးရယ် ၊ သူငယ်ချင်း ယုယ ရယ် ၊ နောက် ခင်ရတဲ့ မေ ရယ် ၊ ကျွန်တော့်ကို ညီမင်းအိမ် လို့ ခေါ်တဲ့ ကိုကြီးမိုးကုတ် ရယ် ၊ အခုအွန်လိုင်းမှာ မတွေ့တာကြာပြီဖြစ်တဲ့ သူငယ်ချင်း ကိုနေဒေး ရယ် ပေါ့ ၊၊ သူတို့ ပို့ပေးတဲ့ မေတ္တာတွေ ကြောင့် အဲဒီ နေရာလေးကို သွားခွင့် ရတော့မယ်၊၊ လိုအပ်တဲ့ ညှိုနှိုင်းမှုတွေပြည့်စုံရင် ၊ ကိုယ့်ဖက်က လက်ခံပြီးရင် ၊ အားလုံး ပြည့်စုံပြီးရင် ကျွန်တော် သွားခွင့်ရတော့မယ်တဲ့လေ ၊၊ သူတို့ဖက်က လက်ခံလိုက်ပြီတဲ့ ၊၊ သူငယ်ချင်းတွေကို ကျေးဇူးတင်တယ်၊၊ လိုအပ်တာတွေ ကိုရှာဖွေ ကူညီပေးခဲ့တဲ့ မြန်မာပြည်က သူငယ်ချင်း ယပက်လက် ရယ် ၊ ဆရာတိုးရယ် ရောပေါ့ ၊၊ ကျွန်တော် ပျော်ရွှင်သလို အားလုံးလည်း ပျော်ရွှင်ပါစေဗျာ ၊၊
ခင်တဲ့
မင်းအိမ်ဖြူ
( သူငယ်ချင်းတွေ ကို အမြဲတမ်း မပျော်ရွှင်တာတွေ ၊ စိတ်ရှုပ်စရာတွေ မျှဝေနေကျမို့ ဒီတခါတော့ ရှားရှားပါးပါး ၀မ်းသာစရာလေး မျှဝေပေးလိုက်ပါတယ်နော် )
(အဲဒီနေရာလေးဟာ ကျွန်တော့်အတွက် စည်းတစ်ခုလားလို့ အမြဲ ခံစားနေရဖူးတယ် )

Wednesday 4 November 2009

ငပိပေါင်မုန့်

“ ကိုဖေခင် ရှင်ဒီအတိုင်းနေတော့မှာလား ” ဆိုတဲ့ မခင်လေးရဲ့ ငြူစူသံကို ကြားလိုက်ရတယ် ဆိုရင်ပဲ …
“ဘာဖြစ် ပြန်ပြီလဲ ခင်လေးရယ် ၊ ကိုယ်ကဒီအတိုင်းမနေလို့ ဘယ်လို နေရမှာလဲ မင်းပဲ သဘောကျတယ် ဆိုလို့ ဒီတိုင်းပဲ နေလာကြတာလေကွာ ”

ကျွန်တော်သိပါတယ် ၊၊ ခင်လေးဘာတွေ ဖြစ်နေတယ်ဆိုတာ ၊၊ ခင်လေးတစ်ယောက် ခုလို စိတ်ညစ် နေရတာ မျိုး ကိုလည်း ကျွန်တော် မလိုလားတာ တော့ အမှန်ပါ ၊၊ ကျွန်တော်တို့ လင်ကိုမယား နှစ်ယောက် တည်း တုန်း ကတော့ ဘာအပူအပင်မှ မရှိသလို အင်မတန်မှ ပျော်ရွှင်စရာကောင်း ခဲ့ပါတယ် ၊၊ လောဘ နည်းတဲ့ ကျွန်တော်နဲ့ ကြောင့်ကြကင်းတဲ့ ခင်လေး တို့အတွက် ပြည့်စုံခဲ့ပါတယ် ၊၊ စက်ရုံမှာ နေစရာ အရာရှိအိမ် ဆိုပြီး တန်းလျား လေးရှိတယ် ၊၊ တခါတလေ ဟိုသွားဒီလာ မာဇဒါဂျစ်လေး တစ်စီးရှိတယ် ၊၊ ပုံမှန် လခလေးနဲ့ ငွေမပိုမလျှံပေမယ့် လင်ကို မယား နှစ်ယောက်အတွက်တော့ လုံလောက်ခဲ့ပါတယ် ၊၊ အသစ်အဆန်း ပေါ်သမျှ ခါးပေါ်တင်ရမှ ကျေနပ် တဲ့ မိန်းမထဲမှာ ခင်လေး မပါသလို ၊ ငွေရှာ ကောင်းတဲ့ ခွင်ဖန်ကောင်းတဲ့ ယောင်္ကျားထဲမှာလဲ ကျွန် တော် မပါခဲ့ပါဘူး ၊၊

စက်မှု အင်ဂျင်နီယာ ဘွဲ့ရပြီး ကတည်းက ဟောဒီက ကျော်စွာ ဓါတ်မြေသြဇာ စက်ရုံမှာ တာဝန် ထမ်းဆောင်ခဲ့တာ ခုဆိုရင် သမီးလေး တစ်သက်တောင် ရှိပြီပဲ ၊၊ အခြားကလေးတွေ တန်းတူ သုံးချင် ရှာ ပေမယ့် ဘာကိုမှ မပူဆာတက်တဲ့ သမီးလေး ကလည်း ကျွန်တော်တို့ လိုပါပဲ ၊၊ ဘာကိုမှ ထူးထူးထွေထွေ မတက်မက်ရှာပါဘူး ၊၊ ဖြစ်လာတဲ့ ပြသနာက သမီးလေးကျောင်းကစတယ်ပဲ ဆိုရမှာပေါ့ ၊၊ ကလေးတို့ သဘာဝ ပြောကြဆိုကြရင်းက မိဘတွေ ပါဆိုသလို ပေါ့ ၊၊ အခုတလော ကျုပ်တို့ မြန်မာပြည်မှာက နိုင်ငံခြား ပြန်တွေ ခေတ်စားလာတဲ့ အခါ နိုင်ငံခြားသွားတဲ့ သူတွေ လက်မထောင်လာကြတာကလား ၊၊ ပြသနာက အဲဒီမှာ စတော့တာပါပဲ ၊၊

လူတွေကလည် ခက်သားလားနော် ၊၊ နိုင်ငံခြားမှာ လုပ်စားမှပဲ ငရဲကင်းသတဲ့လေ ၊၊ မြန်မာတစ်ပြည်လုံး က တော့ သူခိုးတွေ ချည်းပဲပေါ့ ၊၊ အင်း သူတို့ ဆိုသလိုတော့လည်း ဟုတ်နေတော့ မငြင်း လိုပါဘူး ၊၊ ဒါပေမယ့် ဒါဟာ လည်း ရလေလိုလေ အိုတစေတွေ ရယ်ပါ ၊၊ လူတိုင်းရယ်တော့ ဟုတ်ပါဘူးဗျာ ၊၊ လူတိုင်းတော့လည်း ၀န် ထမ်း တိုင်းလည်း ခိုးနေတာတော့ မဟုတ်ပါဘူး ၊၊ ကျုပ်တို့လို ဓါတ်မြေသြဇာ စက်ရုံက ၀န်ထမ်းတွေက ဘာတွေ သွားခိုးရမလဲဗျာ ၊၊ ကျုပ်ဘ၀တော့ တခါမှလည်း မစဉ်းစားဘူးသလို တကယ်လည်း မခိုးစားဘူးပါဘူး ၊၊ လောက်ငှ တာ မလောက်ငှတာထက် ရတာလေး ချွေတာပြီး လင်မယား နှစ်ယောက် သုံးကြတာပါပဲ ၊၊ သူဌေးတော့ မဖြစ်ဘူး ပေါ့လေ ၊၊

ဖြစ်ချင်တော့ သမီးတို့ အတန်းတူ ကောင်မလေး အဖေက နိုင်ငံခြားမှာဆိုလား ၊၊ လုပ်ရတာကတော့ ဘာလဲ တော့ မသိပါဘူးဗျာ ၊၊ အဲဒီလူကို ကျွန်တော်ကောင်းကောင်း သိပါတယ် ၊၊ ပိုက်ဆံလေး သိန်းဂဏန်းလေး ပြန် ပို့နိုင်တော့ ထုံးစံအတိုင်း လက်မထောင်တာပေါ့လေ ၊၊ မြန်မာပြည်မှာ သုံးစားမရလို့ နိုင်ငံခြားထွက်သွား တယ်လို့ လည်း အရမ်းကာရော မဆိုချင်ပါဘူး ၊၊ တကယ်ကို အဆင်မပြေတဲ့ အဆုံး ကံစွတ်ပြီး ရှိတာလေး ရောင်းချ ပေါင်နှံ ထွက်သွားတာပါ ၊၊ ဘာဘွဲ့ကောင်းကောင်းမှလည်း တက်မသွားပါဘူးဗျာ ၊၊ သူအကြောင်း သူ့မိန်းမ မသိပေမယ့် သူ့ကိုယ်သူ အသိဆုံးပါ ၊၊ ထားပါလေ ၊၊ ဒါတွေက ၊၊

အဲဒီမှာ သူ့မိန်းမက ငွေလေးရွှင်လာတဲ့ အခါ အသံလေးထွက်လာတော့တာပေါ့ဗျာ ၊၊ မြန်မာပြည်မှာ ၀န် ထမ်းတွေ က သူခိုးတွေ ချည်းပါပဲ ဆိုတာမျိုး ၊၊ သူယောင်္ကျားလို နိုင်ငံခြားမှာ လုပ်တဲ့ သူတွေ သာ လျှင် အကုသိုလ် ကင်းတယ် ဆိုတာမျိုးတွေပေါ့ ၊၊ ခက်သားလား နော် ၊၊ အဲဒီအသံကို အမြဲကြားနေတဲ့ သမိးလုပ်တဲ့ သူကလည်း ကျောင်းမှာ ပြောပါလိမ့်မယ့် ၊၊ အဲဒိတော့ ၀န်ထမ်းသမီးဖြစ်တဲ့ ကျုပ်သမီး က ရှက်ရှာမှာပေါ့ ၊၊ အဲဒီကစတာပါပဲ ၊၊

တကယ့်တော့ဗျာ ၊၊ ဘယ်မှာပဲနေနေ ၊ ဘာတွေပဲ လုပ်လုပ်ပါ ၊၊ ကိုယ့်စိတ်ထဲမှာကောင်းနေဖို့ အဓိကပါဗျာ၊၊ နောက်တစ်ခုက ၀န်ထမ်းတိုင်း မခိုးဘူးလို့ မဆိုလိုပါဘူး ၊၊ ဒါပေမယ့် အမှန်တကယ် မခိုးတဲ့ ၀န်ထမ်းတွေ လည်း ရှိပါသေးတယ် ၊၊ နောက်တစ်ခုက ငွေရလိုမှုတစ်ခုထက် အမှန်တကယ် ကိုယ့် ပညာကို မြတ်နိုးလို့ ၊ တန်ဖိုးထား လို့ ငါ့ဒေသလေး ငါ့တိုင်းပြည်လေးအတွက် ငါလုပ်ပေးမှ ဖြစ်မှာပါလားဆိုတဲ့ အတွေး လေးတွေ နဲ့ အလုပ်လုပ် ပေး နေတဲ့ တကယ့် ပြည်သူ့ ၀န်ထမ်းတွေ ရှိပါသေးတယ်ဗျာ ၊၊ ထမင်းရေ ပူလျှာလွဲ ငါအတွက် ငါ့မိသားစု အတွက် ဆိုတဲ့ အဓိဌာန် ချက်နဲ့ ပြည်ပထွက်သွားတဲ့ သူနဲ့ စာရင် ကိုယ့်တိုင်းပြည် အတွက် တစ်နေရာစာလေး ပြည့်ဝဖို့ ကိုယ့်ကျိုးစွန့်ပေးနေတဲ့ လက်တစ်ဆုပ်စာ လေးက ပိုလေး ပါတယ်ဗျာ ၊၊ ပိုတန်ဖိုးရှိပါတယ်ဗျာ ၊၊ ဒီအကြောင်းတွေကိုလည်း ဒိန်ခဲစားပြီး ပေါင်မုန့်ကို ငပိနဲ့ တို့စားရင်းက မင်းတို့ အလကား ခိုးနေတာပါကွာ ဆိုတော့ ကျုပ် ရင်မောင် ရင်နာတယ်ဗျာ ၊၊ ကျုပ်သင်ခဲ့တဲ့ ပညာတွေ ၊ ကျုပ်တက်ခဲ့တဲ့ နိုင်ငံတကာ အစည်း အဝေးတွေ ကျုပ်ပေးဆပ်ခဲ့ရတဲ့ တိုင်းပြည်အတွက် အချိန်တွေ ၊၊ မနေ့ကမှ ခါတော်မှီ နိုင်ငံခြားပြန်က ဒီအသံထွက် လာတော့ ကျုပ် မောင်ရင်မောင် တကယ်ရင်နာတယ် ၊၊

ဝန်ခံချက် ၊၊ ၊၊ တကယ့် ၀န်ထမ်းကောင်းများအတွက် ရည်မှန်းရေးဖွဲ့ပါသည် ၊၊ လေးစားသမှုဖြင့်
မောင်မင်းအိမ်

Monday 2 November 2009

အချိန်တွေ

“ မောင်တိုးမောင်ရေ မင်းကြည့်ပြီးတော့သာ သူတို့ကို ဧည့်ခံထားလိုက်တော့ကွာ ၊၊ ဒီတစ်ခေါက်တော့ မင်း ခန္တီးကို လိုက်မလာနဲ့တော့ ၊၊ ငါမင်းအောင်ကိုပဲ ခေါ်သွားလိုက်တော့မယ် ၊၊ လိုတာကိုတော့ မင်းသာ ကြည့် စီစဉ်လိုက်တော့ ” ဆိုပြီး ထွက်သွားတဲ့ ကျွန်တော့်လူကြီးက ဘယ်နှစ်ရက်ကြာမှာလဲ မသိ ၊၊ အင်းဒီတစ် ခေါက်တော့ နားရတာပေါ့ ဆိုပြီး တွေးလို့ရသလို ဒီစာရင်းစစ် ၃ ယောက်နဲ့ ကျွန်တော် ဘယ်လို စခန်းသွား ရမလဲ ဆိုပြီးလည်း တွေးပြီးလန့်သလို ပဲ ၊၊ ညွှန်ကြားရေးမှူး ဗိုလ်မှူးကြီးကတော့ ဘာမှ အလုပ်ကို ၀င် မရှုပ်ပါဘူး ၊၊ သူလည်းဘာမှသိတာမှ မဟုတ်တာ ၊၊ သူ့အတွက်လိုအပ်တာလေး လုပ်ပေးထားရင်ရပြီ ၊၊ ရစ်တာက တစ်ယောက် ၊၊ သူကလုပ်သက် ရပြီဆိုတော့ သိတာလေးတွေ များသည် ၊၊ နောက်တစ်ယောက် ကတော့ ကိုယ်နဲ့ ရွယ်တူဆိုတော့ သိပ် အရေးမကြိး ပေါင်းလို့ရသည် ၊၊ အလိုက်သင့်ဖောလို့ရသည် ၊၊ အရေးကြီးတာက ရေမီးပြည့်စုံဖို့ပဲ ၊၊

သိတဲ့အတိုင်း အထက်အရပ်မှာက လျှပ်စစ်မီးမရှိသည့်ဒေသ ၊၊ ညခင်းဆို လမင်းကို ထင်းထင်းကြီး မြင်နေ ရသည့် အရပ် ၊၊ ကျွန်တော့်တို့ စီမံကိန်း မီးကလွဲရင် တလောကလုံးက လမင်းကြီး အလင်းရောင်နဲ့ ထည်ဝါ ၏ ၊၊ ဒီလိုနဲ့ တစ်ညတော့ အလုပ်တွေနားတဲ့ အချိန် စကားတွေ ပြောဖြစ်ကြတာပေါ့ ၊၊ ရွယ်တူချင်း ဆိုတော့ လည်း သူငယ်ချင်းဖြစ်သွားတာပါပဲ ၊၊ အလုပ်သဘောရ စစ်ဆေးနေရပေမယ့် တကယ်တော့ သူတို့လည်း ဘာမှ နားလည်တာမဟုတ် ၊၊ တကယ်ပါ ၊၊ ဘယ်လိုနားလည်ပါ့မလဲနော် ၊၊ အဝေးသင်လောက်ကျောင်းပြီး လို့ မိဘ တွေ ဒီဌာနမှာ ရှိလို့ အဆက်အသွယ်လေးနဲ့ ဒီစစ်ဆေးရေးလုပ်နေရတာ ၊၊ အင်ဂျင်နီယာ အသုံး အနှုန်းတွေ ဘယ်လို နားယဉ်ပါ့မလဲ ၊၊ ကျွန်တော်တို့ တင်ထားတဲ့ ဈေးနှုန်းစာအုပ်ကို မူသေထားပြီး အပေါင်း အနှုတ်စစ်တာကတော့ ၁၀ တန်းကလေးလည်း စစ်တက်တာကလား ၊၊ ထားပါ ၊၊ ဒါကလုပ်ငန်းသဘော ၊၊

အလုပ်တွေ ပြီးတော့ သူငယ်ချင်းပေါ့ ၊၊ သူကျွန်တော့်ထက်သာတာကတော့ သူက အဲဒီကတည်းက အိမ်ထောင် သည် ၊၊ သူ့အမျိုးသမီးကလည်း ၀န်ထမ်း ၊၊ မြေမျိုရ်ျ လူမျိုးမပျောက် လူမျိုမှ လူမျိုးပျောက် မည်၊၊ ဆိုတဲ့ဌာနက ၀န်ထမ်း ၊၊ အဲဒီတုန်းက တာဝန်ကျနေတာက နိုင်ငံခြားပြန်တွေ ကိုကြိုဆိုရတဲ့ လေဆိပ် ဆိုတဲ့ နေရာမှာ ၊၊ အဆင်ပြေလားဆိုတော့ ၊၊ သူကပြေပါတယ်ဗျာတဲ့ ၊၊ တခါတလေလည်း တစ်နေ့တစ်နေ့ ကို ၁၂ ကျပ် ၁၃ ကျပ် ရတယ် ၊၊ တချို့ကျတော့လည်း လွယ်လွယ်ကူကူ ပေးခဲ့ပါတယ် ၊၊ တချို့ကျတော့ လည်း မပေးချင်ကြဘူးဗျတဲ့ ၊၊ သူတို့ကလည်း ခွဲယူရတာဆိုတော့ ပုံမှန်တော့ မရှိပါဘူးတဲ့ ၊၊ နောက် နေ့တိုင်း တော့ လည်း မရပါဘူးတဲ့ ၊၊ လူကလည်း ခွဲတန်းချရသေးတာ ဆိုပဲလေ၊၊ အင်း သူတို့လင်မယား ဆိုတော့ သူဝင်ကိုယ်ဝင် လည်း ချိန်ရသေးတာကိုး ၊၊ ခင်ဗျားတို့ နှစ်ယောက်ပေါင်းတော်တော် ရမှာပေါ့ ဆို တော့ မဆိုးပါဘူးဗျာတဲ့ ၊၊ ကျွန်တော်ကလည်း အခုလို ခရီးစဉ် ရှိတဲ့လတွေဆိုရင်တော့ ကိုက်ပါတယ် ၊၊ တစ်နေရာက အနည်းဆုံး ၅ သောင်းဆိုတော့ တစ်လဆို မဆိုးပါဘူးတဲ့ ၊၊ ဒါလည်း အလှည့်နဲ့ ဆိုတော့ ကိုယ့်အလှည့် ရောက်အောင် လုပ်ရသေးတာတဲ့လေ ၊၊ ညွန်မှူးတို့ကတော့ ပိုရတာပေါ့ဗျာတဲ့ ၊၊ အင်း အမှန်တိုင်းပြောရရင် တော့ အဲဒီတုန်းက တစ်နေ့ ၁၂ ကျပ် ၁၃ ကျပ် ရတယ်ဆိုတဲ့ သူ့ အမျိုးသမီးအလုပ် ကို တော်တော်ကောင်းတာပဲလို့ တွေးမိဖူးတယ် ၊၊ အော်သူတို့လည်း ရသင့်လို့ ယူနေသလိုပဲ ဘာကိုမှ သူတို့ မခံစားရဘူး သေချာတယ် ၊၊ သာမာန် လုပ်နေကြအလုပ်တစ်ခုလုပ် နေသလိုပဲ ၊၊ နောက် စကားတွေ အများကြီး ပြောဖြစ်ကြသေးတယ် ၊၊

နောက် သူတို့ အလုပ်တွေ ပြီးတော့ ပြန်သွားတဲ့အခါ လေယဉ်ကွင်းမှာ ကျွန်တော့်အတွက်ဆိုပြီး အမှတ်တရ ပုတီးစိပ်တဲ့ တာလီလေး ပေးသွားတယ် ၊၊ ဆိုက်က လူတွေ သိတော့ စာရင်းစစ်တွေ ဆီက ရတဲ့ အရာ မင်းတစ်သက်လုံး သိမ်းထားပေတော့တဲ့ ၊၊ ကျွန်တော့် လူကြီးက ကျွန်တော့်ကို သေချာကြည့်ပြီး မင်းကို ဒါ့ကြောင့် ယုံယုံ ကြည်ကြည် ထားခဲ့တာလေလို့ နောက်သေးရဲ့ ၊၊ အော် သူတို့ကလည်း လုပ်နေကြတစ်ခု လုပ်သလို ကျွန်တော် တို့ကလည်း လုပ်နေကြလုပ်နေတာပဲ ၊၊ သူတို့လည်း လာပြီး ရေးချင်တာရေးသွား သလို ကျွန်တော်တို့လည်း ကိုယ့်အလုပ် ကိုယ်ဆက်လုပ်သွားတော့တာပါပဲ ………
အင်း ကုန်သွားတာက…



အချိန်တွေလို့ ပြောချင်တာပါ

( အခု အဲဒီဌာန မရှိတော့ပါဘူး ၊ လွန်ခဲ့တဲ့ ၂ နှစ်လောက်ကတရားဝင် ဖျက်သိမ်းလိုက်ပါပြီ )