Tuesday, 29 September 2009

ပြီးပြည့်စုံလေသောအခါ

ဟိုးတစ်နေ့က သူငယ်ချင်းတစ်ယောက်နဲ့ တွေ့တော့ စကားပြောဖြစ်ခဲ့ပါတယ် ၊၊ မှတ်မှတ်ရရ ဘာပြောလည်း ဆို တော့ ဘာမှ မသိတဲ့ဘ၀လေးတစ်ခုကို လိုချင်လိုက်တာတဲ့ ၊၊ တကယ်ကိုထူးထွေသည့် အံရာသော် ဆိုတာမျိုးလို ပေါ့ ၊၊ ပျော်ရွှင်တဲ့ဘ၀တစ်ခုကို တည်ဆောက်ချင်တယ် တဲ့လေ၊၊ ဘာတွေများလိုအပ်နေပါလိမ့် ၊၊
ပညာရေးလည်း ဆုံခန်းတိုင်ခဲ့ပြီ ၊၊ တစ်ဘွဲ့တောင်မဟုတ် ၊၊ နှစ်ဘွဲ့ ရှိနေပြီ ၊၊ အလုပ် ရော အဆင်ပြေပါတယ် ဆိုတာ ထက် လွန်ပေါ့ ၊၊ သာမာန်လခစားဝန်ထမ်း ထက်ပိုတဲ့ အခွင့်အလမ်းတွေနဲ့ လူတစ်ယောက် ၊၊ အပြင် ပန်းကြည့်ရင် သူ့ဘ၀လောက် နေပျော်တာ ဒီကမ္ဘာမှာ ရှိပါ့မလားဆိုတဲ့ အခြေအနေမျိုး ၊၊ လူတွေ များ တော်တော် ဆိုးတယ် နော် ၊၊ ရတာတွေ မလိုသလို လိုတာတွေလည်း မရကြပါတကား ၊၊ ကိုယ်ချင်းစာမိပါတယ် ၊၊ လူမှန်ရင် ဦးတည်ချက် လိုအပ်ချက်လေး တစ်ခုတစ်လေတော့ ရှိနေမှ သာယာ စိုပြေတာပါ ၊၊
ချစ်ခဲ့ဖူးပြီ ၊ ချစ်သူတွေလည်းထားခဲ့ဖူးပြီ ၊၊ အခုအသက်အရွယ်မှာ သူ့အတွက် ဖူးနုငယ်တဲ့ အချစ်ဖူးလေးတွေ ဘယ်မှာ ရှာတွေ့ပါတော့မလဲ ၊၊ ကြာခဲ့ပြီကော ၊၊ သူမက်မက်စက်စက် လိုချင်နေတာက နှိုင်းယှဉ်မှုမရှိတဲ့ ချစ်ခြင်း တွေနဲ့ တစ်စုံတစ်ယောက်ကို ချစ်ပြီး လက်ထပ် လိုက်ချင်တယ်တဲ့ ၊၊ ဒါပေမယ့် သူအဲဒီကာလကို လွန်ခဲ့ပြီကောတဲ့ ၊၊ အင်း ကျွန်တော် ကိုယ်ချင်းစာ နားလည်ပေးနိုင်ပါ၏ ၊၊ အခြားသူတွေကော ၊၊ ရည်းစား တွေ အများကြီး မရှိဘဲ ဒီတစ်ယောက်ကို ချစ် ၊ ဒီတစ်ယောက်လက်ထပ် ၊ ဒီတစ်ယောက်ကို တစ်သက်လုံး ချစ်သွား တာမျိုးကို အရင်က ရိုးရှင်းပြီးပျင်းစရာလို့ မြင်မိပေမယ့် ခုများတော့ အဲဒီလို အချစ်တွေ အများကြီးမသိတဲ့ ဘ၀ လေးတစ်ခုကို မက်မက် စက်စက် လိုချင်မိနေတယ် ကွာ တဲ့လေ ၊၊ အင်း ကျွန်တော်ကတော့ ခံစားပေးရင်း နှစ်သိမ့် ခဲ့ပါတယ် ၊၊ တစ်နေ့နေ့တော့ ဖြစ်ရ်ျလာလိမ့်မည် လို့ ၊၊ သို့သော် ..................
ဒီလမ်းကို လျှောက်ဖူးသူမို့ သူ့အတိတ်ဟောင်းကို မေ့နိုင်ပါမည်လော ................
မေ့နိုင်ခဲ့ရင်တောင် ခံစားချက်တွေ လက်ဆက်နေပါအုံမလား ........................
လေးစားစွာဖြင့်
မင်းအိမ်ဖြူ

Wednesday, 23 September 2009

လွမ်းတစ်ကျော့ပြန်

အလွမ်းရှည်ရှည် ကျောင်းရက်တွေကို သတိရစေပြန်သလားကွယ် ၊၊ ဟိုးတစ်နေ့က သူငယ်ချင်းတစ်ယောက် ဖုံးဆက်လာတယ် ၊၊ ကျောင်းတုန်းက သူငယ်ချင်းတွေ ပြန်လည် ဆုံတွေ့ကြရအောင်တဲ့ ၊၊ သူတို့ စီစဉ်နေပါတယ် တဲ့ ၊၊ အော် အင်း တွေ့လေဆိုတော့ စာရင်းမှတ်လိုက်ပြီနော်တဲ့ ၊၊ တယ်လီဖုန်းပေါ်မှာတင်ဆိုတော့ ဘာမှလဲ မပြောအားပဲ အင်းအင်း လို့ပဲ ခပ်လွယ်လွယ် သေချာလိုက်မိတယ်၊၊ တွေ့လည်းတွေ့ချင်မိပါတယ် ၊၊ သူငယ်ချင်း တွေ အားလုံးကိုပေါ့ ၊၊ မတွေ့လည်း မတွေ့ချင်ပါဘူး ၊၊ ကိုယ့်အကြောင်းနဲ့ကိုယ်ပေါ့ ၊၊
အော် ဘာလိုလိုနဲ့ ပြန်တွေးမိတော့ နှစ်တွေတောင် အတော်ကြာပါပေါ့လား ၊၊ ကျောင်းမြေကနေ နောက်ဆုံး ထွက်ခွာ လာခဲ့တာ ၊၊ မှတ်မှတ်ယယ အခုလို အောက်တိုဘာ ၊ နိုဝင်ဘာပေါ့ ၊၊ စာမေးပွဲတွေ ပြီးတော့ နိုဝင်ဘာ မှာ ထင်ပါရဲ့ ၊၊ ကျောင်းဆောင်ကြီးတွေကို လွမ်းလိုက်တာ ၊၊ လက်ခုပ်ပင်ထီးထီးကြီးကို လွမ်းလိုက်တာ ၊၊ ပြီးတော့ စွယ်တော်ပင်လေးတွေကို လွမ်းလိုက်တာ ၊၊ ကျောင်းကင်တင်းလေးကို လွမ်းလိုက်တာ ၊၊ အရာအားလုံး ဟာ လွမ်းစရာတွေ ပါလား ၊၊ အင်း နောက် လွမ်းနေတာလေးလည်း ရှိပါသေးရဲ့ ၊၊ ခုချိန်ထိလွမ်းလို့ကောင်းနေ ဆဲ ကိုယ်မှာ လွမ်းစရာ ဒါလေးပဲ ရှိတာကိုး P: ၊၊
ဘယ်သူတွေ ၀လာပြီလဲ၊၊ ဘယ်သူတွေ ဘာတွေ များဖြစ်နေကြပြီလဲ ၊၊ ဘယ်လိုတွေများဘ၀ကို ကျော်ဖြတ်နေ ကြပြီလဲ ၊၊ ကျောင်းတုန်းက ခပ်ပိန်ပိန်ကောင်မလေးလည်း လူသေးသေးလေးနဲ့ ဖြစ်နေပြီလား ၊၊ အင်း ဘာတွေ များပြောင်းလဲနေကြပြီလဲ ၊၊ သိချင်မိပါရဲ့ ၊၊ ဒါပေမယ့် လူတွေကြည့်မယ့် အပြစ်မကင်းတဲ့ အကြည့်တွေကိုလည်း ရင်မဆိုင်လိုသေး ၊၊ ရင်မဆိုင်ချင်သေး ၊၊ တက်နိုင်ဘူးရယ် ၊၊ လာမယ်လို့ပြောပြီးမှတော့ သွားရတော့မှပဲ ၊၊ အနည်း ဆုံး လူတွေ မမြင်ထဲ ရင်ထဲက အနာကို ပလစတာလေးအုပ်ပြီး ပြုံးပြုံးလေး လုပ်နေရအုံးမှာပေါ့လေ ၊၊ ကြာလှ ၄ နာရီပေါ့ ၊၊ အင်းဒီတစ်ခါတော့ ဆြုံဖစ်ကြပြီပေါ့ ၊၊
ဘယ်သူတွေ အိမ်ထောင်တွေ ကျနေပြီလဲ ၊၊ ဘယ်သူတွေ တစ်ယောက်တည်း ဘ၀ကို ဖြတ်သန်းနေလဲ ၊၊ အင်း ဟိုးငယ်ငယ်တုန်းက ထင်ခဲ့ဘူးတဲ့ အသက်ခပ်ကြီးကြီး လူပျိုကြီး တွေ ဆိုတာ ကိုယ်တိုင်ဖြစ်နေပါရောလား ၊၊ ဘု ရားဘုရား ၊၊ မထင်မှတ်ထားတာတွေ ဖြစ်နေပါရောလား ၊၊ အဲဒီနေ့ဆုံဖြစ်ကြရင် မထိခလုတ် ထိခလုတ်ပြော တာတွေကို ကြားရအုံးမယ် ၊၊ သနားစရာသတ္တ၀ါတစ်ကောင်လို ၀ိုင်းကြည့်တာကို ခံရအုံးမယ်၊၊ အင်းကိုယ်ထင် တာလဲဖြစ်မှာပါလေ ၊၊ သူတို့က သာမာန်ကြည့်တာနေမှာပါ ၊၊ အင်းဟိုတစ်နေ့က သူငယ်ချင်းတချို့နဲ့ ပြန်ဆုံဖြစ် တော့ ၊၊ နည်းနည်းပိန်သွားတာကလွဲရင် မင်းက ဒီအတိုင်းပဲနော် ၊၊ ဘာမှ မပြောင်းလဲဘူးတဲ့ ၊၊ ပြောတဲ့သူတွေက တကယ်လို လူကြီးတွေ ဖြစ်လို့ပါလား ၊၊ ဗိုက်ကြီးတွေ ထွက်လို့ လူကြီးကြီးတွေ ဖြစ်နေပါရော့လား ၊၊ အင်း သူတို့ သူငယ်ချင်းကျွန်တော်ကတော့ အရင်အတိုင်းပါပဲ ၊၊ ဘာမှ မပြောင်းလဲသေးပါဘူး ၊၊ ဟိုးတုန်းကလို အထိးကျန် တစ်ယောက်တည်းဘ၀ ကို ဖြတ်သန်းနေဆဲ ပါပဲလေ ၊၊ ဘ၀က တစ်ယောက် တည်း အထိးကျန် နေဖို့ ၊ ဖြတ်သန်း ဖို့များ ပြဌာန်းခဲ့လေသလားကွယ် ................

Sunday, 20 September 2009

မှတ်တမ်းလေး

ဖေဖေါ်ဝါရီလ ၅ ရက် ( ကြာသာပတေးနေ့ )

မှတ်မှတ်ယယဒီနေ့က တပို့တွဲလပြည့်နေ့ ဖြစ်နေတယ် ၊၊ တိုက်တိုက်ဆိုင်ဆိုင် ပြက္ခဒိန်ကြည့်လိုက်တော့ ရက်ရာဇာတဲ့လေ ၊၊

မနက် ၃:၀၀ နာရီ အိပ်ရာကထတယ် ၊၊
၎:၁၅ နာရီ လေဆိပ်ကို ထွက်လာခဲ့တယ် ၊၊
၆:၁၅ နာရီ လေယာဉ်ပေါ်ကိုတက်ရတယ် ၊၊
၇:၂၀ နာရီ ဟဲဟိုး ကွင်းကိုရောက်တယ် ၊၊ အမြင့်ပေ ၁၃၀၀၀ တဲ့ ၊၊ အဟ အိမ်သာဝင်ပြီး အပေါ့အပါးသွါး ၁၀ မိနစ် အနား ရတယ် ၊၊ ခရီးသည် အချို့အ၀က် ကျန်နေခဲ့တော့တယ် ၊၊
၈:၀၀ နာရီ မန္တလေးကွင်းကို ရောက်တယ် ၊၊ အမြင့်ပေ ၁၀၀၀၀ လို့ ပြောတယ်လေ ၊၊ ခရီးသည်အချို့ ဆင်းသွား သလို ခရီးသည် အချို့ တက်လာတယ် ၊၊
၈:၄၀ နာရီ မုံရွာကိုရောက်တယ် ၊၊ အမြင့်ပေဘယ်လောက်ပါလိမ့် ၊၊

အားလုံးအဆင်ပြေပါတယ် ၊၊ လေဆိပ်မှာ ရဲကင်းမှူး ကိုညိုသက်ဝင်းနဲ့ တွေ့တယ် ၊၊ အကူအညီပေးပါတယ် ၊၊ အလယ်ရဲကင်းမှာ တည်းဖို့ စီစဉ်ပေးပါတယ် ၊၊ နောက်တော့ ချင်းတွင်းမြစ်နဘေးက ဆိပ်ကမ်းသာ မှာပဲ တည်း ဖြစ်တယ် ၊၊ နောက်တစ်ရက် ခရီးဆက်ဖို့ ရွှေနဒီလက်မှတ်ဖြတ်တယ် ၊၊ တခါမှ မစီးဘူးတဲ့ ရေပေါ်လျှပ်ပြေး လျှော်တယ် တဲ့ ၊၊ ဘယ်လို ယာဉ်မျိုးဖြစ်မလဲနော် ၊၊

အမေရေ လေယာဉ်တခါမှ မစီးဖူးဘူး ၊၊ ပထမဆုံးအကြိမ်ပဲ ၊၊ UV 771 တဲ့ ၊၊ လေယာဉ် ဆီ လမ်းလျှောက်သွားရ တာ လွမ်းစရာတော့ ကောင်းသား ၊၊ မနက်ခင်းဝေလီဝေလင်းမှာလေ ၊၊ မိသားစုကို သတိရတယ် ၊၊ အားလုံး အဆင်ပြေပါတယ် အမေရယ် ၊၊

ညဖက် မုံရွာ မှာရှိတဲ့ ဘုရားတွေ လည်း ဖူးဖြစ်ခဲ့တယ် အမေ ၊၊ အညာမြို့လေးက ချစ်စရာတော့ ကောင်းတယ် ၊၊ မနက် အစောကြီးထရမှာမို့ အိပ်တော့မယ် အမေ ၊၊

( ကျောင်းပြီးတော့ ပထမဆုံး အလုပ်ဝင်ရတဲ့ ကလေးဝ အသွား နေ့စဉ်မှတ်တမ်းလေး ပြန်တွေ့လို့ လွမ်းလွမ်းနဲ့ တင်လိုက် ပါတယ် ၊ အဲဒိတုန်းက ကျောင်းပြီးကာစပေါ့ ၊ အများတကာတွေ နိုင်ငံခြားသွားဖို့ ကြိုးစားနေတဲ့ အချိန်မှာ ကျွန်တော်က ဟိုး စစ်ကိုင်းတိုင်း အစွန်အဖျားကို ခရီးနှင်နေတဲ့ အချိန်ပေါ့ ၊ မျှော်လင့်ချက်တွေ တပွေ့တပိုက်နဲ့ ယုံကြည်ချက်တွေ ရင်မှာပိုက်ပြီး ဘ၀ခရီး စတင်ကာစကာလလေး တစ်ခုပါ ) တကယ်ကို အဲဒီ ကလလေးက လွမ်းစရာလည်းကောင်းသလို အားတွေ အပြည့်နဲ့ လွင့်တက်တော့မယ့် မီးပုံးပျံကြီး တစ်ခုလိုပဲ တလွင့်လွင့်နဲ့ပေါ့ဗျာ ၊၊

Saturday, 19 September 2009

ဇာတ်လမ်းလေးတစ်ပုဒ်လား

အပြောင်းအလဲတိုင်းမှာ အကောင်းအဆိုးဆိုတာ ဒွန်တွဲရှိနေစမြဲပါ ၊၊ တချို့သောအပြောင်းအလဲများက တချို့တစ်လေ အတွက် ကောင်းသောပြောင်းလဲခြင်းကို ဖြစ်စေပေမယ့် တချို့တလေအတွက်ကိုတော့ အင်း ဆိုးဝါးခြင်းတွေကို သယ်ဆောင်လာတက်ပါတကား၊၊ ဘယ်လိုအပြောင်းအလဲတွေများလဲနော် ၊၊ ဒီပိုစ့်လေးကို ဖြစ်ခဲ့ဖူ်းတဲ့အတိုင်းတင်ပြတာသာဖြစ်ပြီး ခေတ်တစ်ခေတ်မှာ ဖြစ်သွားခဲ့ဖူးတဲ့ ဇာတ်လမ်းလေး တစ်ပုဒ်အဖြစ်မှတ်တမ်းတင်ခြင်းသာဖြစ်ပါတယ် ၊၊ ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်နစ်နာစေ လိုခြင်း မရှိပါ ကြောင်းကြိုတင် အသိပေး အပ်ပါသည် ၊၊


********************************

ဒီလိုနဲ့ ဘယ်နှစ်ကြိမ်မြောက်မှန်းမသိတဲ့ ကျောင်းပိတ်ခြင်းကြောင့် မနှင်း တစ်ယောက် အထုပ်ဆွဲလို့ ပြန်ရပြန်တာပေါ့ ၊၊ အမှန်အတိုင်းပြောရရင်တော့ စိတ်ထဲသိပ်လည်း မကြည်လင်တော့ပါ ၊၊ ဘယ်တစ်နှစ် ကိုမှ ပြီးဆုံးအောင် တက်လိုက်ရတယ်ဆိုတာ မရှိ ၊၊ အခုတက်လိုက်အခုပိတ်လိုက်နဲ့ ၊၊ ဘယ်စာ ကိုမှလည်း ကောင်းကောင်းသင်ကြားခွင့်မရခဲ့ ၊၊ ဘယ်တုန်းကမှ နောင်တမရခဲ့ဖူးပေမယ့် အခုတော့ နောင်တရချင်သလိုလို ၊၊ ဒီကျောင်းကြီးကိုတက်ခဲ့မိလေခြင်းရယ်လို့ နောင်တရခြင်းမဟုတ် ၊ ဒီခေတ်မှာ ဒီအစိုးရလက်ထက်မှာ လူဖြစ်ခဲ့ရခြင်းရယ်ပေါ့ ၊၊ အော်ဒီသောက တွေ ဘယ်တော့များမှ လွတ် ငြိမ်း နိုင် ပါ မလဲနော် ၊၊

မှတ်မှတ်ယယ အင်မတန်ကျော်ကြားခဲ့တဲ့ ၈၈ အရေးအခင်းကြီးပြီး တဲ့နောက် မကြာမတင်မှာပဲ ၁၀ တန်း အောင်ခဲ့ပါတယ် ၊၊ ငယ်စဉ်ကတည်းက ဖြစ်ချင်လှတဲ့ အင်ဂျင်နီယာဘ၀ကို ရောက်ဖို့ ခပ်လွယ်လွယ် ထမင်းစားရေသောက် ဖြစ်လာခဲ့တာတော့ မဟုတ် ၊၊ တက်ချင်လွန်းလှတဲ့ ဒီကျောင်းတော်ကြီး ၊ ဖြစ်ချင်လွန်း လှတဲ့ အင်ဂျင်နီယာကြီး ၊၊ အော် ဘယ်ဘ၀ အတိတ်ဆိုး ကြောင့်များ ကိုယ်မကျူးလွန်မိတဲ့ အပြစ်ဆိုးတွေ ကို ခံစားပေးဆပ်နေရပါလိမ့်နော် ၊၊ ဒီလိုနဲ့ ၉၀ ကျော်ကျော် ခုနှစ်တွေမှာ တကသိုလ်ကျောင်း သူကြီး စစ်စစ် ဖြစ်ခဲ့ပါရဲ့ ၊၊ သဇင်မှာ ကျောတစ်နေရာ ချလို့ ဂုဏ်ယူဝမ်းမြောက်ခြင်း တွေ မဆုံးခင်မှာပဲ ၊ ၂ နှစ်လားကြာတယ် ကျောင်းပိတ်ပြန်ရောလား ၊၊ အင်းဒီလိုနဲ့ ကြုံရာနေရာမှာလည်း စာမေးပွဲဖြေရမယ်တဲ့လေ ၊၊ ဘယ်ညာမောင်းတက်ရုံနဲ့ အပွင့်တက်လို့ရတဲ့ ပညာရပ်တွေများ ထင်နေသလား ကွယ် ၊၊ တခါတခါ စိတ်နာနာနဲ့ မျက်နှာကိုစေ့စေ့ကြည့်ပြီး မေးကြည့် လိုက်ချင်မိပါရဲ့ ၊၊

အော် ဟိုမရောက်ဒီမရောက် ၊ ဟိုမှာတက်ဒီမှာတက်နဲ့ ၆ နှစ်တာ သင်ရိုးကို စုစုပေါင်း ၁၀ နှစ်နီးပါး သင်ကြားပြီး ဘွဲ့ဓါတ်ပုံတစ်ခု မှတ်မှတ်ယယ ရိုက်ဖြစ်ခဲ့ပါတယ် ၊၊ ပြောင်းလိုက်ရတဲ့ စာသင်ခန်း ဟိုမြို့က ဒီမြို့ ၊၊ ရန်ကုန်မှာ ကျောင်းစတက်ခဲ့တာ ကျောင်းပြီးတော့ ခေတ္တရာ ပြည်မြို့ မြို့ပြင်တစ်နေရာက လွင်ထီးခေါင်ပြင် မှာ ၊၊ ကျေးဇူးလည်းတင်မိပါရဲ့ ၊၊ သူတို့ကျေးဇူးနဲ့ ကာလရှည်ကြာ ကျောင်းသားလုပ်ခွင့် ရခဲ့ပါရဲ့ ၊၊ ဒေသစုံလည်း ရောက်ခဲ့ပါရဲ့ ၊၊ မကြုံဖူးတာလည်း ကြုံခဲ့ပါရဲ့ ၊၊ ရာသက်ပန် စိတ်ကူယဉ်ခဲ့ဖူးတဲ့ ပညာတက် အင်ဂျင်နီယာကြီး ဘ၀ကိုလည်း ရာသက်ပန် စွန့်လွှတ်ခဲ့ဖြစ်ပါရဲ့ ၊၊ အိမ်သားလုပ်သူရဲ့ တိုက်တွန်းမှုကြောင့်သာ အ၀ါရောင်နှစ်လိုင်းပါတဲ့ ဘွဲ့ဓါတ်ပုံ မည်းမည်းကြီးကို အိမ်ခန်းမှာ ချိတ်ဖြစ်ပေမယ့် ဘာမှမတက်တဲ့ ကိုယ်ဘာသာကို လိပ်ပြာမလုံတာကြောင့် ရဲရဲတောင် မကြည့်ဝံ့ ၊၊ သူတကာမေးလို့လည်း အင်ဂျင်နီယာလို့ မဖြေချင်ခဲ့ ၊၊ အခုတော့လည်း ခလေးတွေ စာပြတဲ့ ကျုရှင် ဆရာမ ပါပဲကွယ် ၊၊

မှတ်မိပါသေးရဲ့ ၊၊ ကျောင်းပြီးတော့ သကရာဇ်က ၂၀၀၀ ကျော်ပြီလေး ၊၊ ၉၀ ခုနှစ်ကျောင်ကျော်မှာတက်ခဲ့ တဲ့ကျောင်းက ၂၀၀၀ ကျော်မှာပြီးခဲ့တယ် ၊၊ တကယ့်လုပ်ငန်းခွင်ထဲကို တိုးတဲ့အခါ ကိုယ်နဲ့ မယဉ်ပါးတဲ့ အသုံးအဆောင် အပြောအဆိုတွေနဲ့ ပါတ်ဝန်းကျန်တခွင်တပြင်လုံး စိမ်းလို့ပါလား ၊၊ အမေရိကန်ပြန် သံအမတ် ပေးအပ်တဲ့ အကြံဥာဏ် ၊ ငါဟဲ့ ၀န်ကြီး ငါ ဆိုရင်အကုန်ပြိးရမယ် ဆိုပြိးသကာလ ၊ စင်ကာပူ လူငါးသန်းမှာ အင်ဂျင်နီယာ ငါးသောင်းလို့ငါကြားတယ် ၊ မြန်မာပြည် လူသန်းငါးဆယ်ကျော် လှည်းနေ လှေအောင်း မြင်းစောင်းမကျန် အင်ဂျင်နီယာ စီမံကိန်းကို အကောင်အထည်ဖေါ် ရမယ် ၊၊ ဆိုက်ကားသမားနဲ့ မြင်းလှည်းသမားပါ အကုန် အင်ဂျင်နီယာ လက်မှတ်ပေးအပ်ရမယ် ၊၊ ဆိုပြိး သကာလ ထုတ်လိုက်တဲ့ အင်ဂျင်နီယာ ၊၊ သရေကွင်းစက်ရုံထက်တောင် ကုန်ထုတ်စွမ်းအားမြင့်သေးရဲ့ ၊၊ နောက်ပိုင်း အလုပ် ပေးနိုင်တာ မပေးနိုင်တာ ငါ့အလုပ်မဟုတ် ၊၊ ငါ့အလုပ်က ငါ့လက်ထပ်မှာ အဆင့်မြင့် အင်ဂျင်နီယာ ကျောင်း အဲလေယောင်လို့ တကသိုလ်က ဘယ်နှစ်ခု ၊ ကျောင်းသား ကဘယ်နှစ်သောင်း ၊ ဒေါက်တာ ဘယ်နှစ်ရာ ၊ မဟာဘွဲ့က ဘယ်နှစ်ထောင် ၊ စီမံကိန်းမီ ထုတ်လုပ်ရေးသာ အဓိက ၊၊ ဆိုတဲ့ အမေရိကန်ပြန်ကြီးရဲ့ မဟာအတွေးတွေများ အံချီးစရာ ၊၊

ဟိုးအရင်က ၁၀တန်းကို ခခွေးနဲ့အောင်လို့ အပျင်းပြေ ဂျီတီအိုင်တက်ထားတဲ့သူလည်း ပြန်ခေါ် ဘွဲ့တစ်ခု ပေး ၊၊ ဘာဖြစ်ဖြစ် ဘွဲ့သာ ပေးလိုက် ၊၊၂ နှစ်တက်ခဲ့တာ မြိုပြ ၊ နောက်ထပ်နှစ်နှစ်က ချည်မျှင် ၊ နောက်ဆုံးဘွဲ့ရတော့ အိုင်တီ ၊၊ အမယ် လာသေး မာစတာကတော့ အဏုမြူနဲ့ပေး ၊၊ ရု၇ှားလည်း ပို့ပေးအုံးမတဲ့ ၊၊ ဒီလိုနဲ့ ဒေါက်တာတွေ လည်း ပေါသလားမမေးနဲ့တော့ ၊၊ တစ်ကမ္ဘာလုံး ဘယ်နေရာမှာ မှ ရှာလို့မရတဲ့ ပညာရေး ၊၊ အားလုံးလည်း စာရိတ္တတွေ မြင့်တက် လို့ ၊၊ အမှတ်လိမ် ကျောင်းသွား တက်တဲ့သူတွေလည်း ဒုနဲ့ဒေး ၊၊

အင်းဒီလိုနဲ့ ကိုယ်ကျောင်းပြီးတဲ့ အချိန်မှာ ဟိုးငယ်စဉ်ကတည်းက အတန်းတူ ချောက်တိချောက်ချက် ကျောင်းတက်ခဲ့တဲ့ သူငယ်ချင်း လည်း ဒေါက်တာဖြစ်နေပြီ ၊၊ ဘောကန်မပျက်တဲ့ သူငယ်ချင်းလည်း ဗိုလ် ကြီး ဆိုလား ၊၊ ကိုယ်တွေ ခြေမချခဲ့ရတဲ့ ကျာင်းတော်ကြီးမှာ မဟာဘွဲ့အတွက် စာတန်း လုပ်နေ သတဲ့ လေ၊၊ တော်ပါပြီ ၊၊ နောင်ဘ၀အဆက်ဆက်သာ ရှိခဲ့ရင် ဒီပညာရပ်တွေလည်း ဆက်မသင်ချင် တော့ပါ ၊၊ ဒီကျောင်းလည်း ဆက်မတက်လိုတော့ ၊၊ အလုပ်ရှာတော့လည်း ကိုယ်ယူထားတဲ့ ဘွဲ့ ဘယ်အလုပ်ကမှ အဆင်ပြေပြေမရ ၊၊ ဆက်သွယ်ရေးကို ၀င်တော့ PCO စောင့်တဲ့ စာရေးမလေးတွေလောက်တောင်မှ ၀င်ငွေက မရ ၊၊ အင်း အိမ်ကပေးစားတဲ့ ယောင်္ကျားယူပြီး ကိုယ်တက်နိုင်တဲ့ ပိုက်ဆံယူပြီး စာပြတဲ့ အလုပ်ပဲ လိုက်လျောညီထွေ လုပ်စားလိုက်တော့တယ် ၊၊ အင်းဒါလည်း ကောင်းတာပါပဲလေ ၊၊

( အစ်မတစ်ယောက် အတွက် အမှတ်တယ )

Friday, 18 September 2009

လွတ်လာပြီတဲ့

သူငယ်ချင်းတစ်ယောက် ၊ အင်း သူ့ကိုတော့ ဦးလေးပွလို့ခေါ်ကြတယ် ၊၊ ကိုယ်နဲ့လည်း သိပ်မရင်နှီးပါဘူး ၊၊ အဲဒါ ပေမယ့် သူကို့ကိုယ်သိသလို ကိုယ်ကိုလည်း သူသိမယ်လို့ထင်ရဲ့ ၊၊ ကျောင်းတုန်းကတော့ တွေ့ဖူးပါတယ် ၊၊ နာဂစ်ဖြစ်တဲ့ကာလပြီးမကြာပါဘူး အီးမေးလေးတစ်စောင်ရဘူးတယ် ၊၊ သူငယ်ချင်းတစ်ယောက် ၀င်သွား ရ တယ် တဲ့ ၊၊ ဒီနေ့တော့ လွတ်လာတယ်တဲ့ ၊၊ ၀မ်းသာပါတယ် ၊၊ အမှန်တကယ်ကိုယ်ချင်းလည်းစာမိပါတယ် ၊၊ ဘယ်လောက်များ အထီးကျန်မလဲနော် ၊၊ တွေးကြည့် ရင် စိတ်ကူးနဲ့ တောင် မလွယ်ကူတဲ့ဘ၀ပါ ၊၊ တခါတလေ သီလ ယူထားတယ်ဆိုတဲ့ နေ့လေးတစ်နေ့တောင်မှ ချုပ်ထီးတားရတာတွေက မလွယ်ကူလိုက်တာ ၊၊ အင်း သူတို့ လိုသာဆိုရင် တကယ်ကို မလွယ်ကူတာပါတကား ၊၊ အင်းပြောသာပြောတာပါ ကိုယ်တွေလည်း ဘာတစ်ခုမှ သူငယ်ချင်း တွေအတွက် မလုပ်ပေးနိုင်ခဲ့ဘူး ၊၊ ကျောင်းအတူတူ တက်ခဲ့ရပေမယ့် အင်း အတန်းတူတော့လည်း သူငယ်ချင်းပေါ့ ၊၊ ရင်းရင်းနှီးနှီး တစ်ဖွဲ့တည်းတော့လည်း ဟုတ်ပါဘူးလေ ၊၊ ဘာပဲဖြစ်ဖြစ် ဒီနေ့ လွတ်လာပြီဆိုတဲ့ စကားလေးကြားရတာ တကယ်ကို ၀မ်းမြောက်မိပါတယ် ၊၊ အသက်လေးငယ်သေးတယ် ၊၊ လုပ်စရာတွေ အများ ကြီးကျန်သေးတာကလား ၊၊ ခုမှ သက်တမ်းတစ်ဝက်သာ ရှိသေးတာ ၊၊
ပျော်ရွှင်ပါစေ

ရိုးရာ



အင်း ဟုတ်ပါ၇ဲ့ စာအသစ်မတင်ဖြစ်တာလည်းကြာပေါ့ ၊၊ ၀င်ဝင်ကြည့်ဖြစ်ပေမယ့် အသစ်မတင်ဖြစ်ဘူး ၊၊ မတင် ချင်တာ လည်းပါရဲ့ ၊၊ နောက်ဆုံးတင်ထားတဲ့ ရွှေတိဂုံစေတီတော် ပုံတော်လေးကို သာသာယာယာ ကြည်နူး နေမိတာ လည်း ဟုတ်ရဲ့ ၊၊ အမှန် တိုင်းပြောတာပါ ၊၊ သဒ္ဒါစိတ်ဝင်နေမိတာပါ ၊၊ အမှန်တော့ အသစ်လည်း တင်ချင် ပေမယ့် ၊ အဲဒီကြည်နူးနေ တဲ့ စိတ်လေးကို မဖျောက်နိုင်သေးဘူးဖြစ်နေတာ ၊၊ ဒါနဲ့ပဲ ဘေးက ဆိုက်ဘားလေး ပေါ်မှာ တင်ထားလိုက်မယ် လို့ ဆုံးဖြတ်ပြီး ဘေးကဆိုက်ဘားလေး မှာ တင်ထား ဖြစ်လိုက် ပါ တော့တယ် ဗျာ ၊၊ ကျွန်တော့်စာအများစုကလည်း ခပ်ရိုင်းရိုင်းခလေးတစ်ယောက် တိုင်စာရေးသလို စာဖတ်သူတွေကို မနူးညံ့စေ တော့လည်း ခပ်သားလား ၊၊ ကိုယ်တိုင်ကလည်း ပရိယာယ်ေ၀၀ှစ် လေးတွေနဲ့ အလှမဆင်တက်လေတော့လည်း လိုရင်တိုရှင်း ပြောချင်ရာကိုပြောနေမိတာကလား ၊၊ တက်နိုင်ဘူးရယ် ၊၊ အခုလည်း တင်မိပြန်ပါပြီပေါ့ ၊၊ အမှန်တော့ တင်ချင်နေပါတယ် ၊၊ ဘာလို့လည်းဆိုတော့ ကျွန်တော့်အတွက် အမှတ်တရ စက်တင်ဘာ အရေးအခင်းကြီးက မနေ့ကမှ ၂ ပတ် နှစ်ခါလည်တာ ၊၊ တင်ချင်ပါတယ် ၊၊ အဲဒီအကြောင်းတွေလည်း ၊၊ သို့သော် သို့သော် စိတ်မပျော်စရာတွေကို မမျှဝေချင်တော့ ၊၊ ကိုယ့်ကိုကိုယ်လည်း မကာကွယ်လိုတော့ ၊၊ ရှိစေတော့ ၊၊ ( ၁၅ ရက် စက်တင်ဘာ ၊ ၁၇ ရက် စက်တင်ဘာ ၂၀၀၇ ခုနှစ် )

Saturday, 12 September 2009

ကြည်နူးစုံစုံ ရွှေတိဂုံ

ရွှေတိဂုံ ဘုရားပုံတော်ပါ ၊၊ ကျွန်တော်ကိုလည်း သူငယ်ချင်းတစ်ယောက်ပို့ပေးတာပါ ၊၊ သူလည်းဘယ်သူ ရိုက်တယ် ဆိုတာမသိဘူးလို့ ပြောပါတယ် ၊၊ တကယ်ကို သပါယ်လို့ အားလုံးလည်းဖူးရအောင်တင်လိုက်တာပါ၊၊
ပုံကိုနှိပ်ပြီး အကြီးချဲ့လိုက်ပါ ၊၊
အားလုံးပျော်၇ွှင်ပါစေ
မင်းအိမ်ဖြူ

( သပ္ပါယ်လှတဲ့ ရွှေတိဂုံ ဘုရားပုံတော် ကို အားလုံး ဖူးရအောင် ကုသိုလ်ပြုပေးခဲ့လို့
ကျေးဇူးပါ
အဲဒီပုံတော်က ၂၀၀၈ ခုနှစ် ရွှေတိဂုံ calendar ရဲ့ front cover ပုံပါ
ဓာတ်ပုံ- ကြီးမြင့် (စက်မှုတက္ကသိုလ်) ဖြစ်ပါတယ် )
စာဖတ်သူတစ်ယောက်က အထက်ပါအတိုင်း ပြောပြပေးသွားလို့ ဒီဓါတ်ပုံလေးရဲ့ အကြောင်းကို တင်ပေးလိုက်ပါတယ် ၊၊ ပြောပြပေးတဲ့ အတွက်ကျေးဇူးတင်ပါတယ် ၊၊ Resolution မကောင်းတော့ ကင်မရာ အသေးလေးနဲ့ ရိုက်ထားတယ်ပဲထင်တာဗျ ၊ အခုမှသိတယ် ဓါတ်ပုံကို ပြန်ရိုက်ပြီး ပို့လိုက်တာထင်ပါတယ် ၊၊ ဘာပဲဖြစ်ဖြစ် တကယ်ကျေးဇူးတင်ပါတယ်ဗျာ ၊၊ ( ဓါတ်ပုံဆရာက စက်မှုတက္ကသိုလ် ကပဲ ဒါ့ကြောင့် ကောင်းတာ ဟာဟ ... ဘလော့ဂါတွေဆိုလည်း ကောင်းမှကောင်းလေ ဟာဟ .. နောက်တာနော် အားလုံးတော်တယ် )

Friday, 11 September 2009

အဟုတ်တကယ်ကျေးဇူးပါ

အဟုတ်တကယ်ကျေးဇူးတင်ပါတယ် ၊၊ လမ်းကြုံလို့ပဲဝင်ဝင် ၊ အားနာလို့ပဲလာလာ ၊ ဖတ်ချင်လို့ပဲ ဆိုဆို ဘာလို ခံစားချက်နဲ့ပဲ ရောက်လာပါစေ တကယ်အဟုတ်ကျေးဇူးပါ ၊၊ ကိုယ့်ရင်ထဲမှာမွန်းကျပ်တာတွေ ခံစားတာတွေ ဟုတ်တာတွေရော ထင်တာတွေပါ ဝေေ၀ဆာဆာ တင်ချင်တာတွေ တင်လာတာလည်း မနည်းတော့ပါဘူး ၊၊ အားကလည်း ခပ်နာနာပါ ၊၊ တခါတခါ လူတိုင်းကို ပြောပြလို့မရတဲ့ခံစားချက် က ကိုယ်မသိတဲ့ မိတ်ဆွေတွေကို ရင်ဖွင့်လိုက်တဲ့အခါ ပေါ့ပါးသွားတဲ့ ခံစားချက်ကြောင့်တင်နေမိဆဲ ၊ ရေးနေမိဆဲ ၊၊ ကိုယ်မမြင်ဘူးတဲ့ သူငယ်ချင်း တွေကို ပိုခင်တွယ်မိနေဆဲ ၊၊

တခါတခါတော့လည်း ကိုယ်ရေးချင်တာရေးမိတဲ့အခါ တဖက်သားများ ထိခိုက်သွားလေမလားရယ်လို့ နောက်ကျမှ စဉ်းစားမိတာမျိုးလည်း ရှိရဲ့ ၊၊ ကိုယ်ကတော့ ကိုယ်အမြင်နဲ့ ကိုယ်ထင်တာ တင်မိလေတာ ၊၊ သပ်သပ် သာထိခိုက်ပါစေလည်း မရည်၇ွယ် ၊၊ တခါတခါတော့လည်း ရှိတက်မှာပါပဲ ၊၊ ပွင့်ပွင့်လင်းလင်းပြော တဲ့ သူရှိနိုင်သလို တချို့လည်း တိတ်တိတ်လေး ကြေကွဲနေမလားပဲ ၊၊ ခံစားကြည့်တာပါ ၊၊ ရှိချင်လည်း ၇ှိမယ် ရှိချင်မှလည်း ရှိမယ်ပေါ့ ၊၊ ဒါကတော့ စာအပုဒ်တိုင်း ၊ အကြောင်းအရာတိုင်း ၊ ဘလော့ရေးသူတိုင်း တွေ့ကြုံရမှာပါ ၊၊ ကိုယ်တွေက ကိုယ်ထင်တာ တင်ပြသလို အခြားတစ်ဖက်မှာလည်း ထင်တာတွေ ရှိနေတက် တာကလား ၊၊ ဒါ့ကြောင့်လည်း လက်ခုံလက်ဝါးရယ်လို့ ဆိုခဲ့ကြပေသကိုး ၊၊

ဟောကြည့် အခုလည်းဘာရယ်မဟုတ် လတ်တလောဖျတ်ကနဲ ခံစားနေရတာလေး တင်မိပြန်ပြီ ၊၊ ဘာပဲဖြစ်ဖြစ် အဟုတ်တကယ်ကျေးဇူးပါဗျာ ၊၊ စာလေးဖတ်လို့ပေါ့ဗျာ ၊၊ အခြားရေးဖော်သူငယ်ချင်းများလည်း သတိထား မိစေပေါ့ ၊၊ ဟာဟ ဆရာလုပ်တာဟုတ်ဘူး ရယ် ၊ တတိပေးတာ ဘာမှ ဖြစ်လို့ရယ်ဟုတ်ဘူး ဟီဟိ..( အချိန်ခဏ လေးရလို့ ရုံးမှာဘလော့ကင်းလိုက်တာ )
ပျော်ရွှင်ပါစေ
မင်းအိမ်ဖြူ

Tuesday, 8 September 2009

သတင်းမှား

သတင်းမှားကိုလက်ခံရရှိတာဟာ အင်မတန်မှ အန္တာရယ်များပါတယ် ၊၊ အဲဒီသတင်းအချက်အလက်ကို မရတာ ကမှာ သတင်းမှားကို လက်ခံရရှိတာထက် ပိုပြီးကောင်းပါသေးတယ် ၊၊ ကျွန်တော်ဒီပိုစ့်လေးကို ရေးမိပြန် ပါပြီ ၊၊ ခံစားရတာလေးကို မျှဝေပေးခြင်းသပ်သပ်ပါ ၊၊ အခုလို စီးပွားရေးအခြေအနေမကောင်းတဲ့ကာလလေးမှာ အလုပ်အကိုင်တွေ ကျပ်တည်းနေတဲ့ အချိန်မှာ သတင်း မှားတစ်ခုကို လက်ခံရရှိမယ်ဆိုရင် အခြေအနေမကောင်းရင် ဘ၀ပါပျက်သွားနိုင်တယ် ဆိုတာလေး သိစေ ၊ သတိရစေလိုတဲ့အတွက် တင်မိပါတယ် ၊၊

တခါတလေမှာ မိတ်ဆွေအပေါင်းအသင်း သူငယ်ချင်းများကြောင့် ပြီးမြောက်အောင်မြင်သွားတဲ့ အကြောင်း အရာ တွေ ရှိသလို အဲဒီမိတ်ဆွေ အပေါင်းအသင်း သူငယ်ချင်းများကြောင့်လည်း ဘ၀ပျက်သွားနိုင်ပါတယ် ဆို တာလေးကို မမေ့ကြစေချင်ပါဘူး ၊၊ကျွန်တော် ဟိုးရှေးပိုင်းစောစောတုန်းက ပိုစ့်တစ်ပုဒ်တင်ခဲ့ဘူးပါတယ် ၊၊ လခအကြောင်းအရာနဲ့ပါတ်သပ်လို့ပါပဲ၊၊ စင်ကာပူ၏ပထမဆုံးသောနေ့ရက်များ ၃ ဆိုတဲ့ပိုစ့်လေး ပါပဲ ၊၊ ကျွန်တော်ကတော့ ဒီကိုရောက်လာကတည်းက သူတို့သတ်မှတ်ထားတဲ့ အခြေခံလခရယ် ၊ နောက် အကြမ်းဖျင်းမေးမြန်းပြီး လုပ်လိုက်တာပါပဲ ၊၊ ဒါက အဓိက ဆိုလိုချင်တာမဟုတ်ပါဘူး ၊၊ အတော်များများ ပြောနေတဲ့ ဈေးလျှော့လုပ်တယ် ဆိုတဲ့ အကြောင်းပါပဲ ၊၊ လျှော့ တာမလျှော့တာ ၊ ဘယ်လောက်တောင်းတယ် မတောင်းတယ်ဆိုတာက ကိုယ့်ကိစ ကိုယ့်အပိုင်းမို့ ကိုယ်နဲ့သာ ပါတ်သပ်ပါတယ် ၊၊ လူတကာကို ပြောဖို့ မလို သလို လူတကာကို မေးဖို့လည်း မလိုဘူးလို့ ထင်ပါတယ် ၊၊

ဘာလို့ဒီလို ဆိုရပါသလဲဆိုတော့ ကျွန်တော်ကိုယ်တိုင် နှစ်ကြိမ်တိုင်တိုင် ကိုယ်တွေ့ကြုံဖူးလို့ပါပဲ ၊၊ ပထမအကြိမ် က ခုန တင်ခဲ့တဲ့ပိုစ့်ထဲက လူတစ်ယောက်ပါ ၊၊ သူတစ်ကယ်ပြောခဲ့တာပါ ၊၊ ကျွန်တော် တစ်ယောက်တည်းကို တောင် မဟုတ်ပဲ ကျွန်တော်နဲ့ ကျွန်တော့်သူငယ်ချင်း ကိုပါ ၊၊ ကျွန်တော်တို့ စင်ကာပူ ရောက်ကာစ အလုပ်ရှာ စဉ်တုန်းက သူငယ်ချင်း နှစ်ယောက်တူတူ အလုပ်ရှာပါတယ် ၊၊ အင်တာဗျူးတူတူသွားပါတယ် ၊၊ မှတ်မှတ် ယယ အဲဒီ မှာ ခုနပြောတဲ့ လူတစ်ယောက်နဲ့တွေ့တော့ သူက အလုပ်ကို သတ်မှတ်နှုန်းထက် လျှော့မလုပ်သင့်ကြောင်း မြန်မာတွေကို ဈေးနှိမ်တာကို လက်မခံသင့်ကြောင်း တော်တော်ကိုအားကောင်းမောင်းသန်ပြောပါတယ် ၊၊ နောက် သူပဲ သတ်မှတ်ဈေးထက် ၃၀၀ လားမသိ လျှော့ပြီး လက်ခံလိုက်ပါတယ် ၊၊ ကျွန်တော် လက်ခံပါတယ် ၊၊ လူဆိုတာ ကိုယ့်ဘ၀ ကိုယ့်အခြေအနေနဲ့ပါ ၊၊ နားလည်ပါတယ် ၊၊ သို့သော် ကိုယ်လက်ခံမယ်ဆိုရင်လည်း မပြော သင့်ဘူးလို့ထင်ပါတယ် ၊၊ စာဖတ်သူလည်း သူရဲ့သဘောထားကို စစ်ကြောမိမယ်လို့ ထင်ပါတယ် ၊၊ ကိုယ့်ရဲ့ နေရာ လေးတစ်ခုအတွက် တစ်ဖက်သားကို သတင်းမှားပေး ၊ စိတ်ဓါတ်ရေးရာအရ တိုက်ခိုက်ပြီး လုယူလိုက်တဲ့ သဘောပါ ၊၊ ဒါမျိုးကိုတော့ သတိထားသင့်တယ်လို့ထင်ပါတယ် ၊၊ တကယ်လို့ အဲဒီနေရာမှာ ကျွန်တော်တို့ မဟုတ်ပဲ နေထိုင်ခွင့်လည်း ကုန်တော့မယ့် ၊ အဆင်မပြေတဲ့ ဒီအလုပ်မှ မရရင် မဖြစ်တဲ့သူဆို ရင် ဘယ်လို လုပ်ပါ့မလဲဗျာ ၊၊ ဒါပထမတစ်ယောက်ပါ ၊၊

လာပါပြီနောက်တစ်ယောက် က တစ်မျိုး ၊၊ ခုလိုအချိန်မှာ အားလုံသိတော်မူတဲ့အတိုင်း နိုင်ငံသားတွေ တောင်မှ
ခက်ခက် ခဲခဲ အလုပ်ရှာနေရတဲ့ အချိန်မှာ အလုပ်တွေ ပြန်ကောင်းလာပြီလို့ သတင်းမှားကို တဘက်သား အလုပ် ရှာနေသူတွေ ထင်ယောင်ထင်မှားဖြစ်အောင်ပေး ၊၊ လခတွေ ကိုအဆမတန် ပိုတောင်းခိုင်း ၊၊ ဒီရာထူးကိုဒီ လခ နဲ့ မလုပ်သင့်ဘူး ၊၊ ပိုတောင်း ဆိုပြီး ကောင်းစေချင်သလိုနဲ့မြောက်ပေး ၊၊ အမှန်ကတော့ သူလည်း မလွယ်ဘူး ဆိုတာ အသိပါ ၊၊ စိတ်ဓါတ်ရေးရာ အရ တိုက်ခိုက်တာပါ ၊၊ နောက် ခုန အထက်က တစ်ယောက် ဆိုခဲ့သလို ဈေးလျှော့မလုပ်သင့်ဘူး ၊၊ ဒါဟာနှိမ်တာပဲ အစရှိသဖြင့်ပေါ့လေ စိတ်ဓါတ်ကို စကားလုံးတွေနဲ့တိုက်ခိုက်တက်ပါတယ် ၊၊ အဲဒီတော့ ဘာပဲဖြစ်ဖြစ် ချင့်ချိန်ပြီးမှ ယုံကြည်စေချင်ပါတယ် ၊၊ သူများပြောသမျှ မယုံပဲ ကိုယ်တိုင် လည်း လိုက်လံစုံစမ်းစေ ချင်ပါတယ် ၊၊ တချို့တလေက တကယ် စေတနာနဲ့ပြောသလို တချိုတလေကတော့ တစ်ဖက်သား သပ်သပ် မဲ့ အဆင်မပြေအောင် လုပ်ကြံပြောဆိုကြတာဖြစ်ပါတယ် ၊၊ နောက်တော့လည်း သူတို့ကိုယ်တိုင် ရသလောက်ဈေး နဲ့လက်ခံလိုက်တာ ကိုယ်တွေ့ပါ ၊၊ အဲဒီအခါမှာတော့ စိတ်မကောင်းဖြစ်မိရုံမှတစ်ပါးကိုယ့်မှာလည်း ပြောစရာ စကား မရှိတော့ပါဘူး ၊၊ အဲဒီတော့ သူငယ်ချင်းတွေကို ပဲ အဲဒီလို ကြုံခဲ့ရင် နားမ၀င်မိစေဖို့ သတင်းပေး ရင်း မျှဝေပါတယ် ၊၊ ကိုယ့်ဘ၀ကိုယ့်အကြောင်းနဲ့မို့ ဘယ်သူတွေ ဘာတွေပဲပြောနေပါစေ ကိုယ့်အရာကို ကိုယ်သာဆုံးဖြတ်ကြပါ ၊၊ တချို့လူတွေက လဲကျနေရင်သာ ဖေးကူချင်ပေမယ့် ထောင်မတ်ပြီး အဆင်ပြေသလို ရှိမယ်ဆိုရင်တော့ ရိုက်ချဖို့ အမြဲအကွက်ချောင်းနေကြတာပါ ၊၊ ဘာပဲဖြစ်ဖြစ် သတိလေးထား ပြီးတော့သာ အသိဥာဏ်လေး ဖေးပြီးတော့ အသက်မွေးကြပါလို့ဆိုပါရစေ ၊၊ အခု အချိန်မှာ ဒီမှာ နေထိုင်လုပ်ကိုင်နေသူတွေ အနေနဲ့ PR မဟုတ်ဘူးဆိုရင်တော့ တစ်ချက်ကလေး ခြေချော်လက် ချော် ဖြစ် သွားတာနဲ့ တခါတည်း ပြည်တော်ပြန် ဂျောင်းရမှာမို့ ချုံခိုတိုက်ခိုက်သူတွေကို သတိထားပြီး ဝေးဝေး ကရှောင်ကြပါလို့ပဲ သတင်းပါးလိုက်ပါရစေ ၊၊

မင်းအိမ်ဖြူ

နေရာလေးတစ်ခု


ဒီနေရာလေးမှာ တရားဝင်ထိုင်ပြီး ဟောဒီလိုညနေခင်း နေ၀င်ချိန်လေးတွေကို ငေးချင်မိပါရဲ့ ၊၊ ဘယ်တော့များမှ ကိုယ့်အလှည့်ကျမှာလဲနော် ၊၊ စောင့်စားခဲ့တာ အချိန်တွေကြာပေါ့ ၊၊ အင်း ဘာပဲဖြစ်ဖြစ် ဆက်စောင့်နေအုံးမှာပဲ ၊၊ တစ်နေ့တော့ ကိုယ့်အလှည့်ရောက်လာမှာပေါ့ ၊၊ သွားစရာနည်းလမ်းတွေ အသွယ်သွယ်ရှိပေမယ့် ကိုယ့် လိပ်ပြာ ကိုယ်လုံချင်သရွေ့တော့ လမ်းရိုးကို လျှောက်လှမ်းနေမှာပဲ ၊၊ ကျားကုတ်ကျားခဲ ရခဲ့တဲ့ နည်းနည်းလေး မို့ လွယ်လွယ်လည်း စွန့်မပစ်နိုင်ဆဲ၊၊

Monday, 7 September 2009

မုန်းသူ ကျိန်စာ

တစ်ကြိမ်တစ်ခါ အမှားအတွက်
အသေအချာ အသနားခံခဲ့ပေမယ့်
မရေမရာ ဘ၀ကိုဖြတ်သန်းနေရတာက
ချစ်ခဲ့သူပဲ ၊၊

အချစ်ကြီးလို့ အမျက်ကြီးသတဲ့
ရန်သူချင်းတောင် မှ
တောင်းပန်ရင်းကျေအေးရသေးတာ
ချစ်ခဲ့သူ ချင်းပဲ ၊၊

အနိုင်အရှုံး ဈေးတွက်မတွက်ပဲ
ဘ၀အမုန်းတစ်သက်လုံးမကွက်ပဲ
လက်ထပ်ခြင်းရဲ့အဆုံးသတ်မှာ အမုန်းအဖက်စေလိုတာက
ချစ်ခဲ့သူပဲ ၊၊

အမာရွတ်မြင်တိုင်း သတိရနေတယ်ဆိုရင်
နာကျင်စေချင်ခဲ့တာ မဟုတ်တဲ့အတွက်
ဒီခရီးက ဒီထိးနဲ့သင့်မယ်ထင်လို့ မင်းသွားခဲ့ပြီမို့
ရွှေအတိပြီးတဲ့မင်းဘ၀ အင်းလှပြီးရင်းလှနေပါရောလားဗျာ ၊၊
ကျေနပ်ပြီး နှစ်သိမ့်လိုက်စမ်းပါ ၊၊ ကျေအေးပြီး မုန်းပေးလိုက်စမ်းပါ ၊၊ အငြိုးအတေးတွေ ဘေးဖယ်ပေးလိုက်ပါ ၊၊

မင်းအိမ်ဖြူ

( သူငယ်ချင်းတစ်ယောက် ပြောပြတဲ့ ကိုယ်တွေ့ ဇာတ်လမ်းလေးကို ကိုယ်ချင်းစာပြီး ခံစားကြည့်ပါသည် )
(ကံမဆုံလို့ မပေါင်းခွင့်ရတဲ့နောက်မှာ ချစ်ခဲ့ဖူးသူချင်း အငြိုးအတေးတွေနဲ့ တိုက်ခိုက်နေမယ့်အစား ကောင်းစား တာမမြင်လိုဘူးဆိုရင်တောင်မှ မျက်စိမှိတ်ပြီး တိတ်တိတ်လေး နေပေးတာကမှ သင့်တော်ဦးမယ်ထင်ပါတယ် )
(ချစ်ခဲ့ဖူးသူတွေ မုန်းတဲ့အခါမှာ သာမန်အမုန်းထက်ပိုပြီးတောင်မှ ပြင်းထန်တက်ပါကလားလို့ သံဝေဂရမိ၏ )

စံ

လူတစ်ယောက်နဲ့တစ်ယောက် သတ်မှတ်ထားတဲ့ စံ နှုန်းတွေ မတူညီတဲ့အခါမှာ တခါတလေတော့လည်း ပြသနာ လေးတွေဖြစ်တက်ပါတယ် ၊၊ နားလည်မှုဆိုတဲ့ ချိန်ညှိုကိရိယာလေးနဲ့ တိုက်ညှိုလိုက်တဲ့အခါမှာတော့ တခါတလေလည်း အဆင်ပြေမှုလေးတွေကို ရရှိပေမယ့် တခါတလေတော့လည်း ဘယ်တော့မှ မဆုံတော့ ဘူးရယ် ဆိုတဲ့ညောင်ညိုပင်စခန်းမှာ လမ်းခွဲရတာလေးတွေလည်း ရှိတက်တာကလား ၊၊

ဘာပဲဖြစ်ဖြစ် ရှေ့ခရီးကိုအတူဆက်ရန်ပဲဖြစ်ဖြစ် ၊ ညောင်ညိုပင်စခန်းမှာ လမ်းခွဲရသော်လည်းရှိ တွေ့ဆုံညှိုနိုင်း မှုဆိုတာမျိုးက တခါလောက်တော့ လုပ်သင့်တယ်လို့ ထင်မြင်နေမိဆဲ ၊၊ တွေ့ဆုံညှိုနိုင်းခြင်းရဲ့ရလဒ်က အဆိုးထွက် တော့လည်းတမျိုးပေါ့ ၊၊ အဲ အကောင်းထွက်လာရင်တော့ အမြတ်လို့ပဲ ဆိုရပေမပေါ့ ၊၊ ကျွန်တော် ကိုယ်တိုင်ကတော့ ထိပ်တိုက်ရင်ဆိုင်တွေ့ဆုံ ဆွေးနွေးမှုကိုပဲ အားပေးတယ် ၊၊ လိပ်ခဲတည်းလည်း တစ်ယောက် နဲ့တစ်ယောက် သံသယနဲ့ ပတ်သပ်နေမယ့်အစား ပွင့်ပွင့်လင်းလင်း ညှိုနှိုင်းခြင်းက အကောင်းဆုံး မဟုတ်ပေ ဘူးလား ၊၊ အဲရလဒ်ကိုတော့ လက်ခံနိုင်တဲ့အား ရှိရပေမပေါ့ ၊၊

ဒီလို ထိပ်တိုက်ရင်ဆိုင်တွေ့ဆုံ ဆွေးနွေးမှုတွေနဲ့ ယဉ်ပါးလာတဲ့ ကျွန်တော့်အတွက်တော့ ရန်များလာတာတော့ လည်း အသေအချာပါပဲ ၊၊ ဒါပေမယ့်လည်း ခုထိတိုင်ပတ်သပ်နေသမျှ လူအားလုံးကိုလည်း စိတ်ရှင်းရှင်းနဲ့ ဆက် ဆံလို့၇နေမြဲ ၊၊ ဒါဟာအမြတ်ပေါ့ ၊၊ တခါတခါ လည်မလိုလိုနဲ့ အတော်ကို နုံအတဲ့ကျွန်တော်ဟာ ဘာမှ နားမလည် ပဲလည်း ၀င်ဝင် ဆရာလုပ်တက်နေမြဲ ၊၊ အဲကိုယ်ထင်တာကိုလည်း အမှန်လို့ ထင်မှတ်နေဆဲ ၊၊ ကိုယ် မှန်တယ်ထင်တာက မှားနေပြီး ၊ ကိုယ်မကောင်းဘူးထင်တာက တခါတခါ ထင်မထားတက်အောင် ကောင်းနေဆဲ ၊၊ ဒါမျိုးလေးတွေ ကြုံတွေ့နေရပေမယ့် တရက်နဲ့တရက် ပုစာမထပ်တဲ့ ဘ၀ ကျောင်းသင်္ခန်းစာကို တော့ မကျေမညပ် သင်အံကျက်မှတ်နေမိဆဲ ၊၊
တွေ့ဆုံဆွေးနွေးမှုဖြင့် အဖြေရှာနိုင်ကြပါစေ ၊၊
မင်းအိမ်ဖြူ

Saturday, 5 September 2009

SMRT ခိုးစီးရအောင်

စင်ကာပူကိုရောက်လာတော့ ကျွန်တော့်အတွက်တော့ မမြင်ဘူးတာလည်း မြင်ရသလို မကြားဘူးတာလည်း ကြားရပါတယ် ၊၊ မတွေ့ဘူးတာတွေလည်းတွေ့ရပါတယ် ၊၊( ဒီနေ့ရတဲ့ Forward မေးထဲကလိုတော့ ဓါတ်ပုံတွေ ခိုးမရိုက်ပါဘူး ) ၊၊ မြင်မြင်သမျှ အထူးအဆန်းတွေ ချည်းပါပဲ ၊၊ တကယ်ပါ ၊၊ အိမ်ကလူတွေကို ခေါ်ပြချင်စိတ်တွေ တဖွားဖွားပေါ်မိပါတယ် ၊၊ အမျိုးတွေကိုလည်း ပြချင်မိပါတယ် ၊၊ ဒါအထင်ကြီးတာမဟုတ်ဘူးနော် ၊၊ ကိုယ့်ဆီမှာ မရှိတာတွေကို သိစေချင် ၊ ပြချင်မိတာသပ်သပ်ရယ်ပါ ၊၊

တောသား ပထမဆုံး အံအားသင့်ရတာက ကဒ်လေးကပ်လိုက်ရင် တီ ဆိုပြီး တံခါးလေးပွင့်သွားတဲ့ MRT ပါပဲ ၊၊ တကယ်ကို အထူးအဆန်းပေါ့ ၊၊ အဲ ဆရာလုပ်သူက ကျွန်တော့်အရှေ့ ၂ ပတ်လောက်စောရောက်နေတဲ့ အစ်မ ပေါ့ ၊၊ သူကခပ်တည်တည်ပဲ ၀င်သွား ၊ ကိုယ်ကနောက်က၀င်သွားပေါ့ ၊၊ ဟုတ်နေတာပဲ ၊၊ နောက်ရောက်တဲ့ဘူ တာကျတော့ ဆင်းပြီး ကဒ်လေး တီ ဆိုပြီး ထွက်သွား ဟန်ကိုကျလို့ဗျ ၊၊ ပထမဆုံး စပြီးစဉ်းစားမိတာက ဘယ်လို ငွေကိုဖြတ်သွားလဲပေါ့ ၊၊ အဲဒီမှာတောသား အုံးစားပြီ ၊၊ တကယ် ၊၊ သူကဘယ်လိုလုပ်သိလဲပေါ့ ၊၊ ငါ့ကို ဘယ် လောက် ကောက်ပြီး သူများတွေကို ဘယ်လောက်ကောက်လည်းပေါ့ ၊၊ တောသား စဉ်းစားပြီ ၊၊ ခုထိလည်း သေချာတော့ မရေရာသေးပေမယ့် ၊၊ သိသင့်သလောက်တော့ သိသွားပါပြီ ၊၊

မှတ်မှတ်ယယ MRT ထဲမှာ နေတာကြာသွားလို့ Over Stay ဆိုပြိး တခါလည်း ၂ ကျပ်ဖြတ်ခံထိဘူးပါတယ် ၊၊ ခရီးကလည်း သိပ်မရှည်ပါဘူး၊၊ Tempanies ကနေပြီး City Hall အဲဒီမှာ ရထားပြောင်းပြီး အနီလိုင်းစီး ပြီးတော့မှ Jurong East ကိုသွား ပြီးတော့ တခါပြောင်းပြီး Lake Side ထိရောက်အောင်ထပ်စီး ပြီးတော့မှာ ပြန်လာ Yishun မှာ ဂိတ်ဆုံးတာပါ ၊၊ ထွက်လည်းထွက်ရော ပေးမထွက်တော့ဘူးဗျ ၊၊ မီးနီပြပြီး တတီတီ လုပ်နေ ပါရောလား ၊၊ ဒါနဲ့ပဲ ၂ ကျပ်ထွက်သွားရော ၊၊ ပြောလိုက်သေးတယ် နောက်ကို ဒီလောက်ကြာ အောင် မစီးပါနဲ့တဲ့ ၊၊ ကိုယ်မှ မသိတာကို စီးမိတာပေါ့ဗျာ ၊၊ ထားလိုက်ပါတော့ ကြုံခဲ့ဘူးတာလေးပြောတာပါ ၊၊ အဓိက ပြောချင်တာက ငွေကုန်သက်သာအောင် ခိုးစီနည်းပါ ၊၊

MRT ကတော့ မလွယ်ဘူးဗျ ၊၊ အဲ ဘတ်စ်ကားတွေကတော့ လွယ်ပါတယ် ၊၊ ကိုယ်စတက်ပြိး ကဒ်လေးကို ကပ်လိုက်ပါ ၊၊ တီဆိုပြီး ၀င်သွားလိုက် ၊၊ ပြီးရင်ယောင်လည်လည်နဲ့ မတ်တပ်လေးရပ်နေပါ ၊၊ နောက်တစ် မှတ်တိုင်လည်းရောက်ရော ထပ်ကပ်လိုက်ပါ ၊၊ တီဆိုပြီး ကိုယ်ဆီက ငွေဖြတ်သွားပြီး ၊၊ ပြီးပြီဆိုတော့မှ နောက်က ခုံအလွတ်မှာ သွားထိုင်စီး ၊၊ ဘာပိုက်ဆံမှ မပေးရပါဘူး ၊၊ တွက်ခြေကိုက်ပါတယ် ၊၊ ကျွန်တော်တော့ တကယ်ကို တခါမှ မလုပ်ဘူးပါဘူး ၊၊ တကယ်ပါဗျာ ၊၊ ( ကျန်တာတော့လုပ်ပါတယ် )

အဲဒီအကြံပေးသွားတာကတော့ အသက် ၂၂ ၀န်းကျင် ဒီမှာ လာအလုပ်ရှာတဲ့ကောင်လေးတစ်ယောက်ပါ ၊၊ ကျွန်တော် တော်တော်လည်း လန့်သွားသလို တော်တော်လည်း အံအားသင့်မိပါတယ် ၊၊ တကယ်ပါ ၊၊ သူပြော မှ ဒီလိုလုပ်လို့ရတယ်ဆိုတာ သိတာပါ ၊၊ ကျွန်တော်ဘာပြန်ပြောရမှန်းကိုမသိတော့ပါဘူး ၊၊ ကျွန်တော် တကယ်လူ ကောင်းမဟုတ်ပါ ၊၊ မဟုတ်တာလည်းလုပ်ချင်ရင် လုပ်မိပါတယ် ၊၊ ဒါပေမယ့် ဒီလိုမျိုးတော့ မလုပ်လည်း မလုပ်ရဲသလို မလုပ် အပ်ဘူးလို့လည်း ထင်မိပါတယ် ၊၊ ကျွန်တော် အဲဒီညီငယ်လေးကို ပြောလိုက်ပါတယ် ၊၊ " အစ်ကိုတို့ကို အစ်ကိုတို့ အစိုးရက ဂရုမစိုက်လို့ သူများနိုင်ငံမှာ လာအလုပ်လုပ်နေရပါတယ် ၊ သူတို့ကောင်း တယ်မကောင်းဘူး အစ်ကို ဘာမှ မပြောချင်ဘူး ၊ ဒါပေမယ့် ညီတို့ကို ပေးထားတဲ့လခနဲ့ ကိုယ်တစ်ကိုယ်ရေ သုံးစာတော့ ကောင်းကောင်းလောက်ငှပါတယ် ၊ ကိုယ့်အပေါ် မကောင်းဘူး ဆိုရင်တောင် သူတို့ လည်း သူတို့ အလုပ်သူတို့လုပ်နေတာ အစ်ကိုတို့က လာတဲ့ခဏမှာ ကိုယ့်အလုပ်ကိုယ် လုပ်တာ တာဝန်ကျေတာ မကောင်းဘူးလား ၊ သတိတော့ထားပါ ၊ တခါတလေ လာစစ်တဲ့သူတွေ ကားပေါ်မှာ ရှိတက်တယ် " လို့တော့ သတိပေးလိုက်ပါတယ် ၊၊ အဲဒါတကယ်ပါ ၊၊ ဘယ်လိုပြောရမလဲ ၊၊ ဟုတ်ကဲ့ဘယ်လိုပြောရမှန်းကို မသိတာပါ ၊၊
လေးစားစွာဖြင့်
မင်းအိမ်ဖြူ
(ဒီပိုစ့်လေးကို ရေးချင်နေတာကြာပါပြီ ၊၊ ဒီနေ့တော့ ရလာတဲ့ အီးမေးထဲက ဓါတ်ပုံတွေ လိုက်ရိုက်လို့ အဖမ်းခံ လိုက်ရတယ် ဆိုတဲ့စာလေးကြောင့် ဒီပို့စ်လေးကို တင်လိုက်မိတာပါ ၊၊ ဘယ်သူ့ကိုမှ ထိခိုက်စေလို ခြင်း မရှိပါ ၊၊ အမှားပါရင် ဆောရီးဗျာ )

Friday, 4 September 2009

လိုအပ်မယ်ထင်တာလေး

မြန်မာနိုင်ငံမှာတုန်းက အလုပ်ရှာတဲ့အခါမှာ အရေးမကြီးဘူးလို့ထင်ထားပေမယ် အခု စင်ကာပူ ကိုရောက်တဲ့အခါမှာ မဖြစ်မနေလုပ်ရတာကတော့ Resume Form ကောင်းကောင်း တစ်ခု ပြင်ဆင်ရတာပါပဲ ၊၊ မလိုအပ်ဘူးလို့ မြန်မာနိုင်ငံမှာ ထင်ထားခဲ့ပေ မယ့် ဒီကိုရောက်လာတဲ့အခါမှာတော့ တော်တော် အရေး ပါတယ် ဆိုတာ အလုပ် ရှာဖူးသူတိုင်း သတိထားမိကြမှာပါ ၊၊ မြန်မာပြည်မှာက လျှောက်လွှာတင်သမျှလူကို ပထမဆုံး အင်တာဗျူး အဖြစ်လူတွေ့ခေါ်ပေမယ့် ဒီမှာကတော့ သတ်မှတ်ထားတဲ့လူလောက်ကိုသာ ခေါ်တွေ့တော့တာပါ ၊၊ သူတို့ အဆိုအရတော့ Shortlist Candidates ကိုပဲ ခေါ်ယူပါမယ် ပေါ့ ၊၊ ဆိုလိုတာ ကတော့ လူတိုင်းကို သူတို့ ခေါ်မှာ မဟုတ်တော့ပဲ သူတို့ စိတ်ဝင်စားတဲ့သူ ကိုသာခေါ်မယ် ဆိုတဲ့သဘောပါ ၊၊ အဲဒီတော့ ရတာ မရတာအပထား လူချင်းသွားတွေ့ခွင့် ရဖို့ကိုက တော်တော် မလွယ်တဲ့ သဘောပေါ့ ၊၊

အဲဒီအခါမှာတော့ ကိုယ့်ရဲ့ အရည်အချင်းကို တင်ပြတဲ့ ကိုယ်ရေးရာဇ၀င် စာရွက်ပိုင်းလေး က တော်တော်ကို အရေးပါတဲ့အပိုင်းကို ရောက်လာပြီလို့ ဆိုရပါမယ် ၊၊ သူတို့ စိတ်ဝင်စား စေမယ့် အရည်အချင်းတွေ ရှိနေဖို့ လိုအပ်ပါတယ် ၊၊ တင်ပြပုံကောင်းကောင်းလေး ပြင်ဆင် ထားဖို့လိုအပ်တယ် လို့ထင်ပါတယ် ၊၊ အခုအခါမှာတော့ အင်တာနက်ကနေပြီးတော့လည်း ပုံစံနမူနာတွေ ကို Free Download ဆွဲနိုင်သလို ၊ ၀ယ်ယူလို့လည်းရပါတယ် ၊၊ နောက် တစ်ခါ ရှေ့မှာ Cover Letter လို့ခေါ်ကြတဲ့ Application Form ကိုလည်း တက်နိုင် သမျှ ကောင်းကောင်းလေး ရေးထားဖို့လိုအပ်ပါတယ် ၊၊ ရှားပါးလှတဲ့ အချိန် အတွင်းမှာ ထိထိမိမိ သတင်းပေးနိုင်ဖို့က ကိုယ့်ရဲ့ တာဝန်ပါ ၊၊ အင်္ဂလိပ်စာ အင်မတန် ကောင်းဖို့ မလိုပေမယ့် သူသိစေဖို့ လိုအပ် တဲ့ သတင်း အချက် အလက် ပေးဖို့တော့ လိုအပ်ပါ တယ် ၊၊

အဓိကကတော့ ကိုယ့်ရဲ့ ပညာအရည်အချင်း ၊ နောက် အလုပ်အကိုင်အတွေ့အကြုံတွေကို တိုတိုရှင်းရှင်း ထိထိမိမိ တင်ပြနိုင်ဖို့ပါပဲ ၊၊ ဒါမှသာလျှင် ကိုယ့်အတွက်လည်း အခွင့်အရေး သာနိုင်ပါတယ် ၊၊ တစ်ခု သတိထားရမှာကတော့ ကိုယ်တကယ် မတက်ကျွမ်း ၊ နားမလည် တာကို ထည့်မရေးမိစေဖို့ ရှေုာင်ရှားစေချင်ပါတယ် ၊၊ တခါတလေ ကိုယ်က သူများဆီက ကူးယူတဲ့အခါ ကိုယ်တကယ် မကျွမ်းကျင်ပါပဲလျက် ထည့်မိတာလေးတွေ ရှိတက်ပါတယ် ၊၊ အကယ်မို့ ကူးယူမိပြီဆိုလျှင်လည်း ကိုယ်ကိုတိုင် ကိုယ့် Resume ပါ အချက်အလက် လောက်ကိုတော့ သိထားသင့်တယ်လို့ ထင်ပါတယ် ၊၊ ဒါဟာ တကယ်ကို အရေး ကြီးတဲ့ အချက်ပါပဲ ၊၊ ဘာလို့ဒီလိုဆိုရသလဲဆိုတော့ ကိုယ်တွေ့သူငယ်ချင်းတစ်ယောက် ကြုံခဲ့ဖူး လို့ပါပဲ ၊၊ အဲဒီအခါ နှစ်ဦးနှစ်ဘက်နစ်နာပါတယ် ၊၊ သူလည်းကိုယ့်အတွက် အချိန်ကုန်သလို ကိုယ်လည်း အကြောင်းမဲ့သပ်သပ် လူလိမ်လို့ အထင်ခံရနိုင်ပါတယ် ၊၊

ဆက်လက်တင်ပြပါအုံးမည် ၊၊
လေးစားစွာဖြင့်
မင်းအိမ်ဖြူ

Thursday, 3 September 2009

ပုထိုးတော်ကြီး





ရန်ကုန်မှာ ရှိနေတုန်းကရောက်ဖြစ်ခဲ့တဲ့ ဘုရားတစ်ဆူပါ ၊၊ မြောက်ဥက္ကလာ ဘက်မှာ တည်ရှိပြီး ၊ သဗ္ဗေညုပုထိုးတော်ကြီးလို့ ဘွဲ့တော်ရပြီး ဆရာလေးတစ်ပါးမှ ဦးဆောင်တည် ထားတယ်လို့ သိရပါတယ် ၊၊ လမ်းမသင့်တာကြောင့် တော်ရုံရောက်ဖို့တော့ ခဲယဉ်းပါ လိမ့်မယ် ၊၊ မယ်လမုဘုရားအရှေ့ဖက် မှ လမ်းသွယ် အတိုင်း ၀င်သွားရပြီး အတော်အတန် ကို လှမ်းပါတယ် ၊၊ နောက် အိမ်ကြို အိမ်ကြား ကသွားရတဲ့အတွက် လမ်းကြောင်း မဖြောင့်တာလည်း အမှန်ပါပဲ ၊၊ ကျွန်တော်တောင်မှ ကိုယ့်စိတ်ကူးလေးနဲ့ကို ရောက်ဖြစ်သွား ခဲ့တာပါ ၊၊

အများအားဖြင့် ရန်ကုန်မှာ ဘုရားဖူးသွားမယ်ဆိုရင် ရောက်ဖြစ်တာက ရွှေတိဂုံပါပဲ ၊၊ ကျန်တဲ့ စေတီတော်တွေကိုတော့ ၁၀ ကွေ့တစ်ကွေ့ ကိုးကွေးတစ်ခါ ဆိုသလို သိပ်မရောက် ဖြစ်ခဲ့ပါဘူး ၊၊ အဲဒီမှာ ကျွန်တော် စိတ်ထဲမှာ စိတ်ကူးလေးတစ်ခုပေါ်လာ တာကတော့ ရန်ကုန်မှာရှိနေတဲ့ ကာလလေးမှာ ရန်ကုန်တစ်မြို့လုံးမှာ ရှိနေတဲ့ ဘုရားတွေကို ဖူးဖြစ်အောင်ဖူးမယ် ဆိုတဲ့ စိတ်ကူးလေးပါပဲ ၊၊ ဒါနဲ့ပဲေ၇ာက်ဖြစ် ခဲ့ တာပါ ၊၊

လမ်းကြောင်းသင့်တဲ့ ဘုရားတွေကို ၂ ဆူ ၃ ဆူ ခွဲပြီးလမ်းကြောင်းလေးတွေ ဆွဲပါတယ် ၊၊ နောက် နံပါတ်လေးတွေ ခွဲပြီး မဲလိပ်လေးတွေ လိပ်ပါတယ် ၊၊ နောက် ဗူးလေးတစ်ခုထဲကို ထည့်ပြီး ဘုရားစင်ပေါ်တင်ထားလိုက်ပါတယ် ၊၊ သွားမယ့်မနက်မှာ ဘုရားကန်တော့ပြိး မဲတစ်လိပ်ကို နှိုက် ပြီး မဲကျတဲ့လမ်းကြောင်းကို သွားတာပါ ၊၊ ရုံးအားတဲ့ တနင်္ဂနွေတိုင်း သွားဖြစ်ခဲ့ပါတယ် ၊၊ လမ်ကြောင်း အနီးအဝေးကို လိုက်ပြီး တခါတလေ ၂ ဆူ တခါတလေ ၃ ဆူ သွားလို့ရပါတယ် ၊၊ ဒီလိုနဲ့ အနီးတစ်ဝိုက် ဘုရားစုံကို ရောက်ဖြစ်ခဲ့ပါတယ် ၊၊ ဟိုးဖက် စော်ဘွားကြီးကုန်းဘက်က အာလိန်ငါးဆင့် ဘက်ထိတောင်ရောက်ဖြစ်ခဲ့ပါတယ် ၊၊ တော်ရုံဆို မရောက်ဖြစ်တဲ့ဘုရားတွေပေါ့ ၊၊ ထူးထူးဆန်းဆန်းဖြစ်နေမလား လို့တွေး မိပေမယ့် ကောင်းသောအချိန်ကုန်ခြင်းနဲ့ တော်ရုံ မရောက်ဖြစ်တဲ့ ဘုရားတွေကို ဖူးဖြစ်ခဲ့တာ အမြတ်ပါပဲ ၊၊ နောက်တစ်ခု တိုက်တိုက်ဆိုင်ဆိုင် သတိထားဖြစ်ခဲ့တာက ပထမဆုံး မဲကျတဲ့ လမ်းကြောင်းက ဘယ်လမ်းကြောင်းများဖြစ်မယ် ထင်ပါသလဲ ၊၊ နံပါတ်တစ် ဖြစ်တဲ့ ရွှေတိဂုံ စေတီတော်ကြီးပါတဲ့ လမ်းကြောင်းပါပဲ ၊၊ ဒါကြောင့်အဲဒီ အစီအစဉ်မှာ ရွှေတိဂုံကို စတင်ဦးတိုက်ခွင့်ရခဲ့ပြီး နောက်ဆုံးရန်ကုန်က ခွဲခွာခါနီးမှာ လည်း ရွှေတိဂုံကို ပဲ ဦးတိုက်လို့ အဆုံးသတ်ဖြစ်ခဲ့ပါတယ် ၊၊
( စိတ်ကူးကတမျိုးပါလားလို့ မတွေးနဲ့နော် ၊ ကျွန်တော်က အဲဒီလိုပဲ လူတွေ အားမပေးတဲ့ ဘက်ကပဲ ကူပါချင်တာလေ ၊ စိတ်ကူးကလည်း ခပ်ကြောင်ကြောင်ပဲ ဟာဟ )
ပျော်ရွှင်ပါစေ
မင်းအိမ်ဖြူ

အိမ်လေး

ပြီးခဲ့တဲ့လတုန်းက အိမ်လေးဆီကို အားပြင်းတဲ့ မုန်တိုင်းတစ်ခု လာရောက်တိုက်ခတ်သွားလို့ ပြုပြင်စရာ ရှိတာ လေး တွေ ပြုပြင်ပါအုံးမယ် ဆိုပြီး ခဏပိတ်ခဲ့ပါတယ် ၊၊ အင်း အဲဒီလို ရည်ရွယ်ခဲ့ပေမယ့်လည်း အမှန် တကယ် ကို မအားမလပ် အလုပ်တွေ ထပ်နေတဲ့အတွက် အိမ်လေးဆီကို တစ်ခါ နှစ်ခါလား လှည့်ဖြစ် ခဲ့ပါတယ် ၊၊ ဘလေားကင်း ဖေါ်သူငယ်ချင်းတွေကို လွမ်းတဲ့အခါတော့ တိတ်တိတ်လေး ရောက်ဖြစ်ခဲ့ပါတယ် ၊၊ တိတ်တိတ် လေး ပဲ ပြန်လှည့်ခဲ့ပါတယ် ၊၊

အခုတော့ ရှိသမျှအားကို တင်းပြီး ၊ အိမ်လေးရဲ့ဧည့်သည် သူငယ်ချင်းတွေရဲ့ ဖေးကူအားပေးမှုနဲ့ အိမ်လေး ဆက်လိုက်ပါအုံးမယ် ၊၊ ကိုယ်ကိုတိုင်လည်း အိမ်လေးကို မစွန့်ခွာရက်အားပါ ၊၊ ဆက်ရေးဖြစ်ပါအုံးမယ် ၊၊ မရေးဖြစ်ဘူး ဆိုရင်တောင်မှ သူငယ်ချင်းတွေဆီကိုတော့ အမြဲသွားလည်ဖြစ်နေပါအုံးမယ် ၊၊

သူငယ်ချင်းအားလုံး ပျော်ရွှင်စွာ ဘလော့ကင်းနိုင်ကြပါစေဗျာ ၊၊

ခင်မင်စွာဖြင့်
မင်းအိမ်ဖြူ