Monday 2 November 2009

အချိန်တွေ

“ မောင်တိုးမောင်ရေ မင်းကြည့်ပြီးတော့သာ သူတို့ကို ဧည့်ခံထားလိုက်တော့ကွာ ၊၊ ဒီတစ်ခေါက်တော့ မင်း ခန္တီးကို လိုက်မလာနဲ့တော့ ၊၊ ငါမင်းအောင်ကိုပဲ ခေါ်သွားလိုက်တော့မယ် ၊၊ လိုတာကိုတော့ မင်းသာ ကြည့် စီစဉ်လိုက်တော့ ” ဆိုပြီး ထွက်သွားတဲ့ ကျွန်တော့်လူကြီးက ဘယ်နှစ်ရက်ကြာမှာလဲ မသိ ၊၊ အင်းဒီတစ် ခေါက်တော့ နားရတာပေါ့ ဆိုပြီး တွေးလို့ရသလို ဒီစာရင်းစစ် ၃ ယောက်နဲ့ ကျွန်တော် ဘယ်လို စခန်းသွား ရမလဲ ဆိုပြီးလည်း တွေးပြီးလန့်သလို ပဲ ၊၊ ညွှန်ကြားရေးမှူး ဗိုလ်မှူးကြီးကတော့ ဘာမှ အလုပ်ကို ၀င် မရှုပ်ပါဘူး ၊၊ သူလည်းဘာမှသိတာမှ မဟုတ်တာ ၊၊ သူ့အတွက်လိုအပ်တာလေး လုပ်ပေးထားရင်ရပြီ ၊၊ ရစ်တာက တစ်ယောက် ၊၊ သူကလုပ်သက် ရပြီဆိုတော့ သိတာလေးတွေ များသည် ၊၊ နောက်တစ်ယောက် ကတော့ ကိုယ်နဲ့ ရွယ်တူဆိုတော့ သိပ် အရေးမကြိး ပေါင်းလို့ရသည် ၊၊ အလိုက်သင့်ဖောလို့ရသည် ၊၊ အရေးကြီးတာက ရေမီးပြည့်စုံဖို့ပဲ ၊၊

သိတဲ့အတိုင်း အထက်အရပ်မှာက လျှပ်စစ်မီးမရှိသည့်ဒေသ ၊၊ ညခင်းဆို လမင်းကို ထင်းထင်းကြီး မြင်နေ ရသည့် အရပ် ၊၊ ကျွန်တော့်တို့ စီမံကိန်း မီးကလွဲရင် တလောကလုံးက လမင်းကြီး အလင်းရောင်နဲ့ ထည်ဝါ ၏ ၊၊ ဒီလိုနဲ့ တစ်ညတော့ အလုပ်တွေနားတဲ့ အချိန် စကားတွေ ပြောဖြစ်ကြတာပေါ့ ၊၊ ရွယ်တူချင်း ဆိုတော့ လည်း သူငယ်ချင်းဖြစ်သွားတာပါပဲ ၊၊ အလုပ်သဘောရ စစ်ဆေးနေရပေမယ့် တကယ်တော့ သူတို့လည်း ဘာမှ နားလည်တာမဟုတ် ၊၊ တကယ်ပါ ၊၊ ဘယ်လိုနားလည်ပါ့မလဲနော် ၊၊ အဝေးသင်လောက်ကျောင်းပြီး လို့ မိဘ တွေ ဒီဌာနမှာ ရှိလို့ အဆက်အသွယ်လေးနဲ့ ဒီစစ်ဆေးရေးလုပ်နေရတာ ၊၊ အင်ဂျင်နီယာ အသုံး အနှုန်းတွေ ဘယ်လို နားယဉ်ပါ့မလဲ ၊၊ ကျွန်တော်တို့ တင်ထားတဲ့ ဈေးနှုန်းစာအုပ်ကို မူသေထားပြီး အပေါင်း အနှုတ်စစ်တာကတော့ ၁၀ တန်းကလေးလည်း စစ်တက်တာကလား ၊၊ ထားပါ ၊၊ ဒါကလုပ်ငန်းသဘော ၊၊

အလုပ်တွေ ပြီးတော့ သူငယ်ချင်းပေါ့ ၊၊ သူကျွန်တော့်ထက်သာတာကတော့ သူက အဲဒီကတည်းက အိမ်ထောင် သည် ၊၊ သူ့အမျိုးသမီးကလည်း ၀န်ထမ်း ၊၊ မြေမျိုရ်ျ လူမျိုးမပျောက် လူမျိုမှ လူမျိုးပျောက် မည်၊၊ ဆိုတဲ့ဌာနက ၀န်ထမ်း ၊၊ အဲဒီတုန်းက တာဝန်ကျနေတာက နိုင်ငံခြားပြန်တွေ ကိုကြိုဆိုရတဲ့ လေဆိပ် ဆိုတဲ့ နေရာမှာ ၊၊ အဆင်ပြေလားဆိုတော့ ၊၊ သူကပြေပါတယ်ဗျာတဲ့ ၊၊ တခါတလေလည်း တစ်နေ့တစ်နေ့ ကို ၁၂ ကျပ် ၁၃ ကျပ် ရတယ် ၊၊ တချို့ကျတော့လည်း လွယ်လွယ်ကူကူ ပေးခဲ့ပါတယ် ၊၊ တချို့ကျတော့ လည်း မပေးချင်ကြဘူးဗျတဲ့ ၊၊ သူတို့ကလည်း ခွဲယူရတာဆိုတော့ ပုံမှန်တော့ မရှိပါဘူးတဲ့ ၊၊ နောက် နေ့တိုင်း တော့ လည်း မရပါဘူးတဲ့ ၊၊ လူကလည်း ခွဲတန်းချရသေးတာ ဆိုပဲလေ၊၊ အင်း သူတို့လင်မယား ဆိုတော့ သူဝင်ကိုယ်ဝင် လည်း ချိန်ရသေးတာကိုး ၊၊ ခင်ဗျားတို့ နှစ်ယောက်ပေါင်းတော်တော် ရမှာပေါ့ ဆို တော့ မဆိုးပါဘူးဗျာတဲ့ ၊၊ ကျွန်တော်ကလည်း အခုလို ခရီးစဉ် ရှိတဲ့လတွေဆိုရင်တော့ ကိုက်ပါတယ် ၊၊ တစ်နေရာက အနည်းဆုံး ၅ သောင်းဆိုတော့ တစ်လဆို မဆိုးပါဘူးတဲ့ ၊၊ ဒါလည်း အလှည့်နဲ့ ဆိုတော့ ကိုယ့်အလှည့် ရောက်အောင် လုပ်ရသေးတာတဲ့လေ ၊၊ ညွန်မှူးတို့ကတော့ ပိုရတာပေါ့ဗျာတဲ့ ၊၊ အင်း အမှန်တိုင်းပြောရရင် တော့ အဲဒီတုန်းက တစ်နေ့ ၁၂ ကျပ် ၁၃ ကျပ် ရတယ်ဆိုတဲ့ သူ့ အမျိုးသမီးအလုပ် ကို တော်တော်ကောင်းတာပဲလို့ တွေးမိဖူးတယ် ၊၊ အော်သူတို့လည်း ရသင့်လို့ ယူနေသလိုပဲ ဘာကိုမှ သူတို့ မခံစားရဘူး သေချာတယ် ၊၊ သာမာန် လုပ်နေကြအလုပ်တစ်ခုလုပ် နေသလိုပဲ ၊၊ နောက် စကားတွေ အများကြီး ပြောဖြစ်ကြသေးတယ် ၊၊

နောက် သူတို့ အလုပ်တွေ ပြီးတော့ ပြန်သွားတဲ့အခါ လေယဉ်ကွင်းမှာ ကျွန်တော့်အတွက်ဆိုပြီး အမှတ်တရ ပုတီးစိပ်တဲ့ တာလီလေး ပေးသွားတယ် ၊၊ ဆိုက်က လူတွေ သိတော့ စာရင်းစစ်တွေ ဆီက ရတဲ့ အရာ မင်းတစ်သက်လုံး သိမ်းထားပေတော့တဲ့ ၊၊ ကျွန်တော့် လူကြီးက ကျွန်တော့်ကို သေချာကြည့်ပြီး မင်းကို ဒါ့ကြောင့် ယုံယုံ ကြည်ကြည် ထားခဲ့တာလေလို့ နောက်သေးရဲ့ ၊၊ အော် သူတို့ကလည်း လုပ်နေကြတစ်ခု လုပ်သလို ကျွန်တော် တို့ကလည်း လုပ်နေကြလုပ်နေတာပဲ ၊၊ သူတို့လည်း လာပြီး ရေးချင်တာရေးသွား သလို ကျွန်တော်တို့လည်း ကိုယ့်အလုပ် ကိုယ်ဆက်လုပ်သွားတော့တာပါပဲ ………
အင်း ကုန်သွားတာက…



အချိန်တွေလို့ ပြောချင်တာပါ

( အခု အဲဒီဌာန မရှိတော့ပါဘူး ၊ လွန်ခဲ့တဲ့ ၂ နှစ်လောက်ကတရားဝင် ဖျက်သိမ်းလိုက်ပါပြီ )

9 comments:

ကိုလူထွေး said...

"အလုပ်သဘောရ စစ်ဆေးနေရပေမယ့် တကယ်တော့ သူတို့လည်း ဘာမှ နားလည်တာမဟုတ် ၊၊ တကယ်ပါ ၊၊ ဘယ်လိုနားလည်ပါ့မလဲနော် ၊၊ အဝေးသင်လောက်ကျောင်းပြီး လို့ မိဘ တွေ ဒီဌာနမှာ ရှိလို့ အဆက်အသွယ်လေးနဲ့ ဒီစစ်ဆေးရေးလုပ်နေရတာ"

ဒီကိစ္စက တာဝန်ရှိသူတွေမှာ...



တာဝန်ရှိတယ်လို့ ပြောချင်တာပါ

းဝ)

~ဏီလင်းညို~ said...

ဟုတ်တယ်...
အချိန်တွေကုန်သွားတယ်ဆိုတာ အမှန်ပဲ...

လသာည said...

အင်း ဖတ်လို့ကောင်းတယ်..
ကိုမင်းအိမ်မှာ အတွေ့အကြုံတွေအများကြီးပဲနော်။ ဒါနဲ့ အဲဒီတာလီလေးရှိသေးလား.

Mogok Thar said...

တစ်ခုတော့ နားလည်လိုက်တယ်။
အချိန်တွေ ကုန်သွားတယ် တဲ့။

ညီလေးက အတွေ့အကြုံ စုံပါ့ဗျာ။

Lucifer said...

သိပ်ကောင်းတဲ့ အတွေးပါနော်.. အချိန်တွေ ဝယ်လို့ရရင်တော့ မမီးဝယ်ထားမိမှာ အမှန်ပါ... အင်း ... ခုမှတွေးမိတယ် မမီးထက်ပို ဝယ်ချင်မှာပေါ့နော်... ၂ နှစ်ဆိုတဲ့ အချိန်က လူပျိုကြီးအတွက် တော်တော်နည်းတာကို :P

ဝက်ဝံလေး said...

အချိန်များ တရုတ်ကြီးဆီသွားပေါ့ ဒါများ ခက်တာ မှတ်လို့ ဟွန့် ဟွန့် စ တာနော် ကိုမင်း အိမ်ဖြူ စိတ်မဆိုးနဲ့

ကိုမင်း အိမ် အရင်နေ့တွေက ဝင်မရဆို ပိတ်ထားတာလေ အိမ်ပြင်နေလို့ ဒါနဲ့ ကိုယ့်နာမည် မပါလို့ ပြန်သွားပြီ ဆိုတာ ဘာကိုပြောတာတုံး လင့်ခ် ထဲမှာ ပြောတာလား ထည့်ထားတယ်လေ

ကိုမင်းအိမ်ရေ တကယ်ဂျီးကို မအားလို့ မလာဖြစ်တာ ဗွေမယူနဲ့နော် နှစ်ဖက်မြင်ပါ ပေါင်းပြီး ဖတ်သွားတယ် သိလား ဘိုင် တာ့တာ ပျော်ရွှင်ပါစေ နော်

သူကြီးမင်း (တုံးဖလား) said...

အချိန်ကုန်ပေမဲ့
နောက်ဆုံးတော့လဲ ပို့စ်အတွက် ကုန်ကြမ်းလေး ရသွားတာပေါ့ဗျာ။ ဖတ်ရတဲ့သူတွေအတွက်လဲ ဖြစ်တတ်တဲ့ သဘောလေးတွေကို သိခွင့်ရတာပေါ့။

အဆင်ပြေပါစေ။

မယ့်ကိုး said...

ကိုမင်းအိမ်အတွေ့အကြုံလေး ကို တလေးတစားဖတ်သွားပါတယ်။
စကားမစပ် နားတော့မယ်ဆိုတာက အလုပ်တွေ ရှုပ်နေလို့ ဆိုလည်း မမှားပါဘူး။ စာရေးတာ အမောမပြေဘဲ ပိုမောနေရသလို ဖြစ်နေလို့လည်း ရပ်ချင်လို့ပါ။
အသံဖိုင်ကိုတော့ နားမထောင်ပါနဲ့နော် ... စေတနာနဲ့ ပြောတတာပါ။ ငှက်ဆိုးထိုးသံကြားပြီး အစားအသောက်ပျက်သွားမှာ စိုးလို့ပါ :P

နွေးနေခြည် said...

အတွေ့အကြုံလေးတွေ ဖတ်လို့ကောင်းတယ် အကို
ဗဟုသုတလည်း ရတယ်