Tuesday, 30 June 2009

ကျေးလက်ဆန်ဆန် မင်္ဂလာပွဲလေး

တခုသော တနင်္ဂနွေရဲ့ ညနေခင်းလေးမှာ ကျင်းပခဲ့တဲ့ မင်္ဂလာဆောင် အခမ်းအနားလေး ၊၊ ရိုးစင်းတယ် ၊၊ ရှင်းလင်းတယ် ၊၊ ဂုဏ်တွေ ပကာသနတွေ မဖက်ဘူး ၊၊ မိဘတွေရဲ့ အဝေးမှာမို့ နှစ်ဖက်သော မိဘတွေ တောင်မှ မပါဝင်ခဲ့ဘူး ၊၊ ဒါပေမယ့် သူငယ်ချင်း အပေါင်းအသင်း ရောင်းရင်းများ ရဲ့ မေတ္တာဖြင့် ကူညီဖေးမ မှူနဲ့ မင်္ဂလာပွဲ လေး ကထင်ထားတာထက်ကို ပိုပြီးပျော်ရွှင်စရာကောင်း နေခဲ့ပါတယ် ၊၊ ထုံးစံ အရ နှစ်ဖက်မိဘကို ရှိစေချင် ပေမယ့် အခုတော့ ပိုပြီးလွတ်လပ်ပျော်ရွှင်စရာ တောင် ကောင်းနေသေးရဲ့ လို့ အတွေးရောက် ခဲ့ပါတယ် ၊၊ လူကြီး တွေ မပါတဲ့ ပွဲမို့ လူငယ်တွေ ပိုပြီး ပေါ့ပေါ့ပါးပါး ပျော်ဖြစ်ခဲ့ကြရဲ့ (တကယ်တော့ လူငယ်လေးတွေတော့ ဟုတ်တော့ပါဘူး ၊ လူလတ်ပိုင်းအရွယ်ကို ရောက်နေကြပါပြီ ) ၊၊ မင်္ဂလာမောင်နှံလျှောက်လှမ်းလာတဲ့ လမ်းတစ် လျှောက်မှာတော့ ခင်းထားတဲ့ ပန်းပွင့် လေး တွေ က ပန်းတံတား ကို ဆက်လျှောက်တော့ မယ့် မောင်နှံ အတွက် နိမိတ်ပုံအလား ၊၊ ရိုးရိုးစင်းစင်း ဘယ်သူမှ မပါဘဲ ပွဲထွက်လာတဲ မောင်နှံကို လက်ခုပ်သံတွေနဲ့ ကြိုဆိုလို့ ၊ ပန်းဖွားတွေ ပစ်ဖောက်လို့ ပေါ့ ၊၊

ဟိုးရှေးကျတဲ့ ရုပ်ရှင်တွေမှာ တွေ့ရတဲ့ တကယ့်ကျေးလက် မင်္ဂလာပွဲလေး အတိုင်းပါပဲ၊၊ အ နောက်တိုင်း ဟန် ရယ်၊ တရုတ် ရိုးရာ ရယ် ၊ မြန်မာ မှုရယ် ပေါင်းစပ် ထားတဲ့ ပွဲလေး က ပိုပြီး ရိုး စင်း လို့ချစ်စရာ ကောင်းနေခဲ့တယ် ၊၊ (ပွဲစီစဉ်သူရဲ့စေတ နာ တွေ လည်း ပါမယ် ထင်ပါတယ် နော် ) ဟိုတယ် လိုနေရာမျိုးမှာ ကျင်းပတယ် ဆိုပေမယ့် ခမ်းခမ်းနားနား ကြီးကြီးကျယ်ကျယ် နဲ့ အနေကျပ်တဲ့ ပွဲမျိုး မဟုတ်ဘဲ ၊ သူငယ်ချင်း မိတ်ဆွေတွေ နဲ့ တကယ့်ကို လွတ်လပ် ပျော်ရွှင် စရာကောင်းတဲ့ အခမ်းအနားသေးသေးလေးလို့ ဆိုချင်တယ် ၊၊ ဆိုလိုတာက တော့ မိသားစုဆန်တဲ့ တကယ့် ဧည့်ခံပွဲလေးပါ ၊၊ လူ ၁၂၀ ကျော်တက်ရောက်ခဲ့တဲ့ ပွဲလေးပေမယ့် သိုသိုသိပ်သိပ် ၊ စည်စည်ကားကား နဲ့ ပကာသနလုံးဝမဖက်တဲ့ ချစ်စရာ တနင်္ဂနွေညနေရဲ့ စောင်းကြိုးညှိုသံလေး ၊၊


အခမ်းအနား ပွဲလေး မစတင်ခင် ကတည်းကရောက်လာတဲ့ သူ ငယ်ချင်း တွေ ပြန်လည် ဆုံတွေ့ကြ ၊ စကားတွေ ပြောကြ ၊ တစ်ယောက်နဲ့ တစ်ယောက် စကြနောက်ကြ ၊
ပျော်ရွှင်ကြည်နူးကြနဲ့ ပွဲစဖို့ အခမ်းအနားမှူးလုပ်သူက ခေါ်ပါမှ နေရာယူဖြစ်ကြလေရဲ့ (အထူးသဖြင့် ရည်းစားမရှိသေးတဲ့ အပျိုကြီး လူပျိုကြီးတွေ အတွက်တော့ အရုပ်ပေါ့ အားလုံးက စကြ နောက်ကြ နဲ့ နောက်ပွဲတွေ ဆိုရင် တော့ မဖြစ်ဖြစ်အောင် နှစ်ယောက်သွားမှ လို့ အတွေးဝင်မိကြ မယ် ထင်ပ ) ၊၊
အဖြူရောင် နဲ့ မရမ်းရောင် ကို လှပ အချိုးညီစွာ သုံးထားပြီး မြက်ခင်းစိမ်းစိမ်းပေါ်မှာ ဆိုတော့ အင်မတန်မှ
ပဏာရနေခဲ့တယ် ၊၊ ဒီဟော်တယ်လေးက ဟိုး အမြင့် တောင်းကုန်း ထိပ်လေး ပေါ်မှာ တည်ရှိနေတာလေးက
မင်္ဂလာပွဲကို ပိုပြီး ကဗျာဆန်စေ ခဲ့ပါတယ် ၊၊ မြန်မာပြည်မှာ ဆိုရင် စိမ်းလန်းစိုပြေနဲ့ ဆင်ဆင်တူပေမယ့် ဒီနေရာ
ခပ်မြင့်မြင့် တောင်ကုန်းလေးပေါ်မှာမို့ ပိုပြီး လှတယ်လို့ ဆိုချင်ပါတယ် ၊၊


ပြင်ဦးလွင် က ဘိုတဲဆန်ဆန် ၊ မီးလင်းဖို ခေါင်းတိုင်ကြီးပါတဲ အုတ် တိုက်နီနီ လေးက နှစ်ထပ်ဆိုပေမယ့် ပုပု ကပ်ကပ်လေး ဆိုတော့ တစ်ထပ် သာသာ ထင်ရ ၊၊ အဲဒီအဆောက်အဦးရှေ့က မြက်ခင်းပြင် စိမ်းစိမ်းထဲမှာ အဖြူရောင် ဖွေးဖွေး ဖဲစတွေနဲ့ ၊ မရမ်းရောင် ဖဲ စတွေ ကို လှပစွာတန်ဆာ ဆင်ထားတဲ့ စားပွဲဝိုင်းတွေ ၊၊ နောက် အလှဆုံးက တော့ မရန်းရင့်ရောင် နှင်းဆီပွင့် အရောင် စိုစိုကြီးတွေ ပဲ ၊၊ အရမ်းကို လှပပြီး မင်္ဂလာပွဲလေး ကပို လို့ အရောင် တောက်ခဲ့တာ အဲဒီ နှင်းဆီပန်းအိုး ကြီးတွေ ကြောင့်လို့တောင် ဆိုချင်ပါရဲ့ ၊၊


















နောက်တော့ အနောက်တိုင်းထုံးစံ ၊ အတိုင်း ဆက်လက်ကျင်းပလို့ ၊ကိက်မုန့်လှီး ခြင်း ၊ ၀ိုင်သောက် ရ်ျ ဂုဏ်ပြုကြခြင်း စသည်စသည် ဖြင့် အစီအစဉ်အတိုင်း ၊၊ နှစ်ဖက်ကုမ္နဏီမှ လူကြီးတွေက လည်း သူတို့ထုံးစံ (စင်ကာပူ ထုံးစံထင်တာပဲ )အသံ ရှည် ဆွဲပြီး အော်လို့ ကောင်း ခြင်းမင်္ဂလာတွေ ဆောင်ကျဉ်းပေးခဲ့ကြတယ် ၊၊ ပွဲလေးကတော်တော် နဲ့ မသိမ်းနိုင်ပဲ ၊ တစ်ယောက်တလှည့် ဂုဏ်ပြုကြရင်း နောက်ဆုံး သတို့သားနဲ့ သတို့သမီး ဥသြဆွဲမှ ပဲ သူတို့ကို မင်္ဂလာခန်းအပ်လို့ ပြန်ခဲ့ကြတယ် ၊၊ ဆူဆူညံညံတွေမို့ ဘေးခန်းတွေ အိပ်နေပေမယ့် အားမနာတမ်း ရွှေကြိုးတားပြီး ခဲဖိုးတောင်းတဲ့ ကျွန်တော်တို့ အစဉ်အလာလေးလည်း မပျက် ဆင်နွဲခဲ့သေးရဲ့ ၊၊









ဟော်တယ်လေးကို ကြော်ငြာ ၀င်လိုက်ပါအုံးမယ် ၊၊ တကယ့်လို့များ ဒီလို မင်္ဂလာပွဲလေး မျိုး ရိုးရိုးစင်းစင်း ပျော်ရွှင်လွတ်လပ်စွာ ဆင်နွှဲလိုတယ် ဆိုရင်ဖြင့် အဲဒီနေရာလေးကို ဆက်သွယ် နိုင်ပါတယ် ၊၊ ဒီပွဲကိုစီစဉ်ပေးသူ ကလည်း အတော်ကို သဘောကောင်းပါတယ် ၊၊ အပြောကောင်းရင် အကြွေးပါ ရနိုင်မယ် ထင်ပါတယ် ( နောက်တာပါ ) ဈေးလည်း လျှော့ယူမယ် ပြောလို့ အဲဒီနေ့က ပွဲမှာ ရှိတဲ့ လူပျိုကြီးများ အထူး မျက်စေ့ ကျခဲကြ ပါတယ် ၊၊ ဒါပေမယ့် တစ်ခု ဆိုးတာက သူတို့မှာ ရည်းစားကို လက်ဆုပ်လက်ကိုင် မရှိကြသေးတာပါပဲ ၊၊ နေရာကတော့ Rider Lodge Hotel , Turf Club Road ပေါ်မှာ ဖြစ်ပါတယ် ခင်ဗျာ ၊၊


သူငယ်ချင်းတွေ အားလုံးလည်း တော်တော် မှန်နေပြီမို့ ပျော်ရွှင်စရာ ကျေးလက်ဆန်ဆန် ရိုးစင်းတဲ့ မင်္ဂလာပွဲ လေးကို နှူတ်ဆက်ရင်း ပြန်ခဲ့ကြပါတော့တယ် ၊၊




ဒီလင်ဒီမယား အိုအောင် မင်းအောင် ပေါင်းသင်း ပျော်ရွှင် နိုင်ကြပါစေ လို့ ဆုမွန်ချွေရင်း ဖြင့်
မေတ္တာရင်းဖြင့်
မင်းအိမ်ဖြူ
(ဓါတ်ပုံလေးတွေ ကိုတော့ ဖိုးစင်က ရိုက်ကူးခဲ့တာဖြစ်ပြီး မေတ္တာ ပြုပါတယ် ၊ (သူ့ခဗျာ သူများပွဲတွေပဲ ကူနေရရှာတယ် သနားစရာပါ သူ့အလှည့်ကို မျှော်လင့်နေရှာ ထင်ပ ) ကျွန်တော်ရိုက်ခဲ့တဲ့ ပုံတွေတော့ မဟုတ် ပါဘူး ကျွန်တော် ကတော့ ဗီဒီယိုလေးနဲ့ပဲ မှတ်တမ်းတင်ခြင်း တာဝန် ယူ ဖြစ်ခဲ့ပါတယ် ၊ နောက်များမှ Edit လုပ်ပြီး သူငယ်ချင်း လူပျို လူလွတ်တွေ အတွက် နမူနာယူဖို့ Youtube တင်ထားပါအုံးမယ် ) ( ပြန်လာတဲ့ညက တော့ နည်းနည်းများသွားလို့ အာမဟုတ်ပါဘူး မနက်ရုံးတက်ရမှာမို့ စာမရေးဖြစ်ဘူး ၊ နောက်ဒီနေ့တစ်နေ့လုံးလည်း video Editing လုပ်ဖို့ အလုပ်ရှုပ်နေတာနဲ့ပဲ အခုမှပဲ တင်ဖြစ်ပါတော့တယ် )

Friday, 26 June 2009

မဝေခင်မှာ မကြွေ စေချင်ပါလေ


ကျွန်တော်တို့စီမံကိန်းကြီးလည်း အချောသပ်လုပ်ငန်းတွေ နဲ့ ပြီးဆုံးကာနီးပြီမို့ ဟိုးအရင် စီမံကိန်း အားကောင်း မောင်းသန် ကြိုးစားလုပ်ကိုင်ရတဲ့ စီမံကိန်းလယ် ကာလကာလောက် အလုပ်တွေ သိပ်မရှုပ်တော့ ၊၊ အနည်း ငယ် အေးအေးလူလူ ရှိလာပြီလို့ ဆိုရပေမပေါ့ ၊၊ ဆိုက်လုပ်ငန်းတွေ ကလည်းပါးပါးလျလျ နဲ့ လိုအပ်တဲ့ အချော သပ်လုပ်ငန်းတွေသာ ရှိတော့ တာမို့ လူအင်အားလည် လျော့ပါးသွားသလို စက်ကြီးတွေ ၊ ကရိန်းတွေ ၊ ယန္တယား တွေ လည်း နောက်ထပ်စီမံကိန်း အသစ်တစ်ခုဆီကို ပြောင်းရွှေ့သွားပြီမို့ ဟာလာဟင်းလင်း ရှင်းရှင်း လင်းလင်းနဲ့ စီမံကိန်းက လွမ်းမောစရာတောင်ကောင်းနေလေရဲ့ ၊၊

စီမံကိန်း လယ်ကာလ ၊ ဆီတုန်းကတော့ ပွဲတော်အလား ပျားပန်းခတ်မျှ စည်ကားလို့ပေါ့ ၊၊ မနက်အာရုံတက်လို့ ရောင်နီလာပြီ ဆိုသည်နှင့် စက်သံ၊ကားသံ ၊ လူသံ ၊ခေါ်သံ ၊ အော်သံ တွေနဲ့ စည်စည်ညံခဲ့ပေါ့လေ ၊၊ ကျွန်တော် တို့လည်း မနက် ၇-နာရီ ထိုးတာနဲ့ ဆိုက်ထဲရောက်နေကြပြီ ၊၊ တစ်နေ့တာ လုပ်ငန်းအတွက် တာဝန်တွေ ခွဲဝေ လို့ စီမံကိန်း ဒါရိုက်တာ ဖြစ်သူနဲ့ မနက်တိုင်း ကွင်းပြင်ထဲမှာ Briefing ယူနေကြပေါ့ ၊၊ နောက်မှ ကိုယ်တာဝန်ကျ တဲ့ အပိုင်းမှာ ရှိတဲ့ လုပ်ငန်းက ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေကို ထပ်ပြီး ညွှန်ကြား ၊ ပြီးမှ လိုအပ်တဲ့ လုပ်ငန်းတွေ လိုက်စစ်ဆေး လို့ ၊ လုပ်ကြကိုင်ကြပေါ့ ၊၊ ပင်ပန်းပေမယ့် အင်မတန်မှ ပျော်ရွှင်စရာကောင်းသလို ၊ အင်မတန်မှ လည်း ဂုဏ်ယူစရာပေါ့ ၊၊ နော်တချိန်မှာ ပေါ်ထွန်းလာတော့မယ့် တံတားသစ်ကြီးကို မြင်ယောင်ရင်း ပင်ပန်းတာ တွေ ပြေပျောက် ရပါတယ် ၊၊

အော် ၊ အခုတော့ စီမံကိန်းလည်း ပြီးဆုံးခြင်း ရောက်လို့ အချို.ချို.တွေ လည်း နောက်ထပ် စီမံကိန်းအသစ်ဆီ ရှေ့ပြေးအဖွဲ့အဖြစ် သွားကြပြီ ၊၊ အလုပ်မရှိတော့တဲ့ အလုပ်သမားအချို့လည်း ပြောင်းကြရွှေ့ကြပေါ့ ၊၊ အခုလို စပ်ကူးမတ်ကူးကာလ ဟာ ကျွန်တော်တို့လို ၀န်ထမ်းတွေ အတွက် မထောင်းတာပေမယ့် ၊ နေ့စား အလုပ် သမား လူတန်းစား အတွက်တော့ အင်မတန်မှ ကျပ်တည်းတဲ့ ကာလပေါ့ ၊၊ လုပ်ငန်းကလည်း မလှိုင်တော့ သလို အလုပ်မရှိဘူးလို့လည်း မဆိုနိုင် ၊ ပြတ်တုန်းလပ်တုန်း ကာလပေါ့ လေ ၊၊ မစဉ်းစားချင်ပါဘူးလေ ၊၊ အခုလို မနက်စောစော မှာ ဒီလိုအကြောင်းတွေ မတွေးလိုပေမယ့် ၊ တားမရဆီးမရ အလိုလို ၀င်လာတဲ့ အတွေး ဆိုးကို ဖြေဖျောက်လို. အားနေတုန်း လမ်းလေးဆင်းလျှောက်ဖို့ စိတ်ကူးနဲ့ ကျွန်တော့် အိမ်လေးရဲ့ ခေါင်းရင်းဖက် စွေစောင်းစောင်းမှာ ရှိတဲ့ ခရေပင်တန်းလေးတွေ ဘက်ဆီကို ဦးတည်မိပါတယ် ၊၊

ခရေပင်လေးတွေ ဟာ ပင်ပျိုလေးတွေ မို့ အပွင့်တွေ ဝေေ၀ဆာဆာ နဲ့ ရနံသင်းသင်းလေး အမြဲမွှေးနေတက် ပါတယ် ၊၊ လေအဝှေ့မှာ ကြွေကြနေတဲ့ ခရေပွင့်လေးတွေ လည်း မြေပြင်မှာ ဖွေးဖွေးလှုပ်လို့ပေါ့ ၊၊ အဲဒီ ခရေ ပန်း လေးတွေကို နေ့စဉ်မနက်တိုင်း ဗန်းကုံးလေးတွေနဲ့ လာကောက်နေကြ မောင်နှမနှစ်ယောက် ရှိပါတယ်၊၊ အကြီးမလေး က ၁၁ နှစ်လောက်နဲ့ အငယ်ကောင်လေးက ၈နှစ် လောက်ပေါ့ ၊၊ ဆိုက်ထဲမှာ အလုပ်လုပ်တဲ့ အလုပ်သမား တစ်ယောက်ယောက်ရဲ့ သားသမီးလေးတွေ နေမှာပါလေ ၊၊ ဗန်းကုံးလေးတွေ အပြည့်အမောက် အမြဲတမ်း ကုန်စင်အောင် ကောက်သွားတက်ကြပါတယ် ၊၊ ကျောင်းဖွင့်ချိန်ပေမယ့် ကျောင်းသွားတာမမြင်တော့ ကျောင်းမနေကြဘူးထင်ပ ၊၊ ဒီလိုပဲ ဆိုက်ထဲမှာ လည်း ဟိုဟာလေးကောက် ၊ ဒီဟာလေးကောက်နဲ့ တွေ့နေရ တက်ပါတယ် ၊၊

ဒီနေ့မနက်မှာတော့ ပန်းကြွေလေးတွေ ကောက်ရုံမက အပင်ကိုပါ လှုပ်ပြီး မကြွေသေးတဲ့ ပန်းလေးတွေကို ခြွေ ယူဖို့ ကြိုးစားနေတာကြောင့် " ဟေ့ ခလေးတွေ မင်းတို့ ကြွေတာကိုတင်ကောက်လေကွာ ၊ ဘာဖြစ်လို့ မကြွေ သေးတဲ့ ပန်းလေးတွေ ကို ခြွေနေတာလည်း ၊ အပင်မြင့်မှာ ခဏဖြစ်ဖြစ် သဘာဝအတိုင်း နေပါစေကွာ ၊ နောက် နေ့ မနက်တော့ သူ့အလိုလို ကြွေမှာပေါ့ကွာ " ရယ်လို့ ခပ်ငေါက်ငေါက်လေး ပြောမိတော့ ကောင်းမလေးက " ဒီနေ့ အဖေ့ကို ဆေးခန်းပြရမယ် အစ်ကိုကြီး ၊ ဆေးခန်းပြဖို့ငွေလိုတယ် ၊ ဒါကြောင့် မနက်ဖြန်သူ့အလိုလို ကြွေ တဲ့ထိ စောင့်လို့ မရလို့ပါ " ဆိုတဲ့ မျက်နှာဝိုင်းလေးကို ကျွန်တော် ဘယ်လိုပြန်ပြောရပါ့မလဲ ၊၊ " မကြွေ ခင်မှာ ဝေနေတဲ့ ပန်းလေးတွေကို သဘာဝအတိုင်း ရှိပါစေကွာလို့ " တားချင်ပေမယ့် သူတို့ကိုယ်တိုင် မဝေခင် မှာ ကြွေနေရတဲ့ ဘ၀လေးတွေ မို့ ကျွန်တော် ဘာများပြောနိုင်ပါဦးမလဲ ၊၊

တခါတခါ သဘာဝကို ချစ်မြတ်နိုးစွာ မဝေခင်မှာ မကြွေစေချင်တဲ့ ကျွန်တော်ကိုယ်တိုင် တခါတရံ ခြွေနေမိလား ရယ်လို့ အမြဲတွေးမိပါတယ် ၊၊ အလုပ်ခွင်ထဲမှာ ကျောင်းနေရမယ့်အရွယ် အလုပ်သမားလေးတွေကို တွေ့ရ ခိုင်းရတိုင်း လိပ်ပြာမလုံ ခံစားမိတာ အမှန်ပါ ၊၊ ၁၅ - ၁၆ - ၁၇ ဆိုတာ တကယ်တော့ မိဘရင်ခွင်၇ိပ်မှာ နွေးနွေး ထွေးထွေး ခိုလှုံရင်း ကျောင်းပညာ သင်ကြားရမယ့် အရွယ်တော့ပေါ့ ၊၊ အတက်ပညာတစ်ခုကို သင်ကြားနေရ မယ့် အရွယ်တွေပါ ၊၊ ပန်းခလေးတွေ ကြွေမှာစိုးတဲ့ ကျွန်တော် အဲဒီခလေးတွေ အတွက်ရော မကာကွယ် နိုင် တော့ ဘူးလား ၊၊ ကာရာအိုကေဆိုင်မှာ အဲဒီအရွယ် ခလေးမလေးတွေကို ပန်းကုံးစွပ်တာဟာ ၊ ဘောက်ဆူးပေး တာဟာ ချီးမြှောက်လိုက်တာလား ၊ ကြွေမှာစိုးလို့ တံစိုးပေးလိုက်တာလား ၊ ကြွေပြီးသားပါပဲရယ်လို့ နင်းခြေ ပေးလိုက်တာလား ၊၊ မစဉ်းစားတက်တော့ပါဘူး ၊၊

အဖေကူလီထမ်းလို့ သားကူလီထမ်းရတယ်ဆိုတာ မွေခံထိုက်စေဆိုတဲ့ ၀တ္တရားကျေပွန်ခြင်းလား ၊ အဖေလုပ် သူက ၁၀ ပိသာ အလေးကို ထမ်းလို့ သားလုပ်သူက ၁၅ ပိသာ အလေးကို ထမ်း နိုင်တယ်ဆိုတာ ဂုဏ်ယူ စရာလား ၊၊ အဲဒီသားသမီးကို အတိဇာတ သားရယ်လို့ ခေါ်ဆိုရမလား ၊၊

ကျွန်တော့်ပတ်ဝန်းကျင် ၊ အလုပ်ခွင်တွေထဲမှာ မဝေခင်မှာ ကြွေနေရတဲ့ ပန်းပွင့်လေးတွေ အများကြီးပါ ၊၊ အဲဒီ ပန်းလေးတွေဟာ အချိန်မတန်ခင် မှာ ပင်ယံထက်က ခြွေချခံခဲ့ရတယ်လေ ၊၊ ဒါပေမယ့် ဒါပေမယ့် အဲဒီ ပန်းခလေး တွေကို မဝေခင်မှာ မကြွေစေချင်ပေမယ့် ၊ ကိုယ်ဘာမှ မတက်နိုင်သေးတာမို့ တခါတရံ ကိုယ်တိုင် ခြွေသူမဖြစ်အောင် ကြိုးစားရင်းပဲ ..... မဝေခင်မှာ မကြွေပါစေနဲ့လို့ ဆုတောင်းပေးရုံမှတစ်ပါး .........

မေတ္တာရင်းဖြင့်
မင်းအိမ်ဖြူ

(လွန်ခဲ့တဲ့ အတိတ်က ကျွန်တော့် ရဲ့ တံတားဆိုက်ကို သတိယရင်း ၊ မြစ်သာတံတား စီမံကိန်းက လုပ်ဖေါ် ကိုင်ဖက် အလုပ်သမား လေးများအား လွမ်းဆွတ်ရင်း ရေးဖွဲ့ပါသည် )

Wednesday, 24 June 2009

လှေခါးဖြစ်ခွင့်


ဒီနေ့ဒီရက်မှာ
မင်းလက်ကိုတွဲပြီး ပွဲမထွက်ရပေမယ့်
မင်းနင်းလို့တက်သွားမယ့် လှေခါးဖြစ်ခွင့် ရတာကိုပဲ ကျေနပ်မိတယ် မောင့်ချစ်သူ ၊၊

ဘိသိတ်သဘင်ဆင်ယင် ခါနီး
ဖ၀ါးနုနု လေးတွေ ဘေးမသီရန်မခဖို့
အပြုံးတုမဟုတ်တဲ့ ပီတိပြုံးတစ်ခုနဲ့ လက်ဖွဲ့ လိုက် ပါ့မယ်
မောင့်ချစ်သူ ၊၊

မင်းပြုံးရင် မောင်ပျော်သမို့
မင်းဖ၀ါးနုနု သွေးခြေတော် မအုဘူးဆိုရင် ဖြင့်
နင်းစမ်းပါ ခပ်ပြင်းပြင်းသာ နင်းလိုက်စမ်းပါ မောင့်ချစ်သူ ၊၊

အတက်မှာ ခပ်မော်မော် နင်းသလို
အဆင်း ဆိုရင် လည်း တစ်ချက်ချင်း နင်း လို့
လိုရာ ခရီးကို အရောက်မှီ လှမ်းရအောင်
ပို့ဆောင်ဖို့ စောင့်စားနေဆဲပါ မောင့်ချစ်သူ ၊၊

မင်းအိမ်ဖြူ

(ဘာမှန်းမသိတဲ့ စာချိုးလေးပါ ၊ လှေခါးလေးဖြစ်ခွင့်၇တာ ၊ တံတားလေးဖြစ်ခွင့်ရတာဟာ မေတ္တာသာ တကယ် ပါမယ်ဆိုရင် တွေးတွေးပြီး ဂုဏ်ယူစရာပေါ့)